← Chapters

ဟွာရှားကားနတ်ဘုရား၏ ဒဏ္ဍာရီ

Vol. 19 Ch. 280

ဟွာရှားကားနတ်ဘုရား၏ ဒဏ္ဍာရီ

Vol. 19 Ch. 280

"အရှိန်လျှော့ပါဦး။ ရှေ့နားမှာ လမ်းက တော်တော်ကြမ်းတယ်"

မိန်းကလေးတစ်ယောက်က ဒဏ်ရာရသူများကို ကြည့်ရှုပေးနေရင်း သတိပေးလိုက်၏။

သို့တိုင် ကျန်းမုန့်လောင်က အနည်းငယ်သာ အရှိန်လျှော့လိုက်ပြီးနောက် ကုန်တင်ကားကြီးကလည်း ရွှံ့ထူသည့် အဝါရောင်မြေလမ်းပေါ်သို့ ချက်ချင်းသုတ်ခြေတင်လေတော့သည်။

သို့သော် သူတို့မျှော်လင့်ထားသော ကမ္ဘာမြေတုန်လှုပ်ဖွယ် ခံစားချက်တစ်မျိုးက ပေါ်ပေါက်မလာခဲ့ပေ။ ကုန်တင်ကား၏ တုန်ခါမှုမှာ အစောပိုင်းက သူတို့ကျော်ဖြတ်လာခဲ့သည့် ချောမွေ့နေသော လမ်းမပေါ်တုန်းကထက် အနည်းငယ်သာ မြင့်တက်သွားသည်။

သူတို့လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ထိုတုန်ခါမှုများက လူနာများအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှုမရှိပေ။

ခဏအကြာတွင် ကုန်တင်ကားက လမ်းကျဉ်းလေးထဲက ထွက်လာခဲ့ပြီး မြို့လယ်ခေါင်သို့ ဦးတည်သော လမ်းမပေါ်သို့ ရောက်လာခဲ့သည်။

"အရေးပေါ်အသိပေးချက် အရေးပေါ်အသိပေးချက်.. ဒဏ်ရာအပြင်းအထန်ရထားတဲ့ လူနာတွေကို ဆေးရုံကို အမြန်ဆုံးပို့ပေးဖို့ လိုအပ်နေပါတယ်။ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အနေနဲ့ အသက်ကယ်လမ်းကြောင်းတစ်ခု ရှင်းပေးထားပါ။ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်"

ဆေးရုံသို့ သွားရာလမ်းတစ်လျှောက်တွင် အသိပေးချက်အသံများကား ပဲ့တင်ထပ်နေချေသည်။

ထိုအချိန်တွင် လမ်းမပေါ်၌ ကားအများကြီး မရှိခဲ့ပေ။ သို့သော် မြို့လယ်ခေါင်ဧရိယာတွင်မူ ကားများက ဝင်လိုက်ထွက်လိုက် လုပ်နေဆဲသာ။

"ဝှစ်"

အပြာရောင်ပုံရိပ်တစ်ခုက မြို့လယ်ခေါင်လမ်းမထက်တွင် မြန်ဆန်လှသောအရှိန်ဖြင့် ဝိုက်ဆွဲပြီး ဖြတ်သန်းသွားလာနေသည်မှာ တစ်နာရီ ၂၀၀ကီလိုမီတာနှုန်းရှိသည်။

"လောင်ဝမ်.. မင်းပြောတဲ့ကားက ဒီကားလား"

သုန်းကျီမြို့ယာဉ်ကြောစီမံခန့်ခွဲရေးအော်ပရေတာတစ်ယောက်က လမ်းမထက်ရှိ စောင့်ကြည့်မှတ်တမ်းဓာတ်ပုံကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။

"အဲဒါက ဘယ်လိုကားအမျိုးအစားလဲတော့ ငါမသိဘူး။ ဒါပေမဲ့ လိုင်စင်နံပါတ်ပြားကတော့ ကျန်း L76679ပဲ။ သောက်ကျိုးနည်း…ဒါကဘာကြီးလဲ"

ယာဉ်ကြောစောင့်ကြည့်စစ်ဆေးရေးစနစ်၏ မျက်နှာပြင်ထက်တွင် အပြာရောင်အရိပ်တစ်ခုက ယာဉ်ကြောတစ်လျှောက် မရပ်မနားသွားလာနေပေသည်။ ၎င်း၏အရှိန်ကြောင့် အခြားကားများမှာ ဖုန်တလုံးလုံးအကြား ကျန်ရစ်နေခဲ့ကြရရှာသည်။ ဒိုင်ခွက်ပေါ်တွင်မူ ထိုကားသည် လမ်းထောင့်ချိုးများတွင်ပင် တစ်နာရီ ၂၁၆ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နေကြောင်း ပြသနေသည်။

"ဒါက… ဒီလူ ရူးများနေလား။ ဒီလိုပုံစံမျိုးနဲ့ မောင်းနေတယ်ပေါ့လေ။ ဒီကိစ္စကိုဖြေရှင်းဖို့ မြန်မြန်လူသွားရှာချေ။ ဒါက ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကြီးတစ်ခု ဖြစ်လာစေနိုင်တယ်"

ယာဉ်ထိန်းရဲတစ်ယောက်ခမျာ ထိတ်လန့်သွားရှာလေသည်။

"နေဦး။ အနှေးပြကွက်နဲ့ ပြန်ဖွင့်လိုက်"

အခြားယာဉ်ထိန်းရဲတစ်ယောက်က ပြောလာလေသည်။

"ကျန်းL76679… အဲဒါက ဒဏ်ရာရနေတဲ့လူတွေကို ဆေးရုံလိုက်ပို့ပေးနေတဲ့ ကားရဲ့ လို်ငစင်နံပါတ်ပြားပဲ"

"လာနောက်နေတာမလား။ ကုန်တင်ကားနဲ့ လိုက်ပို့တာတဲ့လား"

"အဲဒါက အဓိကမဟုတ်ဘူး။ ဒီလိုကုန်တင်ကားမျိုးကို မင်းတို့ မြင်ဖူးလို့လား။ လမ်းဖြောင့်ကြီးမှာ တစ်နာရီမိုင်၂၅၀နီးပါးနဲ့မောင်းပြီး ထောင့်ချိုးတွေမှာ တစ်နာရီ၂၀၀မိုင်နှုန်းနဲ့ driftဆွဲသွားတာကွ။ ဒါက ကုန်တင်ကားရော ဟုတ်ရဲ့လား"

"ကြည့်လိုက်.. အဲဒီကားက သိပ်တောင်မယမ်းဘူး။ ဘယ်သူကများ ဒီလိုမောင်းနိုင်လို့လဲ"

"အာကီနာတောင်က ကားနတ်ဘုရားတောင် ဒီလိုမောင်းနိုင်မှာမဟုတ်ဘူး"

ယာဉ်ထိန်းရဲနှစ်ယောက်ခမျာ လမ်းမထက်တွင် ပြေးလွှားနေသော ထိုအပြာရောင်အရိပ်ကြီးကို အကြောင်သားငေးကြည့်နေမိသဖြင့် လမ်းမထက်ရှိ ပြည်သူများကို ဆက်သတိပေးရန်ပင် မေ့လျော့သွားချေသည်။

သို့သော် ဤယာဉ်ထိန်းရဲများထက် ပိုအံ့အားသင့်နေသူများမှာ လမ်းမထက်ရှိ ကားမောင်းသူများပင်။

"သေစမ်း.. ကုန်တင်ကားနဲ့ လူနာလိုက်ပို့တာလား။ ရှယ်ကြမ်းတာပဲ"

"ငါလည်း ကားမောင်းသင်တန်းတစ်ခုမှာ နှစ်သုံးဆယ်လောက် နည်းပြလုပ်ခဲ့ဖူးပါတယ်။ ဒီလိုကားမောင်းစွမ်းရည်မျိုးက ကမ္ဘာပေါ်မှာ တကယ်ရောရှိရဲ့လား"

"Driftဆွဲနေတာနော်။ ကုန်တင်ကားတစ်စီးက Driftဆွဲနေတာ။ ငါတော့ လုံးဝအံ့ဩမှင်တက်နေမိပြီ"

"ဒါကိုဓာတ်ပုံရိုက်ထား။ အွန်လိုင်းပေါ် တင်ရအောင်။ ဒါက ကမ္ဘာ့အဆင့်ပြိုင်ကားမောင်းသမားတစ်ယောက်ဆိုတာ သေချာတယ်။ ငါတို့သုန်းကျီမြို့မှာလည်း ဒီလိုကျွမ်းကျင်သူတစ်ယောက် တကယ်ကြီးရှိနေတာပဲ။ မိုက်တယ်ကွာ"

"ချီးပဲ.. ငါ့ဖုန်းထဲမှာ နောက်ဆက်တွဲအရိပ်တွေပဲ မြင်နေရတယ်။ ငါ သေချာမရိုက်မိလို့များလား"

"ငတုံး အနှေးပြကွက်နဲ့ရိုက်လေ"

...

"ရှေ့မှာ ဘာဖြစ်နေတာလဲ"

ရှေ့နားရှိ မီးပွိုင့်တွင် ကားပိတ်နေသည်ကို ကျန်းမုန့်လောင် ရုတ်တရက်သတိထားမိလိုက်၏။ လူနာတင်ကားတစ်စီး သွားရုံလောက်မျှသာ လမ်းချန်ထားသည်။

"အဲဒါ အစာအဆိပ်သင့်မှုကို ဖြေရှင်းနေကြတဲ့ လူနာတင်ကားတွေလေ"

ကျန်းမုန့်လောင် ချက်ချင်းဆိုသလို သဘောပေါက်လိုက်သည်။

"အစ်ကိုရေ..လူနာအခြေအနေက မတည်မငြိမ်ဖြစ်လာပြီ။ ကျွန်မတို့ အရှိန်တင်မှဖြစ်တော့မယ်"

အနောက်ဘက်ရှိ မိန်းကလေးတစ်ယောက်က လောဆော်လာ၏။

အရိုးအက်သွားသော လူနာက အဆင်ပြေနေဆဲပင်။ သူ့သွေးဖိအားက ယာယီတည်ငြိမ်နေသေးသည်။ သွေးထွက်လွန်မှုကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်၏။ သို့သော် မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော လူနာများမှာမူ အခြေအနေဆိုးဝါးလာသည်။

"သွားပြီ။ ရှေ့မှာ လမ်းပိတ်နေတယ်"

"ကုန်တင်ကားက တအားကြီးလွန်းတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးထဲ ဝင်လို့ဆံ့မှာမဟုတ်ဘူး"

"အားလုံးပဲ..ညာဘက်ကိုရွှေ့ကြ"

ကျန်းမုန့်လောင်က အော်လိုက်လေသည်။

"လူနာတွေကို မထိခိုက်စေနဲ့။ ဘာလို့လဲတွေဘာတွေေလာမမေးနဲ့"

မီတာတစ်ရာနီးပါး ရှည်လျားလှသော လမ်းကျဉ်းလေးတစ်ခုကို တွေ့လိုက်ရသောအခါ ကျန်းမုန့်လောင် လီဗာကို ထပ်နင်းလိုက်ပြန်သည်။

"ဟေ့ ရှင်ရူးနေလား"

"အား"

ကုန်တင်ကားက ရုတ်တရက်အရှိန်မြင့်သွားပြီးနောက် ကျန်းမုန့်လောင်က စတီယာရင်ကို ဆတ်ခနဲလှည့်ချလိုက်လေရာ ကြီးမားလှစွာသော အင်နားရှားသဘောတရားကြောင့် ကုန်တင်ကား၏တစ်ဖက်ခြမ်းက မြေပြင်ပေါ်မှ မြောက်တက်သွားလေသည်။

"သူ ဘာတွေလုပ်နေတာလဲ"

မိန်းကလေးနှစ်ဦးမှာ အရိုးအက်ထားသော လူနာကို ချက်ချင်းကာကွယ်ပေးလိုက်ရင်း ကျန်လူနာသုံးယောက်ကိုလည်း ကုန်တင်ကားခန်းထဲရှိ တြိဂံပုံစံနေရာနားတွင် နီးနီးကပ်ကပ်ထားရှိလိုက်သည်။

ကုန်တင်ကားက လဲမသွားဘဲ ရှေ့တစ်ပိုင်းမြောက်လျက်သားအနေအထားဖြင့် ဤလမ်းကြောကို ဖြတ်သန်းသွားနိုင်လောက်သည့် အနေအထားအထိ မြင့်သွားချေသည်။

"မင်းအနောက်ကို ကြည့်လိုက်ဦး။ ကုန်တင်ကားတစ်စီး ဖြတ်သွားနေတယ်"

"သောက်ကျိုးနည်း ဒါကဘာကြီးလဲဟ။ ဒဏ္ဍာရီလာကျော်တက်မှုကြီးလား"

"ဒါက ပြိုင်ကားမဟုတ်ဘူးနော်။ ကုန်တင်ကားကြီး"

"သေစမ်း.. ဒါကြီးက နတ်ဘုရားနီးနီးပဲဟ"

"ငါ အဲဒီကုန်တင်ကားကိုသိတယ်။ အဲဒါ ကျန်းL76679ပဲ။ ငါ့သူငယ်ချင်းက ခုနကပဲ ငါ့ကို ဗီဒီယိုတစ်ခုပို့ပေးထားတယ်။ အဲဒီကုန်တင်ကားထဲမှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့ လူနာလေးယောက်ပါတယ်တဲ့။ အဲဒီကား တစ်ချိန်လုံး တစ်နာရီမိုင်၂၀၀အောက်ကို မဆင်းဘူးဆိုပဲ။ ထောင့်ချိုးတွေမှာတောင် Driftဆွဲတာတဲ့နော်။ ငါ အစက မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ"

"ဟွာရှားမှာ ပါရမီရှင်တွေနဲ့ပြည့်နေတာပဲ။ ဒါက ငါတို့သုန်းကျီမြို့သားတစ်ယောက် ဖြစ်နိုင်တယ်"

"သုန်းကျီမြို့မှာလည်း ပြိုင်ကားမောင်းသမားတွေ ရှိတာလား။ ငါသိသလောက်ဆိုရင် လျူအိုက်ဝေ့လို့ခေါ်တဲ့ လူတစ်ယောက်တော့ရှိတယ်။ ဒါပေမဲ့ သူက အနားယူသွားတာ နှစ်တွေကြာလှနေပြီ။ သူ့စံချိန်ကလည်း သာမန်ပါပဲ။ ဒီကားနတ်ဘုရားကတော့ တစ်ဖက်ကမ်းခတ်ကိုတော်တာ"

"သေစမ်း.. ဒီထက်တောင်ပိုသေးတယ်။ ကုန်တင်ကားကို ပြိုင်ကားလိုမောင်းနိုင်တဲ့ နောက်ထပ်တစ်ယောက်လောက် ရှာပြစမ်းပါ။ ကျန်းL76679က ထာဝရဒဏ္ဍာရီတွင်နေတော့မှာကွ"

...

မိနစ်နှစ်ဆယ်ကြာရမည့် ခရီးကို ကျန်းမုန့်လောင်က ရှစ်မိနစ်သာ အချိန်ယူခဲ့သည်။ ကုန်တင်ကားက‌ ဆေးရုံရှေ့သို့ထိုးရပ်လိုက်သောအခါ အင်ဂျင်ထဲမှ မီးခိုးများပင် ထွက်လာလေသည်။

မည်သို့ပင်ဖြစ်နေပါစေ ဤသည်မှာ ကုန်တင်ကားတစ်စီးမျှသာ ဖြစ်၏။ ယခုအချိန်အထိ ဤမျှများပြားလှသော စွမ်းအင်မျိုးကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းကပင် အထင်ကြီးဖို့ကောင်းနေလေပြီ။

"သူတို့ကို မြန်မြန်ခေါ်သွားလိုက်"

အရေးပေါ်ခန်းဆရာဝန်များက ဆေးရုံတံခါးဝတွင် အဆင်သင့်စောင့်ဆိုင်းနေကြပြီး ကုန်တင်ကားရပ်သည်နှင့် လူနာများကို အမြန်ဆုံးကုသပေးနိုင်ရန် ပြင်ဆင်ထားကြသည်။

"လူနာတွေရဲ့အခြေအနေက ကောင်းတယ်။ အရိုးအက်သွားတဲ့လူကတော့ သွေးသွင်းဖို့လိုမယ်"

"အဆင့်သုံးမီးလောင်ဒဏ်ရာ… အရေးပေါ်ကုသမှု ပြင်ဆင်ထားပါ"

"ဟမ်.. ကားမောင်းတဲ့လူက ဘယ်မှာလဲ"

လူနာများကို ကားပေါ်မှ ချပေးရာတွင် ကူညီပေးပြီးနောက် မိန်းကလေးနှစ်ယောက်လည်း အထင်ကြီးဖို့ကောင်းသည့် ကားမောင်းသူလူငယ်ကို တွေ့လိုက်ချင်သော်ငြား ထိုအချိန်တွင် ကုန်တင်ကားမောင်းသူနေရာမှာ ဗလာကျင်းနေလေပြီ။

...

အချိန်ကား နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး မနက်တစ်နာရီလည်း ကျော်နေပြီဖြစ်သောကြောင့် တော်တော်များများက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသည်။ ထို့ကြောင့် ကျန်းမုန့်လောင်ပါဝင်ပတ်သက်နေသော အဖြစ်အပျက်ကား အုတ်အော်သောင်းတင်း သိပ်မဖြစ်လိုက်ပေ။

သို့သော် ဤအဖြစ်အပျက်ကို လုံးဝဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

နောက်တစ်နေ့မနက်တွင် လိုင်စင်နံပါတ်ပြားအမှတ်L76679 ကုန်တင်ကားက ထောင့်ချိုးများတွင် Driftဆွဲပြီး တစ်နာရီမိုင်နှစ်ရာကျော်နှုန်းဖြင့် လမ်းမထက်သို့ ထွက်ပေါ်လာခဲ့သည့် ဗီဒီယိုများမှာ တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့သည်။

"ငါ့အမေက ငါ့ကို ဘာလို့ဒူးထောက်နေတာလဲလို့ မေးပြီး ယွမ်တစ်ထောင်စာအိတ်နီတစ်လုံး ပေးသွားတယ်"

"အာဘား အာဘား အာဘား…"

"ဘာများထူးဆန်းလို့လဲ။ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတွေလည်း ထောင့်ချိုးတစ်ခုချင်းစီမှာ တစ်နာရီ မိုင်၂၀၀နှုန်းနဲ့ Driftဆွဲနိုင်တာပဲ မဟုတ်ဘူးလား"

"မင်းကို ဦးခေါင်းခွံပွင့်ထွက်တဲ့အထိ ငါ ပါးဖြတ်ရိုက်လိုက်ဦးမယ်။ ဒါက သောက်ကျိုးနည်း ကုန်တင်ကားကြီးကွ။ သာမန်ကုန်တင်ကားတစ်စီးနော်။ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတစ်ယောက်သွားရှာပြီး ကုန်တင်ကားနဲ့ ထောင့်ချိုးတစ်ခုမှာ တစ်နာရီမိုင်နှစ်ရာနှုန်းနဲ့ Driftဆွဲပြခိုင်းလိုက်စမ်းပါ"

"ပြီးတော့ ရှေ့ဘီးလည်းထောင်ပြရဦးမှာနော်။ ကုန်တင်ကားတစ်စီးက ဒီလိုစတန့်မျိုလည်း လုပ်နိုင်တယ်ဆိုတာ ငါ ပထမဆုံးမြင်ဖူးတာပဲ။ အရမ်းမိုက်တာပဲ"

"အဲဒီကုန်တင်ကားနဲ့ သယ်သွားတဲ့ လူနာတွေအားလုံး အခြေအနေတည်ငြိမ်သွားပြီလို့ ငါကြားတယ်။ သူတို့ကို အချိန်မီခေါ်လာနိုင်ခဲ့တယ်လို့ ဆရာဝန်တွေကလည်း ပြောထားတယ်။ ဆယ်မိနစ်လောက် နောက်ကျသွားရင်တောင် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူးတဲ့"

"ကြီးမြတ်တဲ့လူတွေက သာမန်လူတွေကြားမှာပုန်းနေတာပဲ။ ငါ သူ့ကို ကားနတ်ဘုရားလို့ ခေါ်ချင်တယ်"

"ဟွာရှားရဲ့ ကားနတ်ဘုရား"

...

ထိုဇာတ်လမ်းက ပြည်တွင်းမှာတင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ခြင်းမဟုတ်ပါဘဲ နို်ငငံတကာ၏ အာရုံစိုက်မှုကိုပါ ရရှိလိုက်လေသည်။

"ဟွာရှားရဲ့ကားနတ်ဘုရားတဲ့ လန်းလိုက်တာ"

"ဟွာရှားရဲ့ကားနတ်ဘုရားတဲ့ လေးစားပါတယ်"

"ဟွာရှားရဲ့ကားနတ်ဘုရားတဲ့လား"

"ဒီကားနတ်ဘုရားကို ငါစိန်ခေါ်ချင်တယ်။ ဟွာရှားရဲ့နွေဦးပွဲတော်ပြီးရင် ဟွာရှားကိုပြန်ဖို့ ငါ့ကို လေယာဉ်လက်မှတ်ဖြတ်ပေးဦး လူဖြူလက်ထောက်ရေ.."

"ငါ့ကားကို စစ်ဆေးပေးထားဦး။ ငါတို့ သုံးရက်နေရင် ဒီကားနတ်ဘုရားကိုရှာဖို့ ဟွာရှားကိုသွားကြမယ်"

"အမေရိကရဲ့ကားနတ်ဘုရားက ပိုစွမ်းလား၊ ဟွာရှားရဲ့ကားနတ်ဘုရားက ပိုစွမ်းလားဆိုတာ ငါသိချင်မိတယ်"

...

All Chapters