ငါပြောတဲ့သူငယ်ချင်းဆိုတာက ငါပဲ
Vol. 20 Ch. 286
"ဝူလင်ဟုန်းကွမ်လား"
ဒုတိယမျိုးဆက်လူချမ်းသာများမှာ ရယ်ရအခက် ငိုရအခက်ဖြင့် အချင်းချင်းကြည့်လိုက်မိကြသည်။
ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်သည့်အတွက် သူစုဆောင်းထားသော ကားများက မရေမတွက်နိုင်အောင် ရှိပေလိမ့်မည်။ ထိုကဲ့သို့သော သာမန်ဗဟုသုတလေးတော့ ချို့တဲ့နိုင်မည်မဟုတ်။
ဤကားများက ထိပ်တန်းအဆင့် ပြိုင်ကားများဖြစ်ပြီး တစ်စီးချင်းစီတိုင်းက တစ်နာရီလျှင် ၄၀၀ကီလိုမီတာကျော် မောင်းနိုင်စွမ်းရှိသည်။ ဝူလင်ဟုန်းကွမ်က ထိုကားများ၏ တာယာတစ်ခုကိုပင် မယှဉ်နိုင်ချေ။ ယခုလိုဟာသမျိုးက လုံးဝမရယ်ရပေ။
ထိုစူပါကားများကို အနိုင်ယူရန်အတွက် ဝူလင်ဟုန်းကွမ်ကို အသုံးပြုခြင်းကား ကားနတ်ဘုရားတာခုမိဖူဂျီဝါရသာ ရှိဦးမည်ဆိုလျှင်မူ ထိုအဆင့်အထိရောက်အောင် လုပ်ပြနိုင်သေးသည်။
"အစ်ကိုကျန်း.. ခင်ဗျားက တယ်လည်းဟာသဉာဏ်ရှိတာပဲ"
အမြောက်တပ်မှူး၏သားက ပြောလာလေသည်။
"ဟာသတဲ့လား။ ငါနောက်နေတာမဟုတ်ဘူး"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန်မျက်နှာမျိုးဖြင့် ပြောလိုက်သည်။
"ကားမောင်းပြိုင်တယ်ဆိုတာ လူပေါ်ပဲမူတည်တယ်။ ကားဆိုတာက ကိရိယာတစ်ခုသက်သက်ပဲ။ ဝူလင်ဟုန်းကွမ်တစ်စီးနဲ့ဆိုရင်တောင်မှ ငါ့သူငယ်ချင်းက သေချာပေါက်အနိုင်ယူနိုင်တယ်"
"အစ်ကိုကျန်း..ဝူလင်ဟုန်းကွမ်က အများဆုံးမှ တစ်နာရီကို ၂၀၀ကီလိုမီတာနှုန်းပဲ ရောက်နိုင်တာလေ။ ခင်ဗျားရဲ့သူငယ်ချင်း ကားနတ်ဘုရားက ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်နာရီ ၂၀၀ကီလိုမီတာနှုန်းနဲ့ မောင်းနိုင်တယ်ဆိုတာ ကျွန်တော်တို့ယုံပါတယ်။ ဒါပေမဲ့ ဒီကားနတ်ဘုရားတွေလည်း အဲလိုမောင်းနိုင်တာပဲ"
"ဟားဟားဟား..အဲဒါက သာမန်ဝူလင်ဟုန်းကွမ်တစ်စီးလေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်ပြီးနောက် ရှင်းပြလိုက်၏။
"အစ်ကိုကျန်း… ခင်ဗျား ဝူလင်ဟုန်းကွမ်ကို V12အင်ဂျင်ထည့်နိုင်ရင်တောင် ယာဉ်တစ်ခုလုံးရဲ့ စုစုပေါင်းတည်ဆောက်မှုပုံစံက ဒီလိုအမြန်နှုန်းမျိုးကို ခံနိုင်ရည်မရှိပါဘူး။ သတ်မှတ်ထားတဲ့အရှိန်တစ်ခုကို ရောက်သွားရင် ကားကိုယ်ထည်လည်း တစ်ပတ်လည်သွားလိမ့်မယ်"
"ပြောမှပဲ ကားနတ်ဘုရားက ဘာလို့ရောက်မလာသေးတာလဲ။ ပြိုင်ပွဲစဖို့ အချိန်ကျပြီလေ။ သူ ကြောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်"
တစ်စုံတစ်ယောက်က စိတ်မရှည်လက်မရှည်ဖြင့် နာရီတကြည့်ကြည့် လုပ်နေလေသည်။
ဤကားပြိုင်ပွဲသည် ရိုးရိုးပြိုင်ပွဲတစ်ခုထက် ပိုသွားလေပြီ။ နိုင်ငံတော်တော်များများ၏ ဂုဏ်သိက္ခာနှင့်ဆိုင်သော အရာတစ်ခုပင်။ ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိ မျက်လုံးပေါင်းများစွာကလည်း ဤပွဲကို စောင့်ကြည့်နေကြ၏။ ကားနတ်ဘုရားသာ နောက်ဆုတ်သွားခဲ့ပါက ဟွာရှားနိုင်ငံအဖို့ မျက်နှာပျက်ရလိမ့်မည်သာ။
အချိန်များ ဆက်လက်ရွေ့လျားနေသည်နှင့်အမျှ ပြိုင်ပွဲတင်ဆက်သူများ၏ လက်ဖဝါးများပင် ချွေးရွှဲနေလေပြီ။ ဟွာရှားကားနတ်ဘုရားက နာရီဝက်လောက်စောပြီး ပြေးလမ်းကို ရောက်လာလိမ့်မည်ဟု သူတို့ထင်ထားခဲ့မိသည်။ သို့သော် ယခုတော့ သူ လာပါ့မလားဆိုသည်ကိုပင် သူတို့ မသိတော့ပေ။
ယခုအချိန်အထိ ကျန်းမုန့်လောင်ကလွဲ၍ လျှို့ဝှက်ဆန်းကြယ်လှသော ဤကားမောင်းသမားက ဘယ်သူလဲဆိုသည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိကြသေးသလို ဆက်လည်းမဆက်သွယ်နိုင်ကြပေ။
"လောင်ကျန်း… ငါတို့ မင်းသူငယ်ချင်းကို တကယ်အားကိုးလို့ရပါ့မလား"
"ဟုတ်တယ်။ သူက မင်းကိုလှည့်စားမှာတော့မဟုတ်ပါဘူးနော်"
ဝမ်လင်နှင့် ချင်းဖန်တို့ပင် အတန်ငယ်စိတ်လှုပ်ရှားလာကြသည်။
"ဘာတွေလောနေတာလဲ။ ငါတို့မှာ နာရီဝက်အချိန်ရှိနေသေးတာပဲ"
ကျန်းမုန့်လောင်က ဆိုဖာပေါ်တွင် အေးအေးလူလူထိုင်၍ သူ့အချိုရည်ကိုသောက်ပြီး နေကြာစေ့ ခွာစားနေသည်မှာ ဤကိစ္စက သူနှင့် မသက်ဆိုင်သည့်အလားပင်။
"ငါတို့က ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲနေနိုင်မှာလဲ။ တခြားကားနတ်ဘုရားလေးယောက်က ရောက်နေပြီလေ။ သူသာ ရှုံးသွားရင် ငါတို့ဟွာရှားလူမျိုးတွေက အပြောဘဲရှိပြီး ဘာမှအစွမ်းမရှိတဲ့ ဟန်ပြသမားတွေလို့ ထင်သွားကြမှာမဟုတ်ဘူးလား"
ချင်းဖန်က ကားနတ်ဘုရားကို အယုံအကြည်မရှိခြင်းမဟုတ်သော်လည်း အခြားကားနတ်ဘုရားလေးယောက်က အလွန်အင်အားကောင်းလွန်းနေချေသည်။ တစ်ယောက်ချင်းစီတိုင်းက သူတို့နိုင်ငံတွင် ဒဏ္ဍာရီဆန်လှသော အောင်မြင်မှုများကို ကိုယ်စီရရှိထားသူများပင်။
သို့သော် ဟွာရှားကားနတ်ဘုရားနှင့်ပတ်သက်၍ သူတို့သိထားသည့် အကြောင်းအရာများမှာ နည်းပါးလှသည်။
"ဟားဟား"
ကျန်းမုန့်လောင်က ရယ်လိုက်မိသည်။
"စိတ်မပူပါနဲ့ လောင်ချင်းရာ.. ငါ့သူငယ်ချင်းက မျက်လုံးမှိတ်ထားရင်းနဲ့ မောင်းရင်တောင် အသာလေးအနိုင်ယူနိုင်တယ်"
"လောင်ကျန်း.. မင်းကတော့ ပုံကြီးချဲ့လွန်းသွားပြီ။ မျက်လုံးမှိတ်ပြီး ကားမောင်းမှတော့ "ကား"ဆိုတာကိုဖြုတ်ထားခဲ့ပြီး သူ့ကို "နတ်ဘုရား"လို့ပဲ ခေါ်ရတော့မှာပေါ့ကွ"
"ဟုတ်တယ်။ စကားကြီးစကားကျယ်တွေပြောပြီး ကိုယ့်လျှာကို ပြန်မကိုက်မိစေနဲ့ဦး"
ကျန်းမုန့်လောင်၏ ပူပင်ကြောင့်ကြကင်းမဲ့သော အပြုအမူကို မြင်သောအခါ တချို့လူများက မကျေမနပ်ဖြစ်လာကြလေတော့သည်။
ပြိုင်ကားချစ်မြတ်နိုးသူ ဒုတိယမျိုးဆက်လူငယ်လေးများအတွက်မူ ပြိုင်ကားမောင်းပြိုင်ပွဲဆိုသည်မှာ မြင့်မြတ်သောကိစ္စတစ်ရပ်ပင်။ ကားမောင်းပြိုင်ပွဲအပေါ်ထားသည့် ကျန်းမုန့်လောင်၏ အလေးမထားတတ်သော သဘောထားက သူ့ကို သူတို့သဘောကျသည့်စိတ်များကို အောက်ဆုံးအထိ ရောက်သွားစေသည်။
ကျန်းမုန့်လောင် ချမ်းသာသည်မှာ အမှန်ပင်ဖြစ်ပြီး သူ့ကိုလည်း လေးစားသူများရှိပါသော်ငြား တော်တော်များများ၏ အမြင်မှာမူ စီးပွားရေးသမားတစ်ယောက်က အမြဲ စီးပွားရေးသမားတစ်ယောက် ဖြစ်နေလိမ့်မည်သာ။ မည်မျှပင် ချမ်းသာနေပါစေ နိုင်ငံ့အာဏာရှေ့တွင်မူ သူတို့က ဘာမှအရေးမပါချေ။
ကျန်းမုန့်လောင်နှင့် ပဋိပက္ခဖြစ်ပါက သူ့ပိုက်ဆံများလည်း သူတို့နောက်ကွယ်ရှိ အင်အားများနှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း သူတို့ ယုံကြည်ထားသည်။
...
"ကားနတ်ဘုရားက ဘာလို့ရောက်မလာသေးတာလဲ"
"သူ သက်သက်ဟိတ်ဟန်ထုတ်နေတာလား။ သူသာရှုံးသွားရင် ငါတို့ အရှက်ကွဲမှာမဟုတ်လား"
"သူက ကားနတ်ဘုရားလေ။ ငါတို့က ဘာလို့များ နည်းနည်းလေးတောင် မျက်နှာသာမပေးရတာလဲ"
"သူ ထွက်ပြေးသွားတာမဟုတ်ဘူးလား"
"ငွေပြန်အမ်းပေး"
ပြိုင်ပွဲစတင်ရန် ဆယ်မိနစ်သာ လိုတော့သည့်အချိန်ဝယ် ပွဲကြည့်သူများမှာ မတည်မငြိမ်စဖြစ်လာကြသည်။
အတော်များများက လက်မှတ်များကို ဈေးကြီးပေး၍ ဝယ်ထားခဲ့ရသော်လည်း ကားနတ်ဘုရားကတော့ ယခုထိပေါ်မလာသေးသောကြောင့် တချို့က စိတ်တိုစပြုလာလေသည်။
"ကောင်းပြီလေ။ အချိန်ကျပြီ"
ကျန်းမုန့်လောင်က နေကြာစေ့အခွံများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီးနောက် ထွက်ပေါက်ရှိရာဆီသို့ ဦးတည်သွားလေသည်။
"လောင်ကျန်း.. မင်း ဘယ်သွားမလို့လဲ"
ဝမ်လင်က ဦးစွာမေးလိုက်ချေသည်။
"ပြိုင်ပွဲထဲကိုသွားမလို့လေ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြသည်။
"ငါသာ ပေါ်မလာဘူးဆိုရင် လူတွေက ငါ့ကို လူလိမ်လို့ထင်ကုန်ကြမှာပေါ့"
"ပြိုင်ပွဲကိုလေ? မင်းကလား"
ဝမ်လင် ရုတ်ခြည်းဆိုသလို တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ထို့နောက် သူ့အမူအရာလည်း ချက်ချင်းပြောင်းလဲသွားရလေတော့သည်။
"မင်း… ကားနတ်ဘုရားက မင်းသူငယ်ချင်းလို့ပြောခဲ့တာမဟုတ်ဘူးလား"
"စိတ်ကူးယဉ်သူငယ်ချင်းဆိုတာမျိုး မင်းမကြားဖူးဘူးလား"
ကျန်းမုန့်လောင်က ဆိုသည်။
"ငါပြောတဲ့သူငယ်ချင်းဆိုတာက တကယ်တော့ ငါပဲ"
"သောက်ကျိုးနည်း"
"ငါလူး"
ဝမ်လင်နှင့် ချင်းဖန်တို့ခမျာ ကစားခံလိုက်ရသလို ခံစားလိုက်ရသည်။ အထူးသဖြင့် ချင်းဖန်ပင်။ သူသည် ကားနတ်ဘုရားပေါ်လာအောင် ကျန်းမုန့်လောင်ဆီကတစ်ဆင့် မည်သို့လုပ်ရမလဲဆိုသည်ကို ခက်ခက်ခဲခဲစဉ်းစားခဲ့ရသည်။ တကယ်တမ်းတွင် ကျန်းမုန့်လောင်က ကားနတ်ဘုရားဖြစ်နေခဲ့သည်သာ။
"မဟုတ်သေးပါဘူး။ ဝေးပေါ်မှာ မင်းရဲ့ကားမောင်းနည်းပြက မင်း ယာဉ်မောင်းလိုင်စင် စာမေးပွဲရဲ့ ဘာသာ၂နဲ့ ဘာသာ၃ကို ကျခဲ့တယ်လို့ပြောထားတယ်လေ။ သက်သေပြဖို့အတွက် အမှတ်စာရင်းစာရွက်တောင် ရှိသေးတယ်။ တချို့ကလည်း လိုက်စစ်ဆေးကြည့်ပြီးပြီ။ အဲဒီမှတ်တမ်းတွေက တကယ့်အစစ်တွေ။ မင်းက ဘယ်လိုလုပ်ပြီး ကားနတ်ဘုရားဖြစ်နိုင်မှာလဲ"
ဝမ်လင်လည်း မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပေ။
တစ်နာရီလျှင် ၂၀၀ကီလိုမီတာဖြင့် Driftဆွဲခြင်း၊ ကုန်တင်ကားကြီးဖြင့် ကျော်တက်ခြင်းကဲ့သို့သော အရာများကို မကြာသေးခင်ကမှ ယာဉ်မောင်းလိုင်စင်ရထားပြီး ကားမောင်းလေ့မရှိသည့်အပြင် ဘာသာရပ်၂နှင့်၃ကို ကျခဲ့သူတစ်ဦးက လုပ်နိုင်မည်တဲ့လား။
"မုန့်လောင်… ကားနတ်ဘုရားက ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား"
ချင်းဖန်က ပြောလိုက်သည်။
"ဒီလူတွေက ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတွေထဲမှာမှ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတွေဆိုတာ မင်းသိသင့်တယ်နော်။ မင်း ခေါင်းမာမာနဲ့ ကားနတ်ဘုရားပါဆိုပြီး ဟန်ဆောင်နေမယ်ဆိုရင် ငါတို့ဟွာရှားလူမျိုးတွေလည်း အခုကစပြီး ဘယ်ရောက်ရောက် ခေါင်းမော့နိုင်တော့မှာမဟုတ်ဘူး"
"ဟုတ်တယ်။ မင်း အစတုန်းက သူတို့ကို ဘယ်လိုအရှက်ခွဲထားတယ်ဆိုတာလည်း မမေ့နဲ့ဦး။ ဒီလူတွေအကြောင်း ငါ ကောင်းကောင်းသိတယ်။ သူတို့တွေက အငြိုးထားတတ်တဲ့လူတွေ။ မင်းသာ သူတို့ဆီမှာရှုံးသွားရင် သူတို့တွေ ငါတို့ကို အွန်လိုင်းပေါ်မှာ ဘယ်လိုလှောင်မလဲဆိုတာ မသိနိုင်ဘူး"
"သောက်ကျိုးနည်း ငါတို့ကိုလာကစားနေတာလား"
"ကျန်းမုန့်လောင် ငါတို့တွေက ငတုံးတွေလို့ မင်းထင်နေတာလား"
"ကျန်းမုန့်လောင်… မင်းမှာ ပိုက်ဆံရှိတယ်ဆိုတာနဲ့ စွမ်းလှပြီလို့ထင်နေတာလား။ သာမန်လူတွေကိုသာ မင်း အရူးလုပ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါတို့ကိုအရူးလုပ်ဖို့မကြံနဲ့"
ဝမ်လင်နှင့် ချင်းဖန်တို့က အဆင်ပြေသေးသော်ငြား အခြားဒုတိယမျိုးဆက်လူချမ်းသာများအားလုံးကလည်း လှည့်စားခံရသည်ဟု ထင်နေကြသည်။
သူတို့သည် တစ်သက်လုံး အလိုလိုက်ခံခဲ့ရသူများပင်။ ယခုလိုမျိုး ဘယ်တုန်းကများ သူတို့ လှည့်စားခံရဖူးသလဲ။ သူတို့သည် ကားနတ်ဘုရားကို ယုံကြည်ရာအဖြစ်ပင် ကိုးကွယ်ခဲ့ကြခြင်းဖြစ်၏။
ယခုမူ ခပ်နာနာထိုးနှက်လိုက်သော အမှန်တရားတစ်ခုက သူတို့မျက်စိရှေ့သို့ ရောက်ချလာသည်။
ကားနတ်ဘုရားက အခက်အခဲကြားမှ ထွက်ပြေးသွားသော ငကြောက်တစ်ယောက် ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် ဘာသာရပ်၂နှင့် ဘာသာရပ်၃ကိုပင် ကျထားသော ကျန်းမုန့်လောင်က ဖန်တီးထားသည့် ပုံရိပ်အတုတစ်ခု ဖြစ်နေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဖြစ်နိုင်ခြေနှစ်ခုစလုံးက သူတို့အတွက် လက်ခံနိုင်စရာမရှိချေ။
"ကောင်းပြီလေ။ လောနေစရာဘာရှိလဲ"
ဒုတိယမျိုးဆက်လူချမ်းသာများ၏ အသံတွင် ယမ်းမှုန့်အငွေ့အသက်များ ယှက်သန်းနေသော်လည်း ကျန်းမုန့်လောင်က ကျိုးကြောင်းဆီလျော်မှုမရှိသူ မဟုတ်ပေ။ အကယ်၍ သူကိုယ်တိုင်လည်း ကစားခံရပါက စိတ်အခြေအနေကောင်းမွန်နေလိမ့်မည်မဟုတ်။
"ငါပြောပြီးပြီလေ။ အဲဒီကောင်တွေလောက်ကတော့ ငါ မျက်လုံးမှိတ်ပြီး ဝူလင်ဟုန်းကွမ်နဲ့ ပြိုင်မောင်းရင်တောင် အသာလေးနိုင်နိုင်တယ်လို့"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ငါ့မှာ ဘာသူတော်ကောင်းစိတ်မှမရှိပေမဲ့ သိုသိုသိပ်သိပ်ပဲနေတတ်တယ်လေ။ လောင်ချင်းက ငါ့ကိုတောင်းဆိုတာကြောင့်သာမဟုတ်ရင် ကားနတ်ဘုရားဆိုတဲ့ အလကားဂုဏ်ပုဒ်ကို ဂရုတောင်စိုက်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်လိုက်၏။
"ဟုန်းရီ အဆင်သင့်ဖြစ်ပြီလား။ ထုတ်ခဲ့လိုက်တော့"
သူ့စကားအဆုံးတွင် ပြိုင်ကွင်း၏ဝင်ပေါက်ကို ပြင်းထန်လှသော လေကြမ်းတစ်ပွေ တိုးဝှေ့တိုက်ခတ်လိုက်လေတော့သည်။ အလျားအားဖြင့် မီတာများစွာရှိသော ရဟတ်ယာဉ်တစ်စီးက တောင်တန်းများအကြားမှ ထင်မှတ်မထားပါဘဲ ပေါ်ထွက်လာလေသည်။ ဤမျှနက်ရှိုင်းလှသော ချောက်နက်ကြီးထဲတွင် ရဟတ်ယာဉ်တစ်စင်း ပုန်းအောင်းနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။
ရဟတ်ယာဉ်၏ အောက်နားတွင် စတုရန်းပုံသဏ္ဌာန်သေတ္တာတစ်လုံး ချိတ်ဆွဲထားသည်။ ရဟတ်ယာဉ် မြေပြင်သို့ဆင်းသက်လိုက်သောအခါ ထိုသေတ္တာကလည်း မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းရောက်ချလာသည်။
"အဲဒါက ဘာကြီးလဲ"
"ကားနတ်ဘုရားရဲ့ကားများလား"
"ဝိုး.. ဒီလိုအဝင်ပြကွက်မျိုးကတော့ကွာ။ ကားတစ်စီးကို ရဟတ်ယာဉ်နဲ့သယ်လာတာတဲ့လား"
"ငါ အရင်ကလည်း အဲဒီရဟတ်ယာဉ်ကိုမြင်ဖူးတယ်။ အဲဒါ ဘော့စ်ကျန်းရဲ့ရဟတ်ယာဉ်ပဲ"
"ကားနတ်ဘုရားလာပြီဟေ့"
"ကြည့်လိုက်ကြ.. သေတ္တာကြီး ပွင့်လာပြီ"
"ကားနတ်ဘုရားရဲ့ကားက ဘယ်လိုကားမျိုးလဲမသိဘူးနော်။ ဒါပေမဲ့ အံ့ဩဖို့တော့ကောင်းမှာပဲ။ ဟုတ်တယ်မလား"
...
ကားနတ်ဘုရားက ပေါ်မလာသေးပေ။ သို့သော် သူ့ကားကတော့ လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်ပြီဖြစ်၏။
"ဘွန်း"
သေတ္တာ၏ လေးဖက်လေးတန်ရှိ အကာများက ဘေးဘက်သို့ ပွင့်ကျသွားပြီးနောက် အထဲရှိ ကားပုံစံကလည်း ပေါ်လာလေတော့သည်။
"ဒါက…"
"နောက်နေတာမလား"
"ငါလူး.. ဝူလင်ဟုန်းကွမ်ကားကြီးလား"
***********