သူ နောက်ထပ်ကြံတစ်ချောင်း ထုတ်စားနေပြန်ပြီ
Vol. 20 Ch. 290
"ဝိုး"
ကျန်းမုန့်လောင်၏ စကားများကို ကြားသောအခါ ပြိုင်ပွဲခန်းမတစ်ခုလုံး တအံ့တဩရေရွတ်သံများ ဟိန်းထွက်လာချေသည်။
တစ်ချိန်တည်းအတူထွက်လိုက်လျှင် မတရားရာကျမည်ဆိုခြင်းမှာ ဘာအဓိပ္ပာယ်လေလဲ။
ဤလူလေးယောက်က ကမ္ဘာကျော်ကားနတ်ဘုရားများဖြစ်ပြီး မှတ်သားထိုက်ဖွယ် စံချိန်ပိုင်ရှင်များဖြစ်၏။ ပြိုင်ကားမောင်းသမားများက သူတို့ကိုမြင်လျှင် တရိုတသေဦးညွှတ်ကြရပြီး သူတို့တပည့်များပင် ပြေးလမ်းများထက် အရိပ်အယောင်ထွက်ပြနေကြပြီဖြစ်၏။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့က သူများနှင့်ပြိုင်မှသာ မတရားသဖြင့် အနိုင်ကျင့်နေသည်ဟု လူအများက ပြောကြပေလိမ့်မည်။ သို့သော် ယခုမူ သူတို့ကို မည်သူကများ အနိုင်ကျင့်ခဲ့ဖူးလေသလဲ။
သူတို့ လူငယ်ပြိုင်ကားမောင်းသမားများနှင့် ယှဉ်ပြိုင်သောအခါတွင်မူ ထိုအကြောင်းပြချက်ဖြင့် အနည်းငယ်စောင့်ပေးတတ်ကြသည်။ သို့သော် ကားပြိုင်ပွဲတွင်မူ လမ်းအကျယ်က အကန့်အသတ်ရှိသည်ဖြစ်ရာ ကျော်တက်ဖို့ရာကလည်း သိပ်မလွယ်လှပေ။ စတင်ထွက်ခွာသည့်အစဉ်လိုက်က နောက်ဆုံးအဆင့်ကို အဆုံးအဖြတ်ပေးနိုင်ပေသည်။
ထို့ကြောင့် သူတို့ အနည်းငယ်အကျောပေးမည်ဆိုလျှင်ပင် စမှတ်အနေအထားကို လက်လျှော့လိုက်ရုံမျှသာ ရှိ၏။
ပြေးလမ်းနှစ်ပတ်စာ ပြိုင်ရသည့် ပွဲမျိုးတွင် တစ်ဖက်လူကို ပြေးလမ်းတစ်ပတ် အကျောပေးခြင်းမှာ စင်စစ် ရယ်ချင်စရာကောင်းလှသည်။ အနိုင်ရဖို့ဆိုလျှင် ပြိုင်ဘက်၏ ပျမ်းမျှအမြန်နှုန်းထက် နှစ်ဆကျော်နိုင်ရမည်ဖြစ်၏။
ကားပြိုင်ပွဲတွင် ပျမ်းမျှအမြန်နှုန်းကွာခြားချက်မှာ ဂဏန်းတစ်လုံးစာပမာဏမျှသာ ရှိသည်။ သို့ဖြစ်လေရာ တစ်ဖက်လူကို ပြေးလမ်းတစ်ပတ် အကျောပေးခြင်းမှာ သူတို့ဉာဏ်ရည်ကို မြေကြီးထဲ ထည့်မြုပ်လိုက်သည့်အလားပင်။
လက်ရှိအချိန်အထိ လုံယွီတောင်ကုန်းပြေးလမ်းရှိ အမြန်ဆုံးပြီးစီးချိန်က တစ်နာရီလျှင် ပျမ်းမျှအရှိန် ၂၁၈ကီလိုမီတာနှုန်းဖြင့် ၁၃မိနစ် ၁၃.၆၂စက္ကန့်ပင်။ ဤသည်ကပင် ထူးချွန်လှသော အရှိန်တစ်ခု ဖြစ်နေလေပြီ။
သို့သော် ဤစံချိန်မှာ နိုင်ငံတကာပျမ်းမျှအဆင့်လောက်သာ ရှိသည့် ဟွာရှားထိပ်တန်းအဆင့်ပြိုင်ကားမောင်းသူတစ်ယောက်၏ စံချိန်မျှသာ။
အနည်းဆုံးတော့ ဤကားနတ်ဘုရားလေးပါးနှင့် ယှဉ်လိုက်လျှင် သူသည် အလွန်အလှမ်းဝေးနေသေးသည်။
အကြမ်းဖျင်းခန့်မှန်းချက်အရ သူတို့၏ပျမ်းမျှအမြန်နှုန်းများက တစ်နာရီလျှင် ၂၅၀ကီလိုမီတာအထက် ရှိပေလိမ့်မည်။ ဤအဓိပ္ပာယ်မှာ အနိုင်ရရန်အတွက်ဆိုပါက ကျန်းမုန့်လောင်၏ပျမ်းမျှအမြန်နှုန်းက တစ်နာရီလျှင် ငါးရာကီလိုမီတာကျော်မှ ဖြစ်ပေလိမ့်မည်။
သို့သော် ဤသည်မှာ ဖြစ်ရောဖြစ်နိုင်ရဲ့လား။ လမ်းဖြောင့်ပေါ်တွင် တစ်နာရီ ငါးရာကီလိုမီတာနှုန်းကို ရောက်နိုင်သည်ဆိုလျှင်ပင် ထောင့်ချိုးများတွင် မည်သို့လုပ်မည်နည်း။
ယခင်ကားနတ်ဘုရားဟောင်းက ထောင့်ချိုးများကို အရှိန်ကုန်တင်၍ မောင်းနိုင်ခဲ့သော်လည်း ထိုအကြောင်းအရင်းမှာ အဲလ်ပ်တောင်ကြားလမ်းရှိ အမြင့်ဆုံးလမ်းကွေ့ဒီဂရီက ၁၀၂ဒီဂရီမျှသာ ရှိသောကြောင့်ပင်။ လုံယွီတောင်ကုန်းနယ်မြေတွင်မူ ၁၄၀ဒီဂရီကျော်သော အကွေ့ပေါင်းများစွာရှိပြီး ထိုအကွေ့များကလည်း ဆက်တိုက်ပင်။
ကားနတ်ဘုရားကိုယ်တိုင် ရောက်လာလျှင်ပင် ဤဒီဂရီတွင် မောင်းနိုင်လိမ့်မည်မဟုတ်ချေ။
"ကျန်းမုန့်လောင်က ငါမြင်ဖူးသမျှထဲမှာ လေလုံးအထွားဆုံးဘီလျံနာပဲ။ သူက ငါ့အိုင်ဒေါလ်ဖြစ်နေသေးတယ်။ မယုံနိုင်စရာပဲ"
"ဘော့စ်ကျန်း.. ကျေးဇူးပြုပြီး မကြွားပါနဲ့တော့။ ဒီလိုဟန်များနေတဲ့အတွက် အမှတ်သုညပေးမယ်။ ခင်ဗျား သေချာပေါက်ကားမှောက်မှာ။ ပြေးလမ်းတစ်ပတ် အကျောပေးမယ်တဲ့လား။ ကျွန်တော့်လိုလူသစ်တစ်ယောက်တောင်မှ ဒါက မဖြစ်နိုင်မှန်းသိတယ်"
"သွားပြီ။ ငါ ဘေးနားကဈေးကွက်မှာ လောင်းထားလိုက်သေးတယ်။ အကြီးအကျယ်ရှုံးတော့မှာပဲ"
"ကျန်းမုန့်လောင် မင်းရှုံးလို့ကတော့ ငါ မင်းကို တစ်သက်လုံးအထင်သေးနေတော့မှာ"
"ငါလူး.. မင်းက ငတုံးလားကွ။ ပြေးလမ်းတစ်ပတ်အကျောပေးတယ်ပေါ့လေ"
"ကျန်းမုန့်လောင် မင်း သောက်ကျိုးနည်း ဘာလုပ်နေတာလဲ။ ကြွားတယ်ဆိုရင်တောင်မှ မင်းက အပိုတွေလုပ်နေတာပဲ"
"ကျန်းမုန့်လောင်.. မင်းက တအားမာန်တက်နေတာပဲ"
နောက်ကြည့်မှန်ထဲတစ်ဆင့် ကျန်းမုန့်လောင်၏ ဝူလင်ဟုန်းကွမ်ကားကို မမြင်မိသော ကားနတ်ဘုရားလေးယောက်မှာ စိတ်ထဲမှာ ကျေနပ်သွားရလေသည်။ ကျန်းမုန့်လောင်က ကားနတ်ဘုရား၏အမွေကို ဆက်ခံထားသော်ငြား ဤမျှဖြင့် သူ့အရည်အချင်းက သူတို့နှင့် ယှဉ်နိုင်သွားသည့်အဆင့်ကို ရောက်လာသည်ဟု မဆိုလိုပေ။
သို့သော် ခန်းမမှ တိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် ဤထိတ်လန့်ဖွယ်သတင်းကို သူတို့ကြားလိုက်ရသည်။
ဤသည်မှာ ပြင်းလှစွာသော စော်ကားမှုတစ်ခုပင်။ ကြီးလှစွာသော လှောင်ပြောင်မှုတစ်ရပ်ပင်။
သာမန်ကားမောင်းသူတစ်ယောက်ဆိုလျှင် ပြေးလမ်းတစ်ပတ်အကျောပေးပြီး အသာလေးအနိုင်ယူနိုင်သည်ဟု သူတို့ယုံကြည်နိုင်သေးသည်။ သို့သော် သူတို့က ကားနတ်ဘုရားများပင်။ သူ့အနေနှင့် သူတို့ကို နည်းနည်းလောက်အလေးထားပြီး အခြေခံလေးစားမှုလေးမျှပင် မပေးနိုင်ဘူးလား။
"ငါတို့ကို အခုလိုအထင်သေးနေတဲ့အတွက် မင်း တန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်"
"ငါတို့ကို ပြေးလမ်းတစ်ပတ်အကျောပေးတယ်ပေါ့လေ။ မင်း ဘာလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"ကျန်းမုန့်လောင်… မင်း အရှက်ကွဲမဲ့အချိန်ကို စောင့်နေလိုက်"
ကားနတ်ဘုရားများက ဤရန်စမှုကြောင့် ပြိုင်ကားသမားများ အိပ်မက်မက်နိုင်ရုံသာရှိသည့် အဆင့်တစ်ခုသို့ တက်လှမ်းသွားကြလေသည်။ အရှိန်တင်ရာတွင်ဖြစ်စေ၊ driftဆွဲရာတွင်ဖြစ်စေ သို့မဟုတ် ဂီယာပြောင်းရာတွင်ဖြစ်စေ အရာအားလုံးက သူတို့စိတ်နှလုံးနှင့် အံဝင်ခွင်ကျဖြစ်နေလေသည်။
ပွဲကြည့်စင်တွင်မူ ဖန်သားပြင်ကို နှစ်ပိုင်းခွဲထားလေသည်။ ဘယ်ဘက်ခြမ်းတွင် ကားနတ်ဘုရားလေးယောက်ကို ပြသထားပြီး ညာဘက်ခြမ်းတွင်မူ ကျန်းမုန့်လောင်ကို အနီးကပ်ရိုက်ပြထားသည်။
"အမြန်ဆုံးပြိုင်ကားသမား စကိုင်လာရီကတော့ ပထမပြေးလမ်းရဲ့တစ်ဝက်ကို ပြီးသွားပါပြီ။ သူ့အရှိန်က တအားမြန်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိတွက်ချက်မှုအရဆိုရင် သူ့အမြန်နှုန်းက တစ်နာရီ၂၅၃ကီလိုမီတာနှုန်းဖြစ်ပြီး။ ဒီပြေးလမ်းမှာ စံချိန်ချိုးထားသူထက် ၃၀ကီလိုမီတာ ပိုမြန်နေပါတယ်"
"ဒုတိယနေရာမှာရှိတဲ့ ပြိုင်ကားမောင်းသမား ဘတ်ယောင်းဂျွန်းကလည်း တစ်နာရီ ၂၅၁.၄ကီလိုမီတာနဲ့ အမီလိုက်နေပါတယ်"
"တတိယပြိုင်ကားမောင်းသမား ကျိုတိုရဲ့အရှိန်ကတော့ တစ်နာရီ ၂၅၀.၈ကီလိုမီတာ ရှိပါတယ်"
လက်ရှိအချိန်တွင် ဩစတြေးလျကားနတ်ဘုရားက နောက်ဆုံးနေရာတွင် ရှိနေသော်ငြား သူနှင့် ကိုင်ဘွန်ပြိုင်ကားသမားကြားရှိ ကွာဟချက်မှာ အလွန်နီးကပ်လှသည်။
"အခု မစ္စတာကျန်း ဘာလုပ်နေလဲဆိုတာ ကြည့်လိုက်ရအောင်"
"သူက ကြံတစ်ချောင်းစားပြီးသွားလို့ နောက်တစ်ချောင်းတောင် ထပ်စားနေပြီ"
"သူ ကားထဲက သီချင်းတောင်ဖွင့်ထားပြီး သူ့ထိုင်ခုံကိုလည်း နောက်ကိုမှီချထားတယ်ဗျ။ သူက ဒီလိုပေါ့ပေါ့းပါးပါးကိုယ်နေဟန်ထားမျိုးနဲ့ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတာလား။ ဒါမှမဟုတ် ပြိုင်ပွဲကိုလက်လျှော့လိုက်တာလား"
"ကြည့်လိုက်ပါဦး။ မစ္စတာကျန်းမုန့်လောင်က ဒုတိယကြံချောင်းကိုစားပြီး ဘယ်ဘက်လက်ကို အိတ်ကပ်ထဲထည့်ထားလိုက်ပါပြီ။ သူက တကယ်ပဲ ပြိုင်ပွဲကို လက်တစ်ဖက်တည်းနဲ့ ပန်းဝင်အောင်လုပ်ဖို့ စီစဉ်နေတာများလား"
"ဒီလူ ဘာလုပ်နေတာလဲဟ"
ဗီအိုင်ပီအခန်းထဲရှိ အမျိုးကောင်းသားများက အံတင်းတင်းကြိတ်၍ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။ ဤသည်မှာ သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အလားပင်။
အဆုံးတွင်မူ စကိုင်လာရီ၏ကားက အဆုံးသတ်မျဉ်းနားတွင် ပေါ်လာလေသည်။ သူ ပထမပြေးလမ်းကို ပြီးမြောက်တော့မည်သာ။
ထိုအချိန်မှာပင် ကျန်းမုန့်လောင်၏အကြည့်က အံ့ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားပြီး အစောပိုင်းကနှင့် မတူကွဲပြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတော့သည်။ သူ့မျက်လုံးအစုံက အေးစက်ပြီး အကြင်နာမဲ့ရက်စက်သွားလေသည်။
စကိုင်လာရီ၏ကားက သူ့အနားက ဖြတ်သွားချိန်မှာပင် ကျန်းမုန့်လောင်တစ်ယောက် လီဗာကိုဖိနင်းလိုက်လေတော့သည်။
"ဘွန်း"
ငွေဖြူရောင်ဝူလင်ဟုန်းကွမ်၏ အနောက်ဘက်မှ အပြာရောင်မီးတောက်နှစ်ခု ထွက်ပေါ်လာပြီး လေးတံမှပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် အရှိန်ပြင်းစွာ မောင်းထွက်သွားချေသည်။
၁.၈၂စက္ကန့်အတွင်း တစ်နာရီ ၁၀၀ကီလိုမီတာနှုန်းကိုတင်လိုက်ခြင်းမှာ အခြားသူများ၏ ၂စက္ကန့်နှင့် တူညီမှုရှိသည်ဟု ထင်ရသော်ငြား ပြေးလမ်းပေါ်တွင်မူ ဤအချိန်လေးက မီတာပေါင်းများစွာ ကွာဟသွားစေနိုင်သည်။
ဝူလင်ဟုန်းကွမ်က စကိုင်လာရီ၏ကားကို လျှပ်တပြက်အတွင်း လိုက်မီသွားပြီးနောက် အကွာအဝေးကိုလည်း သိသိသာသာဆွဲဆန့်လိုက်လေသည်။
"သောက်ကျိုးနည်း..အဲဒါက တကယ်ပဲ ဝူလင်ဟုန်းကွမ်ကားလား။ ဒုံးပျံကြီးလို့ပြောရင်တောင် ငါယုံမိမှာ"
"ဒါက ဒဏ္ဍာရီလာKrypton Goldသူဌေးတွေထဲက တစ်ယောက်ပဲဖြစ်ရမယ်။ အမေရိကန်ဒေါ်လာ၂ဘီလီယံသုံးပြီး ပြုပြင်မွမ်းမံထားတဲ့ကားက တခြားဘုံတစ်ခုကနေ ဆင်းသက်လာသလိုပဲ"
"အရမ်းမြန်လွန်းတယ်။ အရမ်းမြန်လွန်းတယ်"
...
"အရှိန်မြန်တော့ရော ဘာထူးမှာလဲ"
စကိုင်လာရီက အထင်အမြင်သေးစွာ သရော်လိုက်လေသည်။ ဤပြေးလမ်းသည် မျဉ်းဖြောင့်တစ်ကြောင်းတည်းသာရှိပြီး ပထမဆုံးထောင့်ချိုးက ၁၄၀ဒီဂရီရှိသည်။
သူ ထောင့်ချိုးကိုရောက်သွားခဲ့ပါက အများဆုံးရှိလှ တစ်နာရီလျှင် ၂၂၀ကီလိုမီတာနှုန်းဖြင့်သာ သွားနိုင်ပေလိမ့်မည်။ ထိပ်တန်းအဆင့်Driftကျွမ်းကျင်မှုအဆင့်ရှိသော ဘတ်ယောင်းဂျွန်းပင် တစ်နာရီ ၂၃၆ကီလိုမီတာသာ မောင်းနိုင်သည်။
ကျန်းမုန့်လောင်၏ကားက လမ်းဖြောင့်ပေါ်တွင် တစ်နာရီ ၅၀၀ကီလိုမီတာနှုန်းဖြင့် သွားနိုင်လည်း ဘာထူးမည်နည်း။ ထောင့်ချိုးတွင် ထိုအရှိန်ကို ဆက်ထိန်းထားနိုင်မည်လော။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ့လောကအမြင် ပြိုလဲသွားချေတော့သည်။
"သူ တကယ်ကြီး အရှိန်မလျှော့ဘူး။ မစ္စတာကျန်းမုန့်လောင်က အရှိန်မလျှော့ပစ်ဘူး"
စကိုင်လာရီက ကျန်းမုန့်လောင်၏ကားကို မမြင်ရသော်လည်း အခြေအနေအကြောင်း တင်ပြနေသံများကိုမူ ကြားနေရသည်။
"မစ္စတာကျန်းမုန့်လောင်ရဲ့ လက်ရှိအမြန်နှုန်းက တစ်နာရီ ၅၂၇ကီလိုမီတာနှုန်းပါ။ အခုဆိုရင် သူ ပထမဆုံးအကွေ့ကိုရောက်ဖို့ မီတာ၅၀ပဲလိုတော့တယ်။ သူ့ကိုကြည့်ရတာ အရှိန်လျှော့ဖို့ စိတ်ကူးလုံးဝမရှိဘူးထင်ပါတယ်"
"ကျွီ"
"ဘုရားရေ… သူ တကယ်ကြီး လွယ်လွယ်ကူကူလေး Driftဆွဲနေတာနော်။ ဒီလိုအကွာအဝေးမျိုးမှာ သူသာ သတိမထားဘူးဆိုရင် ကားရဲ့အရှေ့ပိုင်းက ချောက်ကမ်းပါးထဲကို ထိုးကျသွားမှာ"
"အမလေး.. သူလုပ်လိုက်နိုင်ပြီ။ သူ တကယ်လုပ်နိုင်တယ်ဟ"
"ပြေးလမ်းကင်မရာတွေထဲကအတိုင်းဆိုရင် မစ္စတာကျန်းမုန့်လောင်ရဲ့ကားက ချောက်ကမ်းပါးနဲ့ တစ်စင်တီမီတာပဲ ဝေးတယ်တဲ့။ သူက နတ်ဘုရားတစ်ပါးများလား"
"ဩချဖို့ကောင်းချက်။ မြင်ကွင်းထဲကရတဲ့ ဒေတာတွေအတိုင်းဆိုင် မစ္စတာကျန်းမုန့်လောင်က အကွေ့နားကို တစ်နာရီ ၅၁၁ကီလိုမီတာနှုန်းနဲ့ ကျော်တက်သွားတာ"
"အားလုံးပဲ… ကင်မရာကိုကြည့်လိုက်ပါဦး။ သူက လက်တစ်ဖက်တည်းသုံးနေတာဗျ။ သူ ကားကို တကယ်ကြီး လက်တစ်ဖက်တည်းနဲ့ ထိန်းနေတာ"
"ပြီးတော့ နောက်ထပ်ကြံတစ်ချောင်းကိုလည်း ထုတ်လိုက်ပြန်ပြီ"
************