ကုန်တင်ကားကို Driftဆွဲနေတာ ငါတွေ့ခဲ့တယ်
Vol. 19 Ch. 279
"တစ်ခုခုတော့မှားနေပြီ"
ကျန်းမုန့်လောင်တို့တစ်သိုက် အကြည့်ချင်းဖလှယ်လိုက်မိသည်။
မီးရှူးမီးပန်းဖောက်မှုကြောင့် နှစ်တိုင်းနီးပါး မတော်တဆမှုများစွာ ဖြစ်ပွားလေ့ရှိသည်။ ဤတစ်ခေါက်တွင်မူ အခြေအနေက အလွန်အမင်းပြင်းထန်လှသည်။
ယခုဖောက်နေသော မီးပန်းများမှာ ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်သည့် အကြီးမားဆုံးအရွယ်အစားနီးပါး ရှိ၏။ တန်ဖိုးအားဖြင့်လည်း ယွမ်သောင်းဂဏန်းရှိသည်။ ထိုမီးပန်းများက ကျန်းမုန့်လောင်၏"ဟွာရှားကျောက်စိမ်း"မီးပန်းနှင့် မယှဉ်နိုင်သော်ငြား ပေါက်ကွဲအားကမူ ပတ်ပတ်လည်ကို မီတာဒါဇင်ခန့်အထိ သက်ရောက်မှုရှိပြီး ခွန်အားကလည်း အချို့သောအိမ်လုပ်ဗုံးများနှင့်ပင် ယှဉ်နိုင်လေသည်။
ဒဏ်ရာရရှိသူဆယ်ယောက်နီးပါးက မြေပြင်ပေါ်တွင် အော်ဟစ်ညည်းညူလျက် လဲနေကြပြီး သူတို့အားလုံးတွင် အမျိုးမျိုးအဖုံဖုံသော မီးလောင်ဒဏ်ရာများ ရှိနေကြ၏။ ဒဏ်ရာအပြင်းထန်ဆုံး နှစ်ယောက်မှာမူ ပေါက်ကွဲမှုဗဟိုချက်နှင့် အလွန်နီးကပ်စွာ ရှိနေခဲ့ဟန်ပင်။ သူတို့လက်မောင်းများနှင့် ခြေထောက်များမှာ အရိုးပေါ်သည်အထိ လောင်ကျွမ်းခံထားရသည်။
"ကျွန်မ ရှေးဦးသူနာပြုစုနည်းကို လေ့ကျင့်ထားတယ်။ ကျွန်မ တစ်ချက်ကြည့်ပါရစေဦး"
အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော မိန်းကလေးနှစ်ယောက်က လူအုပ်ထဲသို့ ကမန်းကတန်းရောက်ချလာသည်။
"နောက်ဆုတ်ပေးကြပါ။ အားလုံးပဲ နောက်ဆုတ်ပေးကြပါ။ သူတို့ကို လေကောင်းလေသန့်ရှူခိုင်းလိုက်ပါဦး။ တစ်ယောက်ယောက်မှာများ ရေရှိလား"
"ဒီဒဏ်ရာရသူက သွေးထွက်လွန်နေပြီ။ ကျွန်မတို့ အခုချက်ချင်းသွေးတိတ်အောင် လုပ်မှဖြစ်မယ်"
"မဖြစ်နိုင်ဘူး။ ဒဏ်ရာက တအားပြင်းထန်တယ်။ ငါတို့မှာ ကိရိယာတန်ဆာပလာတွေလည်း မရှိတော့ သွေးတိတ်အောင် လုပ်လို့မရဘူး"
"လူနာတင်ကားရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"
မိန်းကလေးတစ်ယောက်က ထိုမြင်ကွင်းကိုကြည့်နေသူတစ်ယောက်အား မော့ကြည့်ပြီး မေးလိုက်၏။
"မိနစ်နှစ်ဆယ်လောက်လိုသေးတယ်"
"မိနစ်နှစ်ဆယ်လား။ အသွားအပြန်ဆိုရင် မိနစ်လေးဆယ်ကြာမှာ။ ကျွန်မတို့ အချိန်မီမှာမဟုတ်ဘူး"
ထိုမိန်းကလေးက စိုးရိမ်ပူပန်လေဟန် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာသည်။
"ရှုယွီ.. ဒီလူနာတွေက မီးလောင်ဒဏ်ရာ တအားပြင်းထန်နေတာ။ သူတို့ကိုသာ ဆေးရုံမြန်မြန်မပို့နိုင်ရင် ရောဂါပိုးဝင်ပြီး တစ်ရက်တောင်အသက်ရှင်နိုင်မှာမဟုတ်ဘူး"
ကျန်မိန်းကလေးတစ်ယောက်က တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေသော လူနာတစ်ယောက်ကို ကြည့်ရှုပေးနေသည်။
ထိုလူတစ်စုမှာ အလွန်ကံဆိုးလှသော သက်လတ်ပိုင်းအရွယ်လူတစ်စုပင်။ သူတို့က ဤနေရာတွင် သောက်စားရင်း စကားစမြည်ပြောနေကြခြင်းဖြစ်၏။ ပေါက်ကွဲမှုကြောင့် ဖန်ပုလင်းများ ကွဲသွားပြီး အရက်များပါ ထပေါက်ကွဲသွားလေရာ သူတို့ထိုင်နေသည့်နေရာကလည်း ပုလင်းပုံကြီး၏ နံဘေးဖြစ်နေလေသည်။
မီးတောက်များက သူတို့ခန္ဓာကိုယ်များကို ခပ်မြန်မြန်မီးစွဲသွားပြီးနောက် ဆံပင်များလည်း လုံးဝလောင်ကျွမ်းကာ မျက်နှာများမှာမူ မှတ်မိဖို့ပင် မဖြစ်နိုင်တော့ချေ။ သူတို့ခန္ဓာကိုယ်မှတစ်ဆင့် မီးကျွမ်းသည့်အနံ့တစ်ခုကလည်း ထွက်နေချေသည်။
ပြင်းထန်လှသော မီးလောင်ဒဏ်ရာများကြောင့် သူတို့ခမျာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပေသည်။
"မဖြစ်ဘူး။ အသေးအဖွဲဒဏ်ရာလေးတွေ ရထားတဲ့လူတွေကိုတော့ နောက်မှကြည့်ရှင်းလို့ရတယ်။ ဒါပေမဲ့ ဒီလူလေးယောက်ကိုတော့ အချိန်ဆွဲထားလို့မဖြစ်တော့ဘူး"
"ဒီနေ့က နှစ်သစ်ကူးပွဲတော်နေ့လေ။ တာဝန်ကျဆရာဝန်တွေလည်း နည်းနည်းပဲရှိတာ။ တာဝန်ကျဆရာဝန်တွေကလည်း သုန်းယာပန်းခြံလူနေဧရိယာဘက်မှာ အစုလိုက်အပြုံလိုက်အစာအဆိပ်သင့်မှုတစ်ခု ဖြစ်နေတယ်လို့ သတင်းပို့ထားလို့ လူနာတင်ကားတွေက အဲဒီကိုသွားကြတယ်။ ငါတို့ ခပ်ဝေးဝေးက ဆေးရုံတစ်ခုကနေ လူနာတင်ကားတွေ ခေါ်မှဖြစ်မယ်"
"နှစ်သစ်ကူးပွဲတော်နေ့မှ ဒီကိစ္စတွေအားလုံးက ဘာလို့စုပြုံပြီးဖြစ်နေတာလဲ"
ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ထားကြသော မိန်းကလေးနှစ်ယောက်မှာ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
"ယဲ့ရင် ဆေးအဖွဲ့ ဒီကိုရောက်လာဖို့ ဘယ်လောက်ကြာဦးမလဲ"
ကျန်းမုန့်လောင် မေးလိုက်၏။
"မစ္စတာကျန်း.. အသွားအပြန်ဆိုရင် နာရီဝက်တော့ကြာပါလိမ့်မယ်"
ယဲ့ရင်က ပြောလိုက်လေသည်။
"ကျွန်တော်ကိုယ်တိုင် သူတို့ကို ဆေးရုံခေါ်သွားပေးလိုက်မယ်ဆိုရင်ရော"
"မဖြစ်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"နောက်ပိုင်းကျရင် ဒီကိစ္စကို ဘယ်လိုရှင်းပြမလဲ"
"ကျွန်မတို့မှာ အချိန်မရှိဘူး။ ကျွန်မတို့ကိုယ်တိုင် ကားမောင်းပြီး သူတို့ကိုလိုက်ပို့မှဖြစ်မယ်"
မိန်းကလေးနှစ်ယောက်က ပြောလာချေသည်။
"ကျွန်တော်လုပ်ပေးမယ်"
လူငယ်လေးတစ်ယောက်က ဆိုလာလေသည်။
"မဖြစ်ဘူး။ ဒီလိုရောဂါပြင်းထန်တဲ့ လူနာတွေကို အတူရောထားလို့မဖြစ်ဘူး။ သူတို့ကို ပက်လက်အနေအထားနဲ့ လှန်ထားရမှာ။ အများဆုံးဆယ့်ငါးမိနစ်အတွင်း ဆေးရုံကိုခေါ်သွားမှဖြစ်မယ်"
မိန်းကလေးတစ်ယောက်က ထိုသို့ဆိုလာလေသည်။
"ပြီးတော့ မောင်းတဲ့အခါလည်း တအားခုန်လို့မဖြစ်ဘူး။ လူနာတွေက အခြေအနေအရမ်းဆိုးဝါးနေတာ။ နည်းနည်းလောက်လှုပ်ရှားလိုက်မိရင်တောင် သွေးထွက်လွန်လာနိုင်တယ်။ လမ်းမှာ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် လူနာတွေ အသက်ဆုံးရှုံးနိုင်တယ်"
ထိုလူငယ်ခမျာ ရုတ်တရက်ကြီးကြောက်ရွံ့သွားသည်။
သူ့ကားမောင်းစွမ်းရည်နှင့် ပတ်သက်ပြီး ယုံကြည်မှုမရှိသောကြောင့် မဟုတ်ပါဘဲ အခြေအနေက ထူးခြားနေသောကြောင့်ပင်။
ပင်လယ်ကမ်းစပ်ပန်းခြံက မြို့ဆင်ခြေဖုံးတွင် တည်ရှိသည်။ ထိုနေရာမှ လမ်းမကြီးဆီသို့ သွားရာလမ်းတစ်လျှောက်မှာ ကြမ်းတမ်းလှလေသည်။ ကားကို မခုန်စေချင်ပါလျှင် အရှိန်လျှော့ရမည်ဖြစ်ပြီး အရှိန်ကို အဓိကအသားပေးချင်လျှင်လည်း ကားက သေချာပေါက်ခုန်ပေလိမ့်မည်။
သက်တမ်းနှစ်နှစ်ဆယ်၊သုံးဆယ်ရှိသော ဝါရင့်ကားမောင်းသူများပင်လျှင် ၁၀၀ရာခိုင်နှုန်းအပြည့် ချောချောမွေ့မွေ့မောင်းနိုင်မည်ဟု အာမမခံနိုင်ပေ။
ထို့ပြင် အနီးဆုံးဆေးရုံကိုရောက်ရန် မိနစ်နှစ်ဆယ်ကြာ မောင်းရမည်ဖြစ်၏။ ထိုနေရာကို ၁၅မိနစ်အတွင်း အရောက်သွားရန်မှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာန၏ ပူးပေါင်းဆောင်ရွက်မှု ရှိသည်ဆိုလျှင်ပင် အသက်များကို လောင်းကြေးထပ်နေသည့်အလားပင်။
"ငါမောင်းမယ်"
ကျန်းမုန့်လောင် ခဏမျှတွေးဆလိုက်ပြီးနောက် အနီးအနားရှိ ကုန်တင်ကားတစ်စီးကို ကြည့်လိုက်သည်။
"လူနာတွေကို ကုန်တင်ကားပေါ် တင်လိုက်။ ငါ သူတို့ကိုခေါ်သွားပေးမယ်"
"ကုန်တင်ကားလား"
လူတိုင်းက မက်စ်တပ်ပြီး ဦးထုပ်ဆောင်းထားသည့် လူငယ်လေးကို ကြည့်လိုက်ကြသည်။
ထိုလူနာများကို တစ်ချီတည်း အကုန်ခေါ်သွားဖို့ဆိုလျှင် ကုန်တင်ကားတစ်စီးကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်၏။ သို့သော် ကုန်တင်ကားများမှာ အိမ်စီးကားများနှင့် ယှဉ်လျှင် အရှိန်ရော လုပ်ဆောင်ချက်ပါ သိပ်မကောင်းလှပေ။
"ဘာရပ်လုပ်နေကြတာလဲ။ သူတို့ကို ကားပေါ်တင်လိုက်တော့လေ"
ကျန်းမုန့်လောင် အော်လိုက်၏။
"ကျွန်မတို့လည်း လိုက်မယ်"
ကျန်းမုန့်လောင်၏ မျက်ဝန်းထဲတွင် ယုံကြည်မှုပြည့်လျှံနေသည်ကို မြင်လိုက်ရသောအခါ ထိုမိန်းကလေးနှစ်ယောက်လည်း အကြည့်ချင်းဖလှယ်မိကြသည်။
"လမ်းမှာ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် ကျွန်မတို့လည်း ကူညီပြီးဖြေရှင်းပေးလို့ရတာပေါ့"
"ကောင်းပြီ"
ကျန်းမုန့်လောင်ကလည်း မငြင်းပေ။ ဤသည်မှာ ကုန်တင်ကားကို သူ ပထမဆုံးအကြိမ် မောင်းဖူးခြင်းဖြစ်ပြီး ကုန်တင်ကားမောင်းလိုင်စင်ပင် မရှိပေ။ သို့သော် သေရေးရှင်ရေးအခြေအနေတစ်ခုတွင် သူ့မှာ ရွေးချယ်စရာမရှိ။
ထို့ပြင် တာခုမိ ဖူဂျီဝါရ၏ ကားမောင်းစွမ်းရည်များမှာ ဟာသမဟုတ်ချေ။
"ဘွန်း"
ကုန်တင်ကား၏ အင်ဂျင်သံက လေထုထဲသို့ ဟိန်းထွက်သွားသည်။
"သောက်ကျိုးနည်း… ကုန်တင်ကားတစ်စီးက ဒီလိုအသံမျိုးလည်း ထုတ်နိုင်တယ်ပေါ့"
"ငါ့နည်းပြဟောင်းက ငါ့ကိုပြောပြဖူးတယ်။ ဘယ်လိုယာဉ်အမျိုးအစားပဲဖြစ်ဖြစ် ကုန်တင်ကားတစ်စီးဖြစ်နေရင်တောင်မှ လီဗာ၊ ဘရိတ်နဲ့ ကလပ်ကို ကွက်တိထိန်းချုပ်ထားနိုင်ရင် အင်ဂျင်စွမ်းအားကို မြှင့်တင်နိုင်တယ်တဲ့။ ဒီအင်ဂျင်သံကိုကြည့်ရုံနဲ့ သူက ကျွမ်းကျင်သူတစ်ယောက်ဆိုတာ သိသာတယ်"
"သူက ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူတစ်ယောက်များလား"
"ဒါပေမဲ့ ပြိုင်ကားမောင်းသူတွေက ကားပဲမောင်းတာလေ။ ဒါက ကုန်တင်ကားကြီး.."
"သူ ပြဿနာတော့မတက်လောက်ပါဘူးနော်"
ချန်းချိုးယိနှင့် ရှင်းကျယ်တို့ခမျာ ကျန်းမုန့်လောင်ကို စိုးရိမ်တကြီးစောင့်ကြည့်နေကြသည်။ အထက်တန်းကျောင်းပြီးခါစ နွေရာသီတုန်းက သူ့အဖေ၏ကားဖြင့် ကျန်းမုန့်လောင်က သူတို့ကို အပြင်ထွက်လည်ဖို့ ခေါ်သွားဖူးသည်။ ထိုစဉ် ကားပါကင်တွင် ကားကို နောက်ပြန်ဆုတ်ရင်း အခြားသူ၏ကားကို ခြစ်မိခဲ့လေရာ ကျန်းမုန့်လောင်၏အဖေကပင် ထိုအရှုပ်တော်ပုံကို ရှင်းပေးခဲ့ရသည်။
သူတို့မျက်လုံးထဲတွင်မူ ကျန်းမုန့်လောင်က လမ်းပေါ်က အတိဒုက္ခစစ်စစ်တစ်ခုပင်။
"သူ..သူ အဆင်ပြေမှာပါနော်"
လုရီယောင်၏အသံကလည်း သင်္ကာမကင်းမှုကြောင့် တုန်ယင်လျက်ရှိ၏။
"ဘွန်း"
ပတ်ပတ်လည်ရှိ လူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားသူများကို ကုန်တင်ကားပေါ်သို့ တင်လိုက်နိုင်ပြီး ရှေးဦးသူနာပြုစုနည်း သင်ယူထားသော မိန်းကလေးနှစ်ယောက်ကတော့ လူနာများကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် အနောက်တွင် ဝင်ထိုင်နေကြသည်။ ကျန်းမုန့်လောင်လည်း လီဗာကိုဖိနင်း၍ ခပ်မြန်မြန် မောင်းထွက်လာခဲ့လိုက်သည်။
"အရှိန်လျှော့ပါဦး။ အရှိန်လျှော့"
ပြင်းထန်လှသော ပင်လယ်လေတိုက်ခတ်မှုကြောင့် ထိုမိန်းကလေးနှစ်ယောက်ခမျာ ကုန်တင်ကားက တစ်နာရီကို မိုင်၈၀နှုန်းဖြင့် မောင်းနှင်နေခြင်းဖြစ်ပြီး ဆက်လက်အရှိန်တင်ထားဆဲဖြစ်ကြောင်း သတိထားမိလိုက်သည်။
သို့သော် ကျန်းမုန့်လောင်ကတော့ အရှိန်မလျှော့ပါဘဲ လီဗာကိုသာ ဆက်နင်းထားသည်။
"ရှေ့မှာ တအားကျဉ်းတဲ့ ထောင့်ချိုးတစ်ခုရှိတယ်။ အရှိန်လျှော့ဦး"
"အရူးကောင်..ငါတို့ အရူးကောင်တစ်ယောက်နဲ့ တစ်ကားတည်းအတူစီးနေရတာပဲ"
ထိုမိန်းကလေးနှစ်ယောက်ခမျာ ချက်ချင်းထိတ်လန့်ကုန်ကြလေသည်။
ကုန်တင်ကားက ၁၂၀ဒီဂရီနီးပါးရှိသော ထောင့်ချိုးသို့ ရောက်ရှိလာလေပြီ။ သို့သော် ကျန်းမုန့်လောင်၏ ကားမြန်နှုန်းပြဒိုင်ကွက်တွင်မူ တစ်နာရီ မိုင်၁၄၀နှုန်းအထိ မြင့်တက်နေပြီဖြစ်၏။
"တီ တီ တီ"
ကျန်းမုန့်လောင်က ဟွန်းကို အသည်းအသန်တီး၍ ရှေ့နားရှိ ကားကို သတိပေးလိုက်၏။
အရှေ့ရှိ ကားသေးသေးလေးက ဘေးဘက်သို့ ချက်ချင်းကွေ့ချသွားလေရာ အပြာရောင်အရိပ်တစ်ခုကလည်း အစွန်နားမှ ကျော်တက်၍ ဖျတ်ခနဲကျော်ချသွားသည်။
ဘရိတ်အုပ်၊ လီဗာနင်း၊ ကလပ်ဆွဲ၊ ဂီယာပြောင်း။
ကျန်းမုန့်လောင်က တည်ငြိမ်လှသော တိကျမှုဖြင့် ကုန်တင်ကားကို မောင်းနှင်နေသည်။
"ကျွီ"
ကျွီခနဲပွတ်တိုက်သံတစ်ခုနှင့်အတူ ကုန်တင်ကားက ထောင့်ချိုးကို အရှိန်နှင့်ကွေ့ချသွားသည်။
မိန်းကလေးနှစ်ယောက်ကတော့ မျက်လုံးများကို မှိတ်ထားလိုက်လေတော့သည်။ သို့သော် ကားအနည်းငယ်ယိမ်းသွားသည်ကိုသာ သူတို့ ခံစားလိုက်ရပြီးနောက် ထောင့်ချိုးကို ဖြတ်ကျော်သွားသည်။
"သူ.. သူ ဒီအတိုင်းdriftဆွဲချလိုက်တာလား"
"ဟုတ်မယ်ထင်တယ်.. ဒါပေမဲ့ ငါတော့မကြည့်ရဲဘူး"
"ငါလည်းမသိလိုက်ဘူး။ ခဏလေးအတွင် ဖြစ်သွားသလိုပဲ"
"သူက တကယ့်ကျွမ်းကျင်သူတစ်ယောက်ပဲ"
ကားအသေးလေးက သူတို့နောက်ရှိ လမ်းဘေးတွင် ထိုးရပ်လိုက်ပြီး ထိုကားထဲရှိ စုံတွဲတစ်တွဲက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့မျက်လုံးထဲတွင်မူ အလွန်အမင်းထိတ်လန့်နေသော အရိပ်အယောင်များ ပြည့်နှက်နေချေသည်။
"ယောကျ်ား.. ရှင် ခုနက ကုန်တင်ကားကိုမြင်လိုက်လား"
"ငါ.. ငါ ကုန်တင်ကားကြီး ထောင့်ချိုးနားမှာ driftဆွဲလိုက်တာကိုပဲ မြင်လိုက်တယ်။ သူ့နောက်မီးနဲ့ လိုင်စင်ပြားကိုတောင် သေချာမမြင်လိုက်ရဘူး"
"မယုံနိုင်စရာပဲ။ ကုန်တင်ကားတစ်စီးကိုတောင် အဲဒီလိုစီးရဲတာ ဒီလူက အာကီနာတောင်က ကားနတ်ဘုရားများလား"
***********