← Chapters

ဒါက သာမန်ဝူလင်ဟုန်းကွမ်မဟုတ်ဘူး

Vol. 20 Ch. 287

ဒါက သာမန်ဝူလင်ဟုန်းကွမ်မဟုတ်ဘူး

Vol. 20 Ch. 287

ဤဝူလင်ဟုန်းကွမ်ကား၏ ထွက်ပေါ်လာမှုက ပွဲကြည့်သူများအကြား တအံ့တဩရေရွတ်သံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုနေရာရှိ ပွဲကြည့်ပရိသတ်များသာမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များပါ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။

"ဟားဟားဟား ကားနတ်ဘုရားရဲ့ကားက ဝူလင်ဟုန်းကွမ်ပဲ။ အဓိပ္ပာယ်ရှိပါပေတယ်"

"ဒီလိုမောက်မာမှုမျိုးကို ငါ ၉၉မှတ်ပေးတယ်။ တစ်မှတ်ပိုပေးလိုက်ရင် ကားနတ်ဘုရား မာန်တက်သွားမှာစိုးလို့"

"ကားနတ်ဘုရားဖြစ်ထိုက်ပါပေတယ်။ ဝူလင်ဟုန်းကွမ်ကားနဲ့ ဝင်ချလာရတယ်လို့။ ဒါက သက်သက်လှောင်လိုက်တာပဲ"

"ဒီလိုလုပ်ပုံလုပ်နည်းမျိုးက ဘော့စ်ကျန်းနဲ့သွားတူနေတယ်လို့ ငါ ဘာလို့ခံစားမိနေတာပါလိမ့်။ ဒီလိုခမ်းနားတဲ့အကွက်မျိုးကို ငါ ဘော့စ်ကျန်းဆီမှာပဲ မြင်ခဲ့ဖူးတာ"

"ဘော့စ်ကျန်းရဲ့ သူငယ်ချင်း ပီသပါပေတယ်။ ကားနတ်ဘုရားရဲ့ကြွားဝါနိုင်စွမ်းကလည်း ထိပ်ဆုံးမှာပဲ"

"ဟားဟားဟား ဘာကားနတ်ဘုရားလဲ။ ကိုယ့်နိုင်ငံကို ပြန်လိမ့်လိုက်တော့။ ဟွာရှားကားနတ်ဘုရားရဲ့အမြင်မှာ ဝူလင်ဟုန်းကွမ်ကားနဲ့တင် မင်းတို့ကို အနိုင်ယူနိုင်တယ်ကွ"

"ဒါပေမဲ့ တကယ်ပါပဲ… လီဗာကို အသေဖိနင်းထားရင်တောင် ဒီဝူလင်ဟုန်းကွမ်က ကီလို၂၀၀မကျော်နိုင်ဘူးမလား။ ကားနတ်ဘုရားက ဒီလူတွေကို တကယ်လျှော့တွက်နေတာပဲ"

"အမှန်ပဲ။ တခြားကားနတ်ဘုရားတွေအကြောင်းတော့ ငါ သေချာမသိဘူး။ ဒါပေမဲ့ ချင်းချိုးက ကားနတ်ဘုရားကတော့ လမ်းကွေ့တစ်ခုမှာတောင် တစ်နာရီ ၂၅၀ကီလိုမီတာနဲ့ Driftဆွဲနိုင်တယ်။ ဟွာရှားကားနတ်ဘုရားက အရည်အချင်းရှိတယ်ဆိုရင်တောင် မြန်နှုန်းကန့်သတ်ချက်၂၀၀ပဲရှိတဲ့ကားကို ကီလို၂၅၀နဲ့ မောင်းနိုင်မှာတဲ့လား"

...

ဤအခြေခံသဘောတရားကို ပွဲကြည့်ပရိသတ်များပင် သိထားသည်ဖြစ်ရာ ကားနတ်ဘုရားက မသိဘဲနေမည်တဲ့လား။

ဤဝူလင်ဟုန်းကွမ်ကားကို မြင်သောအခါ သူတို့အားလုံး အကြောင်သားဖြစ်သွားကြသည်။ ဤသည်မှာ စိန်ခေါ်ပွဲတစ်ခု မဟုတ်တော့ပေ။ မျက်နှာပျက်အရှက်ရစေခြင်းသာ ဖြစ်၏။

ကျန်းမုန့်လောင်က ပိုင်ဆိုင်သူတန်ဖိုး တစ်ထရီလီယံနီးပါးရှိသော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Forbesလူချမ်းသာစာရင်းတွင်လည်း ဖော်ပြခံထားရသည်။ သူသာ သူတို့ကို ငွေဖြင့်ပစ်ပေါက်၍ အရှက်ခွဲလျှင် မည်သူမျှ အသံထွက်ရဲကြမည်မဟုတ်ချေ။ အကြောင်းမှာ သူတို့အနေနှင့် အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို ထုတ်နိုင်စွမ်းမရှိကြသောကြောင့်ပင်။

သို့သော် ယခုမူ ကားနတ်ဘုရားက သူတို့ကို ဝူလင်ဟုန်းကွမ်ကားနှင့် ပြိုင်ရန် စီစဉ်ထားပေသည်။ သူတို့အားလုံးက ကားနတ်ဘုရားများပင်။ သာမန်ပြိုင်ကားမောင်းသမားများကို အရှက်ခွဲရန်အတွက် ဝူလင်ဟုန်းကွမ်ကားကို မောင်းသည်ဆိုလျှင် ပိုသင့်တော်ပေဦးမည်။

"သောက်ကျိုးနည်း.. ဒီဟွာရှားလူမျိုးကတော့ သူ အရှက်ကွဲအောင် ငါလုပ်ပြမယ်"

"ဒီဟွာရှားသားကတော့.."

"သေစမ်း။ ဒီဟွာရှားနိုင်ငံသားကို သူူက ငါတို့ကားနတ်ဘုရားတွေရဲ့ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူးဆိုတာ သဘောပေါက်သွားအောင် လုပ်ပြမယ်"

...

"နေဦး"

ထိုအချိန်မှာပင် စကိုင်လာရီက ထိုကားနှင့်ပတ်သက်ပြီး ထူးဆန်းနေသောအရာတစ်ခုကို ရုတ်တရက်သတိထားမိလိုက်သည်။

သူက သတိကြီးကြီးထား၍ ဝူလင်ဟုန်းကွမ်ကားနားသို့ ချဉ်းကပ်သွားချိန်ဝယ် သူ့မျက်လုံးထဲတွင် လေးစားကြည်ညိုလေဟန် အရိပ်အယောင်တစ်ခုပင် ယှက်သန်းနေချေသည်။

ကင်မရာ အနီးကပ်ဆွဲပြလိုက်သောအခါ ပွဲကြည့်ပရိသတ်များလည်း ထူးခြားနေသော အရာတစ်ခုကို ချက်ချင်းသတိထားမိလိုက်ကြသည်။

ဤကားမှာ ဝူလင်ဟုန်းကွမ်ကားတစ်စင်းဖြစ်သော်ငြား ကားဘေးပိုင်း၊ ရှေ့ပိုင်းနှင့် အမိုးပေါ်တွင် အမျိုးမျိုးသောကားအမျိုးအစားလိုဂိုများက ပြည့်သိပ်နေချေသည်။

ဟွန်ဒါ၊ Chevrolet၊ BMW၊ မာစီးတီးဘန့်စ်၊ အော်ဒီ၊ ဖယ်ရာရီ၊ လမ်ဘော်ဂီနီ၊ အက်စတွန်မာတင်၊ ပါဂါနီ၊ SSC…

ဤကား၏ကိုယ်ထည်သည် ကမ္ဘာတစ်ဝှမ်းရှိ ဘရန်းအမျိုးမျိုး၏ လိုဂိုများကို စုစည်းထားသည့်အလားပင်။

"ဒီကားက…"

ကားနတ်ဘုရားများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ တစ်ဖက်လူထံတွင် သူတို့မြင်လိုက်ရသော အမူအရာများမှာ အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပြီး ရူးသွပ်စွဲလမ်းမှုအနည်းငယ်လည်း ပါရှိနေပေသည်။

"စကိုင်လာရီ ဒီကားက ဒဏ္ဍာရီလာ…."

"ဟုတ်တယ် ငါလည်း အဲလိုပဲထင်တယ်။ လွန်ခဲ့တဲ့၈နှစ်တုန်းက အဲလ်ပ်တောင်တန်းက မြေအောက်ကားပြိုင်ပွဲကို မှတ်မိလား"

"မှတ်မိတယ်။ အဲဒီတုန်းက ငါက ပြိုင်ကားမောင်းခါစ ကလေးအရွယ်ပဲရှိသေးတာ။ ငါ အဲဒီနေ့ကို လုံးဝမေ့နိုင်မှာမဟုတ်ဘူး"

အချိန်ကား လွန်ခဲ့သည့် ရှစ်နှစ်အကြာသို့ တစ်ပတ်ပြန်လည်သွားဟန်ပင်။ ထိုစဉ်က ဤကားနတ်ဘုရားများမှာ ပြိုင်ကားမောင်းခြင်းကိုပင် မစတင်ရသေးချေ။ သို့သော် ပြိုင်ကားအကြောင်း စိတ်အားထက်သန်လှသော ဆယ်ကျော်သက်များဖြစ်ကြသည့်အတွက် သူတို့အားလုံးတွင် အိပ်မက်တစ်ခုတည်းသာ ရှိသည်။ တစ်နေ့ အဲလ်ပ်တောင်တန်းတွင် ကျင်းပသော ထိုကားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ပင်။

အဲလ်ပ်တောင်တန်းရှိ ဤကားပြိုင်ပွဲသည် လူသိရှင်ကြားပြိုင်ပွဲတစ်ခု မဟုတ်ချေ။ ထိုပွဲကို အမေရိကမှ အထူးပြိုင်ကားကလပ်တစ်ခုက စီစဉ်ပြီး တစ်နှစ်တစ်ကြိမ်သာ ကျင်းပကာ လွယ်လင့်တကူလည်း စာရင်းပေးသွင်း၍ မရချေ။ ထိုအဖွဲ့အစည်းများထံမှ ဖိတ်ကြားခံရသူများသာ တက်ရောက်ခွင့်ရှိ၏။

ဖိတ်ကြားခံရသူများကလည်း နိုင်ငံအသီးသီးမှ ထိပ်တန်းအဆင့်ပြိုင်ကားမောင်းသမားများ ဖြစ်ကြပြီး အဲလ်ပ်တောင်တန်းကားပြိုင်ပွဲထံမှ ဖိတ်ကြားခံရခြင်းကပင် ပြိုင်ကားမောင်းသမားများအကြား ဂုဏ်ယူစရာတစ်ခုဟု သတ်မှတ်နိုင်ချေသည်။

ထိုပြိုင်ပွဲတွင် ဤဒဏ္ဍာရီလာကားနတ်ဘုရားလေးယောက်စလုံး သူတို့တစ်သက်တွင် ထိတ်လန့်ဖွယ်အကောင်းဆုံးမြင်ကွင်းတစ်ခုကို တွေ့ကြုံခံစားခဲ့ရပေသည်။

ထိုပြိုင်ပွဲသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း စိတ်လှုပ်ရှားဖို့အကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံးပင်။ "ကားနတ်ဘုရား"ဟု သတ်မှတ်ခံထားရသော ကမ္ဘာကျော်ပြိုင်ကားမောင်းသမားအားလုံး ထိုပွဲကို တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အနိုင်ရရှိသူကိုလည်း ကားနတ်ဘုရားအဖြစ် အားလုံးက အသိအမှတ်ပြုကြရသည်သာ။

ဤပြိုင်ပွဲအတွက် ပြိုင်ကားမောင်းသမားများက ကားနတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို ဆွတ်ခူးရန်အတွက် အသေးစိတ်ပြင်ဆင်မှုများ လုပ်ခဲ့ကြသည်။

သို့သော် ထိုပွဲရှိ ပြိုင်ကားများအကြား ဝူလင်ဟုန်းကွမ်ကားတစ်စီးက ထင်မှတ်မထားဘဲ ပေါ်ထွက်လာခဲ့သည်။ ပွဲစီစဉ်သူများလည်း ဤကားမောင်းသမားနှင့် ပတ်သက်ပြီး ဘာမှမသိချေ။ သူသည် မကြာသေးခင်က ပေါ်ထွန်းလာခဲ့သော ပြိုင်ကားကျွမ်းကျင်သူတစ်ယောက်ဟုသာ သိထားလေသည်။

သူက နိုင်ငံအမြောက်အများရှိ တရားမဝင်ပြိုင်ပွဲများတွင် ဝင်ပြိုင်ခဲ့ပြီး သူနှင့်ယှဉ်ပြိုင်သူမှန်သမျှမှာလည်း ဝူလင်ဟုန်းကွမ်၏ မရပ်မနားအရှိန်မြှင့်မှုများနှင့် အကွေ့နေရာများတွင် Driftဆွဲသွားသည့် မြင်ကွင်းကိုသာ မှတ်မိနေကြသည်။ သူအနိုင်ရခဲ့သည့် ပြိုင်ပွဲတိုင်းတွင် ရှုံးနိမ့်သူ၏ကားအမှတ်တံဆိပ်ကို ဆွဲခွာပြီး သူ့ကားပေါ်တွင် ကပ်၍ အသာလေးထွက်ခွာသွားခဲ့သည်။

အဲလ်ပ်ကားမောင်းပြိုင်ပွဲအတွင်း တစ်စုံတစ်ယောက်က ပြိုင်ပွဲမှတ်တမ်းကို ပြန်လည်သုံးသပ်ရာတွင် ထိုကား၏ကိုယ်ထည်ပေါ်၌ အမှတ်တံဆိပ်ပေါင်း၁၂၄ခုကို ကပ်ထားကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအဓိပ္ပာယ်မှာ သူသည် ယခုအချိန်အထိ ပြိုင်ဘက်ပေါင်း၁၂၄ယောက်ကို အနိုင်ယူခဲ့ပြီးပြီဟူသော အဓိပ္ပာယ်ပင်။

ကြောက်ဖို့အကောင်းဆုံးအချက်မှာ ပွဲစီစဉ်သူများ၏အဆိုအရ ဤပြိုင်ကားသမား၏ အချက်အလက်တစ်ခုသော်မျှ သူတို့ ရှာမတွေ့ခြင်းပင်။ ထို့ကြောင့် အစတုန်းက သူတို့ ဖိတ်စာပို့ချင်ခဲ့သော်ငြား ဆက်သွယ်ရန်လိပ်စာမရှိခဲ့ကြချေ။

သို့သော် ဖိတ်စာများ မပို့ခင် ရှေ့တစ်ရက်တွင် စာအိတ်တစ်ခုက ပြိုင်ကားကလပ်၏ စာတိုက်ပုံးထဲသို့ ရောက်လာခဲ့သည်။ ထိုစာအိတ်ပေါ်တွင် ပေးပို့သည့် လိပ်စာရေးထားသော်ငြား စောင့်ကြည့်မှတ်တမ်းတွင် စာတိုက်ပုံးထဲသို့ စာထည့်သွားသူကို လုံးဝမတွေ့ရပေ။

ထိုပြိုင်ပွဲက ပြိုင်ကားမောင်းသမားများအားလုံးအတွက် အိပ်မက်ဆိုးကြီးတစ်ခုပင်။ ဝူလင်ဟုန်းကွမ်က အံ့ဩဖွယ်ကောင်းသော မြင်းကောင်ရေအားကို ထုတ်ပြခဲ့ပြီး တစ်နာရီလျှင် ၁၀၀ကီလိုမီတာနှုန်းသို့ ၂စက္ကန့်အတွင်း ရောက်ရှိသွားကာ ၁၄၃ဒီဂရီရှိသော ကြမ်းတမ်းလှသည့် ထောင့်ချိုးတစ်ခုမှာပင် အရှိန်မလျှော့ခဲ့ပေ။ ထိုအစား အရှိန်ခပ်ပြင်းပြင်းနှင့် ဆက်သွားနေခဲ့သည်။

လမ်းကြောင်းပေါ်ရှိ အရှိန်ပြမီတာထက်တွင် တစ်နာရီ ၃၁၂ကီလိုမီတာနှုန်းဟူသော အံ့ဖွယ်အရှိန်တစ်ခုကို ပြသခဲ့ပေသည်။

ထိုအချိန်တုန်းက ပြိုင်ကားသမားများအားလုံးအကြား ထောင့်ချိုးတစ်ခုကို ဖြတ်သန်းရာတွင် မှတ်တမ်းတင်ထားနိုင်ခဲ့သည့် အမြင့်ဆုံးအရှိန်မှာ တစ်နာရီလျှင် ၂၃၇ကီလိုမီတာပင်။

ဝူလင်ဟုန်းကွမ်ကားတစ်စီးက တစ်နာရီ၄၀၀ကီလိုမီတာနီးနီး မောင်းနှင်နိုင်ခဲ့သည်ကို မည်သူကများ ယုံနိုင်ပါအံ့နည်း။ သေတ္တာပုံစံဖြင့် ဤကားက စူပါကားများ၏ဒီဇိုင်းနှင့် ကွာခြားလှပေသည်။ တစ်နာရီ၄၀၀ကီလိုမီတာနှုန်းသို့ အရှိန်တင်လိုက်ပြီးနောက် ပြိုင်ပွဲတစ်ခုလုံးကို ထိုအရှိန်ဖြင့် အဆုံးအထိမောင်းနှင်သွားခဲ့သည်။

ပြိုင်ပွဲပြီးဆုံးသောအခါ လူတိုင်းက ကားနတ်ဘုရားအသစ်၏ မွေးဖွားမှုအကြောင်း အင်တာဗျူးရန် စောင့်ဆိုင်းနေခဲ့ပါသော်လည်း ဝူလင်ဟုန်းကွမ်၏ပိုင်ရှင်ကမူ ပြန်သွားနှင့်လေပြီဖြစ်၏။ ထိုစူပါကားများမှ အမှတ်တံဆိပ်များအားလုံးလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေတော့သည်။

ကားနတ်ဘုရားအတွက် ဆုပေးပွဲအခမ်းအနား မလုပ်ခဲ့ရသော်ငြား ထိုဂုဏ်ပုဒ်ကို ဝူလင်ဟုန်းကွမ်ကားပိုင်ရှင်က ပိုင်ဆိုင်ကြောင်း လူတိုင်းအသိပင်။

ထိုပြိုင်ပွဲအပြီးတွင် ထိပ်တန်းအဆင့်ကားနတ်ဘုရားတစ်ဒါဇင်ခန့်က သူတို့ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ကြပြီး အချို့မှာမူ စိတ်ပျက်လက်ပျက်ဖြစ်ကာ တက္ကစီပင် စမောင်းနေကြတော့သည်။

ဤအဖြစ်ကား လျှို့ဝှက်ဆန်းကြယ်လှသော ထိုကားနတ်ဘုရားက သူတို့ထံ ထားရစ်ခဲ့သည့် မြင့်မြတ်လှသော သက်ရောက်မှုပင်။

ရှစ်နှစ်ကြာပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ထိုလူအကြောင်း တချို့က မေ့သွားကြသော်လည်း ဤကားကိုမြင်သောအချိန်မှာမူ ချိပ်ပိတ်ခံထားရသော မှတ်ဉာဏ်များအားလုံးက တစ်ဖန်ပြန်ရှင်သန်လာခဲ့သည်။

"ဩစတြီးယားကားနတ်ဘုရား ဘူစကားဘူဂါတီ၊ တူရကီကားနတ်ဘုရား ကိုနစ်ဂ်ဆက်၊ အမေရိကန်ဝါရင့်ကားနတ်ဘုရား အက်စတွန်မာတင်၊ အင်္ဂလန်ကားနတ်ဘုရား လိုင်ကန်၊ ပြင်သစ်ကားနတ်ဘုရား ဆိုက်ဖီ.."

စကိုင်လာရီက ဝူလင်ဟုန်ကွမ်ကားပေါ်ရှိ "ဆုတံဆိပ်များ"ကို ဂရုတစိုက်ထိကြည့်လိုက်မိသည်။

ထိုပြိုင်ပွဲကို မြင်ခဲ့ရပြီးကတည်းက ထိုကားနတ်ဘုရားသည် သူ့အိုင်ဒေါလ်ဖြစ်လာခဲ့ပြီး သူ၏သက်ဝင်ယုံကြည်မှုတစ်ခုပင် ဖြစ်လာခဲ့သည်။

"ကားနတ်ဘုရား ပြန်ပေါ်လာပြီ"

"အဲဒီကားနတ်ဘုရားက ဟွာရှားကဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး"

"မဟုတ်ဘူး။ သူက အဲဒီကားနတ်ဘုရားမဖြစ်နိုင်ဘူး"

ရီကျင်းဟူက ပြောလိုက်သည်။

"ငါ ကားနတ်ဘုရားရဲ့အသေးစိတ်အချက်အလက်ကို စုံစမ်းခဲ့သေးတယ်။ စောင့်ကြည့်မှတ်တမ်းထဲမှာ ရှင်းလင်းပြတ်သားတဲ့ ဓာတ်ပုံတစ်ခုတောင် မပေါ်ခဲ့ပေမဲ့ ပုံကြမ်းလောက်တော့ မြင်ရသေးတယ်။ ကုန်တင်ကားမောင်းခဲ့တဲ့ ကားနတ်ဘုရားက အသက်၂၀ဝန်းကျင်ပဲ ရှိသေးတာ"

"ဆိုတော့ အဓိပ္ပာယ်က…"

"ဒီလူကသာ အဲဒီလူပဲဆိုရင် ဟိုပြိုင်ပွဲတုန်းက ကားနတ်ဘုရားက အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်လောက်ပဲရှိဦးမှာ။ အဲဒါ ဖြစ်နိုင်လို့လား"

ရီကျင်းဟူက ဆန်းစစ်ပြလိုက်လေသည်။

"အဲဒီတုန်းက ကားနတ်ဘုရားက အနည်းဆုံးတော့ နှစ်ဆယ်ကျော် သုံးဆယ်ကျော်ပဲ။ အခုဆိုရင် အဲလောက်မငယ်လောက်တော့ဘူး"

"ဒီလူက အဲဒီကားနတ်ဘုရားရဲ့အမွေဆက်ခံသူ ဒါမှမဟုတ် မျိုးဆက်တစ်ယောက် ဖြစ်နိုင်တယ်"

ရီကျင်းဟူက ထိုသို့သုံးသပ်ပြလိုက်သည်။

"ဟားဟားဟား သိပ်ဆန်းကြယ်တာပဲ။ ငါတော့ စိတ်လှုပ်ရှားနေပြီဟေ့"

"ကားနတ်ဘုရားရဲ့မျိုးဆက်တဲ့။ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ ကားနတ်ဘုရားရဲ့မျိုးဆက်ကို အနိုင်ယူနိုင်တဲ့လူကတော့ ကမ္ဘာ့အဆင့်ကားနတ်ဘုရားဖြစ်ထိုက်ပါပေတယ်"

"ကားကရောက်လာပြီဆိုတော့ ကားနတ်ဘုရားရဲ့မျိုးဆက်လည်း ရောက်သင့်နေပြီမလား"

မျက်လုံးလေးစုံက ဝင်ပေါက်ဆီသို့ လှည့်လိုက်ချိန်ဝယ် လူငယ်လေးတစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်လာချေသည်။

***********

All Chapters