ဒါက ဘယ်လိုကားစုတ်ကြီးလဲ
Vol. 19 Ch. 285
"ဟွာရှားကားနတ်ဘုရားက စိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ ပြိုင်ပွဲကို သုံးရက်နေရင် ကျန်းကျယ်ပြည်နယ်ထဲက လုံယွီအပြည်ပြည်ဆိုင်ရာ ကားပြိုင်ကွင်းမှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ"
ထိုသတင်းလေးတစ်ခုက နိုင်ငံတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများကို လှုပ်ခတ်သွားစေခဲ့သည်။
တစ်နာရီလျှင် ၂၀၀ကီလိုမီတာနှုန်းဖြင့် ဆက်တိုက်Driftဆွဲကာ ဓားသွားတစ်လက်ကဲ့သို့ ခုန်ပျံကျော်လွှားခဲ့သည့်အပြင် အသုံးပြုခဲ့သည့်ကားကလည်း သာမန်ကုန်တင်ကားတစ်စီးသာ ဖြစ်နေသည့်အတွက် ဤဟွာရှားအံ့ဖွယ်လူသားက မကြာသေးမီကာလအတွင်းမှာပင် ဟွာရှားတစ်နိုင်ငံလုံး၏ အဆန်းကြယ်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
မကြာသေးမီက သုန်းကျီမြို့တော်သည် ဟွာရှားယွမ်ငွေနှစ်သိန်းနှင့် ထူးချွန်နိုင်ငံသားဆုကို ဤကားနတ်ဘုရားအား ချီးမြှင့်ပေးအပ်ရန် ပြင်ဆင်ထားခဲ့သော်လည်း ကားနတ်ဘုရားက လုံးဝပေါ်မလာခဲ့ပေ။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အခြားနိုင်ငံများမှ ကားနတ်ဘုရားများ၏ လှောင်ပြောင်ရန်စမှုများက ဟွာရှားနိုင်ငံရှိ အင်တာနက်အသုံးပြုသူတိုင်း၏ ရင်ထဲတွင် အမျက်ဒေါသများ တောက်လောင်စေခဲ့သည်။ ကျန်းမုန့်လောင်ဘက်က အသံထွက်လာမှသာ အင်တာနက်အသုံးပြုသူများလည်း အနည်းငယ်ဒေါသပြေသွားချေသည်။
သို့သော် အမှန်တကယ်တွင်မူ လူတိုင်း၏စိတ်ထဲ၌ ခွန်အားတန်းတူရှိသူများ၏ ပြိုင်ပွဲတစ်ခုကို မြင်ချင်နေကြသည်သာ။ ဤကားနတ်ဘုရား၏ ကားမောင်းစွမ်းရည်က မည်မျှခွန်အားကြီးကြောင်းနှင့် အခြားနိုင်ငံလေးနိုင်ငံမှ ကားနတ်ဘုရားများကို အနိုင်ယူနိုင်လေမလားဆိုသည်ကို သူတို့သိချင်နေကြ၏။
ရန်သူကို ငွေဖြင့် နောက်ဆုတ်ခိုင်းခြင်းထက် ရန်သူကို ခွန်အားဖြင့် အပြီးအပိုင်အနိုင်ယူလိုက်ခြင်းက ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသောကြောင့်ပင်။
ပြိုင်ပွဲမတိုင်ခင် တစ်ရက်အလိုတွင် သင်္ဘောအမြောက်အများက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ရပ်နားခဲ့ကြသည်။ ပြိုင်ကားမောင်းသမားတစ်ဦးအတွက်တော့ မိမိ၏ကားသည် အကောင်းဆုံးလက်နက်တစ်ခုပင် ဖြစ်၏။ ဟွာရှားကားနတ်ဘုရားနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည့် ဤပြိုင်ပွဲအတွက် သူတို့၏အဖိုးတန်ဆုံးကားများကို ဟွာရှားသို့ သယ်ယူလာခဲ့ကြသည်။
ဤနောက်ဆုံးနေ့တွင် သူတို့သည် ကားပြဿနာကြောင့် ပြိုင်ပွဲထဲမှ နောင်တဖြင့် ထွက်မလာရစေရန် မိမိတို့ကား၏ စွမ်းဆောင်ရည်ကို စမ်းသပ်ကြမည်ဖြစ်၏။
...
ကျန်းကျယ်ပြည်နယ်ရှိ လုံယွီအပြည်ပြည်ဆိုင်ရာကားပြိုင်ကွင်းမှာ လွန်ခဲ့သည့်ငါးနှစ်က ချင်းဖန် ရင်းနှီးမြှုပ်နှံငွေထည့်၍ တည်ဆောက်ခဲ့ရသည့် ကားပြိုင်ကွင်းပင်။ ထိုစဉ်က သူသည် တောင်ကုန်းတစ်ခုကို ငှားရမ်းပြီး ဤပြိုင်ကွင်းကို သုံးနှစ်ကြာ တည်ဆောက်ခဲ့ရသည်။ သို့သော် ယခုမူ ဤပြိုင်ကွင်းကို စီးပွားဖြစ်အသုံးပြုနေလေပြီ။ တစ်ခါတစ်ရံ သူကိုယ်တိုင် အပတ်အနည်းငယ်မျှ မောင်းနှင်ပျော်ပါးလေ့ရှိသော်လည်း အများအားဖြင့် ကားထုတ်လုပ်သူများ၏ ပွဲအခမ်းအနားများအတွက်သာ အသုံးပြုပေသည်။
ဤပြိုင်ကွင်း၏အရှည်မှာ ၂၄.၂ကီလိုမီတာရှိပြီး ထိုစဉ်က တစ်မီတာလျှင် ဟွာရှားယွမ်ငွေ၈၀၀၀ ကုန်ကျသည်ဟု သိရသည်။ ဤပြေးလမ်း၏တန်ဖိုးမှာ တစ်ဘီလီယံကျော်ပေသည်။ ဟွာရှားနိုင်ငံတွင် လူနည်းစုကသာ ဤမျှခမ်းနားလှသော အရာတစ်ခုကို ဖန်တီးနိုင်ကြသည်။
ပြိုင်ပွဲအတွက် ရောင်းချသော လက်မှတ်များမှာ စုစုပေါင်း အစောင်၂၀၀၀ဖြစ်ပြီး ရောင်းကြေး၁၈၈၈ယွမ်ဖြင့် တစ်ခဏတွင် ကုန်သွားခဲ့သည်။ အွန်လိုင်းတွင်ရောင်းချသော လက်မှတ်များမှာမူ ဟွာရှားယွမ်ငွေတစ်သိန်းကျော်အထိ မြင့်တက်သွားခဲ့သည်။
ဤသည်မှာ ကားနတ်ဘုရား မည်မျှနာမည်ကြီးသလဲဆိုသည့် သက်သေပင်။ ဟွာရှားတစ်နိုင်ငံလုံးတွင် အဆိုတော်အနည်းစုကသာ ဖျော်ဖြေပွဲလက်မှတ်များကို ဤမျှအတိုင်းအတာအထိ ရောင်းနိုင်ပေလိမ့်မည်။
...
ထိုမနက်ခင်းတွင် ဝမ်လင်နှင့် ချင်းဖန်တို့က ကျန်းမုန့်လောင်၏အိမ်သို့ ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါ့ကို နည်းနည်းလောက်တောင် စာလေ့လာခွင့်မပေးနိုင်ဘူးလား။ ငါ တစ်လအတွင်း ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲဖြေရမှာ။ အခု ကပ်ရောဂါလည်း နည်းနည်းသက်သာသွားပြီဆိုတော့ ငါ စာမေးပွဲဖြေလို့ရပြီ။ မင်းတို့နှစ်ယောက် ငါ့တိုးတက်မှုကို အနှောင့်အယှက်မပေးနဲ့နော်"
ကျန်းမုန့်လောင်က စာအုပ်တစ်အုပ်ကိုင်ထားရင်း စိတ်မရှည်လက်မရှည် ပြောလိုက်၏။
ထိုစာအုပ်မှာ သူ လေ့လာနေရမည့် ပေါ်လီမာကုန်ကြမ်းပစ္စည်းနှင့် သက်ဆိုင်သော စာအုပ်မဟုတ်ပေ။ လူသားများ၏ အဆင့်မြင့်ပေါ်လီမာကုန်ကြမ်းပစ္စည်းနည်းပညာမှာ ကျန်းမုန့်လောင်အတွက်တော့ ကလေးကစားစရာတစ်ခုနီးနီးပင်။ သူက ဆရာတိုနီ သူ့အတွက် စုစည်းပေးထားသော ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အကြောင်းအရာများကို ဖတ်နေခြင်းပင်။
ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာ၁၀ဘီလီယံကိုသုံး၍ စွမ်းအားအမှတ်တစ်ရာကို တန်းရခဲ့သည်။ ဤတစ်ခေါက်တွင် ဆရာတိုနီထံမှ ဉာဏ်ရည်တုနည်းပညာကို အောင်အောင်မြင်မြင်ပုံတူကူးနိုင်ခဲ့သည်။ သို့သော် ဤအရာကာ အလွန်နက်နဲလွန်းလှသဖြင့် ကျန်းမုန့်လောင်တွင် ဗဟုသုတများစွာနှင့် အခြေခံများစွာ ပိုင်နိုင်ထားသော်ငြား နားလည်နိုင်ရန်အတွက် အချိန်အနည်းငယ်လိုအပ်ဆဲသာ။
"မင်းက ဘာကြည့်နေတာလဲ။ ဒါက ကားနတ်ဘုရားတွေကြားက ပြိုင်ပွဲကြီးနော်။ ဒီလိုမြင်ကွင်းမျိုး ဘယ်နှခါလောက်မြင်နိုင်မှာမို့လို့လဲ။ ကားနတ်ဘုရားက မင်းသူငယ်ချင်းမဟုတ်ဘူးလား။ မင်း သူ့ကို သွားအားမပေးဘူးလား"
ဝမ်လင်နှင့် ချင်းဖန်တို့ခမျာ နားမလည်နိုင်တော့ပေ။
"အခုလိုလောနေစရာမလိုပါဘူး"
"ပြောပါဦး။ ကားနတ်ဘုရားက ဘယ်မှာလဲ"
ချင်းဖန်က မေးလိုက်၏။
"အနားနီးမှ ငါတို့ကိုစိတ်ပျက်အောင် မလုပ်နဲ့နော်။ ငါ cctv1234567က သတင်းထောက်တွေကို ခေါ်ထားတယ်။ ငါ့ရဲ့မီဒီယာကုမ္ပဏီတော်တော်များများလည်း အဆင်သင့်ဖြစ်နေပြီ"
"ဟုတ်တယ်။ ငါတို့က ကားနတ်ဘုရားနဲ့တွေ့ချင်နေတာ။ သူက ငါတို့နဲ့အတူ လိုက်မှာမဟုတ်ဘူးလား"
"ဟေ့ စိတ်မပူစမ်းပါနဲ့။ သူက လာမယ်လို့ပြောထားရင် သေချာပေါက်လာတယ်။ အချိန်ကျမှ တအားအံ့ဩမသွားကြနဲ့"
"မြန်မြန်လုပ် ဖတ်မနေနဲ့တော့။ သွားရအောင်"
"သောက်ကျိုးနည်း.. မင်းတို့ ငါ့တိုးတက်မှုကို ဆက်နှောင့်ယှက်နေမယ်ဆိုရင် ငါ ဝင်ခွင့်မရရင် မင်းတို့တာဝန်ပဲ"
"မင်းရဲ့ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ဘွဲ့လွန်ဒီဂရီတစ်ခု ရှိခြင်းမရှိခြင်းက ဘာများကွာသွားလို့လဲ"
"မင်းတို့တွေ နားမလည်ပါဘူးကွာ။ ဒါကို ဘဝရည်မှန်းချက်လို့ခေါ်တယ်"
...
နေဝင်ဆည်းဆာချိန် ကျရောက်လာသောအခါ လုံယွီပြေးလမ်းထက်ရှိ မီးများကို ဖွင့်လိုက်လေသည်။
ကြီးမားလှသော LEDဖန်သားပြင်တစ်ခုကို တောင်ထိပ်ရှိ ရင်ပြင်ကျယ်ပေါ်တွင် စိုက်ထူထားပြီး ဤပြိုင်ပွဲအတွက် ဒရုန်းပေါင်းများစွာနှင့် ကင်မရာအမြောက်အများကလည်း ဖြစ်စဉ်အစအဆုံးကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး ပြိုင်ပွဲ၏ရှုထောင့်တိုင်းကို တစ်ချက်မလစ်ဟင်းစေဘဲ ပြသပေးပေလိမ့်မည်။
ဟွာရှားနိုင်ငံသာမက နိုင်ငံတော်တော်များများက လူများပင် ဤပြိုင်ပွဲကို အာရုံစိုက်နေကြသည်။ အခြားနိုင်ငံများမှ ကားနတ်ဘုရားများက ဤပြိုင်ပွဲကို စိတ်ဝင်တစားကြည့်ရှုနေကြလေသည်။
"မုန့်လောင်.. မင်းကိုမိတ်ဆက်ပေးပါရစေ။ ဒါက ဖုယွမ်ဟွေ့လေ။ သူ့အဖေက ငါတို့ဟွာရှားရဲ့ အခွန်ဦးစီးဌာနက တာဝန်ရှိသူပေါ့။ သူကတော့ ဝမ်ယိကျူး… သူ့အဖေက နိုင်ငံခြားရေးဝန်ကြီးဌာနကလေ။ ဒါကတော့ လောင်အိုက်တဲ့။ သူ့အဖေက ဒုတိယအမြောက်တပ်ဖွဲ့ရဲ့တပ်မှူးပေါ့"
ကျန်းမုန့်လောင်တို့တစ်သိုက်လည်း ဗီအိုင်ပီအခန်းတစ်ခန်းထဲသို့ တိုးဝင်သွားကြသည်။ ဤပြေးလမ်းကို ချင်းဖန်ပိုင်သောကြောင့် သူ့တွင် အထူးအခွင့်အရေးတချို့ ရှိထားလေသည်။ သို့သော် သူတို့နှင့်အတူ ပြိုင်ပွဲလာကြည့်ကြသော လူငယ်များကလည်း ကြောက်မက်ဖွယ်ကောင်းသော နောက်ခံအင်အားများကို ပိုင်ဆိုင်ထားကြသူများဖြစ်၏။
"မစ္စတာကျန်း.. ကျုပ် ခင်ဗျားနာမည်ကို ကြားဖူးနေတာကြာပါပြီ"
"ဟွာရှားက ကမ္ဘာ့အချမ်းသာဆုံးလူတဲ့။ ဟားဟားဟား ကျုပ် ခင်ဗျားကို တွေ့ချင်နေတာကြာပါပြီ"
"ခင်ဗျား အကူအညီတစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကိုသာပြောပါ"
ဒုတိယမျိုးဆက်အမွေဆက်ခံသူများမှာ တစ်ယောက်ပြီးတစ်ယောက် ကျန်းမုန့်လောင်နှင့် လက်ဆွဲနှုတ်ဆက်ကြသည်။ ကမ္ဘာ့အချမ်းသာဆုံးလူသည် မည်သူ့အတွက်မဆို အဖိုးတန်လှသော အဆက်အသွယ်ကောင်းတစ်ခုဖြစ်၏။
"တွေ့ရတာဝမ်းသာပါတယ်"
ကျန်းမုန့်လောင်ကလည်း သူတို့ကို နွေးနွေးထွေးထွေးတုံ့ပြန်လေသည်။
သို့သော် အပြန်အလှန်ပြောဆိုမှုမှာ နှုတ်ဆက်ရုံသက်သက်သာဖြစ်ပြီး ယနေ့ အဓိကအာရုံစိုက်စရာကိစ္စမှာ ကားနတ်ဘုရားများ၏ပြိုင်ပွဲပင်။
ကမ္ဘာတစ်ဝှမ်းတွင် ကားနတ်ဘုရားများစွာ ရှိပါသော်ငြား လွှမ်းမိုးမှုအရှိဆုံးလူများမှာ ဤနေရာသို့ ရောက်နေလေသည်။ ယနေ့အနိုင်ရရှိသူသည် ကမ္ဘာ့အဆင့်ကားနတ်ဘုရားဖြစ်လာလိမ့်မည်ဟု ပြောလျှင်ပင် ချဲ့ကားရာမရောက်ပေ။
"သူတို့လာပြီ"
"အမေရိကရဲ့ကားနတ်ဘုရား စကိုင်လာရီလီဘက်ခ်"
"ချင်းချိုးနိုင်ငံရဲ့ ကားနတ်ဘုရား ဘတ်ယောင်းဂျွန်း"
"ကိုင်ဘွန်နိုင်ငံရဲ့ကားနတ်ဘုရား ကျိုဟိုကာဇုအီချီ"
"ဩစတြေးလျရဲ့ကားနတ်ဘုရား လော်ရက်ဇ်ကိုတစ်စ်"
ကားနတ်ဘုရားလေးပါးက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည်။ သူတို့၏ကားများကို ပြိုင်ပွဲစတင်မည့်နေရာရှိ ရင်ပြင်တစ်ခုဆီသို့ ကုန်တင်ကားကြီးလေးစင်းဖြင့် သယ်လာလေသည်။
ကားတံခါးများက ဖြည်းဖြည်းချင်းပွင့်လာပြီးနောက် ပြိုင်ကားလေးစင်းကလည်း စိတ်လှုပ်ရှားမှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။
"အပိုလိုရဲ့နေနတ်ဘုရားကွ သောက်ကျိုးနည်း.. အဲဒါက ဟွာရှားငွေနဲ့ဆိုရင် သန်းဆယ်ချီတယ်မလား"
"အဲဒါက သာမန်နေနတ်ဘုရားမဟုတ်ဘူးကွ။ Limited Editionနေနတ်ဘုရားပဲ။ အမေရိကန်ဒေါ်လာသန်းဆယ်ချီပြီးတော့တောင် တန်တာ"
"စကိုင်လာရီက V12အင်ဂျင်ကို V16နဲ့အစားထိုးထားတယ်လို့ ငါကြားတယ်။ အရှိန်ကိုလည်း ၃စက္ကန့်နဲ့ ၂.၂စက္ကန့်အတွင်း သုညကနေ တစ်နာရီ၁၀၀ကီလိုမီတာနှုန်းအထိ မြှင့်နိုင်တယ်ဆိုပဲ။ အမြန်ဆုံးအရှိန်နှုန်းက တစ်နာရီ ၄၃၀ကီလိုမီတာနှုန်းတဲ့"
"ဟိုကားကရော။ တော်တော်မိုက်တာပဲ"
"အဲဒါက Sylphy SSC Tuataraလေ။ ကမ္ဘာ့အမြန်ဆုံးကားတွေထဲက တစ်ခုလို့ လူသိများတယ်။ အမြင့်ဆုံးအရှိန်က တစ်နာရီ ၄၄၀ကီလိုမီတာနှုန်းတဲ့။ အဲဒါက ချင်းချိုးနိုင်ငံရဲ့ကားနတ်ဘုရားဘတ်ယောင်းဂျွန်းရဲ့ ရတနာလေ"
"Venom GTလည်း ရှိတယ်။ ၂.၄စက္ကန့်အတွင်းမှာ တစ်နာရီကို သုညကီလိုမီတာကနေ ၁၀၀ကီလိုမီတာအထိ မြှင့်နိုင်တယ်။ အမြင့်ဆုံးအရှိန်ကလည်း တစ်နာရီ ၄၂၀ကီလိုမီတာနှုန်းတဲ့။ ဒီကားကို ကျိုဟိုကာဇုအီချီပိုင်တာလေ"
နောက်ဆုံးတစ်စင်းက ငါသိသလောက်ဆိုရင် Bugattiပဲ။ အမြင့်ဆုံးအရှိန် တစ်နာရီ ၄၀၀ကီလိုမီတာအထိ မြှင့်နိုင်တဲ့ စူပါကားတစ်စီးပေါ့"
"အဲဒါတွေက အခြေခံစာရင်းပြုစုမှုလောက်ပဲရှိသေးတယ်။ ဒီကားတွေက ကားနတ်ဘုရားတွေကိုယ်တိုင် ပြုပြင်မွမ်းမံထားတာ။ တကယ့်စွမ်းဆောင်ရည်က ဒီထက်ပိုမြင့်နိုင်တယ်။ ဒီပြိုင်ပွဲကတော့ တကယ့်ကိုမကြုံစဖူးအကြုံထူးတဲ့ပွဲပဲဟေ့"
"ဟွာရှားကားနတ်ဘုရားကရော။ ဟွာရှားကားနတ်ဘုရားက ဘာလို့ပေါ်မလာသေးတာလဲ"
"ကားနတ်ဘုရား ကားနတ်ဘုရား"
လူအုပ်ကြီးက ကားနတ်ဘုရား၏နာမည်ကို အကျယ်ကြီးရေရွတ်နေပါသော်လည်း သူတို့ စိတ်ကူးထားသော အံ့ဖွယ်ပုံရိပ်တစ်ခုက ပေါ်မလာသေးပေ။
"ဒီလူတွေက သူတို့ရဲ့လျှို့ဝှက်လက်နက်တွေကို တကယ်ယူလာခဲ့ကြတာပဲ"
"ဟုတ်တယ်။ ငါကြားတာတော့ ဘတ်ယောင်းဂျွန်းက SSCတစ်စီးအတွက်နဲ့ ကားတန်ဖိုးရဲ့နှစ်ဆကျော်ကို သုံးခဲ့တာဆိုပဲ"
"ငါသာ အဲဒီကားကို မောင်းခွင့်ရရင် နတ်ပြည်တောင် ချက်ချင်းတက်သွားနိုင်ပါတယ်ကွာ"
"ဟားဟားဟား"
ဗီအိုင်ပီအခန်းထဲရှိ ဒုတိယမျိုးဆက်အမွေဆက်ခံသူများမှာ ကားများအကြောင်း ဆွေးနွေးနေကြလေသည်။ အားလုံးက မနာလိုအားကျနေကြပြီး ကားနတ်ဘုရားက သူတို့ဆီကို မည်သို့သောအံ့အားသင့်စရာမျိုး သယ်ဆောင်လာလေမလဲဆိုသည်ကို မသိကြချေ။
"အာ"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်လေသည်။
"အပြင်ပန်းသာလှပြီး ဘာအရည်အချင်းမှမရှိပါလား။ ဒါတွေက ဘယ်လိုကားစုတ်တွေလဲ။ ဝူလင်ဟုန်းကွမ်ကမှ ပိုကောင်းမနေဘူးလား"
*********