← Chapters

လက်သီးချက်ထိသူတိုင်းအသက်ပျောက်

Vol. 18 Ch. 239

လက်သီးချက်ထိသူတိုင်းအသက်ပျောက်

Vol. 18 Ch. 239

အခန်း (၂၃၉) လက်သီးချက်ထိသူတိုင်းအသက်ပျောက်

ရုတ်တရက် ထွက်ပေါ်လာသည့် ခြေသံများက ထူးခြားစွာပင် ကျယ်လောင်လှသည်။

တိတ်ဆိတ်နေသည့်တောအုပ်အတွင်း တစုံတစ်ယောက်က သူတို့အနားသို့ ချဉ်းကပ်လာဟန် ရှိသည်။

ခြေသံကြောင့် လုကျန်းနှင့် အခြားသူများ များစွာ အံ့အားသင့်သွားကြသည်။ သို့သော် ထိုသူ မည်သူမှန်း သူတို့ မသိကြပေ။

သူတို့ဘက်မှ စစ်ကူရောက်ရှိလာခြင်းလား။ သို့တည်းမဟုတ် တစ်စုံတစ်ယောက် မတော်တဆ ရောက်လာခြင်းလား။

တစ္ဆေတိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်တစ်ပါး ရောက်လာခြင်းလည်း ဖြစ်နိုင်သည်။

ရုတ်တရက် ထွက်ပေါ်လာသည့် ခြေသံများကြောင့် တစ္ဆေကျင့်ကြံသူများကလည်း အသံလာရာသို့ ကြည့်လိုက်ကြသည်။ သူတို့သည်လည်း မည်သူရောက်ရှိလာကြောင့်ကို အလွန်သိချင်နေကြဟန် ရှိသည်။

မကြာမီ အမှောင်ထုထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည့် အလူရိပ်တစ်ခုကို သူတို့အားလုံး တွေ့မြင်လိုက်ကြရသည်။

ထိုသူက သူတို့ရှိရာသို့ တစ်ယောက်တည်း လမ်းလျှောက်လာသည်။

လုကျန်းက အံ့အားသင့်သွားပြီး...

"တစ်ယောက်တည်းလား"

လင်အန်းက...

"ကျုပ် သူ့မျက်နှာကို မမြင်ရဘူး ၊ မင်းတို့ရော မြင်ရလား"

ပေဖန်းက...

"အတူတူပဲဗျ... မမြင်ရဘူး"

ဟုန်လွမ်ကလည်း ခေါင်းညိတ်လိုက်ရင်း…

"ငါလည်း အဲဒီလူရဲ့ မျက်နှာကို မမြင်ရဘူး"

သို့သော် ရုတ်တရက်ထွက်ပေါ်လာသည့် ထိုသူက တစ္ဆေကျင့်ကြံသူတစ်ယောက် မဟုတ်သည်ကတော့ သေချာသည်။

"လူသားတစ်ယောက်လား"

တစ္ဆေစစ်သည်တော်များဆီမှ ခပ်တိုးတိုးအသံတစ်သံ ထွက်ပေါ်လာ၏။

ပြီးမှ ကျယ်လောင်သည့်အသံဖြင့်…

"မင်းကသေချင်လို့ ရောက်လာတာလား"

"အင်း..."

ရောက်လာသည့် လူရိပ်က အေးဆေးစွာပင် ပြောလိုက်သည်။

"မင်းတို့ကို သေရွာပို့ဖို့ရောက်လာတာ"

"………………"

တစ္ဆေစစ်သည်တော်များ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားကြသည်။

ဤလူသားက....

ဤလူသားက အနည်းငယ် ထူးဆန်းနေ၏။

လုကျန်းက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

"သူ့ ကျင့်ကြံခြင်းအဆင့်က အတော်လေး မြင့်မားတာပဲ ၊ အနည်းဆုံး လူသားအင်မော်တယ်အဆင့် ရှိနိုင်တယ်"

ဟုန်လွမ်က...

"လူသားအင်မော်တယ်ဆိုရင်တော့ ဒီကောင်တွေနဲ့တိုက်ရင် သေမှာပဲ"

လင်အန်းက...

"သူက ခွန်လွန်တောင်ကလား"

အဖြေကိုတော့ သူတို့ (၄) ယောက်လုံး သိရှိခြင်း မရှိကြပေ။

မည်သို့ပင်ဖြစ်စေ ဤသူရောက်လာသောကြောင့် သူတို့ အနည်းငယ် အသက်ရှူချောင်သွားလေသည်။ တစ္ဆေကျင့်ကြံသူများက ထိုသူကို အာရုံစိုက်နေကြပြီ မဟုတ်ပါလား။

***

ဤနေရာတွင် လုကျန်းတို့အဖွဲ့ရှိနေသည်ကို အစပိုင်းတွင် ကျန်းလန်က မသိခဲ့ပေ။

သို့သော် သူရောက်လာသည့်အချိန်တွင် လုကျန်းတို့အဖွဲ့ အရေးနိမ့်နေသည်ကို တွေ့လိုက်ရသည်။

ဂိုဏ်းတူအစ်ကိုလုကျန်းက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူဖြစ်၏။ သူ့အတွက် တစ္ဆေကျင့်ကြံသူများကို သတ်ဖြတ်ရန် မခက်ခဲပေ။

သို့ရာတွင် တစ္ဆေကျင့်ကြံသူများက သေဆုံးသွားသည့်တိုင် ၊ ဒဏ်ရာရသွားသည့်တိုင် ခန္ဓာကိုယ် အရိုးအသားများ ပြန်လည်ဖြစ်တည်လာပြီး အသက်ပြန်ဝင်လာခြင်းက ကြီးမားသည့်ပြဿနာ ဖြစ်နေခဲ့သည်။

ထို့ကြောင့် လုကျန်းမှာ တဖြည်းဖြည်း အရေးနိမ့်လာရခြင်း ဖြစ်သည်။

ကျန်းလန်အတွက်တော့ တစ္ဆေစစ်သည်တော်များကို သတ်ဖြတ်ရန် ပြဿနာမရှိပေ။ သူက ဝိညာဉ်ဖိနှိပ်စွမ်းအားဖြင့် တစ္ဆေကျင့်ကြံသူများ၏ ဝိညာဉ်ကိုပါ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

အန္တရယ်ကင်းစေရန်အတွက်လည်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

အကယ်၍ ဝိညာဉ်ဖိနှိပ်စွမ်းအားက တစ္ဆေစစ်သည်တော်များကို မသတ်ဖြတ်နိုင်ခဲ့သည်ရှိသော် သူတို့ကို ဤနေရာတွင် ပိတ်ဆို့ထားနိုင်ရန် ထောင်ချောက်လည်း ဆင်ထား၏။

ပြီးလျှင်တော့ သူက တစ္ဆေချီစွမ်းအားများထွက်ပေါ်လာရာ ဗဟိုချက်နေရာကို ရှာဖွေရမည် ဖြစ်သည်။

ကျန်းလန်က ပြင်ဆင်မှုအပြည့်အ၀ ပြုလုပ်ပြီးမှ ပုန်းကွယ်နေရာမှ ထွက်လာခြင်း ဖြစ်ည်။

သူက "သေရွာပို့ရန်ရောက်လာသည့်သေမင်း" လား။

ဟုတ်ပေ၏။

သူက တစ္ဆေကျင့်ကြံသူများကို "သေရွာပို့မည့်သေမင်း" ပင် ဖြစ်သည်။

တစ္ဆေကျင့်ကြံသူများကြားမှ အသံတစ်သံထွက်ပေါ်လာသည်။

"ယုတ်မာတဲ့လူသား.... မင်းကို အခုပဲ သေရွာပို့ပစ်မယ်"

စကားသံအဆုံးသတ်သွားသည်နှင့် အနီးဆုံးတွင် ရှိနေသည့် တစ္ဆေကျင့်ကြံသူတစ်ယောက်က ကျန်းလန်ကို  စတင်တိုက်ခိုက်လိုက်သည်။

သူက လက်ထဲမှ အစိမ်းရောင်နွယ်ပင်ရှည်ကို ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်သားကိုသေစေလောက်သည့် တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ဤတစ္ဆေကျင့်ကြံသူများက မည်သည့်ခြိမ်းခြောက်မှုမှ မရှိကြောင်း ကျန်းလန် သိရှိလိုက်သည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ္ဆေကျင့်ကြံသူရှေ့သို့ ချက်ချင်း ရောက်ရှိသွား၏။

လုကျန်းနှင့် အခြားသူများက ဘေးတွင်ရပ်ပြီးကြည့်နေကြသလို အမှောင်ထုထဲမှ တစ္ဆေကျင့်ကြံသူများကလည်း အခြေအနေကို အကဲခတ်နေကြသည်။

ကျန်းလန် ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟု သူတို့အားလုံး တွေးထင်နေကြသည်။

ဟုန်လွမ်က…

"သူသေတာကို ငါတို့ ဒီအတိုင်းကြည့်နေမှာလား"

လုကျန်း၏စိတ်ထဲတွင်လည်း တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။

"မကြည့်နိုင်ဘူး ၊ အဲဒီလိုလုပ်တာမှန်တယ်လို့ ကျုပ်တော့မထင်ဘူး"

သူ့စကားသံအဆုံးသတ်သွားသည်နှင့် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ဘုန်း"

ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည့် တစ္ဆေကျင့်ကြံသူမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွား၏။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး အဆုံးမရှိသည့် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ကျန်းလန်က လက်သီးတစ်ချက်တည်းဖြင့် တစ္ဆေစစ်သည်တော်ကို အမှုန့်ချေပစ်လိုက်ခြင်း ဖြစ်သည်။

"ဘန်း…"

တစ္ဆေကျင့်ကြံသူ၏ ခန္ဓာကိုယ်အောက်တစ်ပိုင်းက မြေပြင်ထက် ပြုတ်ကျသွားသည်။

ထို့နောက် ကျန်းလန်က မြေပြင်ထက်မှ ခန္ဓာကိုယ်တစ်ပိုင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

"ဘုန်း"

ခြေကန်ချက်ကြောင့် တစ္ဆေကျင့်ကြံသူ၏ ကျန်ရှိနေသည့်ခန္ဓာကိုယ်တစ်ပိုင်းမှာ အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားတော့၏။

ကျန်းလန်၏ တိုက်ခိုက်မှုက ပြင်းထန်သည် ၊ စွမ်းအားကြီးမားသည် ၊ တိကျသည်။

ဤသူက သေဖို့ရောက်လာခြင်း မဟုတ်ပေ။ တစ္ဆေကျင့်ကြံသူများကို သေတွင်းပို့ရန် ရောက်လာသူ ဖြစ်သည်။

ပေဖန်းက…

"ထူးဆန်းတယ် ၊ သေသွားတဲ့တစ္ဆေကျင့်ကြံသူက ပြန်အသက်ဝင်မလာတော့ဘူး"

တစ္ဆေကျင့်ကြံသူ ပြန်လည်အသက်ဝင်မလာဘဲ အပြီးသေဆုံးသွားသည်ကို လုကျန်းနှင့်အခြားသူများလည်း သတိထားလိုက်မိကြသည်။

လုကျန်းက…

"ဟုတ်တယ် ၊ ပြန်အသက်ဝင်မလာတော့ဘူး"

ဤလူက…

ဤလူက တကယ်ပဲ တစ္ဆေကျင့်ကြံသူများကို သတ်ဖြတ်ရန် ဤနေရာသို့ ရောက်လာခဲ့သည်လား။

ကျန်းလန်က သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။

"တကယ်ပဲ ဒီကောင်တွေ သေကုန်တာပဲ"

တစ္ဆေကျင့်ကြံသူ အသက်ပြန်ဝင်မလာတော့ဘဲ အပြီးသတ်သေဆုံးသွားကြောင်း အတည်ပြုပြီးသည်နှင့် ကျန်းလန်က အချိန်ဖြုန်းမနေတော့ပေ။

သူက လုကျန်းတို့ရှိရာသို့ လှမ်းကြည့်လိုက်ပြီး…

"မင်းတို့တွေ တစ္ဆေတံခါးတည်နေရာကို ရှာပေးနိုင်မလား"

တစ္ဆေတိုင်းပြည်၏ တစ္ဆေတံခါးက တစ္ဆေချီစွမ်းအားများထွက်ပေါ်လာရာ အဓိကဗဟိုချက်ဖြစ်နိုင်သည်။ ထိုနေရာကို သူ ခြေရာခံရမည် ဖြစ်သည်။

လင်အန်းက…

"ကျုပ်တို့ရှာပေးနိုင်ပါတယ်"

ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ္ဆေစစ်တပ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုတစ္ဆေစစ်သည်တော်များအားလုံးကို သတ်ဖြတ်ပစ်ရန် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။

ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားကို စတင်လှည့်ပတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် စွမ်းအားတိုးမြှင့်စေသည့် ပြဒါးဆေးတစ်လုံးကိုလည်း ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

ဤပြဒါးဆေးက ကုန်ဆုံးသွားသည့်စွမ်းအားများကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိလေသည်။

သူ့အနေဖြင့် တစ္ဆေစစ်သည်တော်များကို သတ်ဖြတ်ရုံဖြင့် စွမ်းအားများ ကုန်ဆုံးသွားမည် မဟုတ်သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြဒါးဆေးလုံးကို သောက်ထားခြင်း ဖြစ်သည်။

သူ့အနေဖြင့် စွမ်းအားကို အမြင့်ဆုံးထိန်းသိမ်းထားနိုင်မှာ ရုတ်တရက် ရင်ဆိုင်ရသည့် အန္တရယ်များကို ရှောင်တိမ်းရာတွင် လွယ်ကူစေမည် ဖြစ်၏။

"ဂရား…"

တစ္ဆေကျင့်ကြံသူများက ကျန်းလန်ကိုကြည့်ပြီး ကြုံးဝါးသံများ ပြုလုပ်လိုက်ကြသည်။

ကျန်းလန်က သူတို့ကို တစ်ကြိမ်သတ်ဖြတ်လိုက်သည်နှင့် သူတို့အနေဖြင့် အရင်လို ပြန်လည်အသက်ဝင်မလာနိုင်တော့ကြောင့် နားလည်သွားကြသည်။

ဤလူသားက လှည့်ကွက်အသုံးပြုနေသည်ပဲ။

"သူ့ကိုသတ်…"

အမိန့်ပေးသံ ထွက်ပေါ်လာပြီးနောက ်တစ္ဆေစစ်သည်တော်များ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့ ကျန်းလန်ကို တစ်စစီဆွဲဖြဲချင်နေပြီ ဖြစ်သည်။

မကြာမီ တစ္ဆေကျင့်ကြံသူတစ်ယောက် ကျန်းလန်ရှေ့သို့ ရောက်ရှိလာသည်။

သူတို့က မန္တန်ပညာများကို အသုံးမပြုတတ်ကြပေ။ ထူးခြားသည့် ရုပ်ခန္ဓာကိုပိုင်ဆိုင်ပြီး တိုက်ခိုက်စွမ်းအားပြည့်ဝခြင်းက သူတို့၏ အားသာချက် ဖြစ်သည်။

"ဘုန်း"

တစ္ဆေကျင့်ကြံသူက ကျန်းလန်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

သို့သော် ကျန်းလန်၏ တန်ပြန်လက်သီးချက်ထိမှန်ပြီးနောက် သူ့လက်သီးတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ ချက်ချင်း အသက်ပျောက်သွားတော့သည်။

တစ္ဆေကျင့်ကြံသူ၏လက်သီးနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး တစ်စစီကွဲကြသွားပြီး အနက်ရောင်မြူခိုးများအဖြစ်ပြောင်းလဲသွားကာ မြေပြင်ထက် လဲကျသွားသည်။

သူ့အနားတိုးကပ်လာသည့် နောက်ထပ် တစ္ဆေစကျင့်ကြံသူတစ်ယောက်ကိုလည်း ကျန်းလန် ဘုန်းကနဲ ကန်ထုတ်လိုက်သည်။

ကျန်းလန်က တိုက်ခိုက်မှုကို ရပ်တန့်ခြင်းမရှိဘဲ လေထဲသို့ ခုန်ဝင်လိုက်ကာ ထိုတစ္ဆေကျင့်ကြံသူ၏ ဦးခေါင်းကို လက်ဖြင့် ဆွဲလှည့်ကာ ချိုးပစ်လိုက်သည်။

"ဂျွတ်"

ထို့နောက်…

(၁၀)ယောက်ကျော်သည့် တစ္ဆေကျင့်ကြံသူအုပ်စုတစ်စု ကျန်းလန်ထံ ချဉ်းကပ်လာပြန်၏။

ပြင်းထန်လှသည့် စွမ်းအားကြီးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားပြီး ကျန်းလန်ကို တစ်စစီဆွဲဖြဲတော့မည့်အလား ခြိမ်းခြောက်လျှက် ရှိသည်။

အနားသို့ တိုးကပ်လာသည့် ရန်သူများကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းလန်က နေရာမှာပင် ပျောက်ကွယ်သွားသည်။ အချိန်တစ်စက္ကန့်မျှအတွင်းမှာပင် တစ္ဆေကျင့်ကြံသူများနံဘေးတွင် ပြန်ပေါ်လာသည်။

ကျန်းလန်က အဆက်မပြတ်တိုက်ခိုက်ရင်း သူတို့နံဘေးမှ ဖြတ်သန်းသွားသည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

အနက်ရောင်မြူခိုးများအဖြစ် ပေါက်ကွဲထွက်ကုန်သည့် တစ္ဆေကျင့်ကြံသူများ ကျန်းလန်အနောက်ဘက်တွင် ကျန်ရစ်ခဲ့ကြသည်။

ကျန်းလန်၏ လက်သီးချက်ထိမှန်သူများအားလုံး တစ်စစီ ကွဲကြေသွားကြ၏။

သူက အမှောင်ထုထဲသို့ ရှေ့ဆက်တိုးဝင်သွားပြီး သူ့ရှေ့တွင်ပေါ်လာသမျှ ရန်သူများအားလုံးကို တိုက်ခိုက်သတ်ဖြတ်သွားသည်။

နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားက အတုမဲ့စွမ်းတစ်ခု ဖြစ်ပြီး ထိုစွမ်းအားဖြင့် မဖျက်စီးနိုင်သည့်အရာ လောကတွင် မရှိပေ။

တစ္ဆေကျင့်ကြံသူများ၏ အရိုးများက မည်မျှမာကျောပါစေ ၊ အသားများက မည်မျှသန်စွမ်းပါစေ ကျန်းလန်၏ လက်သီးချက်အောက်တွင်တော့ အားလုံးဖျက်စီးခံရမည် ဖြစ်သည်။ ယခင်ကကဲ့သို့ အရိုးအသား ခန္ဓာများ ပြန်လည်အသက်ဝင်လာရန် မဖြစ်နိုင်ကြတော့ပေ။

"ဘုန်း"

ကျန်းလန်၏ လက်သီးချက်က အရာအားလုံးကို မရှိမှုအဖြစ် ပြောင်းလဲပစ်နေသည်။

လုကျန်းနှင့် အခြားသူများမှာ မြင်ကွင်းကိုကြည့်ရင်း တဒင်္ဂမျှ အံ့သြမှင်တက်နေမိကြသည်။

ဤပုဂ္ဂိုလ်က တစ္ဆေကျင့်ကြံသူများကို သေတွင်းပို့ရန်အတွက် ဤနေရာသို့  ရောက်ရှိလာခြင်း ဖြစ်သည်။

တိုက်ပွဲက တစ်ဖက်သတ်ဆန်သည့် လူသတ်ပွဲတစ်ခုပေပဲ။

ဟုန်လွမ်က…

"ဒီလူက ဘယ်သူများလဲ"

လင်အန်းက မယုံကြည်နိုင်စွာဖြင့်…

"သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး ၊ ပြီးတော့ သူက အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်နိုင်တယ် ၊ ဂိုဏ်းတူအစ်ကိုလုကျန်းလိုမျိုး အစစ်အမှန်အင်မော်တယ်ပေါ့"

လုကျန်းက…

"သူ့အဆင့်က အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်လောက် ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ သူ့တိုက်ခိုက်စွမ်းအားက သိပ်ကိုပြင်းထန်လွန်းတယ် ၊ လုံး၀ ပုံမှန်မဟုတ်ဘူး"

ပြောပြီးသည်နှင့် သူက လင်အန်းကို လှမ်းကြည့်လိုက်ရင်း…

"စောစောက မင်းပြောလိုက်တဲ့စကားက ကျုပ်ကို တမင်သက်သက်လှောင်တာပေါ့လေ… ဂိုဏ်းတူညီလေးလင်အန်း"

ထိုစဉ် ပေဖန်းက ရုတ်တရက် ပြောလိုက်သည်။

"အဲဒါ သူပဲ… ဟုတ်တယ်… အဲဒီလူထူးလူဆန်းပဲ"

ကျန်လူ (၃)ယောက်က "ဘယ်သူများလဲ" ဟု မေးမြန်းဟန် ဖြင့် ပေဖန်းကို လှမ်းကြည့်လိုက်ကြသည်။

ပေဖန်းက…

"မင်းတို့ကတော့ သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ကျုပ်တို့ကတော့ ဒီလိုအခြေအနေမျိုးကို တွေ့ကြုံခဲ့ဖူးတယ် ၊ အဲဒီ လူထူးလူဆန်းက ရန်သူတွေကို လက်သီးတစ်ချက်နဲ့ သတ်ဖြတ်ပစ်နေတာ ၊ သူ့လက်သီးနဲ့ထိတာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး သွေးမှုံဖြစ်သွားတာပဲ ၊ အဲဒီလူက အရမ်းစွမ်းအားကြီးမားလွန်းတယ်"

ခဏနားပြီးမှ ပေဖန်းက ဆက်ရှင်းပြသည်။

"သူ ခွန်လွန်တောင်ပေါ်မှာ သတ်ပြီးထားခဲ့တဲ့ သူလျှိုတွေရဲ့ အလောင်းတွေ ၊ သွေးမှုံသွေးစတွေမှ မကြာခဏ တွေ့ရလေ့ရှိတယ် ၊ သူ သတ်ဖြတ်တာက သိပ်တိကျတယ် ၊ ဒါပေမဲ့ သူ့ကို တွေ့မြင်ဖူးတာတော့ အခုက ပထမဆုံးအကြိမ်ပဲ"

စကားဆုံးသွားတော့မှ ပေဖန်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…

"တစ္ဆေတံခါးကို သွားရှာကြမယ်လေ ၊ ခုချိန် ဒီကောင်တွေ ကျုပ်တို့ကို မတိုက်ခိုက်လောက်တော့ဘူး ထင်တာပဲ"

***

ကောင်းကင်ထက် လေဟာနယ်ထဲတွင်တော့…

အနက်ရောင်မြူခိုးများအတွင်းမှ တစ္ဆေမျက်နှာကြီးမှာ အံ့သြတုန်လှုပ်သွားဟန်ဖြင့်…

"ဘာဖြစ်သွားတာလဲ ၊ စောစောကပဲ ကျုပ်တို့ဘက်က အသာစီးရနေတာလေ ၊ ဘာလို့ ရုတ်တရက်ကြီး အရေးနိမ့်သွားရတာလဲ"

လေထုထဲတွင် စစ်တုရင်ခုံတစ်ခု ရှိနေသည်။

စစ်တုရင်ခုံတစ်ခြမ်းက အနက်ရောင်အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေပြီး အခြားဘက်ခြမ်းကတော့ အဖြူရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေ၏။

အစပိုင်းတွင် အနက်ရောင်အခိုးအငွေ့များက အဖြူရောင်အခိုးအငွေ့များကို ဖုံးလွှမ်းပစ်တော့မည့်အလား ဝန်းရံထားသည်။

သို့သော် ယခုတော့ အဖြူရောင်အခိုးအငွေ့များဘက်မှ ချက်ချင်းပြန်လည် အားကောင်းလာပြီး အနက်ရောင်အခိုးအငွေ့များကို ဖျက်စီးပစ်နေသည်။

"ဟားဟား…"

အနက်ရောင်မြူခိုးများထဲမှ မျက်နှာကြီးက ရယ်မောလိုက်သည်။

"ထားလိုက်ပါလေ ၊ ကျုပ်တို့ရဲ့တစ္ဆေတံခါးပွင့်တော့မယ် ၊ မင်းတို့လူတွေ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ ကြည့်တာပေါ့"

All Chapters