သန်းငါးရာတန်မီးရှူးမီးပန်းများ
Vol. 19 Ch. 277
နှစ်သစ်ကူးပွဲတော်ညတွင် အိမ်တိုင်းအိမ်တိုင်းသည် မိသားစုများ ပြန်လည်ဆုံဆည်းကြသည့် ပျော်ရွှင်ဖွယ်ကောင်းသော လေထုအတွင်း နစ်မျောနေကြသည်။ အိမ်မှာပင်နေပြီး ထမင်းအတူစားဖို့ပင် မအားလပ်ကြသူများလည်း အပါအဝင်ပင်။
သုန်းကျီမြို့၏ မြို့ပြဧရိယာတွင် ပင်လယ်ကမ်းစပ်ပန်းခြံတစ်ခုရှိပြီး နှစ်သစ်ကူးပွဲတော် ညစာစားပြီးနောက်တွင် နေထိုင်သူများက နှစ်တိုင်းမီးရှူးမီးပန်းဖောက်ကာ ပွဲတော်မီးရောင်များကို ခံစားကြည့်ရှုကြသည်။ ဤသည်မှာ မြို့တော်က မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများကို ဖောက်ခွင့်ပြုသည့် တစ်ရက်တည်းသောနေ့ပင်။
ကပ်ရောဂါကို ကာကွယ်တားဆီးရန်အတွက် သုန်းကျီမြို့၏ ကပ်ရောဂါကာကွယ်ရေးဌာနက ပင်လယ်ကမ်းစပ်ပန်းခြံထဲတွင် အစောပိုင်းကတည်းက အတားအဆီးများချထားပြီး လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်နိုင်သူများကိုသာ ဝင်ရောက်ခွင့်ပြုထားသည်။
သုန်းကျီမြို့သားတစ်ယောက်ဖြစ်သော ကျန့်မုန့်လောင်ကလည်း လုရီယောင်ကို ပင်လယ်ကမ်းစပ်ပန်းခြံဆီသို့ ခေါ်လာခဲ့လိုက်သည်။ သူသည် ဘာအထူးအခွင့်အရေးမှ မသုံးခဲ့ပေ။ အခွင့်အရေးများက သက်သောင့်သက်သာရှိစေနိုင်သော်ငြား လူသားချင်းထိတွေ့ဆက်ဆံမှု ကင်းမဲ့လှသည်။ မြို့သူမြို့သားအနည်းငယ်အကြား တိုးဝှေ့သွားလာရခြင်းမှာ နှစ်သစ်ကူးပွဲတော်၏ အရသာတစ်ခုပင်။
ကျန်းမုန့်လောင်အပါအဝင် လူတိုင်းက မျက်နှာဖုံးတပ်ထားကြသည်။ အကြောင်းမှာ သူသည် လွယ်လွယ်လေးသတိပြုခံနေရသဖြင့် ဒုက္ခများလှသည်။
"မုန့်လောင် အစောကြီးရောက်လာတာပဲ"
ရင်းနှီးနေသော အသံတစ်သံက အနောက်မှ ထွက်လာသည်။
"ဝိုး ဒီလိုပုံစံနဲ့တောင် မင်း ငါ့ကိုမှတ်မိတယ်ပေါ့"
ကျန်းမုန့်လောင် တစ်ဖက်လှည့်ကြည့်လိုက်လေရာ ချန်းချိုးယိနှင့် ရှင်းကျယ်တို့က သူ့အနောက်တွင် ပြုံးပြနေသည်ကို မြင်လိုက်ရ၏။
"မင်းတို့နှစ်ယောက်…"
သူတို့နှစ်ယောက် လက်ချင်းယှက်ထားကြသည်ကို ကျန်းမုန့်လောင် သတိထားမိသည်။
"ဝိုး. နောက်ဆုံးတော့ မင်း တစ်ခါလောက် သတ္တိမွေးနိုင်ခဲ့ပြီပေါ့"
ရှင်းကျယ်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းတပွတ်ပွတ်လုပ်နေလေသည်။ အစကမူ သူ့ခံစားချက်ကို ဝန်ခံရန်အတွက် ယုံကြည်မှုနည်းပါးနေခဲ့သည်။ သို့သော် ယခုမူ ကျန်းမုန့်လောင်၏ အားပေးမှုကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများကို ရရှိလိုက်သည်။
သူ့စွမ်းရည်က ချို့တဲ့ပြီး ပညာရေးအဆင့်အတန်းကလည်း မမြင့်မားသော်ငြား တိုးတက်ချင်စိတ်ရှိသရွေ့ တိုးတက်ဖို့ အဆင်သင့်ဖြစ်နေပြီသာ။
ချန်းချိုးယိကမူ ရှင်းကျယ် ထုတ်ပြောလာမည်ကို စောင့်နေခဲ့ခြင်းပင်။ ထို့ကြောင့် သူတို့နှစ်ယောက်သားလည်း သဘာဝကျကျပင် ယမန်နေ့ညက တရားဝင်တွဲဖြစ်သွားခဲ့သည်။
"အကုန် မင်းကျေးဇူးတွေပါပဲ"
ရှင်းကျယ်က ပြုံးလျက် ပြောလိုက်လေသည်။
"ကောင်းတယ်"
ကျန်းမုန့်လောင်က အချိန်ကို တစ်ချက်ကြည့်လိုက်၏။
"အချိန်ကျတော့မယ်။ ဒါက မင်းတို့နှစ်ယောက်တွဲဖြစ်တဲ့အတွက် လက်ဆောင်လို့ယူဆလိုက်လည်းရတာပဲ"'
"ဟမ်.. "အချိန်ကျတော့မယ်ဆိုတာက ဘာသဘောလဲ။ လက်ဆောင်ဆိုတာကရော။ ဘာကိုဆိုလိုချင်တာလဲ"
ချန်းချိုးယိနှင့် ရှင်းကျယ်တို့ခမျာ စိတ်ရှုပ်ထွေးသွားရလေသည်။
"လမ်းဖယ်ပေးကြပါ အားလုံးပဲ။ လမ်းဖယ်ပေးကြပါ"
မီးရှူးမီးပန်းပြပွဲကို လူတိုင်း စောင့်မျှော်နေစဉ်မှာပင် ယူနီဖောင်းဝတ်ထားသော ဝန်ထမ်းတစ်သိုက်က ကမ်းစပ်နားကို ရှင်းလင်းရေးစလုပ်နေပြီး ကုန်တင်ကားအကြီးကြီးများကိုလည်း ထိုနေရာတွင် ပါကင်ထိုးထားသည်။
"ဘာတွေဖြစ်နေတာလဲ။ ကုန်တင်ကားတွေက ဒီကိုဘာလို့လာတာလဲ"
"မီးရှူးမီးပန်းဖောက်ဖို့ထင်တယ်။ နှစ်စဉ်မီးရှူးမီးပန်းပြပွဲက သုန်းကျီမြို့အစိုးရက စီစဉ်တာဆိုတော့ ကြီးကြီးကျယ်ကျယ်ဖြစ်ရမှာပေါ့"
"ငါ့ကောင်ရေ မင်းပြောနေတာကြီးက…. ဒါကို မီးရှူးမီးပန်းတွေလို့ ပြောနေတာလား"
ပထမကုန်တင်ကားရှိ ကုန်များကို ချလိုက်သောအခါ လူတိုင်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။
၎င်းမှာ အချင်းတစ်မီတာကျော်သော ခပ်လုံးလုံးအရာတစ်ခုပင်။ အလေးချိန်ကလည်း လူများကပင် မရွှေ့နိုင်သဖြင့် ကရိန်းနောက်တစ်ခုဖြင့် ပင့်မြှောက်ရသည်။
"အဲဒါက ဟွာရှားကျောက်စိမ်းပဲ"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က တအံ့တဩရေရွတ်လိုက်လေသည်။
"ဟွာရှားကျောက်စိမ်းလား။ ဒါက မကြာသေးခင်ကပဲ ဂင်းနစ်စံချိန်တင်ခဲ့တဲ့ မီးရှူးမီးပန်းလား"
"သေစမ်း။ ဒါက တကယ်ကြီးကိုပဲ မီးရှူးမီးပန်းပါလား"
"ဘုရားရေ.. ဒါက နျူကလီးယားဗုံးတော့ မဟုတ်ဘူးမလား။ ပေါက်ကွဲအား ဘယ်လောက်တောင်ကြီးလိုက်လေမလဲ"
"ငါ ဒီပစ္စည်းအကြောင်း ကြားဖူးတယ်။ ပြီးခဲ့တဲ့နှစ်မတိုင်ခင်က ဂင်းနစ်ကမ္ဘာ့စံချိန်မှာ ကိုင်ဘွန်က "ခြေလေးချောင်းကျောက်စိမ်း"လို့ခေါ်တဲ့ မီးရှူးမီးပန်းတစ်ခုက စံချိန်တင်နိုင်ခဲ့တယ်လေ။ အချင်းတစ်မီတာကျော်ပြီး အလေးချိန်ကလည်း ငါးရာကီလိုဂရမ်နီးနီးရှိတယ်။ ဟွာရှားယွမ်ငွေ၂၀၀၀၀၀ပေးရတယ်တဲ့။ ဒါပေမဲ့ ဒီဟွာရှားကျောက်စိမ်းကတော့ အချင်း၁.၆မီတာရှီပြီး အလေးချိန်က ၁.၃တန်နဲ့ တန်ဖိုးကလည်း ၅၀၀၀၀၀ပေးရတယ်တဲ့။ ပေါက်ကွဲအားက တစ်ကီလိုမီတာကျော်နိုင်တယ်တဲ့"
"များလိုက်တာ"
ထိုနေရာတွင် ကုန်တင်ကားတစ်ဒါဇင်လောက် ရပ်ထားသဖြင့် လူတော်တော်များများက စတင်ခန့်မှန်းကြလေတော့သည်။
"မင်းပြောတဲ့လက်ဆောင်ဆိုတာ ဒါလား"
ရှင်းကျယ်က ကုန်တင်ကားအတန်းလိုက်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ဟုတ်တယ်လေ"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"စုစုပေါင်းအခု၁၀၀၀ရှိတယ်။ မင်းတို့ ဒီည အပြည့်အဝခံစားရစေမယ်လို့ ငါ အာမခံတယ်"
"အခု၁၀၀၀တောင်လား"
ရှင်းကျယ် မျက်လုံးပြူးသွားလေသည်။ ဟွာရှားကျောက်စိမ်တစ်ခုကို ၅၀၀၀၀၀ပေးရသည်ဖြစ်ရာ အခုတစ်ထောင်ဆိုပါက သန်းငါးရာပေးရလိမ့်မည်သာ။ ဤသည်မှာ မီးရှူးမီးပန်း ပစ်လွှတ်ခြင်းမဟုတ်ပေ။ ပိုက်ဆံများကို မီးရှို့နေခြင်းပင်။
"ဟွာရှားကျောက်စိမ်း"အားလုံးကို မြေပြင်ပေါ်တွင် ပြွတ်သိပ်နေအောင် ချထားသဖြင့် ပိတ်လှောင်မှုကို ကြောက်တတ်သူများအတွက် စိုးရိမ်သောက ဖြစ်စေနိုင်လုနီးပါးပင်။
"အနည်းဆုံးခုနစ်ရာရှစ်ရာလောက်တော့ ရှိမှာပဲ။ ဒါက အစိုးရပြင်ထားတဲ့ မီးရှူးမီးပန်းတွေတော့ မဖြစ်နိုင်လောက်ဘူး"
တစ်စုံတစ်ယောက်က ချက်ချင်းဆိုလာချေသည်။
"သုန်းကျီမြို့က ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ရဲ့လက်ချက်များလား"
"ဒီမြို့သေးသေးလေးမှာ ဒီလောက်ချမ်းသာတဲ့လူ ရှိလို့လား။ မီးရှူးမီးပန်းတွေအတွက်နဲ့ သန်းပေါင်းရာဂဏန်းလောက် သုံးမှာတဲ့လား။ သူတို့က အိမ်မှာ ငွေစက္ကူတွေထုတ်နေတာလား ဘာလား"
"မဖြစ်နိုင်တာ။ ငါ ဒါကို ဆိုရှယ်မီဒီယာမှာ ချက်ချင်းတင်ရမယ်"
မိနစ်အနည်းငယ်အတွင်းမှာပင် သတင်းက ဗိုင်းရပ်စ်ပိုးအလား ပျံ့နှံ့သွားသည်။
"ဘာ? သုန်းကျီမြို့မှာ ဟွာရှားကျောက်စိမ်းမီးရှူးမီးပန်းတွေကို ရာနဲ့ချီပြီး ပစ်လွှတ်တော့မယ်တဲ့လား"
"သေစမ်း။ သုန်းကျီမြို့က တအားချမ်းသာတာပဲ။ ငါတော့ မသိခဲ့ဘူး"
နှစ်သစ်ကူးတွင် အိမ်ထဲမှာသာ နေဖို့ပြင်ဆင်ထားသူများကလည်း အဝတ်အစားကောက်လဲကာ ပင်လယ်ကမ်းစပ်ပန်းခြံဆီသို့ အပြေးထွက်လာကြသည်။ တစ်သက်မှာတစ်ခါသာ မြင်ရမည့် ဤကဲ့သို့သောမြင်ကွင်းမျိုးကို လွဲချော်သွားလျှင် တစ်သက်စာနောင်တရလိမ့်မည်သာ။
"သုန်းကျီမြို့က ညီအစ်ကိုတွေရှိလား။ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ တောင်းဆိုပါတယ်"
အခြားမြို့မှ လူများကမူ ထိုမက်ဆေ့ချ်ကို မြင်သည့်တိုင် တိတ်တိတ်လေးအားကျနေရုံသာ တတ်နိုင်ပေသည်။
"တစ်ဆယ် ကိုး ရှစ်…"
ကမ်းစပ်တစ်လျှောက် နံပါတ်စဉ်ရေတွက်သံများ ပဲ့တင်ထပ်လာပြီးနောက် လူတိုင်းက နှစ်သစ်ကူးရောက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
"သုံး နှစ် တစ်"
"ဗုံး"
နှစ်သစ်ကူးခေါင်းလောင်းသံ မြည်လာပြီးနောက် ကြီးမားလှစွာသော အနီရောင်အစက်အပြောက်တစ်ခုက ကောင်းကင်ထက်သို့ ပျံတက်သွားချေသည်။
"မြန်မြန်ကြည့်ကြ"
"အရမ်းတောက်ပနေတာပဲ။ မလှဘူးလား"
"ဒါက တကယ်ပဲ မီးရှူးမီးပန်းလား။ နျူကလီးယားဗုံးလို့ပြောရင်တောင် ငါယုံမိမှာ"
မြောက်များလှစွာသော လူများက ကောင်းကင်ထက်ရှိ တောက်ပနေသော အစက်အပြောက်ကြီးကို ကြည့်နေကြသည်။
သူတို့ ပုံကြီးချဲ့ပြောဆိုနေခြင်း မဟုတ်ပေ။ တောက်ပလှသော ထိုအစက်အပြောက်ကြီးက အလွန်မျက်စိကျိန်းဖွယ်ကောင်းလှ၏။ လေထဲတွင် မီတာတစ်ရာအကွာ၌ ထွန်းလင်းနေသော နေမင်းတစ်စင်းအလားပင်။
"ဖောင်း"
နားစည်ကွဲဖွယ် ပေါက်ကွဲသံကြီးနှင့်အတူ အံ့ဩမှင်တက်ဖွယ်ရာ မီးရှူးမီးပန်းတစ်ခုက ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။
"ဖောင်း ဖောင်း ဖောင်း"
ဟွာရှားကျောက်စိမ်းမီးရှူးမီးပန်း တစ်ထောင်က အဆက်မပြတ်မြင့်တက်သွားပြီး မြို့တော်၏ ကောင်းကင်ယံကို အကြွင်းမဲ့ထွန်းလင်းသွားစေသည်။
"ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ"
ပွဲတော်လေထုအကြားတွင် လူတိုင်းက ပြုံးပျော်ပြီး အချင်းချင်းနှုတ်ဆက်နေကြသည်။
ဤဟွာရှားကျောက်စိမ်းမီးရှူးမီးပန်းအခုတစ်ထောင်ကို တစ်နာရီတိတိဖောက်ပြီးနောက် အဆုံးသတ်သွားခဲ့သည်။ မြို့သူမြို့သားများကလည်း သူတို့ကိုယ်ပိုင်မီးရှူးမီးပန်းများကို စတင်ဖောက်ကြတော့သည်။ သို့သော် ကြီးကျယ်ခမ်းနားလှသော မီးရှူးမီးပန်းပြပွဲတစ်ခု ကြည့်ပြီးနောက်တွင် ထိုအရာမှာ အတန်ငယ်အသက်မပါတော့သဖြင့် နည်းနည်းသာ ပျော်ဖို့ကောင်းတော့သည်။
သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ရေပန်းစားသောအကြောင်းအရာတစ်ခုက ရေပန်းစားမှုစာရင်းထဲသို့ ထိပ်ဆုံးအထိ ရောက်လာခဲ့သည်။
"ယွမ်သန်းငါးရာတန် မီးရှူးမီးပန်းပြပွဲတစ်ခုက အားပေးရမဲ့ကိစ္စတစ်ခုလား"
ဤသတင်းတွင် တချို့က မီးရှူးမီးပန်းလွှတ်တင်သူ၏ တန်ဖိုးများကို မေးခွန်းထုတ်နေပြီး တချို့ကမူ ဤမျှကြီးမားလှသော ပြပွဲကြီးကြောင့် ဖြစ်လာမည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် ပြစ်တင်ရှုံ့ချနေကြသည်။ သုန်းကျီမြို့ကိုလည်း မကောင်းသောအမြင်ဖြင့် တံဆိပ်ကပ်နေကြသည်။
"သန်းငါးရာတန်မီးရှူးမီးပန်းတွေက တကယ်အထင်ကြီးဖို့ကောင်းပါတယ်။ ဒီပိုက်ဆံတွေကို လှူလိုက်လို့ရော မရဘူးလား"
"ဟွာရှားကျောက်စိမ်းဗြောက်အိုးတစ်ထောင်၊ ယမ်းမှုန့်တန်ချိန်ရာဂဏန်းတဲ့။ ဒါက ဘယ်လောက်တောင်ကြီးမားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေလိုက်မလဲ"
"မြို့သေးသေးလေးတွေက အဲလိုပဲ။ ကိုယ်ရည်ကိုယ်သွေးနိမ့်ကျကြတယ်။ ပိုက်ဆံနည်းနည်းလောက်ရှိတာနဲ့ သူဌေးသူကြွယ်တွေဖြစ်သွားကြတော့တာ"
"ဒီလိုစတန့်မျိုးနဲ့ နာမည်ကြီးချင်နေတာပေါ့လေ။ အရမ်းဉာဏ်များတာပဲ"
...
"မုန့်လောင် ကြည့်လိုက်ဦး"
'
လုရီယောင်က ကျန်းမုန့်လောင်ရှေ့သို့ သူ(မ)ဖုန်းကို ထိုးပေးလိုက်သည်။
"ချီးပဲ"
ကျန်းမုန့်လောင် သရော်လိုက်လေသည်။
"မီးရှူးမီးပန်းဖောက်တာလေးနဲ့တောင် ကိုယ်ကျင့်တရားပျက်ပြားတဲ့အဆင့်အထိ ရောက်သွားပြီပေါ့။ သူတို့ သက်သက်မနာလိုဖြစ်နေတာပဲ"
"သုန်းကျီမြို့က မြို့သေးသေးလေးမို့ ဖွံ့ဖြိုးတိုးတက်မှုမရှိတာမှန်တယ်။ ဒါပေမဲ့ အပြင်လူတွေ အဲလိုလာပြောရင်တော့ ငါ ပြန်ဆဲပစ်မှာ"
ကျန်းမုန့်လောင်က သူ့ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။
"ငြင်းခုံရတာကို ကြိုက်တယ်ပေါ့လေ။ ငါအကြိုက်ဆုံးကလည်း အဲလိုကောင်တွေနဲ့ ငြင်းခုန်ရတာပဲ"
ကျန်းမုန့်လောင် ဝေးပေါ်ကို ဖွင့်လိုက်လေသည်။
"အဲဒီမီးရှူးမီးပန်းတွေကို ငါလွှတ်တာ။ ကန့်ကွက်စရာရှိလား"
***********