မင်းအတွက် တစ်သက်လုံးအလုပ်လုပ်ပေးမယ်
Vol. 19 Ch. 276
"ပရောဂျက်အထွေထွေမန်နေဂျာလား"
ဤရာထူးကြောင့် ရှင်းကျယ် သတိလက်လွတ်ဖြစ်သွားရသည်။ သူတို့ကုမ္ပဏီက မကြီးလှသော်ငြား ပရောဂျက်အထွေထွေမန်နေဂျာရာထူးကမူ နှစ်စဉ်ဝင်ငွေသုံးလေးသိန်း ရလေသည်။ ရှင်းကျယ်လို ပညာရေးအဆင့်အတန်းနှင့် လုပ်ဆောင်ရည်ရှိသူများအတွက်မူ ဤသည်မှာ သူ့အလုပ်အကိုင်လမ်းကြောင်းတစ်လျှောက်လုံးအတွက် အမြင့်မားဆုံးသော အနေအထားတစ်ခုပင်။
သို့သော် သူ့ကုမ္ပဏီဥက္ကဋ္ဌကမူ ဤသည်ကို မေးမြန်းစူးစမ်းလေဟန် လေသံဖြင့် မေးလာခဲ့သည်။
"ဟုတ်ပါတယ်လေ။ ဒီလိုရာထူးအသေးအမွှားလေးက မင်းကို ဘယ်ကျေနပ်စေနိုင်မှာလဲ"
ရှင်းကျယ်ထံမှ ဘာတုံ့ပြန်မှုမှ ပြန်မရသောအခါ ဥက္ကဋ္ဌစုလည်း သူ့ကို ဒေါသမထွက်စေလိုသဖြင့် သူ့စကားများကို ခပ်မြန်မြန်ပြန်ပြောင်းလိုက်ရသည်။
"ဒီလိုဆိုရင်ရော.. မင်းက ကုမ္ပဏီမှာ ဒုဥက္ကဋ္ဌအနေနဲ့ အလုပ်လုပ်လေ။ ငါကလွဲရင် မင်း ဘဘ်သူ့လက်အောက်မှာမှ နေစရာမလိုတော့ဘူးပေါ့"
"သခင်လေးရှင်းအတွက်တော့ ဒီရာထူးတွေဆိုတာက လုပ်ထုံးလုပ်နည်းသက်သက်ပါပဲ။ မင်း စိတ်ပါရင် ငါတို့ကို အလုပ်ကိစ္စတွေ ကူညီပြီးစီမံပေးလို့ရပါတယ်။ အဲလိုမှမဟုတ်ရင်လည်း မင်းရဲ့စားပွဲမှာပဲထိုင်ပြီး ဂိမ်းတချို့ကစားနေပါ။ ဒီလိုဆိုလည်း အဆင်ပြေပါတယ်။ အောက်ဘက်မှာရှိတဲ့လူတွေကိုပဲ တာဝန်ယူခိုင်းလိုက်တာပေါ့"
ဥက္ကဋ္ဌစုက မျက်နှာလိုမျက်နှာရဖြင့် ပြောလိုက်ချေသည်။
"မလိုပါဘူးဗျာ။ ကျွန်တော် ပရောဂျက်မန်နေဂျာပဲ လုပ်ပါ့မယ်"
ရှင်းကျယ်က လောဘကြီးသူမဟုတ်။
"ကျွန်တော် အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကို ကြိုးကြိုးစားစားလုပ်ကိုင်မှာပါ"
"ကောင်းတယ် ကောင်းတယ်"
ဥက္ကဋ္ဌစုက အလောတကြီးသဘောတူလိုက်ပြီးနောက် ရှင်းကျယ်က တကယ်ပင် ဘဝအတွေ့အကြုံများကို ခံစားရန် ရောက်လာသူတစ်ယောက်ဖြစ်ပြီး မိသားစုကိုသာ မှီခိုတတ်သည့် ဒုတိယလူချမ်းသာမျိုးဆက်တစ်ယောက် မဟုတ်ပါလားဟု တွေးမိသည်။
"ဒါဆို ငါ စီစဉ်စရာရှိတာတွေ ချက်ချင်းစီစဉ်လိုက်မယ်။ နှစ်သစ်ကူးပြီးရင် မင်း တရားဝင်ရာထူးလွှဲပြောင်းယူလို့ ရပြီ။ မန်နေဂျာလျူကတော့ အခုကစပြီး မင်းရဲ့လက်ထောက်လုပ်လိမ့်မယ်"
ရှင်းကျယ် ဖုန်းချလိုက်သည့်အချိန်မှာပင် သူ့ခေါင်းက တွေဝေငေးငိုင်နေဆဲသာ။ သူ့ခေါင်းဆောင်ဟောင်းက ယခုမူ သူ့လက်ထောက်ဖြစ်လာပြီတဲ့လား။ သို့သော် သူလည်း ဘာမှမလုပ်ခဲ့မိသလို ကျန်းမုန့်လောင်လည်း ဘာမှမလုပ်ထားချေ။ သူက မြို့တော်ဝန်ထံသို့ ဖုန်းဆက်လိုက်ရုံသက်သက်သာ။
ဖုန်းခေါ်ဆိုမှုတစ်ခုက ဤမျှအစွမ်းထက်လေသလား။
"အံ့ဩမနေနဲ့။ နေရာပြောင်းကြရအောင်။ ဒီလူတွေ ငါတို့ကိုလာနှောင့်ယှက်တာမျိုး မဖြစ်စေချင်ဘူး"
ကျန်းမုန့်လောင်က သူ့ပခုံးကို ပုတ်လိုက်၏။
ရှင်းကျယ်က ခေါင်းညိတ်ပြလျက် ချန်းချိုးယိကို တစ်ချက်ခိုးကြည့်ပြီးနောက် ကျန်းမုန့်လောင်နှင့်အတူ Lamboကားပေါ်သို့ တက်သွားလိုက်သည်။
ထိုLamborghiniကားက ခပ်ဝေးဝေးသို့ မောင်းထွက်သွားသည့်အခါမှသာ ဟိုက်ရှန်းအုပ်စု၏ ဝန်ထမ်းများကလည်း စိတ်သက်သာရာရဟန် သက်ပြင်းချနိုင်ကြတော့သည်။ သူတို့ကုမ္ပဏီထဲတွင် ပုန်းကွယ်နေသော ဒိတ်ဒိတ်ကြဲတစ်ယောက် ရှိနေသည်တဲ့လား။
အထူးသဖြင့် ချန်းချိုးယိကို အလုပ်ခန့်ထားသော HRကြီးကြပ်ရေးမှူးလည်း အံ့ဩမှင်တက်သွားလေသည်။ သာမန်မိသားစုမှ ဆင်းသက်လာသူဟု ထင်ရသော ထိုမိန်းကလေးမှာ အရည်အချင်းထက်မြက်မှု ရှိသည်ဟု ထင်ခဲ့မိသည်။ သို့သော် တကယ်တမ်းတွင် သူ(မ)သည် ဘီလျံနာမိသားစုတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်နေချေသည်။ သူ(မ)၏သူငယ်ချင်းများကလည်း ဘီလျံနာများ သို့မဟုတ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေလေသည်။ ပုန်းလျှိုးနေသော နဂါးများနှင့် ဝပ်တွားနေသော ကျားများက သေးငယ်လှသော သုန်းကျီမြို့တွင် ဘယ်အချိန်ကများ ပေါ်ပေါက်လာလေသလဲ။
...
"မုန့်လောင် ကျေးဇူးပါပဲကွာ"
မိနစ်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရှင်းကျယ် စကားဆိုလာလေသည်။
"ဘာကျေးဇူးတင်စရာရှိလဲ။ ဆယ်စုနှစ်တစ်ခုစာရှိတဲ့ ငါတို့ဆက်ဆံရေးမှာ ဒီလိုစကားမျိုးတွေလိုလို့လား"
ကျန်းမုန့်လောင်က ရယ်၏။
"မင်းက အရမ်းစိတ်ထားနူးညံ့တာပဲ။ ငါသာဆိုရင် အဲဒီဟိုက်ရှန်းအုပ်စိုကို ဝယ်ပစ်ပြီး ဟိုက်ရှန်းအနှိပ်ခန်းဆိုပြီး ပြောင်းပစ်မှာ။ ပြီးရင် အဲဒီမန်နေဂျာကျန့်ကို ခြေထောက်နှိပ်နယ်မှုတွေ လုပ်ခိုင်းပစ်မှာကွ"
"ဟားဟားဟား ဘယ်သူက နင့်လိုလုပ်လို့လဲ။ နင်က ကမ္ဘာအနှံ့မှာ အနှိပ်ခန်းတွေဖွင့်ဖို့ ကြံနေတာလား"
ချန်းချိုးယိက ရယ်လိုက်လေသည်။
"မင်းတို့နှစ်ယောက် ဘယ်တော့များမှ တွဲကြမှာလဲ။ မင်းတို့အတွက် ငါ နှစ်ပေါင်းများစွာစိုးရိမ်ခဲ့ရတာ။ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ငါ့သားမွေးလာတဲ့အချိန်မှာတောင် မင်းတို့က ဘာတိုးတက်မှုမှ ရှိဦးမှာမဟုတ်ဘူး။ ဟုတ်တယ်မလား ရီရီ"
"ချီးကို နင့်သားပါလား။ ဘယ်သူက နင့်အတွက် ကလေးမွေးပေးမယ်ပြောလို့လဲ။ ငါကိုယ်တိုင်တောင် ကလေးပဲရှိသေးတာ"
လုရီယောင်က ရယ်လိုက်သည်။
"တွေ့ကရာလိုက်တွဲပေးမနေနဲ့။ ငါတို့ဆက်ဆံရေးက သန့်ရှင်းတယ်ကွ"
ရှင်းကျယ်က ထိတ်လန့်တကြားဖြင့် ကပျာကယာဖြေရှင်းချက် ပေးလာသည်။
"လစ်စမ်းပါကွာ"
ကျန်းမုန့်လောင်က ဆို၏။
"ယောကျ်ားနဲ့မိန်းမ ဆက်ဆံရေးမှာ အကြောင်းတစ်ခုတည်းမှာပဲ သန့်စင်တဲ့ဆက်ဆံရေးဖြစ်နိုင်တာ။ တစ်ယောက်က တော်တော်လေးဆွဲဆောင်မှုမရှိနေတာမျိုးလေ။ မင်းက နည်းနည်းဝတယ်ဆိုပေမဲ့ မင်းသာ ဝိတ်ချလိုက်ရင် တော်တော်ချောသွားမှာနော်"
"မင်း ဒီလိုပြောမှဖြစ်မှာလား"
ရှင်းကျယ်က တဲ့တိုးပြောတတ်သော ကျန်းမုန့်လောင်၏စရိုက်နှင့် ကျင့်သားရနေပြီဖြစ်၏။
"စကားမစပ် မင်းတို့က ဒီမြို့မှာပဲ တစ်သက်လုံးနေဖို့ စီစဉ်နေတာလား။ အပြင်ထွက်လာပြီး မစွန့်စားတော့ဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"အိမ်ကလူကြီးတွေက ကျန်းမာရေးမကောင်းဘူးလေ။ ငါလည်း သုန်းကျီမြို့မှာပဲ နေလို့ရတာပေါ့"
ရှင်းကျယ်က ပြောလိုက်သည်။
"ပြီးတော့ ငါ့ပညာရေးအဆင့်နဲ့ဆိုရင် မင်းရှိတဲ့ ထိပ်တန်းမြို့တွေဆီကိုသွားရင် တခြားလူတွေဆီက ဖိနင်းခံရမှာမဟုတ်ဘူးလား"
"မင်း အဲလိုပြောလို့မရဘူးလေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ငါလည်း သာမန်ဘွဲ့လေးပဲ ရထားတာပါ။ ဒါပေမဲ့ ငါ့လက်အောက်မှာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်က ဆင်းထားတဲ့ ဝန်ထမ်းတော်တော်များများရှိတယ်။ မဟာဘွဲ့ရနဲ့ ပါရဂူဘွဲ့ရတော်တော်များများ အကုန် ငါ့အတွက် အလုပ်လုပ်ပေးနေရတာ"
"အဲဒါက မင်းက ဘော့စ်ကျန်းဖြစ်နေလို့လေ။ ငါတို့က မင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ချန်းချိုးယိက ပြုံးပြုံးလေးပြောလိုက်၏။
"ဒီတော့ ဘာဖြစ်လဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါကလည်း ငါ့မိဘတွေကိုပဲ အားကိုးနေရတာပါ။ အဲဒါက ငါ့အရင်းအမြစ်ပဲလေ။ ဒါပေမဲ့ မင်းတို့တွေ ငါနဲ့အတူ လက်တွဲလို့ရတာပဲ။ အဲဒါက မင်းတို့အရင်းအမြစ်ပေါ့။ ကျန်းမုန့်လောင်ရဲ့ညီအစ်ကိုတွေက သာမန်လူတွေတော့ ဖြစ်နေလို့မရဘူး။ အံ့ဖွယ်ကောင်းနေမှဖြစ်မယ်"
"ကောင်းပြီ။ ကောင်းပြီ။ မင်းက သိပ်အံ့ဩဖို့ကောင်းတာပါကွာ"
သူတို့ ရယ်ကာမောကာဖြင့် စကားပြောနေချိန်မှာပင် ကားက သုန်းကျီမြို့ရှိ အကြီးဆုံးဟိုတယ်ဖြစ်သော သုန်းကျီနိုင်ငံတကာဟိုတယ်ထဲသို့ ဖြည်းဖြည်းချင်းမောင်းဝင်လာသည်။
"ငါတို့လေးယောက်က ဒီနေရာမှာ စားကြမှာလား"
ယခင်က အဆင့်မြင့်ဟိုတယ်တစ်ခုသို့ လုံးဝမရောက်ဖူးသော ရှင်းကျယ်နှင့် ချန်းချိုးယိတို့သည် ဤနေရာတွင် နည်းနည်းမျှစားလိုက်ရုံဖြင့် သောင်းဂဏန်းလောက် ကုန်ကျနိုင်သည်ဟုတော့ ကြားဖူးလေသည်။
ကျန်းမုန့်လောင်က ချမ်းသာသည်ဆိုသော်ငြား၊ သောင်းဂဏန်းက သူ့အတွက် အသေးအဖွဲမျှသာ ဆိုသော်ငြား သူတို့အမြင်မှာမူ အလွန်များပြားနေဆဲပင်။
"စိတ်မပူပါနဲ့။ ကိုယ့်အိမ်ကိုယ့်ယာလိုသာ သဘောထား"
ကျန်းမုန့်လောင်က ရယ်၏။
"ဒီဟိုတယ်က ငါ့မိသားစုပိုင်လေ။ ငါ့အိမ်ကို လာလည်တယ်လို့သာ တွေးလိုက်။ အခု အဆင်ပြေပြီလား"
"ဒီလိုကိုး"
ထိုစကားကို ကြားပြီးနောက် သူတို့၏စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကား ချက်ချင်းထက်ဝက်လျော့ကျသွားသည်။
နှစ်ပေါင်းများစွာ မတွေ့ဖြစ်ကြသော ကျန်းမုန့်လောင်နှင့် သူငယ်ချင်းနှစ်ယောက်မှာ ပြောစရာစကားများ အများကြီးရှိသည်။ သူတို့၏ငယ်ဘဝများကို ပြန်တမ်းတရင်း အားပါးတရရယ်သံများကလည်း တန်ဖိုးအကြီးဆုံးသီးသန့်ခန်းထဲမှ အဆက်မပြတ်ထွက်ပေါ်လာသည်။
ညစာစားပွဲကား ည၁၁နာရီကျော်အထိ ကြာခဲ့ပြီး ပထမဆုံးအကြိမ်အနေနှင့် ကျန်းမုန့်လောင် အရက်အများကြီးသောက်ဖြစ်ခဲ့သဖြင့် ချန်းချိုးယိနှင့် ရှင်းကျယ်တို့ကို အိမ်ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းခဲ့ရသည်။
"မစ္စတာရှင်း.. ဒါက မစ္စတာကျန်းက ခင်ဗျားကိုပေးဖို့ ပြောထားတဲ့ဟာပါ"
ကားထဲကမထွက်ခင် ကားမောင်းသူက ရှင်းကျယ်ကို ဘူးတစ်ဘူးပေးလာသည်။
"ဪ ကျေးဇူးပါ"
ရှင်းကျယ်ကလည်း ထိုဘူးကို ယူလိုက်၏။
"လောင်ကျန်းက ဘယ်လိုလျှို့ဝှက်ပစ္စည်းများ ပြင်ထားတာလဲ"
ရှင်းကျယ် အတွင်းရှိ စာအိတ်ကိုဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဘဏ်ကတ်တစ်ကတ်၊ လုပ်ငန်းလိုင်စင်တစ်ခုနှင့် သက်ဆိုင်ရာတရားဝင်တံဆိပ်များကို မြင်လိုက်ရသည်။
ကျန်းကျယ်ချိုးယိသတင်းအချက်အလက်နည်းပညာကုမ္ပဏီလီမိတက်
ပေးသွင်းထားသော မှတ်ပုံတင်ကြေး : 10ဘီလီယံ
တရားဝင်ကိုယ်စားလှယ် : ရှင်းကျယ်
"ဒါက…."
ရှင်းကျယ်က တခြားပစ္စည်းတစ်ခုကို လှန်လှောလိုက်သည်။ ထိုအရာကား ကုမ္ပဏီ၏ အဖွဲ့အစည်းသတ်မှတ်ချက်များပင်။
ရှယ်ယာရှင်များ : ရှင်းကျယ် ဟွာရှားယွမ်ငွေ၅ဘီလီယံထည့်ဝင်ထား ၅၀ရာခိုင်နှုန်း
ချန်းချိုးယိ ဟွာရှားယွမ်ငွေ၅ဘီလီယံထည့်ဝင်ထား ၅၀ရာခိုင်နှုန်း
ဤပစ္စည်းများအပြင် စာတစ်စောင်လည်း ရှိလေသည်။
"ရှင်းကျယ်.. ကျန်းမုန့်လောင်ရဲ့ညီအစ်ကိုတွေက မိမိုက်နေရမယ်လို့ ငါပြောထားတယ်လေ။ ငါ သုန်းကျီမြို့က စက်ရုံစီမံကိန်းကို မင်းဆီလွှဲပေးမယ်။ ဒီကတ်ထဲမှာ ၁ဘီလီယံပါတယ်။ အရင်ဆုံး MBAသွားတက်လိုက်။ ယုံကြည်စိတ်ချရတဲ့လက်ထောက်တချို့ရော ရှာထားလိုက်။ ငါ့ရဲ့ ဒီပိုင်ဆိုင်မှုနည်းနည်းလေးကို အလကားမဖြစ်စေနဲ့။ ကျန်တာတွေက မင်းအမြတ်ငွေအတွက် ကြိုတင်ငွေချေထားတာပဲ"
"မင်းက တအားကြောက်တတ်တာပဲကွ။ ငါ မင်းကို နောက်တစ်နှစ် အချိန်ထပ်ပေးမယ်။ မင်းတို့နှစ်ယောက် နောက်နှစ် ဒီလိုအချိန်ရောက်တဲ့အထိ မတွဲသေးဘူးဆိုရင် ငါ့ပိုက်ဆံကို ပြန်ယူရလိမ့်မယ်နော်။ ပြီးတော့ ဒီပိုက်ဆံကို ပြန်ပေးဖို့ လုံးဝမစဉ်းစားနဲ့။ မဟုတ်လို့ကတော့ ငါ မင်းနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်မှာ"
ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းများနှင့် ခရစ္စတယ်ချစ်ပ်ပြားများကို ထုတ်လုပ်ရန် ပြင်ဆင်ထားသော ကုမ္ပဏီကို စီမံခန့်ခွဲနိုင်သည့် အခြားလူများစွာရှိသော်ငြား သစ္စာရှိမှုနှင့်ပတ်သက်၍ ပြဿနာတက်စရာမရှိသော်ငြား ကျန်းမုန့်လောင်ကတော့ ဤအခွင့်အရေးကို သူ့ညီအစ်ကိုကောင်းထံ ပေးလိုက်ဆဲသာ။
လေးလံလှသော ဤလက်ဆောင်ကိုကိုင်ထားရင်း ရှင်းကျယ်ခမျာ ခါးသက်သက်မပြုံးဘဲ မနေနိုင်ပေ။
"ငါ့ကောင်ရာ.. မင်းက ငါတို့ကို မင်းအတွက် တစ်သက်လုံးအလုပ်လုပ်ပေးရအောင် လုပ်ချလိုက်တာပဲ"
************