← Chapters

သူတို့ကို အရင်မောင်းခွင့်ပေးလိုက်ပါ

Vol. 20 Ch. 289

သူတို့ကို အရင်မောင်းခွင့်ပေးလိုက်ပါ

Vol. 20 Ch. 289

"ငါ အခုတင် Googleခေါက်ကြည့်လိုက်တာ။ ဒီကားနတ်ဘုရားက တကယ့်ကို အံ့ဩဖို့ကောင်းတဲ့လူပဲ။ အဲဒီပွဲမှာ အနိုင်ပိုင်းခံလိုက်ရပြီးတဲ့နောက် ကားနတ်ဘုရားတစ်ဒါဇင်ကျော်လောက် အနားယူသွားရတယ်ဆိုပဲ။ သူက ကျန်းမုန့်လောင်၏အဖေဆိုတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး"

"မယုံနိုင်စရာပဲ။ အဖေ့ကို အရှက်စေတာပဲ ကျန်းမုန့်လောင်"

"သူက တကယ်ကိုဟိတ်ဟန်ထုတ်နေတာပဲ။ သူ တကယ်မသိတာလား ဟန်ဆောင်နေတာလားဆိုတာတော့ မပြောတတ်ဘူး"

"ကျန်းမုန့်လောင်ရဲ့အမူအရာကို ကြည့်ရတာ ဟန်ဆောင်နေတာတော့မဟုတ်လောက်ဘူး"

"မဖြစ်နိုင်ဘူးမလား။ ကျန်းမုန့်လောင်ရဲ့ ကားမောင်းစွမ်းရည်က ဒီလောက်ကောင်းနေတာကို သူ့အဖေ သင်ပေးထားတာပဲဖြစ်ရမယ်"

"ကျန်းမုန့်လောင်ရဲ့အမြင်မှာ သာမန်ကားမောင်းသူတစ်ယောက်ရဲ့ အစွမ်းအစက သူ့အဖေရဲ့အဆင့်လောက် ရှိတယ်လို့ ထင်နေတာဖြစ်နိုင်တယ်"

...

"ငါ့အဖေက ဒီကားကို အမေရိကန်ဒေါ်လာနှစ်ဘီလီယံသုံးပြီး ဘာလို့ပြင်ထားလဲဆိုတာ အခုမှပဲသိတော့တယ်"

ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

"ဘာ? အမေရိကန်ဒေါ်လာနှစ်ဘီလီယံတဲ့လား"

နားပါးသူများက ဤစျေးနှုန်းကိုကြားလျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ဝူလင်ဟုန်းကွမ်ကားတစ်စီးက ယွမ်ငါးသောင်းပဲရှိတာလေ။ အဲဒါကို အမေရိကန်ဒေါ်လာ၂ဘီလီယံသုံးပြီး ပြင်ထားတယ်ဆိုတော့ သူ ရူးနေတာလားဟ"

"အပြင်ပန်းကတော့ ဝူလင်ဟုန်းကွမ်နဲ့တူပေမဲ့ တကယ်တမ်းကျတော့ ဒီကားက ဆလင်ဒါ၂၄လုံးနဲ့ အင်ဂျင်ပါတဲ့ ဝူလင်ဟုန်းကွမ်ကွ"

ကျန်းမုန့်လောင်က ကားကိုယ်ထည်ကို ရိုက်လိုက်သည်။

"အမြင့်ဆုံးမြင်းကောင်ရေက နှစ်ထောင်ကျော်။ ၁.၈၇စက္ကန့်အတွင်း ၀ကီလိုမီတာကနေ ၁၀၀ကီလိုမီတာအထိ တင်လို့ရပြီး အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၅၄၇ကီလိုမီတာအထိရှိတယ်"

"ငါလူး.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဆလင်ဒါ၂၄လုံးနဲ့အင်ဂျင်တဲ့လား။ အဲဒီလောက်ဆိုရင် လေယာဉ်တစ်စီးဖြစ်နေပြီမဟုတ်ဘူးလား"

"ဘာလေယာဉ်လဲ"

"မြင်းကောင်ရေ၂၀၀၀အားလား။ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီကို ၅၄၇ကီလိုမီတာတဲ့။ ဒီကားကို မောင်းနိုင်တဲ့လူရော ရှိမှာလား"

"အပြင်ပိုင်းကို မပြောင်းထားရင် လေဖိအားက အရမ်းများနေလောက်မှာ။ ကားကိုယ်ထည်က အဲဒါကို ခံနိုင်ရည်ရှိပါ့မလား"

ဤပြိုင်ပွဲကို လာရောက်ကြည့်ရှုကြသူအားလုံးနီးပါးက ကားအကြောင်း နည်းနည်းပါးပါးသိထားကြသူများပင်။ အံ့ဖွယ်ကောင်းသော ဤအချက်အလက်များကို ကြားလိုက်ရသောအခါ သူတို့အားလုံး အံ့သြမှင်တက်သွားကြလေသည်။ ဤသည်မှာ လုံးဝအဓိပ္ပါယ်မရှိပေ။

ကားက ဤမျှအထိ စွမ်းဆောင်ရည်ရှိလျှင်ပင် ဤသည်မှာ လူသားများ မောင်းနှင်နိုင်သောအရာတစ်ခု မဟုတ်ပေ။

ဆလင်ဒါ၂၄လုံးအင်ဂျင်ကို လေးလံလှသော ကုန်တင်ကားများနှင့် လေယာဉ်များတွင်သာ အသုံးပြုသည်။ ဤမျှကြီးမားပြီး ဝန်ကျယ်လှသော အင်ဂျင်မျိုးကို ယခုလိုရှုပ်ထွေးလှသော တောင်ကြားလမ်းပေါ်မှာ မောင်းနှင်နိုင်မည်တဲ့လား။ မည်သည့်အကွေ့နားတွင်မဆို လေထဲ လွင့်ထွက်သွားနိုင်သည်။

ဝူလင်ဟုန်းကွမ်၏ ကားကိုယ်ထည်ကို အာရုံစိုက်ထားမည်ဆိုလျှင်ပင် များပြားလှသောစွမ်းအင်ကြောင့် ကားမောင်းရန် ခက်ခဲလှမည်ဖြစ်ရာ လူသားခွန်အားဖြင့် ထိန်းချုပ်ရန်မဖြစ်နိုင်လောက်ပေ။ သူတို့၏တုံ့ပြန်နိုင်စွမ်းက မည်မျှ မြန်နေပါစေ မဖြစ်နိုင်ချေ။ ဝူလင်ဟုန်းကွမ်၏ ကိုယ်ထည်ဒီဇိုင်းကလည်း စူပါကားများကဲ့သို့ ချောမွေ့စွာ မောင်းနှင်နိုင်မည် မဟုတ်ပေ။

ပွဲကြည့်ပရိသတ်များ အံ့အားသင့်နေကြချိန်ဝယ် ကားနတ်ဘုရားများကတော့ သိနားလည်လေဟန် အမူအရာများကို ပြသနေကြသည်။

သူတို့အားလုံး ကားနတ်ဘုရား၏ အရည်အချင်းကို မျက်ဝါးထင်ထင်မြင်ဖူးကြပေသည်။ ယခုလို မြင့်မားလှသော ဗဟိုခွာအားကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို ကားနတ်ဘုရားကမူ အံ့ဖွယ်ကောင်းသည့် ထိန်းချုပ်မှုမျိုးဖြင့် ကင်းစင်ပပျောက်သွားအောင် လုပ်နိုင်ခဲ့သည်။ ဤကားကို ပြင်ဆင်မွမ်းမံရန်အတွက် ငွေကြေးအမြောက်အများသုံးခဲ့ကြောင်းကိုမူ သူတို့ မသိခဲ့ပေ။

ဤငွေပမာဏနှင့်ဆိုလျှင် စူပါကားတစ်စီးကိုပင် ပြင်ဆင်လို့ရနေလေပြီ။ မယုံနိုင်စရာပင်။

သူက ကျန်းမုန့်လောင်၏အဖေဖြစ်နေသည်မှာ မဆန်းတော့ပေ။ သူတို့နှစ်ယောက်စလုံးက စရိုက်ချင်း တစ်ထေရာတည်းပင်။

"အမေရိကန်ဒေါ်လာ၂ဘီလီယံ…"

ဗီအိုင်ပီပွဲကြည့်ခန်းထဲရှိ ဒုတိယမျိုးဆက်လူချမ်းသာများမှာ မေးရိုးလွဲမတတ်ပင် ဖြစ်သွားကြသည်။

ကားပြိုင်ပွဲဝါသနာအိုးများ ဖြစ်ကြသည့်အတွက် ဤကားနတ်ဘုရား၏ ဒဏ္ဍာရီကို သူတို့ ကြားဖူးနားဝရှိထားပြီး ဖြစ်သော်လည်း ဝူလင်ဟုန်းကွမ်ကို ပြင်ဆင်မွမ်းမံရန်အတွက် တစ်စုံတစ်ယောက်က အမေရိကန်ဒေါ်လာ၂ဘီလီယံသုံးလိမ့်မည်ဟုတော့ မည်သူက ထင်ထားပါအံ့နည်း။ သူတို့တွင် ပိုက်ဆံအများကြီးရှိပြီး သုံးစရာနေရာမရှိသောကြောင့်လေလား။ ကျန်းမုန့်လောင် ဤမျှရဲရဲတင်းတင်းသုံးစွဲနေခြင်းကား မထူးဆန်းတော့ပေ။ အမွေဆက်ခံထားသော ဤမျိုးရိုးဗီဇကား စင်စစ်ဒဏ္ဍာရီတွင်ချင်စရာပင်။

ကျန်းမုန့်လောင်တို့မိသားစု၏ အမြင်တွင် ကမ္ဘာပေါ်ရှိအရာရာတိုင်းကို ငွေသုံး၍ အဆင့်မြှင့်နိုင်လေဟန်တူသည်။

"မစ္စတာကျန်း ဒါက ကားပြိုင်ပွဲပါ။ နည်းပညာပြိုင်ပွဲမဟုတ်ပါဘူး။ ဒီလိုနည်းလမ်းမျိုးကိုသုံးပြီး နိုင်သွားရင် နည်းနည်းစက်ဆုပ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား"

ချင်းချိုးနိုင်ငံမှ ဘတ်ယောင်းဂျွန်က သူတို့ချင်းချိုးနိုင်ငံအပေါ် လုပ်ထားသော သူ့လုပ်ရပ်ကြောင့် ကျန်းမုန့်လောင်အပေါ် မကျေနပ်ချက်ရှိထားလေသည်။

"ကားပြိုင်ပွဲမှာ ကိုယ့်ကားကို ပိုက်ဆံသုံးပြီး ပြင်ဆင်မွမ်းမံလို့မရဘူးလို့ စည်းကမ်းသတ်မှတ်ထားလို့လား"

ကျန်းမုန့်လောင်က ပြန်ပက်လိုက်သည်။

"ဒါက…"

"မရှိဘူးဆိုရင်လည်း ပါးစပ်ပိတ်ထားလိုက်တော့"

ကျန်းမုန့်လောင်က အေးတိအေးစက် ဆိုလိုက်လေသည်။

"မင်းလည်း ပိုက်ဆံရှိရင် တစ်ခုလောက်ပြင်ဆင်လိုက်လို့ရတာပဲ။ ဆလင်ဒါ၂၈လုံး ဒါမှမဟုတ် ၃၂လုံးပဲဖြစ်ဖြစ် စိတ်ကြိုက်လုပ်လို့ရတာပဲ။ ငါ့ဘက်က ကန့်ကွက်စရာမရှိဘူး"

ဘတ်ယောင်းဂျွန်ခမျာ ပြန်မပြောနိုင်တော့ပေ။ အင်ဂျင်များက စင်စစ်ဈေးမကြီးလှသော်ငြား ဤမျှကြီးမားလှသော အင်ဂျင်တစ်ခုကို သေးအောင်လုပ်ပြီး ပြိုင်ကားထဲသို့ ထည့်ရန်မှာ သူ မှန်းဆ၍မရနိုင်သည့် နည်းပညာနှင့် ငွေကြေးအင်အားများ လိုအပ်လေသည်။

"ဟေ့.. မင်းတို့ ပြိုင်မှာလား။ မပြိုင်ဘူးလား။ မြန်မြန်လုပ် ငါ့မှာအချိန်မရှိဘူး။ ခဏနေရင် အိမ်ပြန်ပြီး ငါ့ကောင်မလေးနဲ့ ဂိမ်းကစားရဦးမှာ"

ကျန်းမုန့်လောင်က စိတ်မရှည်လက်မရှည် ပြောလိုက်၏။

"ကျန်းမုန့်လောင်… တအားမာန်တက်မနေနဲ့။ ဒါကအကွေ့အကောက်များပြီး ရှုပ်ထွေးတဲ့ပြေးလမ်းပဲ။ မင်းရဲ့ကားက တကယ်ကောင်းတယ်ဆိုရင်တောင် တစ်နာရီကို ၅၄၀ကီလိုမီတာနှုန်းနဲ့ မောင်းနိုင်မယ်ထင်လို့လား"

စကိုင်လာရီက ပြောလာလေသည်။

"ကားနတ်ဘုရားကတော့ လုပ်နိုင်စွမ်းရှိပေမဲ့ မင်းက မင်းအဖေမှမဟုတ်တာ"

"ဟုတ်တယ်။ ဒီနေရာမှာ ၁၂၀ဒီဂရီကျော်တဲ့ ထောင့်ချိုးတွေ တစ်ဒါဇင်လောက်ရှိတယ်။ တစ်နာရီကို ၅၀၀ကီလိုမီတာနှုန်းနဲ့ဆိုရင် မင်း မကြာခင် ပြေးလမ်းပေါ်က ချော်ထွက်သွားမှာ"

ကားနတ်ဘုရားများအားလုံးက စစ်မြေပြင်ထဲ၌ အကြမ်းခံခဲ့ကြသူများပင်။ သူတို့သည် လူသားများ၏ မောင်းနှင်နိုင်စွမ်းနှင့်ပတ်သက်ပြီး ကောင်းကောင်းသိနားလည်ကြသည်။

ကျန်းမုန့်လောင်၏ကားက သူတို့ထက် ပိုမြန်နိုင်သော်လည်း လေယာဉ်တစ်စီးက ထိုထက်ပိုမြန်နေဆဲသာ။ သို့တိုင် လေယာဉ်တစ်စီးကိုပေးထားမည်ဆိုလျှင်ပင် ဤမျှရှုပ်ထွေးလှသော ပြေးလမ်းပေါ်တွင် မောင်းနှင်နိုင်မည်တဲ့လား။

Driftစွမ်းရည်ကြောင့် လူသိများသော ဘတ်ယောင်းဂျွန်ပင် တစ်နာရီလျှင် အမြင့်ဆုံးDriftingအရှိန်က ၂၇၂ကီလိုမီတာမျှသာ ရှိ၏။

သည့်ထက် အရှိန်ပိုမြှင့်လိက်ပါက စူပါကားတစ်စီး၏ ကိုယ်ထည်ပင် ကျွမ်းပြန်သွားနိုင်သည်။ တာယာများကလည်း ထိုမျှပြင်းထန်လှသော ပွတ်တိုက်အားကို ခံနိုင်ရည်ရှိမည်မဟုတ်။

လုံယွီပြေးလမ်း၏ မြေမျက်နှာသွင်ပြင်က အဲလ်ပ်တောင်တန်းထက် ပိုအန္တရာယ်များပေသည်။ ကားနတ်ဘုရား၏ အရည်အချင်းမျိုးနှင့်ဆိုလျှင်ပင် ဝူလင်ဟုန်းကွမ်လို အမြင့်မျိုးရှိသည့် ကားတစ်စီးမှာ တစ်နာရီလျှင် ၂၀၀ကီလိုမီတာနှုန်းမျှဖြင့် ကွေ့ရုံနှင့် ကျွမ်းပြန်သွားနိုင်သည်။

ကားနတ်ဘုရားဆိုသည်မှာ တစ်ယောက်တည်းသာ ရှိသည်ဟု သူတို့ယုံကြည်ထားသည်။ သူ့သားစဉ်မြေးဆက်ပင် ကြောက်မက်ဖွယ်ကောင်းသော ထိုစွမ်းရည်ကို လိုက်တုနိုင်မည်မဟုတ်ဟု သူတို့ ယုံကြည်ထားကြသည်။ ကျန်းမုန့်လောင်တွင် ကားနတ်ဘုရား၏ကား ရှိနေသော်ငြား ၎င်းမှာ သူ ထိုကားကို မောင်းနှင်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေ။

လမ်းဖြောင့်‌ပေါ်တွင် မောင်းရမည်ဆိုလျှင် ကျန်းမုန့်လောင်၏ ဝူလင်ဟုန်းကွမ်က ဆလင်ဒါ၂၄လုံးအင်ဂျင်၏ အားသာချက်ဖြင့် သူတို့ကို ကျော်တက်သွားနိုင်ခြေရှိသေးသည်။ သို့သော် ကျဉ်းမြောင်းလှသော ထောင့်ချိုးများပေါ်တွင်မူ သူတို့ နတ်ဘုရားနှင့် သွားမတွေ့ချင်ပါက သေချာပေါက် အရှိန်လျှော့ချရမည်သာ။ သို့မှသာ သူတို့အတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာပေလိမ့်မည်။

ထို့ပြင် ဤပြေးလမ်းထက်၌ အလွန်ရှည်လျားသော လမ်းဖြောင့်ကား ရှားလှပေသည်။

"ပြိုင်ကားမောင်းသမား ငါးယောက်စလုံး ရောက်နေပြီဆိုတော့ ကျွန်တော်တို့ပြိုင်ပွဲကို စလိုက်ကြရအောင်"

ပွဲတင်ဆက်သူက မိုက်ခရိုဖုန်းမှတစ်ဆင့် စိတ်လှုပ်ရှားစွာ ကြေညာလိုက်သည်။

"ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ ကားနတ်ဘုရားက ဟွာရှားက မစ္စတာကျန်းမုန့်လောင်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှထင်မထားပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက ကမ္ဘာကြီးကို အံ့ဩမှင်တက်စေခဲ့တဲ့ ကားနတ်ဘုရားကလည်း သူ့အဖေပါတဲ့ဗျာ။ ကဲ အခု ဒီနေ့ပြိုင်ပွဲရဲ့စည်းမျဉ်းတွေကို ကြေညာပေးပါရစေ"

ဤပြိုင်ပွဲ၏ စည်းမျဉ်းများမှာ အလွန်ရိုးရှင်းလှသည်။ တောင်တန်းပြိုင်ကွင်းကို နှစ်ပတ်ပတ်ပြီး စုစုပေါင်း၄၈ကီလိုမီတာ မောင်းရမည်ဖြစ်၏။ အဆုံးသတ်မျဉ်းကို ပထမဆုံးဖြတ်နိုင်သူက အနိုင်ရမည်။

ဤပြိုင်ပွဲအတွက် လောင်းကြေးများက ပို၍စိတ်ဝင်စားဖို့ကောင်းပေသည်။ သာမန်ကားပြိုင်ပွဲများတွင်မူ ငွေကြေးကို လောင်းကြေးထပ်ကြသော်ငြား ဤတစ်ခေါက်တွင် လောင်းကြေးမှာ ကားအမှတ်တံဆိပ်များ၊ ယာဉ်မောင်းလိုင်စင်နှင့် ပြိုင်ကားမောင်းလိုင်စင်ပင် ဖြစ်၏။

"အသင့်ပြင်"

အချက်ပြသံနှင့်အတူ ကားငါးစင်းထံမှ နားစည်ကွဲဖွယ်အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာလေတော့သည်။ ကားနတ်ဘုရားလေးယောက်က လေးနက်တည်ကြည်နေပုံပေါက်သော်ငြား ကျန်းမုန့်လောင်ကမူ ကင်မရာထဲတွင် လက်တစ်ဖက်က ကြံတစ်ချောင်းကိုင်၍ ကျန်လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားချေသည်။

"သွားတော့"

"တီ"

ပြိုင်ပွဲကား စတင်လေပြီ။

စူပါကားလေးစီးက အံ့ဖွယ်ကောင်းလောက်သော ဆူညံသံများ ထုတ်လွှတ်၍ ကားနောက်ပိုင်းမှ မီးပွားများပင် လွင့်စင်နေချေသည်။

ခဏအကြာတွင် ထိုကားများမှာ ကြမ်းတမ်းလှသော သားရဲကောင်ကြီးများနှယ် တစ်ဟုန်ထိုးထွက်ခွာသွားကြလေတော့သည်။

သို့သော် ကျန်းမုန့်လောင်၏ ဝူလင်ဟုန်းကွမ်ကတော့ တုတ်တုတ်မျှမလှုပ်ချေ။

"ဘုရားရေ ဘာဖြစ်တာလဲ။ ကျန်းမုန့်လောင်က ဘာလို့မထွက်သေးတာလဲ။ သူ့ကားက တစ်ခုခုဖြစ်နေတာလား"

ပွဲတင်ဆက်သူ၏ မျက်နှာကား အနည်းငယ်တောင့်တင်းသွားပေ၏။ ယခုလိုအရေးကြီးလှသော ပြိုင်ပွဲတစ်ခုတွင် တစ်စက္ကန့်လောက် နောက်ကျသွားလျှင်ပင် ပြိုင်ပွဲရလဒ်တစ်ခုလုံးကို သက်ရောက်မှုရှိနိုင်ပေသည်။

ကျန်းမုန့်လောင်သာ ယနေ့ ရှုံးနိမ့်ခဲ့ပါက ဟွာရှား၏ဂုဏ်သိက္ခာလည်း ကျဆင်းရပေတော့မည်။

သို့သော် ထိုအချိန်တွင် ကျန်းမုန့်လောင်က သူ့ကားပြတင်းပေါက်ကို ခပ်ဖြည်းဖြည်းလျှောချ၍ တည်တည်ငြိမ်ငြိမ်ဖြင့် ကြံချောင်းကိုကိုက်ဝါးကာ သူ့ကိုရိုက်နေသော ကင်မရာကိုကြည့်ပြီး ပြောလိုက်လေသည်။

"သူတို့နဲ့ တစ်ချိန်တည်းမှာ စထွက်လိုက်ရင် သိပ်မတရားသလို ခံစားရလို့ သူတို့ကို ပြေးလမ်းတစ်ပတ်စာလောက် အကျောပေးဖို့ ဆုံးဖြတ်လိုက်တာလေ"

***********

All Chapters