လောင်းကြေးများများသာ အရင်ယူလာခဲ့
Vol. 19 Ch. 281
"ဝုတ် ဝုတ် ဝုတ်"
နှစ်သစ်ကူးကို ဖြတ်သန်းပြီးနောက် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့နှစ်ယောက်သား လမ်းမပိတ်ခင် ကျန်းနန်မြို့သို့ ပြန်လာခဲ့လိုက်သည်။ ကျန်းမုန့်လောင်ကို တစ်ပတ်လောက်မတွေ့ရရှာသည့် ဝမ်ချိုင်က အပြေးအလွှားရောက်လာပြီး အမြီးတနန့်နန့်လုပ်နေလေသည်။
ထိုစဉ်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးပြားများကို စားခဲ့သောကြောင့်လေလားမသိ။ ဝမ်ချိုင်၏အစာစားချင်စိတ်မှာ အံ့ဩဖွယ်ကောင်းလှသည်။ သူ့ကို နေ့တိုင်းနေ့တိုင်း တောင်တန်းဒေသနှင့် ပင်လယ်ဒေသများမှ စားကောင်းသောက်ဖွယ်များကို ကျွေးပါသော်ငြား ခန္ဓာကိုယ်အရွယ်အစားက ကြီးမလာဘဲ သူ့ကိုမွေးစားထားစဉ်က အရွယ်အစားအတိုင်း ရှိနေဆဲသာ။
သို့သော် ဝမ်ချိုင်၏ခန္ဓာကိုယ်က သေးငယ်လှသော်ငြား ရပ်ကွက်ထဲတွင်မူ အာဏာရှင်တစ်ပါး ဖြစ်လာလေသည်။ ရက်စက်ကြမ်းတမ်းလှသည့် ခွေးအမြောက်အများမှာ သူ့ထံမှ သင်ခန်းစာအပေးခံခဲ့ရပြီး ခွေးမလေးများကလည်း သူ့ကို ကြွေဆင်းကုန်ကြလေသည်။
"ဟုတ်ပြီ။ ဟုတ်ပြီ။ လျှာနဲ့မလျက်နဲ့တော့။ မလျက်နဲ့တော့"
လုရီယောင်က သူ့ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်လေရာ ဝမ်ချိုင်လည်း အဆုံးမှာတော့ သူ့ကိုယ်သူ အနည်းငယ်ထိန်းချုပ်လိုက်လေသည်။
"ကျန်းမုန့်လောင် ကျန်းမုန့်လောင် တံခါးဖွင့်ဦး"
"သေစမ်း ဘယ်သူလဲဟ။ နှစ်သစ်ကူးပြီးပြီးချင်းကြီးကို လာနှောင့်ယှက်နေတယ်။ ရူးနေတာလား"
ကျန်းမုန့်လောင်က ဆဲဆိုရင်း တံခါးဖွင့်လိုက်လေသည်။
"မင်းက ဒီမှာဘာလုပ်နေတာလဲ"
တံခါးအပြင်ဘက်တွင် ဝမ်လင်မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားနေလေဟန် အမူအရာတစ်ခု ရှိနေပေသည်။
"မင်း ထီပေါက်လာလို့လား"
"မဟုတ်ဘူး"
"မင်းရဲ့Esportအသင်းက ထူးချွန်တဲ့ကစားသမားတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့လို့လား"
"အဲဒါလည်းမဟုတ်ဘူး"
ဝမ်လင်က အသံများတုန်ရီလျက် ဆိုလာလေသည်။
"ကားနတ်ဘုရားကွ။ ကားနတ်ဘုရားက ဒီကိုရောက်နေပြီ"
"ကားနတ်ဘုရားလား"
ကျန်းမုန့်လောင် လန့်ဖျပ်သွားရသည်။ ထိုနေ့တုန်းက ကားနတ်ဘုရားက သူဆိုတာ ဝမ်လင်က သိသွားလေသလား။ သို့သော် ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ လုရီယောင်၊ ချန်းချိုးယိနှင့် ရှင်းကျယ်တို့ကလွဲလျှင် သူက ကားနတ်ဘုရားဖြစ်ကြောင်း မည်သူမျှမသိပေ။
"မဟုတ်ဘူး။ အဲဒါလည်း မဟုတ်သေးဘူး။ တိတိကျကျပြောရရင် ချင်းချိုးကားနတ်ဘုရား ကိုင်ဘွန်ကားနတ်ဘုရား အမေရိကန်ကားနတ်ဘုရားနဲ့ ဩစတြေးလျကားနတ်ဘုရားတွေအကုန်လုံး ဟွာရှားကိုရောက်နေကြပြီ"
"ဪ"
ကျန်းမုန့်လောင်ဘက် တုံ့ပြန်မှုမရှိပေ။ ယနေ့ခေတ်ကြီးတွင် လူများက ကိုယ့်ကိုယ်ကိုယ် ကားနတ်ဘုရားဟု ခေါ်နေတုန်းလား။
"ဪတဲ့လား။ မင်းက ဪတစ်ခွန်းပဲပြောတယ်ပေါ့"
ဝမ်လင့်ခမျာ အကြောင်သားဖြစ်သွားရလေသည်။
"ဒီလူတွေက ဘာကိုကိုယ်စားပြုလဲဆိုတာ မင်းသိလား။ သူတို့တွေအကုန်လုံးက နို်ငငံတကာကားပြိုင်ပွဲတွေမှာ မျက်စိမှိတ်ထားလျက်နဲ့တောင် အသာလေးအနိုင်ယူနိုင်တဲ့လူတွေ။ သူတို့က ပြေးလမ်းရဲ့ တကယ့်ရှင်ဘုရင်စစ်စစ်တွေကွ"
ဝမ်လင်က စကားပြောရင်း ပို၍စိတ်လှုပ်ရှားတက်ကြွလာသည်။
"အဲဒီချင်းချိုးကားနတ်ဘုရားဆိုရင် သုံးနှစ်လောက် ချင်းချိုးပြေးလမ်းတစ်ခုလုံးကို စိုးမိုးထားခဲ့တာ။ အခုအချိန်အထိ သူ့ကို ကျော်တက်နိုင်တဲ့လူမရှိသေးဘူး။ သူ့ရဲ့Driftစကေးက တစ်နာရီ၂၀၀ကီလိုမီတာနှုန်းနဲ့ မြွေလိမ်မြွေကောက်တောင်ကုန်းလမ်းပေါ်မှာတောင် အသာလေးမောင်းနိုင်တယ်နော်။ အဲဒီလိုနေရာမျိုးက နည်းနည်းလောက်ချော်သွားတာနဲ့ ချောက်ထဲပြုတ်ကျပြီး တစ်စစီဖြစ်သွားမဲ့နေရာမျိုး"
"ပြီးတော့ အမေရိကန်ကားနတ်ဘုရားဆိုရင် အသက်၂၁နှစ်ပဲရှိသေးတာ။ သူ့ရဲ့ပွဲဦးထွက်ပြိုင်ပွဲမှာတင် အမေရိကကို ငါးနှစ်လောက်စိုးမိုးလာခဲ့တဲ့ ကားနတ်ဘုရားကို အနိုင်ယူပစ်ခဲ့တာ။ တကယ့်ဒဏ္ဍာရီလို ထွက်ပေါ်မှုကြီးနော်"
"ပြီးတော့ ရှိသေးတယ်.."
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါက ဒီလူတွေကို စိတ်မဝင်စားဘူး။ မင်းက ဘာပြောချင်နေတာလဲကွ"
ကျန်းမုန့်လောင်လည်း စိတ်တိုတိုနှင့် ပြောလိုက်လေသည်။
"သူတို့ ဟွာရှားအထိ ရောက်လာတာလေ"
ဝမ်လင်ကလည်း ပြန်ပြောလာ၏။
"သူတို့က ဟွာရှားကားနတ်ဘုရားကို စိန်ခေါ်ဖို့ ရောက်လာကြတာ"
"မင်းသိလား။ အဲဒီကားနတ်ဘုရားကလေ ကုန်တင်ကားကြီးကိုတောင် ပြိုင်ကားလို သဘောထားပြီး မောင်းသွားတာကွ။ ဒီကားနတ်ဘုရားတွေက သူ့ကိုလည်းမြင်ရော အားအကောင်းဆုံးပြိုင်ဘက်လို့ သတ်မှတ်လိုက်ကြတာပဲ။ အဲဒါကြောင့် သူတို့က ဟွာရှားကို ချက်ချင်းရောက်လာကြတာပေါ့"
"ဒီနေ့ခေတ်ထဲ ဟွာရှားမှာ ကားမောင်းပြိုင်ဖို့နေရာတွေရော ရှိသေးရဲ့လား"
ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်သည်။
"လူခြေတိတ်တဲ့နေရာတွေဆိုရင်တောင် အခန့်မသင့်ရင် တစ်ယောက်ယောက်ပေါ်လာပြီး ဒီအရှိန်မြင့်ပြိုင်ကားတွေနဲ့ ပက်ပင်းတိုးရင် အသက်အန္တရာယ်ရှိတဲ့အခြေအနေနဲ့ ကြုံရနိုင်တယ်လေ"
ကျန်းမုန့်လောင်သည် ကားမောင်းပြိုင်ခြင်းအမှုကို အစဉ်အမြဲကန့်ကွက်ခဲ့သူဖြစ်၏။ အကြောင်းမှာ ထိုအရာသည် အန္တရာယ်များပြီး တာဝန်မဲ့သော လုပ်ရပ်တစ်ခုဖြစ်သောကြောင့်ပင်။
"အဲဒါတော့ မင်းမှားသွားပြီ။ ငါတို့ဟွာရှားမှာ တရားဝင်အပြည်ပြည်ဆိုင်ရာတောင်အတက်ပြေးလမ်းတစ်ခုရှိတယ်။ သူတို့က စိန်ခေါ်ပွဲကို အဲဒီနေရာမှာ လုပ်ကြမှာ"
"ဪ အဲဒါ ငါနဲ့မှမဆို်ငတာ"
ကျန်းမုန့်လောင်ကတော့ ကားမောင်းပြိုင်ခြင်းနှင့် နာမည်ကြီးလိုသည့်ဆန္ဒမျိုး လုံးဝမရှိခဲ့ဖူးပေ။ ထိုကားနတ်ဘုရားဟုခေါ်သော လူများကိုလည်း သူ လှောင်ပြောင်ခဲ့ဖူးသည်။ သူတို့ဘာသာ ကြီးမြတ်နေလျှင်ပင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ သူသင်ယူထားသော ပြိုင်ကားမောင်းနည်းဗျူဟာများကို ယှဉ်ပြိုင်နိုင်မည်လော။
သူ စမောင်းထွက်လိုက်သည်နှင့် ထိုလူများ သူ့ကားနောက်မီးကိုပင် မြင်ရမည်မဟုတ်ချေ။
"တကယ်ကြီးလား။ မင်းက ယောကျ်ားရောဟုတ်ရဲ့လား။ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကိစ္စတစ်ခုကို မင်းက စိတ်မလှုပ်ရှားဘူးပေါ့"
ဝမ်လင်က ပြောလိုက်သည်။
"ဒီကားနတ်ဘုရားလေးပါးက မနေ့ကပဲ ဟွာရှားကိုရောက်လာခဲ့ပြီး အခုလောလောဆယ်တော့ ယန်ကျင်းမှာရှိနေတယ်လေ။ ချင်းဖန်ကလည်း ကားပြိုင်ပွဲတွေကို ကြိုက်တော့ ဒီကားနတ်ဘုရားတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိတာပေါ့။ အဲဒါကြောင့် သူတို့က အခု သူ့အိမ်မှာ ယာယီတည်းခိုနေတယ်လေ။ ကားနတ်ဘုရားပေါ်လာမဲ့အချိန်ကို စောင့်နေရင်းနဲ့ပေါ့"
"ဟားဟား ဒါဆို သူတို့စောင့်နေတာ အချည်းနှီးဖြစ်တော့မယ်ထင်တယ်။ ကားနတ်ဘုရားက သူတို့နဲ့ မပြိုင်ချင်လောက်ဘူး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ဘာ.. မင်း ကားနတ်ဘုရားကိုသိလို့လား"
ဝမ်လင် မေးခွန်းထုတ်လိုက်သည်။
"သိတာပေါ့"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းကြားရုံလေး ရေရွတ်လိုက်သည်။
"အဲဒီကားနတ်ဘုရားက မင်းရှေ့မှာလေ"
"ဒါဆို ကားနတ်ဘုရားနဲ့တွေ့ဖို့ ကူညီပေးပါလား။ ကားနတ်ဘုရားငါးပါးရဲ့ ပြိုင်ပွဲက အာရှနဲ့ ကမ္ဘာ့ပြိုင်ကားလောကကို လှုပ်ခါသွားစေမှာကွ"
"ငါ့သူငယ်ချင်းက လူမသိသူမသိပဲနေချင်တာ"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"သူသာ လူသိခံချင်တယ်ဆိုရင် ဒဏ်ရာရသူတွေကို ဆေးရုံကိုလိုက်ပို့ပေးပြီးတာနဲ့ ဘာလို့ချက်ချင်းပြန်ထွက်သွားမှာလဲ"
"ဒါ.."
ဝမ်လင်လည်း ကြက်သေသေသွားချေသည်။
ဟုတ်ပေသည်။ ထိုဖြစ်ရပ်ပြီးကတည်းက ဟွာရှားရှိလူတိုင်းက ဤကားနတ်ဘုရားကို လိုက်ရှာနေခဲ့သည်။ သို့သော် ယာဉ်ထိန်းသိမ်းရေးစနစ်ထဲရှိ စောင့်ကြည့်မှတ်တမ်းထဲကအတိုင်းဆိုလျှင် ကားနတ်ဘုရားက အနက်ရောင်အင်္ကျီကိုဝတ်ထားပြီး မက်စ်တပ်ကာ ဦးထုပ်တစ်လုံးလည်း ဆောင်းထားကြောင်း မြင်နိုင်သေလည်။
ကား၏အရှိန်က အလွန်မြန်ဆန်လွန်းလှသောကြောင့် ရိုက်မိထားသည့် ဓာတ်ပုံအားလုံးမှာ မှုန်ဝါးနေပေသည်။ သုန်းကျီမြို့တွင် ဤကားနတ်ဘုရားကို ရှာဖွေရန်ကြိုးစားခြင်းမှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသည့်အလားပင်။
"ဒါက တော်တော်ခက်ခဲမှာပဲ"
ဝမ်လင်ကား ခေါင်းတကုတ်ကုတ်။
"ဥက္ကဋ္ဌဝမ်.. ဒီကားနတ်ဘုရားတွေက သိပ်မဖော်ရွေကြဘူးထင်တယ်နော်"
လုရီယောင်က ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့၏ စကားများကိုနားထောင်နေရင်း ဝင်ပြောလာသည်။
"ဟမ် ဘာအဓိပ္ပာယ်လဲ"
လုရီယောင် ဘာပြောနေသလဲဆိုသည်ကို ဝမ်လင် နားမလည်ပေ။
"ကြည့်လိုက်"
လုရီယောင်ကလည်း သူ(မ)၏ဖုန်းကို ကမ်းပေးလိုက်သည်။
"ဒါက…"
လုရီယောင်၏ဖုန်းမျက်နှာပြင်ထက်တွင် နိုင်ငံခြားသားများအကြား နာမည်အကြီးဆုံးဆိုရှယ်မီဒီယာဖြစ်သည့် Facebookစာမျက်နှာရှိနေပြီး ထိုကားနတ်ဘုရားများက လွန်ခဲ့သည့်သုံးရက်ခန့်က ဟွာရှားကားနတ်ဘုရားကို စိန်ခေါ်ထားပေသည်။
ဤသည်မှာ လောင်းကြေးထပ်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက အမေရိကန်ဒေါ်လာတစ်သန်း လောင်းကြေးထပ်ထားကြကာ အနိုင်ရရှိသူက ကျန်လေးယောက်ဆီက အမေရိကန်ဒေါ်လာလေးသန်းကို ဆုငွေအဖြစ် ရရှိမည်ဖြစ်၏။
ဤသည်မှာ ကားနတ်ဘုရားလေးဦး ပူးပေါင်းထုတ်ပြန်သော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံခြားအင်တာနက်အသုံးပြုသူများထံမှ လိုက်ခ်များစွာရရှိထားသည်။ ဟွာရှားအသုံးပြုသူများပင် ဤကိစ္စကို အထူးစိတ်ဝင်စားနေကြသည်။
တစ်ချိန်တည်းမှာပင် Facebookထက်တွင် အလားတူစိန်ခေါ်မှုတစ်ရပ် ရှိနေခဲ့သည်။
"မင်းက Facebookတောင် ကြည့်နေတာလား"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။ သူသည် Facebookထဲ လိုက်ကြည့်တတ်သူမဟုတ်သဖြင့် တစ်ယောက်ယောက်က သူ့ကိုစိန်ခေါ်ချင်နေကြောင်း မည်သူမှ လာမပြောပါက သိလိမ့်မည်မဟုတ်။
သို့သော် သုံးရက်ကျော်ပြီးသည့်တိုင် ဟွာရှားကားနတ်ဘုရားက တုံ့ပြန်မှုလုပ်မလာပေ။
မာနထောင်လွှားကြသော ထိုနိုင်ငံခြားကားနတ်ဘုရားများလည်း တုံ့ပြန်မှုကင်းမဲ့ခြင်းက စော်ကားခြင်းတစ်ခုဖြစ်လေရာ ဤသည်မှာ သူတို့ကို အထင်သေးသည်ဟု ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သတ်မှတ်လိုက်သည်။
ထို့ကြောင့် မနေ့ကမှ ပို့စ်အသစ်တစ်ခုကို ထပ်တင်ခဲ့သည်။ ထိုပို့စ်ထဲတွင် လှောင်ပြောင်သရော်မှုများစွာဖြင့် ပြည့်နှက်နေခဲ့သဖြင့် ဟွာရှားအင်တာနက်အသုံးပြုသူများမှာ ဒေါသထွက်ပြီး ဝေးပေါ်တွင် ပို့စ်ပြန်တင်ခဲ့ကြသည်။ ဤမက်ဆေ့ချ်အသစ်မှတစ်ဆင့် လုရီယောင်သည် လွန်ခဲ့သည့်သုံးရက်ခန့်က သူတို့၏စိန်ခေါ်မှုအကြောင်းကို သိခဲ့ခြင်းပင်။
"ဟွာရှားကားနတ်ဘုရားက အမှိုက်ကောင်ပါကွာ။ စိန်ခေါ်မှုကိုတောင် လက်မခံရဲဘူး။ ဟွာရှားနိုင်ငံသားတွေအကုန် ငကြောက်တွေချည်းပဲ"
ဤကြေညာချက်က ကားနတ်ဘုရားကိုတင် စော်ကားခြင်းမဟုတ်ဘဲ ဟွာရှားနိုင်ငံသားအားလုံးကို စော်ကားလိုက်ခြင်းပင်။
"ငတုံး.. မင်းတို့တွေက Facebookပေါ်မှာပဲ ကယောင်ကတမ်းတွေပြောနေတာလေ။ မင်းတို့ ကားနတ်ဘုရားကိုစိန်ခေါ်ချင်မှန်း ဘယ်သူကသိမှာလဲ"
"ဟုတ်ပါ့။ မင်း ဝေးပေါ်ကိုတောင် သုံးတတ်လို့လား။လူယုတ်မာ"
"မင်းက ကားနတ်ဘုရားနဲ့ ကားပြိုင်မောင်းချင်တယ်ပေါ့။ မင်း ယုံမှာတောင်မဟုတ်ဘူးနော်။ ဒါပေမဲ့ မင်း တကယ်ပြိုင်ချင်တယ်ဆိုရင်တော့ သူ့ကားရဲ့ နောက်မီးကိုတောင် မင်းမြင်ရမှာမဟုတ်ဘူး"
"ကားနတ်ဘုရားကို ပြိုင်ချင်တယ်ပေါ့လေ။ အဝေးပြေးလမ်းမပေါ်မှာ တစ်နာရီ၂၀၀ကီလိုမီတာနှုန်းနဲ့ Driftဆွဲတာ ကျွမ်းကျင်အောင် အရင်လုပ်လိုက်ဦး"
ဤကားနတ်ဘုရားသည် အင်တာနက်အသုံးပြုသူများ၏ နှလုံးသားထဲတွင် ဒဏ္ဍာရီတစ်ပါးဖြစ်နေလေပြီ။ ထို့ကြောင့် ကားနတ်ဘုရားနှင့် ဟွာရှားလူမျိုးများကို စော်ကားထားသော စကားများကို ကြားလိုက်ရသောအခါ လူတိုင်း၏ရင်ထဲ မကျေမနပ်ဖြစ်သွားကြရသည်။
"ဒါက မဖော်ရွေတာထက်တောင် ပိုသေးတယ်။ ဒါက သေမင်းကို လက်ယပ်ခေါ်နေတာပဲ"
ကျန်းမုန့်လောင်၏လေသံက အေးစက်နေချေသည်။
"သနားဖို့ကောင်းလိုက်တဲ့ ငတုံးတစ်သိုက်.. တစ်ယောက်ကို ဒေါ်လာတစ်သန်းလောက်လေးနဲ့ ဟွာရှားမှာ ဟိတ်ဟန်လာထုတ်ပြနေတာလား"
ကျန်းမုန့်လောင်က ဝေးပေါ်ကိုဖွင့်၍ သူ့ပရိုဖိုင်းထဲကိုဝင်လိုက်သည်။
"ကားနတ်ဘုရားက ငါ့သူငယ်ချင်းပဲ။ မင်းတို့နိုင်ငံခြားသားငတုံးတွေကို စကားပါးလိုက်တယ်။ လောင်းကြေးဒေါ်လာတစ်သန်းလောက်က သူနဲ့ပြိုင်နိုင်တဲအထိ တန်ကြေးမရှိဘူး။ မင်းတို့ ကားမောင်းပြိုင်ချင်တယ်ဆိုရင် အရင်ဆုံး ပိုက်ဆံကိုသာ လုံလုံလောက်လောက်ယူခဲ့လိုက်"
***********