ငါ့အဖေက ဒီလောက်အံ့ဖွယ်ကောင်းမှန်း ငါမသိခဲ့ဘူး
Vol. 20 Ch. 288
လွန်ခဲ့သည့်ရှစ်နှစ်က "ကားနတ်ဘုရား"သည် လျှို့ဝှက်ချက်တစ်ခုမဟုတ်။ ပြိုင်ကားလောကထဲရှိ လူတိုင်း သူ့အကြောင်း ကြားဖူးကြသည်သာ။ ပြိုင်ကားမောင်းသမားတော်တော်များများကလည်း ထိုကား၏ဓာတ်ပုံများနှင့် ဗီဒီယိုများကို သူတို့ဖုန်းများ သို့မဟုတ် ကွန်ပျူတာများထဲတွင် သိမ်းဆည်းထားခဲ့ကြသည်။
မကြာခင်မှာပင် လူအမြောက်အများက ဤဒဏ္ဍာရီလာကားကို မှတ်မိသွားကြတော့သည်။
"ဘာလဲဟ။ အဲဒါက ကားနတ်ဘုရားရဲ့ကားလား"
"ရှစ်နှစ်ရှိပြီ။ သူ ပျောက်သွားတာ ရှစ်နှစ်တိတိရှိပြီ။ အခုတော့ ကားနတ်ဘုရားပြန်လာပြီကွ"
"သူက ကားနတ်ဘုရားရဲ့မျိုးဆက်လား။ ဒါမှမဟုတ် သူ့တပည့်တွေထဲက တစ်ယောက်လား"
"အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ဒီကားကို ထပ်မြင်ရလောက်တဲ့အထိ ငါ ကံကောင်းလိမ့်မယ်လို့ ထင်မထားဘူး"
စိတ်လှုပ်ရှားနေသည်မှာ ဒဏ္ဍာရီလာကားနတ်ဘုရားလေးယောက်တည်း မဟုတ်ချေ။ ပွဲကြည့်ပရိသတ်များကလည်း မျှော်လင့်စောင့်စားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေချေသည်။
"ကျန်းမုန့်လောင်နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက ကားနတ်ဘုရားက ဘယ်လိုပတ်သက်မှုမျိုးရှိတာလဲ"
"တော်တယ် ကျန်းမုန့်လောင်ရေ.. ဒီကိစ္စကို ငါတို့ကိုလျှို့ဝှက်ထားတယ်ပေါ့။ ခဏနေရင် မင်းတော့ သေပြီပဲ"
ဝမ်လင်နှင့် ချင်းဖန်တို့က ဝင်ပေါက်တွင် ပေါ်လာသော လူငယ်လေးကိုကြည့်၍ အားမလိုအားမရစိတ်ကြောင့် အံတင်းတင်းကြိတ်ထားလိုက်မိကြသည်။
...
"တောင်းပန်ပါတယ်။ ခင်ဗျား အထဲကိုဝင်လို့မရပါဘူး"
ကားနတ်ဘုရား ထွက်ပေါ်လာမည့်အချိန်ကို အားလုံးက မျှော်လင့်တကြီးစောင့်ဆိုင်းနေစဉ်မှာပင် ပြိုင်ကွင်းအဝင်ဝတွင် ရုတ်ရုတ်သဲသဲကိစ္စတစ်ခု ပေါ်ပေါက်လာသဖြင့် ကင်မရာပေါင်းများစွာကလည်း ထိုနေရာသို့ မြင်ကွင်းချဲ့ပြလိုက်သည်။
"အဲဒီပုံစံကို ရင်းနှီးနေသလိုပဲ"
"အဲဒါ ဘော့စ်ကျန်းပဲ။ အဲဒါ ကျန်းမုန့်လောင်ကွ"
"ကားနတ်ဘုရားက ဘယ်မှာလဲ။ ဘာလို့ သူတစ်ယောက်တည်းရောက်လာတာလဲ"
"ငါ့ကောင်တို့ ငါ့မှာ ရဲတင်းတဲ့သီအိုရီတစ်ခုရှိတယ်…"
...
"မစ္စတာကျန်း.. ဒါက ပြေးလမ်းပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့လုံခြုံရေးကို စောင့်ရှောက်ပေးရမှာမို့ပါ။ အဲဒါကြောင့် ကျေးဇူးပြုပြီး ပွဲကြည့်စင်နေရာကိုပဲ ပြန်သွားပေးပါ"
ဘေးပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်များ၏ အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ လုံခြုံရေးအစောင့်များကလည်း ဤလူမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ဖြစ်ကြောင်း ခပ်မြန်မြန်ရိပ်စားမိလိုက်လေသည်။
သူတို့၏သဘောထားက အံ့ဖွယ်ကောင်းလောက်အောင် လေးစားကြည်ညိုသွားကြသော်လည်း ကျန်းမုန့်လောင်ကို ဖြတ်သန်းခွင့်တော့ မပေးသေးပေ။ သူ့လို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်သာ ပြေးလမ်းထဲတွင် မတော်တဆမှုတစ်ခုခုဖြစ်သွားပါကသူတို့အသက်ကို လျော်ကြေးအနေနှင့် ပြန်ပေးလျှင်တောင် သူတို့၏ လုံခြုံရေးအလုပ်လည်း လုံခြုံနိုင်တော့မည်မဟုတ်။
"အိုး..ငါက ပြိုင်ပွဲဝင်ဖို့လာခဲ့တာ"
ကျန်းမုန့်လောင်က ခပ်ပေါ့ပေါ့ဆိုလိုက်လေသည်။
"ဘာ"
လုံခြုံရေးများခမျာ ကြက်သေသေသွားကြသည်။
"မစ္စတာကျန်း.. ကားနတ်ဘုရားက ခင်ဗျားသူငယ်ချင်းမဟုတ်…"
"ငါပြောတဲ့သူငယ်ချင်းဆိုတာ ငါကိုယ်တိုင်ပဲ။ တကယ်တော့ ငါက လူတိုင်းပြောနေကြတဲ့ ကားနတ်ဘုရားပဲ"
"ဘယ်လို"
လုံခြုံရေးများ လုံးဝပြောစရာစကား ကင်းမဲ့သွားလေသည်။
ဤသတင်းထက် ပိုပေါက်ကွဲအားပြင်းသော သတင်းဟူ၍ ရှိနိုင်ဦးမည်လော။
လူတိုင်းက ကားနတ်ဘုရားကို ရှာဖွေနေခဲ့ကြသော်လည်း ယခုမူ ကျန်းမုန့်လောင်က သူ့ကိုယ်သူ ကားနတ်ဘုရားဖြစ်ကြောင်း ဝန်ခံလိုက်လေပြီ။
ရုပ်သံဖမ်းမှုကို ပွဲကြည့်စင်နေရာဆီသို့ ထုတ်လွှင့်နေသည်ဖြစ်ရာ ပွဲကြည့်သူများအားလုံး ထိတ်လန့်သွားပြီး တအံ့တဩရေရွတ်သံကြီးတစ်ခု ပေါ်ထွက်လာသည်။
"သောက်ကျိုးနည်း.. ကားနတ်ဘုရားက ဘော့စ်ကျန်းလား။ ငါ အစကတော့ သံသယဝင်လိုက်သေးတယ်။ ကားနတ်ဘုရားက အစကတည်း ပေါ်မလာခဲ့ဘဲ ဘော့စ်ကျန်းကပဲ သူ့အတွက် ပြောပေးနေခဲ့တာလေ"
"ငါ လုံးဝမအံ့ဩမိဘူးလို့ ပြောရင် မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ ငါလည်း ဒါကို နည်းနည်းတော့ရယ်စရာကောင်းတယ်လို့ထင်တယ်"
"ယာဉ်မောင်းနည်းပြ ရှေ့ထွက်လာခဲ့ပေးလို့ရမလား။ ခင်ဗျားရဲ့ခေါင်းပေါ် အနီရောင်ဘုတစ်လုံးလောက် ထွက်အောင်လုပ်ပေးချင်လို့"
"အဲဒီဗီဒီယိုက သယ်ယူပို့ဆောင်ရေးဌာက လူတစ်ယောက်က တင်လိုက်တာ။ အဲဒါက တကယ့်အစစ်ဖြစ်ရမှာလေ။ ဘာသာရပ်၂နဲ့ဘာသာရပ်၃ကို ကျခဲ့တဲ့လူတစ်ယောက်က ဒီလိုအကွက်မျိုးလည်း ကစားပြနိုင်တယ်လို့ လာပြောနေတာပေါ့။ ငါတို့ကိ ငတုံးတွေများမှတ်နေလား"
"လျှိုတယ်ဟေ့ ဘော့စ်ကျန်း"
"အဲဒီယာဉ်မောင်းနည်းပြက ခင်ဗျားရဲ့သရုပ်မှန်ကိုဖုံးကွယ်ဖို့အတွက် ခန့်ထားတဲ့ သရုပ်ဆောင်တစ်ယောက်များလား"
"ဘော့စ်ကျန်း.. အဲဒါကို သိုသိုသိပ်သိပ်နေတယ်လို့ခေါ်တယ် (ခွေးခေါင်း)"
"သိုသိုသိပ်သိပ်နေတာတဲ့လား။ ဒါက ဘော့စ်ကျန်းရဲ့ကြွားဝါမှုနည်းလမ်းအသစ်တစ်ခုပဲ။ သူ့ချမ်းသာကြွယ်ဝမှုကို ထုတ်ကြွားနေရတာက သူ့ရဲ့ကြွားဝါချင်စိတ်ကို အာသာမပြေစေဘူးလေ"
"ကျန်းက တကယ်ကြီးနိုင်နိုင်ပါ့မလား။ ငါတို့ကို မျှော်လင့်ချက်တွေပေးထားပြီးမှ ရှုံးသွားရင် နှစ်ဆအရှက်ကွဲရမှာမဟုတ်ဘူးလား"
"ကြိုးစားထား ကျန်း.. ရှင်နိုင်ရင် ကျွန်မ ရှင့်ကလေးတွေမွေးပေးမယ်"
...
"မစ္စတာကျန်း သေချာရဲ့လား"
လုံခြုံရေးက ပရော်ဖက်ရှင်နယ်ဝတ်စုံများနှင့် ဦးထုပ်များဆောင်းထားသော နိုင်ငံခြားကားနတ်ဘုရားများကိုကြည့်၍ တစ်ကြိမ်ထပ်မေးလာသည်။
ဖီလာအားဖြင့် ကျန်းမုန့်လောင်ကတော့ လေကာအင်္ကျီခပ်ပွပွတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး လက်တစ်ဖက်က ကြံတစ်ချောင်းကိုင်ထားပြီး ဝါးနေကာ ကျန်လက်တစ်ဖက်ကတော့ ကြံချောင်းထည့်ထားသည့် အိတ်တစ်လုံးကို ကိုင်ထားသေးသည်။ သူသည် ပြိုင်ပွဲလာပြိုင်သည့်သူနှင့်ရော တူရဲ့လား။
"ဘာဖြစ်လို့လဲ။ ငါ့ပုံစံက မသေချာတဲ့ပုံပေါက်နေလို့လား"
ကျန်းမုန့်လောင်က မကျေမနပ်ပြောလိုက်လေသည်။
"အဲလိုမဟုတ်ပါဘူး… ခင်ဗျားက အကာအကွယ်ဝတ်စုံဝတ်မထားတော့ တကယ်လို့…"
"မဖြစ်စလောက်ငါးလေးတစ်ကောင်နဲ့ ပုစွန်အပုပ်လေးတွေလောက်ပါ။ အကာအကွယ်ဝတ်စုံတွေမလိုပါဘူး။ လက်တစ်ဖက်တည်း မောင်းရုံနဲ့တင် အဆင်ပြေပြီ"
သူက ပလက်စတစ်အိတ်ကို လှမ်းပေးလိုက်သည်။
"စားမလား။ အနက်ရောင်ကြံချောင်း.. တစ်ချောင်းကို ဆယ်ဒေါ်လာပေးရတယ်"
"ကျွန်တော်…"
လုံခြုံရေးခမျာ ပြောစရာစကားပင် ကင်းမဲ့သွားလေသည်။
ပွဲကြည့်ပရိသတ်များအားလုံးလည်း အကြောင်သားဖြစ်သွားချေသည်။
မင်းက ကမ္ဘာ့အချမ်းသာဆုံးလူမဟုတ်ဘူးလား။ ဆယ်ဒေါ်လာတန်ကြံတစ်ချောင်းဝါးရတာကို ဘာတွေဂုဏ်ယူနေတာလဲ…
ဒုက္ခများလှသော ဤတောင်တန်းပြိုင်ကွင်းပေါ်တွင် ကြံချောင်းကို လက်တစ်ဖက်ကကိုင်စားရင်း ကျန်လက်တစ်ဖက်ဖြင့် ကားမောင်းမည်ဟု ဆိုနေခြင်းမှာ ကျန်းမုန့်လောင်သည် စင်စစ်အရည်အချင်းရှိပြီး ယုံကြည်မှုထက်သန်နေခြင်းလား။ သို့မဟုတ် သူ့အသက်ကို ခပ်ပေါ့ပေါ့သဘောထားနေသလား။
...
"မစ္စတာကျန်း… ဒါဆို ခင်ဗျားက လျှို့ဝှက်ဆန်းကြယ်တဲ့ကားနတ်ဘုရားလား"
အမေရိကန်ကားနတ်ဘုရား စကိုင်လာရီလယ်ဘက်ခ်က ကျန်းမုန့်လောင်ကို ရင်းနှီးဖော်ရွေမှုကင်းမဲ့နေသော လေသံဖြင့် ပြောလာသည်။
ကျန်းမုန့်လောင်သည် ထိုကားနတ်ဘုရား၏ မျိုးဆက်ဖြစ်နိုင်ပါသော်လည်း သူတို့သည် သူ့ထံတွင် ငွေဖြင့် ဖိနှိပ်ပြီး အရှက်ခွဲခံခဲ့ရသည်။ သူ ကားနတ်ဘုရားစစ်စစ်ဖြစ်နေလျှင် ဤသည်မှာ တစ်ကဏ္ဍပင်။ သူ့အရည်အချင်းဖြင့်သာ သူတို့၏လေးစားမှုကို ရယူနိုင်မည်ဖြစ်၏။
သို့သော် ကျန်းမုန့်လောင်က သူတို့နှင့် မပြိုင်ရသေးပေ။ ကားနတ်ဘုရား၏ မျိုးဆက် ဖြစ်နေစေဦးတော့။ ကားနတ်ဘုရား၏ အရည်အချင်းအားလုံးကိုတော့ မဆက်ခံထားနိုင်လောက်ပေ။ ကျန်းမုန့်လောင်နှင့်ပတ်သက်လာလျှင် သူတို့ အထင်ကြီးအံ့ဩစိတ်ဟူ၍ မရှိပါဘဲ ရန်ငြိုးအသစ်နှင့်အဟောင်း ပေါင်းပြီး အရေခွံစုတ်ပစ်ချင်စိတ်သာ ရှိသည်။
"မစ္စတာကျန်း.. ခင်ဗျားကိုယ်တိုင်လည်း ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်နေတာဆိုတော့ ဒီလိုအရှက်ခွဲမှုမျိုးက ကားနတ်ဘုရားဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူးလို့မထင်ဘူးလား"
"ကားနတ်ဘုရားတဲ့လား။ ဒီဂုဏ်ပုဒ်က သူများတွေပေးထားတာလေ။ ငါနဲ့ ဘာမှမဆိုင်ဘူး"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
စကိုင်လာရီခမျာ အသက်ပြင်းပြင်းရှူရှိုက်မိသည်။ ကျန်းမုန့်လောင်က ကားနတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို အလေးအနက်ထားခြင်းမရှိသဖြင့် သူ့ကို မည်သို့ဝေဖန်ရမလဲဆိုသည်ကို မသိတော့ပေ။
"မစ္စတာကျန်း.. ခင်ဗျားနဲ့ ကားနတ်ဘုရားက ဘယ်လိုပတ်သက်မှုရှိတာလဲ"
ကျိုအီချီက ဟန်ကိုယ့်ဖို့လုပ်ရင်း မေးလိုက်လေသည်။
"ကားနတ်ဘုရား"
ကျန်းမုန့်လောင် နားမလည်နိုင်ဖြစ်သွားရသည်။
"မင်းတို့ပြောနေတဲ့ ကားနတ်ဘုရားဆိုတာက ငါပဲလို့ အခုပဲပြောလိုက်တယ်မဟုတ်ဘူးလား"
"မဟုတ်ပါဘူး။ ကျွန်တော်တို့ဆိုလိုချင်တာက ဒီကားရဲ့ပိုင်ရှင်ကိုပြောတာပါ။ သူကမှ တကယ့်ကားနတ်ဘုရားအစစ်လေ"
ကျိုအီချီက ကျန်းမုန့်လောင်ကို အထူးတဆန်းဟန်ဖြင့် ကြည့်လိုက်၏။ ကျန်းမုန့်လောင်က ကားပိုင်ရှင်၏သရုပ်မှန်ကို မသိထားခြင်းမျိုး ဖြစ်နေလေမလား။ ဤသည်မှာ အဓိပ္ပာယ်မရှိချေ။
"အိုး..ဒီကားကိုပြောတာလား။ ဒီကားက ငါ့အဖေပိုင်တာလေ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဒါက ခင်ဗျားအဖေရဲ့ကားလား။ ခင်ဗျားအဖေက ကားနတ်ဘုရားလား"
"ဘယ်ကားနတ်ဘုရားလဲ"
ကျန်းမုန့်လောင် လုံးဝကြောင်အသွားချေသည်။
ဤပြိုင်ပွဲကြောင့် ကျန်းမုန့်လောင်သည် သူ့အဖေ၏ကားဂိုဒေါင်ကိုသွားပြီး တွေ့ရာကားတစ်စီးကို ရွေးချယ်ရန် ရည်ရွယ်ခဲ့သည်။
ထင်မှတ်မထားပါဘဲ ဝူလင်ဟုန်းကွမ်ကားတစ်စီးက ထိုဂိုဒေါင်ထဲတွင် ရှိနေသဖြင့် ဟုန်းရီ၏ပြောစကားအရ သူ့အဖေ ကျန်းရှောင်ယွင်၏ကားဖြစ်ကြောင်း သိလိုက်ရသည်။ ဤကားကို သူ ပြုပြင်မွမ်းမံထားခြင်းဖြစ်ပြီး ငွေကုန်ကြေးကျလည်းများကာ လုပ်ဆောင်ရည်အရာတွင်လည်း စူပါကားများနှင့် ယှဉ်နိုင်သည်ဟု ဆိုလေသည်။
"မစ္စတာကျန်း.. ခင်ဗျားအဖေက ပြိုင်ကားလောကမှာ ဒဏ္ဍာရီလာ ကားနတ်ဘုရားဖြစ်ခဲ့တယ်ဆိုတာ မသိဘူးလား"
ကျိုအီချီက ပြောလိုက်လေသည်။
"ဒီကားက သူချန်ထားရစ်ခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ပဲ"
"ငါ့အဖေက ကားနတ်ဘုရားတဲ့လား။ ငါမသိဘူး"
ကျန်းမုန့်လောင် ဝန်ခံလိုက်သည်။ သူ့အဖေ ကားမောင်းပြိုင်သည့်အကြောင်းကို သူ လုံးဝမကြားဖူးပေ။
"မစ္စတာကျန်း.. ဒီကားကို ခင်ဗျားအဖေ တစ်ယောက်ယောက်ဆီက ဝယ်ထားတာများလား"
ကျိုအီချီက မေးကြည့်လိုက်သည်။ ကျန်းမုန့်လောင်တို့မိသားစု၏ ချမ်းသာကြွယ်ဝမှုကို ထည့်သွင်းစဉ်းစားကြည့်ပါက ဤကားကို ကားနတ်ဘုရားထံမှ ဝယ်ယူထားခြင်း ဖြစ်နိုင်လောက်သည်။ ကျန်းမုန့်လောင်၏ ကားမောင်းစွမ်းရည်ကလည်း ထိုကားနတ်ဘုရား သင်ပေးထားခြင်း ဖြစ်နိုင်လောက်သည်။
ထိုသို့ဆိုလျှင် ဤကား ဤနေရာတွင် ရှိနေရခြင်းနှင့် ကျန်းမုန့်လောင်၏ကားမောင်းစွမ်းရည်က ဘာကြောင့် ဤမျှကောင်းမွန်နေသလဲဆိုသည့် မေးခွန်းအတွက် အဖြေရသွားပေလိမ့်မည်။
"မဟုတ်ပါဘူး။ ဒီကားက ကားဂိုဒေါင်ထဲမှာရှိနေတာကြာပြီ။ ငါတို့အိမ်ကအလုပ်သမားတွေ ဈေးဝယ်ထွက်တာတို့ ဘာတို့လို တောက်တိုမည်ရတွေလုပ်တဲ့အခါ သုံးတဲ့ကားလေ"
"ဈေးဝယ်ထွက်တာလား။ ဒီကားနဲ့လေ"
ပြိုင်ကားဝါသနာရှင်အားလုံး ရူးသွပ်လုမတတ်ဖြစ်သွားရသည်။ သူတို့လေးစားရသည့် ရတနာကို အိမ်ဖော်များက ဈေးဝယ်ထွက်ရာ၌ အသုံးပြုနေသည်တဲ့လား။
"မစ္စတာကျန်း ကျွန်တော်တို့သိထားသလောက်ဆိုရင် ဒီကားရဲ့ပိုင်ရှင်ဟောင်းက အဲလ်ပ်တောင်တန်းကားပြိုင်ပွဲမှာ ကမ္ဘာအနှံ့က ကားနတ်ဘုရားတွေကို အနိုင်ပိုင်းခဲ့တဲ့လူပဲ။ ဒီကားကိုမောင်းခဲ့တဲ့လူကမှ တကယ့်ကားနတ်ဘုရားစစ်စစ်ပါ"
ကျိုအီချီက နောက်ခံဇာတ်ကြောင်းကို ပြောပြလိုက်လေရာ ကျန်းမုန့်လောင်လည်း နားထောင်ရင်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဝိုး..ငါ့အဖေက ဒီလောက်အံ့ဩဖို့ကောင်းမှန်း ငါမသိခဲ့ဘူး"
***********