← Chapters

ရှုံးတဲ့လူက ကားမောင်းလိုင်စင်နဲ့ ပြိုင်ကားမောင်းလိုင်စင်ကို စွန့်လွှတ်ရမယ်

Vol. 19 Ch. 284

ရှုံးတဲ့လူက ကားမောင်းလိုင်စင်နဲ့ ပြိုင်ကားမောင်းလိုင်စင်ကို စွန့်လွှတ်ရမယ်

Vol. 19 Ch. 284

"ပထမဆုံးထုတ်ကုန်လား"

ချင်းဖန်၏ အမူအရာကား ပြောင်းလဲသွားလေသည်။ သူ ဤကားကိုဝယ်ယူစဉ်က သာမန်လူများ မသိနိုင်သည့်အချက်တချို့ကို သိခဲ့ရသည်။

အကန့်အသတ်နှင့်ထုတ်သော ဤMaseratiမော်ဒယ်လ်က အထူးသီးသန့်ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော သီးသန့်ကားတစ်စီးဖြစ်၏။ ထိုဒီဇိုင်းနှင့်ကားမျိုးက တစ်စီးသာရှိပြီး ဈေးကွက်ထဲတွင်လည်း ရောင်းချခြင်းမရှိပေ။ သိရသလောက်ဆိုလျှင် ထိုကားကို Maseratiကုမ္ပဏီပိုင်ရှင် ဖရန်ကာမာဆယ်ရာတီက ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။

ကားစုဆောင်းသူဝါသနာအိုးတစ်ယောက်ဖြစ်သည့် ချင်းဖန်အတွက်မူ သူကြိုက်သည့် ကားတစ်စီးရှိလျှင် မရနိုင်သည်မှာ ရှားလှ၏။ ထို့ကြောင့် ပြိုင်ကားဘရန်းကုမ္ပဏီများ၏ တည်ထောင်သူများနှင့် ပိုင်ရှင်အမြောက်အများက သူနှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိထားသည်။

Maseratiကဲ့သို့သော ဇိမ်ခံကားဘရန်းမျိုးကို အကန့်အသတ်နှင့်ထုတ်သည့် ကားပေါင်းများစွာ ချင်းဖန် စုဆောင်းခဲ့ဖူးသည်။ ချောမောလှသော Miseratiပိုင်ရှင်နှင့်ပင် အကြိမ်ပေါင်းမြောက်များစွာ ညစာအတူစားဖူးသည်။

"လောင်ကျန်း… မင်း ငါ့ကို ဟန်ဆောင်နေစရာမလိုပါဘူး။ ငါ Maseratiပိုင်ရှင်ကိုသိတယ်။ မစ္စဖရန်ကာနဲ့ ပြီးခဲ့တဲ့လကမှ ငါ ညစာအတူစားခဲ့သေးတယ်"

ကျန်းမုန့်လောင်က ပခုံးတွန့်လိုက်လေသည်။

"အဲဒါက မင်းသိမှာမဟုတ်ပါဘူး။ Maseratiရဲ့တည်ထောင်သူ အယ်လ်ဖီရာရီမာဆယ်ရာတီက ငါ့အဘိုး ဥရောပကို အလည်သွားတုန်းက တွေ့ခဲ့တဲ့ အမြော်အမြင်ရှိတဲ့လူတစ်ယောက်လေ။ သူ ကုမ္ပဏီစထောင်တော့ ငါ့အဘိုးကပဲ ရန်ပုံငွေထည့်ဝင်ပေးခဲ့တာ။ အခု ငါ့က ကုမ္ပဏီရဲ့၉၂.၅ရာခိုင်နှုန်းကို ကိုင်ထားတယ်"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"ကားက ထုတ်လုပ်ပြီးတာနဲ့ ငါ့ဆီကို ချက်ချင်းပို့ပေးထားတာ။ အခု ငါ့အိမ်ရဲ့ကားဂိုဒေါင်မှာရှိတယ်။ သွားကြည့်ချင်လား"

"ငါ..ငါရှုံးပါတယ်"

စက္ကန့်အနည်းငယ်လောက် ကြက်သေသေသွားပြီးနောက် အဆုံးမှာတော့ ချင်းဖန်လည်း ထိုစကားနှစ်ခွန်းသား ပြောလိုက်နိုင်သည်။

"အဟွတ် အဟွတ် အဟွတ်.. အဲဒါက လက်ဆောင်လေးတစ်ခုပါ"

ချင်းဖန်က ဝေ့ကျင်းဟုန်ကို မျက်ရိပ်ပြလိုက်သည်။

ဝေ့ကျင်းဟုန် ပြုံးလိုက်လေသည်။ ချင်းဖန်က သူ့ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သူအဖြစ် နာမည်ကြီးလေသည်။ သူလာစဉ်က နောက်ထပ်လက်ဆောင်တစ်ခု တကယ်ပြင်ဆင်လာခဲ့သည်။

"ဘယ်လိုလဲ။ ဒုတိယတစ်ခုကိုတော့ မင်း မထုတ်လုပ်နိုင်ဘူးမလား"

ချင်းဖန်က ပြုံးလိုက်လေသည်။

ထိုအရာမှာ လက်ရာမြောက်လှသော နောက်ထပ်ဘူးတစ်ခု ဖြစ်ပြီး အထဲတွင် ပန်းရောင်စိန်နားဆွဲတစ်စုံ ပါရှိသည်။ အရွယ်အစားကိုကြည့်ရုံမျှဖြင့် ၁၀ကာရတ်နီးပါး ရှိ၏။

"ဒါက သိပ်မကြီးပါဘူး။ ၂၀၁၇တုန်းက လေလံတင်ခဲ့တဲ့ ပြတ်သားမှုအရည်အသွေးVVS1အဆင့်ရှိတဲ့ ၁၄.၉၃ကာရတ် ပန်းရောင်စိန်ကိုတော့ မမီဘူးပေါ့။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း တစ်ကာရန်ကျော်တဲ့ ပန်းရောင်စိန်ဆိုတာ ရှားတယ်လေ"

ထိုနှစ်က လေလံတင်ခဲ့သော ပန်းရောင်စိန်သည် ၂၀ကာရတ်နီးပါးရှိပြီး အမေရိကန်ဒေါ်လာသန်းလေးဆယ်ဖြင့် ရောင်းချခဲ့သည်။ ဤနားဆွဲများက ထိုအရာထက် ပမာဏနည်းပါးလှသော်ငြား အလွန်အဖိုးတန်နေဆဲသာ။

ကျန်းမုန့်လောင်၏ချစ်သူ လုရီယောင်ကို ပစ်မှတ်ထားခြင်းမှာ ချင်းဖန်၏ အစီအစဉ်ပင်။

"ဒါက… မင်း ဒါကို ကူလီနန်းစိန်တွင်းက ရလာတာတော့ မဟုတ်ဘူးမလား"

ကျန်းမုန့်လောင်က ပန်းရောင်စိန်တစ်စုံကို ငေးကြည့်ရင်း မေးလိုက်လေသည်။

"သောက်ကျိုးနည်း မင်းက ဘယ်လိုသိတာလဲ"

ချင်းဖန် တအံ့တဩရေရွတ်လိုက်မိသည်။

ပန်းရောင်စိန်အစုံလိုက်ကား စင်စစ်ပင် ကူလီနန်မိုင်းတွင်းမှ လာခြင်းပင်။ ချင်းဖန်က ဝို်ငပါတီပွဲတစ်ခုတွင် စိန်တွင်းပိုင်ရှင်နှင့် ဆုံခဲ့ခြင်းဖြစ်ပြီး ဤပန်းရောင်စိန်များကလည်း လွန်ခဲ့သည့်နှစ်လကမှ တူးဖော်ထားခြင်းပင်။ ထိုစိန်များ အကြမ်းထည်အဖြစ် ရှိနေစဉ်ကတည်းက ချင်းဖန် ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။ ဤအကြောင်းကို ကျန်းမုန့်လောင် မသိတန်ရာ။

"ငါ့ကို အဲ့လိုအံ့ဩနေတဲ့အမူအရာနဲ့ လာမကြည့်နဲ့"

ကျန်းမုန့်လောင်ပြောလိုက်သည်။

"ဒီပစ္စည်းကို တူးဖော်ရရှိတုန်းက ဂိုခန်က ငါ့ကိုလိုချင်လားလို့ မေးတယ်လေ။ ဒါပေမဲ့ ၂၀ကာရတ်တောင်မပြည့်တဲ့ စိန်အပဲ့လေးတစ်လုံးကို ငါက ဘာလုပ်ရမှာလဲ"

"၂၀ကာရတ်တည်း..စိန်အပဲ့လေးတဲ့လား..ငါ.."

ဂိုခန်ဆိုသည်မှာ ထိုစဉ်က ချင်းဖန်တွေ့ခဲ့သည့် စိန်တွင်းပိုင်ရှင်ပင်။ သူက စိန်ကိုတူးဖော်ရရှိခဲ့စဉ်က ကျန်းမုန့်လောင်ကိုလည်း မေးခဲ့သေးသည်တဲ့လား။ သူတို့သည် အဘယ်သို့သော ပတ်သက်မှုမျိုး ရှိနေလေသလဲ။

"ကောင်းပြီ။ မင်းဘာမေးမလဲဆိုတာ ငါသိတယ်။ အဲဒီစိန်တွင်းကလည်း ငါပိုင်တာပဲ။ ဂိုခန်က ငါ့မိသားစုအတွက် စီမံခန့်ခွဲပေးထားတာ"

"ငါတော့ တစ်စစီကွဲကြေသွားရပြီ"

ချင်းဖန်ခမျာ ငေးတိငေးငိုင်ဖြစ်သွားရရှာသည်။

"ငါ အလျင်စလိုလုပ်လိုက်မိတာပဲ"

"ကောင်းပြီလေ။ မတောင်းဘဲပေးတဲ့ အရာတွေက လှည့်ဖြားမှုသက်သက်ပဲ။ ငါ့ကောင်မလေးကို လာဘ်ထိုးဖို့အထိတောင် ကြိုးစားနေတာ မင်း ဘာလိုချင်လို့လဲ"

ကျန်းမုန့်လောင်က ချင်းဖန်၏ရည်ရွယ်ချက်ကို တိုက်ရိုက်သာ ဖော်ထုတ်လိုက်သည်။

"မင်း.. မင်းက လူမှုဆက်ဆံရေးမှာ ပါးနပ်မှုလည်းမရှိဘူး။ ငါ့မှာ မင်းဆီက တောင်းဆိုစရာတစ်ခုရှိတယ်ဆိုတာကို မင်းသိရင်တောင်မှ အခုလို ထုတ်မပြောသင့်ဘူးလေ။ သိရဲ့လား။ ငါက မျက်နှာသာလိုချင်တဲ့ယောကျ်ားတစ်ယောက်ပဲလေ"

ချင်းဖန်၏မျက်နှာကား ရဲတွတ်သွားချေသည်။

"ကောင်းပြီ။ ဒါဆို ဆက်လုပ်လေ။ မင်း နောက်ထပ် ဘာပစ္စည်းကောင်းတွေ ဆက်ထုတ်နိုင်လဲဆိုတာ ကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်က ပျော်ပျော်ပါးပါး ပွဲကြည့်နေသည့်အလား စောင့်ကြည့်နေချေသည်။

"မရှိတော့ဘူး။ တကယ်နောက်ထပ်မရှိတော့ဘူး"

ချင်းဖန်ခမျာ ငိုမိတော့မတတ်ပင်။ ယခု သူနားလည်လိုက်လေပြီ။ ငွေကြေးအရ ချဉ်းကပ်နည်းများက ကျန်းမုန့်လောင်အတွက် အလုပ်မဖြစ်ပေ။ သူ့အနားရှိ လူများအပေါ်တွင်လည်း အသုံးမဝင်ချေ။

"တကယ်တော့ မင်းမပြောတောင် ငါသိပါတယ်။ မင်းက ကားနတ်ဘုရားတွေအစား လာစည်းရုံးတာမဟုတ်လား"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးဆိုလိုက်လေသည်။

"မင်းက ပျော်ဖို့လည်းမကောင်းဘူး။ ငါ့ကိုပဲ ထုတ်ပြောခိုင်းလိုက်လို့မရဘူးလား။ အခုလိုပုံစံက ငါ့ကို ထက်မြက်ပုံမပေါက်စေတော့ဘူးလေ"

ချင်းဖန်ခမျာ စားပွဲကိုပင် မှောက်လှန်မိမတတ်ပင်။ သူ့အနေနှင့် ဘယ်တုန်းကများ ယခုလိုမျက်နှာပျက်ရဖူးသလဲ။

"ရှင့်ကိုပြောသားပဲ။ ရှင့်လှည့်ကွက်သေးသေးလေးတွေက အသုံးမဝင်ပါဘူးလို့"

ချင်းဖန်ဘေးနားတွင် ထိုင်နေသော ဝေ့ကျင်းဟုန်က ရယ်လိုက်လေသည်။ ကြည့်ရသည်မှာ ချင်းဖန်၏အစီအစဉ်နှင့်ပတ်သက်ပြီး မည်သို့သောရလဒ်မျိုး ထွက်လာလေမလဲဆိုသည်ကို သူ(မ) ကြိုသိထားပြီးဖြစ်ဟန်တူ၏။

"ဟုတ်ပါပြီ။ မင်းနိုင်ပါတယ်။ အခုကစပြီး မင်း အိမ်မှာ ဘော့စ်ပါပဲ"

ချင်းဖန် သက်ပြင်းချလိုက်လေ၏။

"မစ္စတာကျန်း.. တရားဝင်မိတ်ဆက်ပါရစေ။ ကျွန်မက ဝေ့ကျင်းဟုန်ပါ။ ရှင် အခုတွေးနေတဲ့လူက ကျွန်မအဘိုးပါပဲ"

ဝေ့ကျင်းဟုန်၏မျက်ဝန်းအစုံမှာ ဉာဏ်ရည်ထက်မြက်မှုများဖြင့် တောက်ပနေချေသည်။

"ကျွန်တော်သိပြီးသားပါ"

ကျန်းမုန့်လောင် လုံးဝမအံ့ဩမိပေ။ သို့သော် ဝေ့ကျင်းဟုန်က အလွန်ထက်မြက်သော မိန်းမတစ်ယောက်ပင်။ သူ(မ)သာ နောင်အနာဂတ်တွင် နိုင်ငံရေးလောကထဲ ဝင်ပါက သူ(မ)၏အဘိုးလို သမိုင်းနှင့် နိုင်ငံရေးစာအုပ်များထဲတွင် မှတ်တမ်းတင်ခံရပေလိမ့်မည်။

"ကျွန်မအဘိုးက ရှင့်ကို တကယ်စိတ်ဝင်စားနေတာ။ အခုလိုလာလည်တာက သူ့ပြဿနာသေးသေးလေးအတွက်တင် မဟုတ်ပါဘူး"

ဝေ့ကျင်းဟုန်က ချင်းဖန်ကို မျက်စောင်းထိုးလိုက်လေသည်။

"အခါအခွင့်သင့်ရင် မစ္စတာကျန်း ယန်ကျင်းကို လာလည်ဖို့ ဖိတ်ချင်ပါတယ်။ ကျွန်မ ရှင့်ကို ‌ကောင်းကောင်းဖိတ်ကျွေးပါ့မယ်"

"မိန်းကလေးလု.. ဟိုနားမှာ စကားနည်းနည်းလောက်သွားပြောရအောင်။ ဒီယောကျ်ားတွေရဲ့အရေးကိစ္စတွေထဲ ဝင်မပါဘဲနေရအောင်"

ဝေ့ကျင်းဟုန်က ဖော်ရွေစွာ ပြောလိုက်ပြီးနောက် လုရီယောင်၏လက်မောင်းကို ချိတ်လိုက်လေသည်။

"ကျွန်မ ထင်တာသာမမှားရင် ရှင်ဆွဲထားတဲ့လည်ဆွဲက "သမုဒ္ဒရာရဲ့နှလုံးသား"ထင်တယ်နော်။ မစ္စတာကျန်းဆီက ပစ္စည်းတွေက အတုတော့မဖြစ်နိုင်လောက်ဘူး…"

"သိပ်မိုက်တာပဲ"

ကျန်းမုန့်လောင်က ချင်းဖန်ကို လက်မထောင်ပြလိုက်သည်။

"ဒီလိုမိန်းကလေးမျိုးကို မင်း ကိုင်တွယ်နိုင်တယ်ပေါ့"

"တော်လိုက်တော့"

ချင်းဖန်ခမျာ မျက်နှာရှုံ့မဲ့သွားလေသည်။

"ဒါက ငါ့အနာဂတ်အချစ်ရေးကို စတေးလိုက်တာလေ။ ငါ့မိသားစုရဲ့နောက်ခံက တကယ့်ကိုအဖြစ်ဆိုးတာပဲ။ မိသားစုဝင်တွေဆီက ထိန်းချုပ်ခံရဖို့ မွေးဖွားလာတာလေ"

"တော်စမ်းပါကွာ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ဒီလိုမိသားစုမျိုးဆီက ထိန်းချုပ်ခံချင်တဲ့လူတွေ ဘယ်လောက်တောင်များလိုက်သလဲ။ ဒီတော့ ‌ပြောစမ်းပါဦး။ အဲဒီကားနတ်ဘုရားတွေက ဘာလုပ်ချင်တာတဲ့လဲ"

"ဟီးဟီးဟီး"

ချင်းဖန်က တခစ်ခစ်ရယ်သည်။

"သူတို့က ကားနတ်ဘုရားနဲ့ ပြိုင်ချင်ရုံလေးပါပဲ။ သူတို့က ငါစိတ်ဝင်စားလောက်မဲ့ လောင်းကြေးမျိုးပေးလာတဲ့အတွက် ငါလည်း မင်းဆီကို အရှက်မရှိလာခဲ့ရတာပေါ့"

အသနားခံလိုသောအကြည့်ဖြင့် ချင်းဖန်က ကျန်းမုန့်လောင်ကို ကြည့်လိုက်လေ၏။

"မုန့်လောင်.. ငါ့ကိုကူညီပါကွာ။ မင်းက ကားနတ်ဘုရားနဲ့ရင်းနှီးတယ်မလား။ သူနဲ့ပြိုင်ပွဲတစ်ခု စီစဉ်ဖို့အတွက် ငါ့ကိုကူညီပေးစမ်းပါ။ တစ်ပွဲတည်းပါ။ အများဆုံးရှိလှ နာရီနည်းနည်းလောက်ပဲကြာမှာပါ။ အချိန်လည်း တအားကြန့်ကြာမှုမရှိဘူးလေ"

"ဒါက…"

ချင်းဖန်က ကျန်းနန်မြို့အထိ လာရောက်တောင်းဆိုနေသည်ဖြစ်ရာ ကျန်းမုန့်လောင်လည်း ယတိပြတ်မငြင်းဆိုနိုင်ပေ။

"ငါ မေးကြည့်လိုက်မယ်လေ"

"ဟားဟားဟား မင်းက အကောင်းဆုံးပဲ"

ချင်းဖန် အပျော်လုံးဆို့သွားလေတော့သည်။

ကျန်းမုန့်လောင်ကတော့ သူ့ဖုန်းကို ဟိုဆွဲသည်ဆွဲလုပ်နေဟန်ဆောင်ရင်း စိတ်ထဲတွင် အရှိန်မြင့်မြင့်ဖြင့် တွက်ချက်စဉ်းစားနေလေသည်။

ကားမောင်းပြိုင်ခြင်းကား ပြဿနာမဟုတ်ပေ။ သို့သော် ကျန်းမုန့်လောင်သည် အချိန်ကုန်မည့်အလုပ်မျိုးကို လုံးဝမလုပ်ခဲ့ဖူးချေ။ သူ တကယ်ကားမောင်းပြိုင်ရမည်ဆိုလျှင် ဤပြိုင်ပွဲမှ အကျိုးအမြတ်တစ်ခု ရယူရပေလိမ့်မည်။

"မင်းတို့ဘက်က သဘောတူညီချက်နှစ်ခုကို လက်ခံရင် စိန်ခေါ်မှုကို သူလက်ခံမယ်လို့ပြောတယ်"

ကျန်းမုန့်လောင် အကြံတစ်ခုရလိုက်လေပြီ။

"ပြောလေ"

ချင်းဖန်က ကပျာကယာပြောလိုက်ချေသည်။

"ပထမအချက် ဒီပြိုင်ပွဲကို အကြီးစားပြိုင်ပွဲကြီးတစ်ခု ဖြစ်အောင်လုပ်ရမယ်။ ပြည်တွင်းမီဒီယာတွေတင်မကဘူး။ နိုင်ငံတကာက မီဒီယာတွေပါ ရှိနေရမယ်။ လောင်းကြေးအတွက်ကတော့… ဆုငွေလို့ပဲ ခေါ်ကြတာပေါ့။ အဲလိုမှမဟုတ်ရင် ငါ့သူငယ်ချင်းက "ဘဏ္ဍာရေးစစ်ဆေးမှု"ကို ခံနေရမှာစိုးလို့တဲ့"

"ဟားဟားဟား..လွယ်ပါတယ်။ ငါဖြေရှင်းပေးနိုင်တယ်"

ချင်းဖန်အတွက်မူ သူလက်လှမ်းမီသော အရင်းအမြစ်များကိုသုံးလျှင် ဤကိစ္စကား အလွယ်လေးပင်။

"ဒုတိယအလျက် ကားနတ်ဘုရားလေးယောက်က သူတို့နိုင်ငံရဲ့အသိအမှတ်ပြုပြိုင်ကားမောင်းလိုင်စင်တွေရှိတယ်မလား"

"ရှိတာပေါ့။ သူတို့က ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတွေပဲကို"

"ဒါဆို လွယ်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ရှုံးတဲ့လူက သူတို့ကားရဲ့အမှတ်တံဆိပ် ကားမောင်းလိုင်စင်နဲ့ ပြိုင်ကားမောင်းလိုင်စင်ကို စွန့်လွှတ်ရမယ်"

"ဘာလို့လဲ"

ချင်းဖန်ခမျာ နားမလည်နိုင်ဖြစ်သွားရသဖြင့် မေးခွန်းထုတ်လိုက်မိသည်။

"ငါ့သူငယ်ချင်းက ဆုတံဆိပ်တွေစုဆောင်းရတာကို သိပ်သဘောကျတာ"

ကျန်းမုန့်လောင်လည်း ရှင်းပြလိုက်ရသည်။

"အရင်က သူပြိုင်ပွဲတစ်ခုနိုင်တိုင်း တစ်ဖက်လူရဲ့ကားအမှတ်တံဆိပ်ကိုဖြုတ်ပြီး သူ့ကားမှာတပ်ထားတာ။ အခုဆိုရင် သူတို့ရဲ့ကားမောင်းလိုင်စင်နဲ့ ပြိုင်ကားမောင်းလိုင်စင်တွေကိုပါ စုဆောင်းရတာကို သဘောကျနေပြီလေ"

**********

All Chapters