တကယ်တော့ ဒီပစ္စည်းကို ငါ့အိမ်မှာတင် လုပ်နိုင်တယ်
Vol. 19 Ch. 283
"ငါပြောချင်တာက ဒေါ်လာဆယ်သန်းလောင်းကြေးလောက်နဲ့ မရှက်ဘူးလား။ လောင်းကြေးမတတ်နိုင်ဘူးဆိုရင်လည်း ထွက်သွားလိုက်။ ငါ ပမာဏတစ်ခုသတ်မှတ်ပေးမယ်။ ဒေါ်လာ၁၀ဘီလီယံပဲ။ မင်းတို့ အဲဒီလောက်မရနိုင်ဘူးဆိုရင် ရန်ပုံငွေAppကိုသုံးပြီး ပိုက်ဆံရှာလိုက်။ နောက်မှ ငါ မင်းတို့အတွက် ရန်ပုံငွေAppရဲ့ နိုင်ငံခြားဗားရှင်းကို ဖန်တီးပေးမယ်"
စင်စစ်ပင်။ လူတိုင်း ခန့်မှန်းထားသည့်အတိုင်း ကျန်းမုန့်လောင်အတွက်မူ ဒေါ်လာတစ်သန်းနှင့် ဒေါ်လာဆယ်သန်းဆိုသည်မှာ ဆယ်ပြားနှင့် ဆယ်ဒေါ်လာအကြားရှိ ကွာခြားမှုမျှသာ ဖြစ်၏။ သူတို့အနေနှင့် ဤမျှပမာဏလေးဖြင့် သူ့ကို စိတ်ဝင်စားလာအောင် မလုပ်နိုင်ပေ။
"အိမ်.. သူက တကယ်ကြီး ၁၀ဘီလီယံလိုချင်နေတာပဲ။ ခုနကလူက နိမိတ်ဖတ်သူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့ကို ဒီညပဲ လက်စတုံးလိုက်ကြစို့"
"ဒေါ်လာ၁၀ဘီလီယံတဲ့။ ငါတော့ ဒီတစ်သက် ဒီလိုပြိုင်ပွဲတစ်ခုကို မြင်ခွင့်ရတော့မှာမဟုတ်ဘူး"
"အင်တာနက်က ဥပဒေရဲ့အထက်မှာမရှိဘူး။ ဘာလောင်းကစားကိုမှ ခွင့်မပြုဘူး"
"ဟားဟားဟား ငါ ဒီမှာရယ်သေပြီ။ ဆိုက်ဘာရဲတွေတောင် ထွက်လာပြီဟ"
...
"ဘာ.. ဒေါ်လာ၁၀ဘီလီယံလောင်းကြေးလား။ သူက သူ့ကိုယ်သူ ကားနတ်ဘုရားများမှတ်နေလား"
ထိုမက်ဆေ့ချ်ကို မြင်သောအခါ နိုင်ငံတကာပြိုင်ကားမောင်းသမားများက စိတ်ထဲမှ ကျိန်ဆဲကြလေတော့သည်။ အဓိပ္ပာယ်မရှိလိုက်လေခြင်း။ ဒေါ်လာ၁၀ဘီလီယံကို ကမ္ဘာပေါ်တွင် မည်သူကများ ထုတ်နိုင်မည်နည်း။
ထိုပြိုင်ကားမောင်းသမားများကြားတွင် အမေရိကမှ စကိုင်လာရီကသာ ကြေးအများဆုံးကစားသမားဖြစ်သည်။ သူ့နှစ်စဉ်ဝင်ငွေအပြင် ကြော်ငြာခများနှင့် အခြားဝင်ငွေများကိုပါ ပေါင်းလိုက်လျှင် ဒေါ်လာသန်းလေးဆယ်ကျော်သည်။
သို့သော် ဒေါ်လာ၁၀ဘီလီယံကို ရရှိရန်အတွက်ဆိုလျှင် သူ မစားမသောက်ဘဲ နှစ်ပေါင်း၂၅၀လောက် နေမှဖြစ်ပေလိမ့်မည်။
"ဆရာချင်း ခင်ဗျားသူငယ်ချင်းက…"
"ဟားဟားဟား"
ချင်းဖန်ခမျာ သူတို့၏ ဝမ်းနည်းပက်လက်ဖြစ်နေသော မျက်နှာများကို မြင်လိုက်ရချိန်ဝယ် အော်မရယ်ဘဲ မနေနိုင်ချေ။
ပြိုင်ကားမောင်းဝါသနာအိုးတစ်ယောက်အနေနှင့် ချင်းဖန်သည် သူတို့နှင့် မကြာခဏပြိုင်ခဲ့ဖူးသည်။ သို့သော် ခွန်အားကွာဟမှုကြောင့် သူ ရှုံးခဲ့ရသော ပိုက်ဆံများမှာ သာမန်လူတစ်ယောက်အတွက်ဆိုလျှင် အလွန်များပြားလှသော ပမာဏတစ်ခုဖြစ်သည်။
သို့သော် သူ့ဘက်က အရည်အချင်းပြည့်ဝမှုမရှိခြင်းဖြစ်သောကြောင့် သူလည်း ဘာမှမတတ်နိုင်ပေ။
ယခုမူ သူတို့ စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို မြင်သောအခါ ချင်းဖန်၏စိတ်ထဲ တိတ်တိတ်လေးတက်ကြွလှုပ်ရှားသွားသည်။
"ငါလည်း ကြံရာမရဖြစ်နေပြီ။ ကျန်းမုန့်လောင်.. ဒီကမ္ဘာမှာ သူ့လောက်ချမ်းသာတဲ့လူ ဘယ်သူမှမရှိဘူး။ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ "ကားနတ်ဘုရား"ကလည်း မမြင်ဖူးမတွေ့ဖူးတဲ့အရာရယ်လို့ ရှိမှာမဟုတ်ဘူး။ သူ့အာရုံကိုဆွဲဆောင်ဖို့အတွက် လောင်းကြေးတစ်ခုကိုသုံးလို့ရမယ်လို့ထင်နေရင် တကယ်ကိုခက်ခဲမှာပဲ"
"ဆရာချင်း.. ကျုပ်တို့က ကားနတ်ဘုရားကိုစိန်ခေါ်ဖို့အတွက် ဟွာရှားအထိ တကူတကလာခဲ့ရတာပါ။ သူ့ကိုမတွေ့မချင်း ကျုပ်တို့ရပ်မှာမဟုတ်ဘူး"
"ဆရာချင်း.. ကျုပ်တို့တွေ အချင်းချင်းသိလာကြတာလည်း နှစ်ပေါင်းများစွာကြာပြီပဲ။ ခင်ဗျားက ကျန်းမုန့်လောင်နဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိတယ်လို့ ကျုပ်တို့ကြားထားတယ်။ ခင်ဗျား ကျုပ်တို့ကိုကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"ဒါက…"
ချင်းဖန်က စိတ်သောကရောက်နေလေဟန်ဖြင့် ဆိုလိုက်သည်။
"ကိုယ့်လူတို့.. ငါ ကျန်းမုန့်လောင်နဲ့သိတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါတို့ဆက်ဆံရေးက အဲဒီလောက်အထိ မရင်းနှီးဘူးဆိုတော့…"
"ဆရာချင်း"
စကိုင်လာရီက အံတင်းတင်းကြိတ်လျက် ဆိုလေသည်။
"ခင်ဗျား ကျုပ်ရဲ့ Aston Martin GTကားကို သဘောကျနေတာမလား။ ခင်ဗျားသာ ကားနတ်ဘုရားနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်လည်း အဲဒီကားကို ခင်ဗျားကိုရောင်းပေးဖို့ အဆင်သင့်ပါပဲ"
"တကယ်လား"
ချင်းဖန်၏မျက်ဝန်းများမှာ တောက်ပသွားချေသည်။
Aston Martin GTက စကိုင်လာရီ ပြုပြင်မွမ်းမံထားသော ပြိုင်ကားဖြစ်ပြီး ယခင်တစ်ခေါက် ကမ္ဘာ့စူပါကားချန်ပီယံပွဲတွင် အနိုင်ရရှိထားသည်။
ပုံမှန်အားဖြင့် Aston Martin၏ ပုံမှန်အင်ဂျင်များမှာ V12 သို့မဟုတ် V8သာ ရှိ၏။ အကြောင်းမှာ ကားတစ်စင်းချင်းစီတိုင်းက စွမ်းဆောင်ရည်နှင့် ဟန်ချက်ညီမှုကို ထည့်သွင်းစဉ်းစား၍ ဒီဇိုင်းဆွဲထားသောကြောင့်ပင်။ အင်ဂျင်တစ်ခုကို ပြုပြင်မွမ်းမံခြင်းဆိုသည်မှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို လိုအပ်ရုံသာမက ဒီဇိုင်နာက ယာဉ်အပေါ်နားလည်တတ်ကျွမ်းဖို့လည်း လိုအပ်ပေသည်။
စကိုင်လာရီက V16အင်ဂျင်ကို ထိုAston Matin GTကားထဲတွင် ထည့်သွင်းနိုင်ခဲ့ပြီး အခြားသော ပြုပြင်မွမ်းမံမှုများလည်း ပြုလုပ်ခဲ့သည်။ ထိုကား၏ အမြင့်ဆုံးမြန်နှုန်းကား တစ်နာရီ၃၇၀ကီလိုမီတာ ဖြစ်၏။
ချင်းဖန်က ထိုကားကို မျက်စိကျနေခဲ့သည်မှာ ကြာလှလေပြီ။ သူ့တွင် ပိုက်ဆံမပြတ်လတ်သော်ငြား စကိုင်လာရီဘက်က ရောင်းချင်စိတ်မရှိသည့်အတွက် ချင်းဖန်လည်း ရွေးချယ်စရာမရှိချေ။
သို့သော် ယခုမူ သူက ဟွာရှားကားနတ်ဘုရားနှင့် တွေ့ရဖို့အတွက် ထိုကားကိုပင် စွန့်လွှတ်ဖို့ ဆန္ဒရှိနေပြီဖြစ်၏။ ဤသည်မှာ ဤဂုဏ်ပုဒ်ကို သူ မည်မျှတန်ဖိုးထားကြောင်း ပေါ်လွင်လှသည်။
"ဆရာချင်း.. ခင်ဗျားက ကျုပ်ရဲ့Driftစကေးကို သင်ချင်နေခဲ့တာမလား။ ခင်ဗျားသာ ကျုပ်ကိုကူညီရင် ကျုပ်လည်း ခင်ဗျားကို အဲဒါသင်ပေးမယ်"
ချင်းဖန်၏မျက်ဝန်းအစုံကား ပို၍ပင်ပြူးကျယ်သွားချေသည်။ ချင်းချိုးနိုင်ငံမှ ပြိုင်ကားသမား၏ အထူးခြားဆုံးသော အကွက်မှာ အံ့ဖွယ်ကောင်းအောင် တိကျလှသော Driftနည်းစနစ်ဖြစ်သဖြင့် ဤအကွက်ကို သူ့တပည့်များကိုပင် သင်ကြားပေးခြင်းမရှိပေ။
"ဒီလူတွေက တကယ်စိတ်အားထက်သန်နေကြတာပဲ"
ချင်းဖန် ထိုသို့တွေးလိုက်မိသည်။ သူက ကျန်းမုန့်လောင်လောက် မချမ်းသာသော်လည်း သူ့တွင် တစ်သက်လုံးသုံးမကုန်သော ငွေကြေးအမြောက်အများရှိပေသည်။ လူများက သူတို့လို ချမ်းသာမှုအဆင့်မျိုးကို ရောက်သည့်အခါ သူတို့ဝါသနာပါရာလုပ်ငန်းများတွင် ငွေသုံးရခြင်းကို သဘောကျကြသည်။
သူလည်း ထိုကဲ့သို့သော ကမ်းလှမ်းချက်များကို ခုခံနိုင်ခြင်းမရှိ။
"မင်းတို့ကိုယ်စား ပြောပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ အာမတော့မခံနိုင်ဘူးနော်"
"ဆရာချင်း ကူညီပေးချင်စိတ်ရှိသရွေ့တော့ အလုပ်မဖြစ်ဘူးဆိုရင်တောင် ကျုပ်တို့ ခင်ဗျားဆီမှာ အကြွေးတင်သွားပါပြီ"
"ကောင်းပြီလေ"
ချင်းဖန်က ယခင်ကတည်းက ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို သိမ်းဆည်းထားခဲ့သည်။ သူသည် ဝမ်လင်လောက် ကျန်းမုန့်လောင်နှင့် မရင်းနှီးသော်ငြား သာမန်မိတ်ဆွေများ ဖြစ်နေဆဲသာ။ သို့သော် ကျန်းမုန့်လောင်ကို ယခုလိုအကူအညီတောင်းရန်အတွက်ဆိုလျှင် ဤသာမန်သူငယ်ချင်းဆက်ဆံရေးနှင့် မလုံလောက်ပေ။
သူ မျက်လုံးကစားလိုက်မိသည်။ ကျန်းမုန့်လောင်က ဤနည်းဗျူဟာများဖြင့် သိမ်းသွင်း၍ရနိုင်သူတစ်ယောက် မဟုတ်ပေ။ သို့ဖြစ်လေရာ သူနှင့်ရင်းနှီးသော လူတစ်ယောက်မှ စတင်ရမည်ဖြစ်၏။
...
ညနေခင်းအချိန်တွင် ကျန်းမုန့်လောင် ဤကိစ္စကို လုံးဝမေ့လျော့သွားခဲ့သည်။ စင်စစ်တွင် "ကားနတ်ဘုရား"ဟူသော ဂုဏ်ပုဒ်ကိ သူ စိတ်မဝင်စားချေ။ ဒေါ်လာဆယ်သန်းအတွက်နှင့် တစ်နေ့လုံးကားမောင်းပြိုင်နေရခြင်းကား အချည်းနှီးပင်။ စွမ်းအားအမှတ်ရဖို့အတွက် ပိုက်ဆံနည်းနည်းထုတ်သုံးကာ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် သူ့ကိုယ်သူ တိုးတက်အောင်လုပ်ခြင်းကသာ ပိုသာပေသည်။
"ဟေး ကျန်း.. ငါ အခု ကျန်းနန်မြို့ကိုရောက်နေတာ။ ထမင်းတစ်နပ်လောက် အတူစားဖို့ အချိန်ရှိလား။ မင်းရဲ့ကောင်မလေးကိုပါ ခေါ်လာခဲ့လိုက်လေ"
ဘာစားရမလဲဆိုသည်ကို စဉ်းစားနေခိုက် ကျန်းမုန့်လောင်ကို ချင်းဖန်မှ ဖုန်းခေါ်လာသည်။
"မစ္စတာချင်း... ငါ့ကို ညစာစားဖိတ်ဖို့ ဘယ်လိုလုပ်ပြီး အချိန်ရတာလဲ"
သူတို့ နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက ကျန်းမုန့်လောင် ချင်းဖန်နှင့် တစ်ခါသာ ညစာအတူစားခဲ့ရသည်။
"ငါ ဒီကို အလုပ်ကိစ္စနဲ့ရောက်လာတာလေ။ ငါတို့တွေ မတွေ့ရတာလည်း တော်တော်ကြာပြီဆိုတော့"
"ရတာပေါ့။ ဘယ်မှာစားမှာလဲ။ ငါ အခုလာခဲ့လိုက်မယ်"
"ယွီဖန်းအပြည်ပြည်ဆိုင်ရာဟိုတယ်ကို လာခဲ့လိုက်လေ။ အဲဒါက ငါ့ဟိုတယ်ပေါ့။ မင်းကို ကြိုဖို့အတွက် ငါ အပြင်မှာ လူတစ်ယောက်လွှတ်ထားလိုက်မယ်"
"ကောင်းပြီလေ။ အခုချက်ချင်းလာခဲ့မယ်"
...
ယွီဖန်းအပြည်ပြည်ဆိုင်ရာဟိုတယ်ဆိုသည်မှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ပြီး ယခုအချိန်အထိ ထိုဟိုတယ်ကို ချင်းဖန်ပိုင်ကြောင်း ကျန်းမုန့်လောင် မသိခဲ့ပေ။ ထိုဟိုတယ်၏ အဆင့်အတန်းမြင့်မားမှုနှင့် ပုံမှန်ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုထက် ပိုဈေးမြင့်ကြောင်းကိုသာ ကြားဖူးသည်။
အနုပညာလက်ရာတစ်ခုနှင့် တူလှသော ထိုဟိုတယ်ရှေ့တွင် ကျန်းမုန့်လောင် မတ်တတ်ရပ်လိုက်သောအခါ ဘာကြောင့် ဈေးနှုန်းမြင့်မားရသလဲဆိုသည်ကို သူ ချက်ချင်းနားလည်လိုက်သည်။
အမှန်ပင်။ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ ရောက်လာသောအခါ တစ်စုံတစ်ယောက်က သူတို့ကိုကြိုဆိုရန်အတွက် စောင့်ဆိုင်းနေပေသည်။ ဟိုတယ်မန်နေဂျာက သူတို့ကိုဦးဆောင်၍ အမြင့်ဆုံးအထပ်ရှိ အခန်းတစ်ခန်းဆီသို့ ခေါ်သွားလေသည်။ ထိုနေရာတွင် ချင်းဖန်က စောင့်နေခြင်းပင်။
"လောင်ကျန်း.. မတွေ့ရတာကြာပြီနော်။ မင်း လုပ်နိုင်ခဲ့တာ ဝမ်းသာတယ်ကွာ"
ချင်းဖန်က နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။
"လာ ထိုင်ဦးလေ။ မန်နေဂျာရွှီ.. ဟင်းပွဲတွေချပေးပါ"
"ဒါက ဘယ်သူလဲ"
"ဪ ဒါက ငါ့ကောင်မလေး ဝေ့ကျင်းဟုန်တဲ့"
ချင်းဖန်က မိတ်ဆက်ပေးလိုက်၏။
"ဝေ့မိသားစုကလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။ ချင်းဖန်၏နောက်ခံက နယ်နယ်ရရမဟုတ်ကြောင်း သူသိသည်။ သူ့တွင် အာဏာရှိသော အဆက်အသွယ်များ ရှိသည်ဟုပင် ကောလာဟလထွက်နေလေသည်။
ဟွာရှားရှိ ဝေ့မျိုးရိုးများကြားတွင် လူသိများကျော်ကြားသော ဝေ့မျိုးရိုးတစ်ခုသာ ရှိသည်။ သေချာကြည့်လိုက်တော့မှ ဝေ့ကျင်းဟုန်က ထိုလူနှင့် သွားဆင်နေပေသည်။
"ငါ့မိသားစုက စီစဉ်ပေးထားတာလေ"
ချင်းဖန်က ကျန်းမုန့်လောင်၏ နားနားသို့ကပ်၍ တီးတိုးပြောလိုက်သည်။
"ငါ့ကောင်ရ ဒါက မိဘပေးစားတဲ့အိမ်ထောင်ရေးပဲဖြစ်ရမယ်"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းတွေးလိုက်မိသည်။
"ငါ မင်းကို ငါ့ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်။ လုရီယောင်တဲ့။ အွန်လိုင်းပေါ်က တွေ့တာလေ"
"သောက်ကျိုးနည်း မင်းက တကယ့်ကောင်ပဲ"
လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ရှိသူတစ်ယောက်နှင့် တူလှသော ချင်းဖန်သည် ကျန်းမုန့်လောင်လည်း အချစ်ရေးကိစ္စတွင် သူ့လို ကန့်သတ်ချက်များ ရှိနေလိမ့်မည်ဟု ထင်ခဲ့မိသည်။
အွန်လိုင်းပေါ်တွင် ချစ်ကြိုက်မိခြင်းဆိုသည်မှာ သူ့အတွက်တော့ မဖြစ်သင့်သော အရာတစ်ခုပင်။ ဤအဖြစ်ကြောင့် ကျန်းမုန့်လောင်၏နောက်ခံက ပို၍ဆန်းကြယ်လိမ့်မည်ဟု ချင်းဖန် တွေးမိသွားသည်။
"မင်္ဂလာပါ မစ္စတာချင်း"
လုရီယောင်က အေးအေးလူလူနှုတ်ဆက်လိုက်သည်။
"ဟားဟားဟား မိန်းကလေးလုက ဒီကောင့်ကို အရူးတစ်ပိုင်းဖြစ်နေအောင် လုပ်ထားနိုင်တာဆိုတော့ ထူးခြားတာတစ်ခုခုတော့ရှိရမယ်"
ချင်းဖန်က ဟာသလုပ်လိုက်၏။
"ဒီတစ်ခေါက်တော့ အထူးသီးသန့်လက်ဆောင် ပြင်မလာမိဘူး။ အဲဒါကြောင့် ဒါကို မိတ်ဖြစ်ဆွေဖြစ်လက်ဆောင်လို့ သဘောထားပေးပါ"
ချင်းဖန်က ဝေ့ကျင်းဟုန်က ခေါင်းညိတ်ပြလိုက်သည်။
ဝေ့ကျင်းဟုန်ကလည်း ခပ်ဖွဖွပြုံးပြပြီး Maseratiကားသော့ ထည့်ထားသည့် လှပစွာထုပ်ပိုးပြင်ဆင်ထားသော ဘူးတစ်ဘူးကို ပေးလာလေသည်။
"ကျွန်တော် မုန့်လောင်နဲ့ ပထမဆုံးအကြိမ်တွေ့တုန်းက သူက ဝမ်လင်နဲ့ကျွန်တော့်ကို တစ်ချက်တောင်မတွေဝေဘဲ ပြိုင်ကားတစ်စီးစီလက်ဆောင်ပေးခဲ့တယ်လေ။ ချင်းဖန်ဆိုတဲ့ ကျွန်တော်က ဒီလိုမျိုး ငွေနဲ့ပစ်ပေါက်ခံရတာ အဲဒါ ပထမဆုံးအကြိမ်ပဲ"
ချင်းဖန်သည် ထိုစဉ်တုန်းက အဖြစ်အပျက်ကို ပြန်ပြောင်းအောက်မေ့လိုက်မိသည်။
"ဒါက ကျွန်တော့်ရဲ့ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ပါ"
"ဒါက.."
လုရီယောင်လည်း တဒင်္ဂမျှ ဆွံ့အသွားရလေသည်။ အမှတ်တံဆိပ်ကို ကြည့်ရုံမျှဖြင့် ဤကားက ဈေးကြီးမှန်း သူ(မ) သိသည်။ သူ(မ)က ယခု ကျန်းမုန့်လောင်နှင့်တွဲတာ အတန်ငယ်ကြာပြီဆိုသော်ငြား အခြားလူများထံမှ ဤမျှဈေးကြီးလှသော လက်ဆောင်တစ်ခုကို မရခဲ့ဖူးပေ။
"ဒါက အကန့်အသတ်နဲ့ထုတ်ထားတဲ့ Maseratiပြိုင်ကားအသစ်လေ။ ဈေးသိပ်မကြီးပါဘူး။ ဟွာရှားယွမ်၁၂သန်းတည်းပါ။ ဒါပေမဲ့ ဟွာရှားတစ်နိုင်ငံလုံးမှာ ဒါမျိုး သုံးစင်းပဲရှိတာ။ ဒီကားကို ကလပ်က အဆက်အသွယ်တွေကတစ်ဆင့် ရထားတာလေ"
ချင်းဖန်ခမျာ သူ့ဂုဏ်ယူလိုစိတ်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ ဆက်ပြောလေသည်။
ဤကဲ့သို့သော အရာများမှာ ပိုက်ဆံရှိရုံနှင့် မရနိုင်ပေ။ Maseratiက သူ့မိသားစုပိုင်မဟုတ်လျှင် ကျန်းမုန့်လောင်ပင် ဤကားမျိုးကို ဝယ်နိုင်မည်မဟုတ်။
"အဲဒီအမူအရာက ဘာလဲကွ"
ချင်းဖန်က ကျန်းမုန့်လောင်၏ပြုံးတုံ့တုံ့မျက်နှာကို သတိထားမိလိုက်သည်။
"ငါပေးတဲ့ကားက မင်းပေးတဲ့ကားလောက် မမိုက်ဘူးဆိုပေမဲ့ စိတ်ရင်းစေတနာပါပါနဲ့ ပေးတာပါ"
"အဲလိုမဟုတ်ပါဘူး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ဒီကားက တကယ်တော့ ထုတ်လုပ်ရေးကုန်ကျစရိတ် နှစ်သန်းအပြင် မပိုဘူး။ ပြီးတော့ ငါ့မိသားစုက ဒီကားတွေကိုထုတ်လုပ်နိုင်တယ်လေ။ မင်း ဒီလောက်အများကြီးသုံးစရာမလိုပါဘူး"
"မင်းရဲ့မိသားစုက ဒီကားတွေကိုထုတ်လုပ်နိုင်တယ်လား။ အဲဒါက ဘာအဓိပ္ပာယ်လဲ"
"ဟူး..Maseratiကို ငါ့မိသားစုပိုင်တာလေ။ ပထမဆုံးထွက်တဲ့ကားဆိုရင် ငါ့ကားဂိုဒေါင်ထဲမှာ ထည့်ထားတယ်။ ငါတို့မှာ Deluxeဗားရှင်းတောင် ရှိတယ်။ မင်းကောင်မလေးက အဲဒါကိုသဘောကျလား။ သူသဘောကျတယ်ဆိုရင် ငါ မင်းဆီကို မနက်ဖြန်ကျရင် တစ်စီးပို့ခိုင်းလိုက်မယ်"
************