← Chapters

တကယ်တော့ ငါက နိဗ္ဗာန်ယာဉ်မောင်းတာလည်း ကျွမ်းတယ်

Vol. 20 Ch. 291

တကယ်တော့ ငါက နိဗ္ဗာန်ယာဉ်မောင်းတာလည်း ကျွမ်းတယ်

Vol. 20 Ch. 291

"သောက်…သောက်ကျိုးနည်း…"

"အရင်ကတော့ ငါ နတ်ဘုရားဆိုတာကို အယုံအကြည်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ယုံပြီ"

"ငါ့အမေက ငါ ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရင်း ဒူးထောက်နေတာလဲလို့ မေးနေတယ်"

"ဘော့စ်ကျန်းရေ.. ကျွန်တော်ဒူးထောက်တာ အနေအထားမှန်ရဲ့လားလို့ လာစစ်ပေးလို့ရလား။ ကျွန်တော် နောက်ထပ်အနေအထားပုံစံ၂၀၀လောက် လုပ်နိုင်သေးတယ်။ ကျွန်တော် ခဏနေရင် ခင်ဗျားကို အကုန်လုပ်ပြမယ်"

"ဒါက လူရောဟုတ်ရဲ့လား။ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ။ တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်… ဒီလောက်ကျဉ်းတဲ့အကွေ့မှာ ဘယ်သူက အရှိန်မလျှော့ဘဲ မောင်းလို့လဲ"

"ငါ ဒီမြင်ကွင်းကို အရင်ကလည်း မြင်ဖူးတယ်။ မနေ့တုန်းက Kart Riderကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာလည်း ဒီလိုမျိုးပဲ"

"Kart Riderက ဒီကစားနည်းနဲ့ယှဉ်ရင် တအားရိုးလွန်းတယ်"

"အာဘား အာဘား အာဘား…"

"ဘော့စ်ကျန်းရဲ့အကြည့်က အရမ်းမိမိုက်တာပဲလို့ ငါ ရုတ်တရက်ခံစားမိတယ်"

"ဘော့စ်ကျန်းက အမြဲချောမောခန့်ညားနေတာပဲ"

"ခုနက ဘော့စ်ကျန်းကို ငတုံးလို့ဆဲတာ ဘယ်သူလဲကွ။ အခုချက်ချင်းမတ်တတ်ရပ်စမ်း"

...

လျှပ်တပြက်အတွင်းမှာပင် ထိုနေရာ၌ ပွက်ပွက်ညံသွားကြပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မှတ်ချက်များလည်း ပေါက်ကွဲထွက်ကုန်လေတော့သည်။ ဖန်သားပြင်ပေါ်တွင်လည်း "ဟားဟားဟား"နှင့် "သောက်ကျိုးနည်း"ဟူသော စာများနှင့် ပြည့်နှက်နေလေတော့သည်။ ကျန်းမုန့်လောင် ပြသနေသည့် ကြောက်မက်ဖွယ်စွမ်းရည်မှာ သူ့ကြွားဝါနိုင်စွမ်းနှင့်ပင် ယှဉ်နိုင်လေသည်။

လမ်းဖယ်ကြဟေ့.. သူက တကယ်ရှိတာ…

"မျက်လုံးမှိတ်ထားပြီးတော့တောင် လှည့်ပြီး ကျော်တက်လိုက်နိုင်တယ်…"

ဂန္တဝင်ဆန်သော်ငြား စည်းချက်ကျနလှသော သီချင်းသံနှင့်အတူ ဝူလင်ဟုန်းကွမ်ကားလေးက တောင်ကြားလမ်းများထက်တွင် တစ္ဆေတစ်ကောင်အလား ပျံဝဲနေချေသည်။

ကြီးမားလှသော အကွေ့ကြီးများ၊ ကျဉ်းမြောင်းလှသော တရစပ်အကွေ့များနှင့် စက်ဝိုင်းခြမ်းတစ်ခုစာလောက် လှည့်ကွေ့ရသည့် ဆံညှပ်အလား အကွေ့များကိုပင် ကျန်းမုန့်လောင်က အရှိန်လုံးဝမလျှော့ခဲ့ချေ။ အခြားသူများ ဒုတိယတစ်ပတ်ကို အဆုံးမသတ်နိုင်ရသေးခင်မှာပင် ကျန်းမုန့်လောင် ပထမတစ်ပတ်ကို ပြီးမြောက်သွားပြီဖြစ်၏။

ပျှမ်းမျှအရှိန် : တစ်နာရီ ၅၁၈ကီလိုမီတာ

ပျမ်းမျှလမ်းဖြောင့်ပြေးနှုန်း : တစ်နာရီ ၅၄၂ကီလိုမီတာ

ပျမ်းမျှထောင့်ချိုးကွေ့နှုန်း : တစ်နာရီ ၅၁၃ကီလိုမီတာ

ပတ်လမ်းတစ်ပတ်ကြာချိန် : နှစ်မိနစ် ၄၆စက္ကန့် ၀၈

မယုံကြည်နိုင်လောက်သော ထိုကိန်းစဉ်တိန်းကြီးက ဖန်သားပြင်ထက် ပေါ်ပေါက်လာလေသည်။

"သူက ဘယ်လိုမကောင်းဆိုးဝါးလဲဟ"

အစောပိုင်းက ကျန်းမုန့်လောင်ကို ဆဲဆိုနေခဲ့ကြသော ဒုတိယမျိုးဆက် လူချမ်းသာများမှာ ယခုတော့ ပါးစပ်အဟောင်းသား ဖြစ်ကြရလေပြီ။

"ငါပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ်။ သူကသာ ငတုံးဆိုရင် ငါကတော့ ငတုံးဆိုတဲ့အဆင့်ကိုတောင် မီမှာမဟုတ်ဘူး"

"ငါတို့က ကျန်းမုန့်လောင်ကို သာမန်လူတစ်ယောက်လို့ မြင်နေခဲ့တာထင်တယ်။ သူတို့အဆင့်က ငါတို့နဲ့တစ်တန်းတည်းမှာမဟုတ်ဘူး။ ဒါကြီးကတော့ ရိုက်ချက်ပြင်းလိုက်တာ"

"ဒီပြိုင်ပွဲက အရေးမပါတော့ဘူး။ တကယ်လို့ ကျန်းမုန့်လောင် ရှုံးခဲ့ရင်တောင် သူက ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး"

မူလတုန်းက ဒုတိယမျိုးဆက် လူချမ်းသာများက ကျန်းမုန့်လောင်ကို သူ့စည်းစိမ်းကြောင့် လေးစားခဲ့သည်ဆိုလျှင် ယခုမူ သူ့စွမ်းရည်ဖြင့် သူတို့၏စိတ်နေမြင့်မှုများကို လုံးဝနှိမ်နင်းလိုက်လေပြီ။

"ဘာတွေဖြစ်နေတာလဲ။ တိုက်ရိုက်ထုတ်လွှင့်မှုက ဘာလို့နှေးသွားတာလဲ"

"ငါကြားတာတော့ နိုင်ငံခြားသားတော်တော်များများ နယ်ကျော်လာပြီး ဒီပြိုင်ပွဲကိုလာကြည့်နေတာတဲ့"

"ငါလူး… ဒီသတင်းက တစ်ကမ္ဘာလုံးကို လှုပ်ခါပစ်လိုက်ပြီလား"

တကယ်တမ်းတွင် ဤပြိုင်ပွဲက ပြည်တွင်း၌ စိတ်ဝင်စားမှုပေါင်းများစွာကို ဆွဲဆောင်ထားနိုင်ခဲ့သော်လည်း နိုင်ငံခြားတွင်မူ ပြိုင်ကားလောကထဲတွင်သာ စိတ်ဝင်စားမှုရရှိထားပြီး အခြားသူများကတော့ သိပ်ပြီး စိတ်မဝင်စားကြချေ။

သို့သော် ကျန်းမုန့်လောင် ကြွားဝါထားသော ဗီဒီယိုကို နိုင်ငံခြားအင်တာနက်အသုံးပြုသူများက ဆိုရှယ်မီဒီယာများတွင် ပြန်တင်လိုက်သည့်အခါ တော်တော်များများက ဒေါသူပုန်ထကုန်ကြသည်။ ဤလူကများ ကားနတ်ဘုရားများကို ကားပြိုင်ပွဲတစ်ခုတွင် ပြေးလမ်းတစ်ပတ်စာ အကျောပေးမည်ဟု မာန်တက်နိုင်ရသလား။

ကားပြိုင်ပွဲက မပြီးသေးသောကြောင့် ဟွားရှားအင်တာနက်အသုံးပြုသူများက ကျန်းမုန့်လောင်ကို အားပေးနေကြချိန်တွင် နိုင်ငံခြားပရိသတ်များကလည်း သူတို့အကြိုက်ဆုံးပြိုင်ကားမောင်းသမားများကို အားပေးကြပြီး ကျန်းမုန့်လောင်ကို လှောင်ပြောင်ရန်အတွက် အခွင့်ကောင်းချောင်းနေကြ၏။

သို့သော် သူတို့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ကြည့်လိုက်သည့်အချိန်မှာပင် သူတို့အားလုံး ကြက်သေသေသွားရပေသည်။

"ငါလူး.. ဒါက ဘယ်လိုကားအမျိုးအစားလဲ။ ဒါက ပရော်ဖက်ရှင်နယ်ပြိုင်ကားလား"

"သေစမ်း ဘုရားရေ..ဒီကားကို တကယ်ပဲ လူသားတစ်ယောက် မောင်းနေတာဟုတ်လို့လား"

"ဒါက ဘယ်လိုDriftစကေးကြီးလဲကွာ။ ကားရှေ့ပိုင်းက တောင်နံရံနဲ့တိုက်မိတော့မှာကို။ ဒီအမြန်နှုန်းကြောင့် ကားပျက်ပြီး အသက်ဆုံးရှုံးရမှာကို သူ မကြောက်ဘူးလား"

"အရူးတွေ! ဟွာရှားလူမျိုးတွေအကုန် အရူးတွေချည်းပဲ"

...

"ဟေး ဟေး‌ ဟေး နိုင်ငံခြားကမိတ်ဆွေတွေရောက်လာပြီပဲ"

"ဘော့စ်ကျန်းရဲ့ကြွားဝါမှုကြီးကိုကြည့်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ လူတိုင်းကို ကြိုဆိုပါတယ်"

"အခုမှဝင်လာတာပါ။ ဒါက အတုအယောင်ဂိမ်းတစ်ခုလား။ တကယ်သေသေသပ်သပ်လုပ်ထားတာပဲ"

"ပရိသတ်အသစ်တွေရေ လန့်မသွားကြနဲ့နော်။ ဘော့စ်ကျန်းရဲ့စတိုင်လ်က အမြဲတမ်း ဒီလိုပဲကြမ်းတမ်းနေတာ။ ငါတို့လိုနှစ်ချို့ပရိသတ်တွေတောင် အခု ဒီပြိုင်ပွဲကို ဒူးထောက်ပြီး ကြည့်နေကြတာ"

"အားလုံးပဲ စိတ်အေးအေးထားကြစမ်းပါ။ ဒါတွေက အခြေခံအဆင့်တွေပဲရှိသေးတယ်။ ဘော့စ်ကျန်းတို့မိသားစုထဲမှာ ကားမောင်းသမားတိုင်းက ဒီအဆင့်ရှိတာပဲဖြစ်ရမယ်"

"ကျန်းမုန့်လောင်က သူတို့မိသားစုထဲမှာ ကားမောင်းမကျွမ်းကျင်ဆုံးလို့ ငါ ကြားထားတယ်"

"ကျန်းမုန့်လောင်တို့မိသားစုထဲမှာ တစ်နာရီ ၅၀၀ကီလိုမီတာနှုန်းနဲ့ အကွေ့တစ်ကွေ့ကို Driftမဆွဲနိုင်ဘူးဆိုရင် သူတို့က ကားမောင်းလိုင်စင်ယူပြီး လမ်းပေါ်ထွက်ခွင့်မပေးဘူးတဲ့"

"ဟားဟားဟား..ကျန်းမုန့်လောင်ရဲ့ပရိသတ်တွေတောင် ထေ့ငေါ့တတ်လာပြီ"

"ကျန်းမုန့်လောင်က အစတုန်းက လူတချို့ကို တိတ်တိတ်လေးကယ်တင်ချင်ခဲ့ရုံပဲရှိတာ။ ဒါပေမဲ့ မင်းတို့တွေက သူ့ကို သွားစိန်ခေါ်တာလေ။ အခုတော့ မင်းတို့ သူ့ကို ကြွားဝါဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်သလိုဖြစ်သွားပြီလေ"

"မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါက ကြွားတာမဟုတ်ဘူး။ အရှိန်အဟုန်နဲ့ ပြန်ရိုက်ချတယ်လို့ခေါ်တယ်။ သူ့ခမျာ ဖိအားပေးခံရလို့လုပ်ရတာကို ကြွားတယ်လို့ သတ်မှတ်လို့ရလို့လား။ ဒါကို မိမိုက်တယ်လို့ခေါ်တယ်"

...

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါမဖြစ်နိုင်ဘူး။ ဒါကြီးက သိပ္ပံနည်းမကျဘူးလေ"

ဩစတြေးလျကားနတ်ဘုရား လော်ရစ်ကာတစ်စ်က အကွေ့နားတွင် ဆက်တိုက်Driftဆွဲထားသော ဝူလင်ဟုန်းကွမ်ကားကို နောက်ကြည့်မှန်မှတစ်ဆင့် မြင်နေရလေရာ သူ့နဖူးထက်တွင် ချွေးစေးများပင် ပြန်လာလေသည်။

"မဖြစ်နိုင်တာ။ သူ ငါ့ကိုကျော်တက်မသွားနိုင်အောင် လုပ်ရမယ်"

လော်ရစ်က ကျန်းမုန့်လောင် သူ့ရှေ့သို့ ကျော်တက်မသွားနိုင်အောင် ရှိရှိသမျှနည်းလမ်းပေါင်းစုံသုံးရန် ကြိုးစားပါလေတော့သည်။

သို့သော် တစ်ခုမျှအသုံးမဝင်ချေ။

အရှိန်ကလည်း အလွန်မြန်လွန်းလှသည်။ အကွေ့နားတွင် ယခုလိုအရှိန်မျိုးနှင့် Driftဆွဲရန်အတွက်ဆိုလျှင် ကားနတ်ဘုရားများအနေနှင့် သူတို့ကားကို အပြင်ဘက်သို့ တွန်းထုတ်ပေးထားမည့် ဗဟိုခွာအားအမြောက်အများ လိုအပ်ပေလိမ့်မည်။ သို့မှသာ ကားအတွင်းဘက်တွင် လမ်းရှိနေမည်ဖြစ်၏။

သို့သော် ကျန်းမုန့်လောင်ကမူ ငွေရောင်လျှပ်စီးတစ်ခုအလား သူ့စိတ်တိုင်းကျ Driftလုပ်နိုင်သည်။ ဝူလင်ဟုန်းကွမ်ကလည်း ဈေးကြီးလှသော စူပါကားများကိုပင် အသာလေးကျော်တက်သွားခဲ့သည်။

လော်ရစ်ခမျာ နားထဲတွင် လူငယ်အသံတစ်သံကို ကြားလိုက်ရသည်။

"ကိုယ့်လူ… လှည့်ကွက်တစ်ခုလိုသေးလား"

သို့သော် ထိုစကား၏ အဓိပ္ပာယ်ကို သူ နားမလည်နိုင်သေးခင်မှာပင် ဝူလင်ဟုန်းကွမ်က အရှေ့နားရှိ အကွေ့ဆီသို့ မောင်းနှင်ပျောက်ကွယ်သွားလေရာ သူ့မှာ ကားနောက်မီးကိုပင် ကောင်းကောင်းမမြင်ရချေ။

"သူ့ကိုပိတ်ထား.. ငါတို့ သူ့ကိုဖြတ်သွားခွင့်ပေးလို့မဖြစ်ဘူး"

ကျိုတိုအီချီနှင့် ဘတ်ယောင်းဂျွန်းတို့က ထိုအချိန်တွင် ပြိုင်ပွဲစည်းမျဉ်းများကို မေ့သွားပြီး ကျန်းမုန့်လောင် ကျော်မတက်နိုင်အောင် နှောင့်ယှက်သည့်အနေနှင့် ဘေးချင်းယှဉ်၍ မောင်းနေကြသည်။

သို့သော် နောက်အကွေ့မှာ ကျဉ်းမြောင်းလှသောကြောင့် ကားနှစ်စီး တစ်ပြိုင်တည်းDriftဆွဲဖို့ မဖြစ်နိုင်သဖြင့် သူတို့လည်း တစ်စီးနောက်ကို တစ်စီးရောက်သွားလေသည်။ ထိုအချိန်တွင် ကျန်းမုန့်လောင်ကတော့ လမ်းအတွင်းပိုင်းမှ ကြော့ကြော့မော့မော့ကျော်တက်၍ တောင်နံရံအစွန်းမှ ဖြတ်ကျော်လိုက်လေရာ ကားအပြင်ပိုင်းသည် ပွတ်ကာသီကာလေး လွတ်သွားခဲ့သည်။

"ကျော်တက်ဖို့ စဉ်းတောင်မစဉ်းစားလေနဲ့"

စကိုင်လာရီက ပြေးလမ်း၏အလယ်ဗဟိုတွင် နေရာယူထားလိုက်သည်။ အကွေ့အချိုးများတွင် သူ့စွမ်းရည်သည် ဘတ်ယောင်းဂျွန်းနောက်မှ ဒုတိယအဆင့်ချိတ်လေသည်။ ကွေ့ချိုးရာ၌ပင် သူသည် လမ်းအလယ်ပိုင်းကို နေရာဆက်ယူထားလေရာ ဘယ်ဘက်မှဖြစ်စေ ညာဘက်မှဖြစ်စေ ကျော်တက်ဖို့ရာအတွက် ကားတစ်စီးစာ နေရာမရှိပေ။

"ဟားဟား"

စကိုင်လာရီက အောင်နိုင်သူတစ်ယောက်နှယ် ပြုံးလိုက်၏။

"ယုတ်မာလိုက်တာ"

"အရှက်ကိုမရှိဘူး"

"နေဦး။ မမေ့ကြနဲ့ဦး။ ကျန်းမုန့်လောင်မှာ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိသေးတယ်"'

"ဟုတ်တယ် ဟုတ်တယ်။ 'ဓားသွားလိုကျော်တက်ခြင်း'လေ"

"ဒါပေမဲ့ ဒါက လမ်းဖြောင့်မှမဟုတ်တာ။ တော်တော်ကျဉ်းတဲ့အကွေ့ကြီး"

"ကျွီ"

သို့သော် ကျန်းမုန့်လောင်ကမူ စိတ်ပျက်မသွားချေ။ ဤတစ်ခေါက်တွင် တောင်နံရံအပြင်ဘက်ကို ကပ်ပြီး ထိုအရှိန်ဖြင့် အတွင်းဘက်ဘီးလုံးများကို မြေပြင်မှကြွတက်စေကာ စကိုင်လာရီကို ကျော်တက်သွားပြန်လေသည်။

"ငါလူး"

"သေစမ်း"

"ဒါကို ဘယ်လိုခေါ်တာလဲ။ ဓားသွားDriftလား"

"ယောကျ်ားရေ.. ဒီမှော်ဆန်မှုကြီးကို လာကြည့်ပါဦး"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စကိုင်လာရီခမျာ သူ့ဝိညာဉ် အပြင်းအထန်ထိခိုက်သွားသလို ခံစားလိုက်ရသည်။ ဓားသွားကျော်တက်ခြင်းကို Driftစကေးနှင့် ပေါင်းဖက်ထားသည့် တစ်နာရီလျှင် ၅၀၀ကီလိုမီတာကျော်နှုန်းက သူ နားလည်သည့်အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်၏။

"ဝှစ်"

ဝူလင်ဟုန်းကွမ်က အဆုံးသတ်မျဉ်းကို လှလှပပဖြတ်ကျော်သွားပြီးနောက် လမ်းဘေးတွင် တခမ်းတနားထိုးရပ်လိုက်လေသည်။ ကားတာယာလေးလုံးကတော့ လုံးဝပျက်စီးသွားပြီး မီးကျွမ်းနံ့များပင် ထွက်နေပေသည်။

"ဒီလိုပြင်းထန်လွန်းတဲ့ Driftဆွဲမှုတွေကြောင့် တာယာတွေက ပြေးလမ်းနှစ်ပတ်စာပဲ ခံလိုက်တာကိုး"

"ကားနတ်ဘုရားကတော့ ကားနတ်ဘုရားပီသပါပေတယ်။ အမေရိကန်ကားနတ်ဘုရားတို့ ကိုင်ဘွန်ကားနတ်ဘုရားဆိုတာ ဘာလဲ။ သူတို့က အဲဒီဂုဏ်ပုဒ်တွေနဲ့တောင် ထိုက်တန်လို့လား"

"အရုပ်ကားတွေ ထိန်းချုပ်ခလုတ်နဲ့မောင်းတဲ့ကားတွေ…ကျန်းမုန့်လောင်က သူတို့ကို မတော်တဆဝင်တိုက်သွားရင်တောင် သိလိုက်မှာမဟုတ်ဘူး"

စူပါကားလေးစီးလည်း အဆုံးသတ်မျဉ်းနားတွင် ရပ်တန့်လိုက်သည်။ ကားနတ်ဘုရားလေးယောက်ကမူ စိတ်ဓာတ်ကျနေကြပြီး ကျန်းမုန့်လောင်ကိုပင် မကြည့်ရဲကြပေ။

"ကိုယ့်လူတို့… မင်းတို့ကားအမှတ်တံဆိပ်တွေ ခွာပေးပါတော့။ ပြီးတော့ မင်းတို့ရဲ့ယာဉ်မောင်းလိုင်စင်နဲ့ ပြိုင်ကားမောင်းလိုင်စင်တွေရော ပေးလိုက်တော့"

ကျန်းမုန့်လောင်က ဝူလင်ဟုန်းကွမ်ကို ပတ်ပတ်လည်လိုက်ကြည့်လိုက်၏။

"ဆောရီး ငါ့ကားပေါ်မှာ အမှတ်တံဆိပ်တွေနဲ့ပြည့်နေတာ။ နေရာလွတ်နေတာဆိုလို့ အောက်ဘက်ပဲရှိတော့တယ်။ စိတ်မရှိဘူးမလား"

"ကျန်းမုန့်လောင် မင်း… မင်း ငါတို့ကို တအားအနိုင်ကျင့်နေတာပဲ"

"ကောင်းသားပဲ။ မင်းတို့ ဗန်းစကားတွေတောင် ပြောနိုင်နေပြီ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ဒါပေမဲ့ ဟွာရှားယဉ်ကျေးမှုက မြင့်မြတ်ပြီးနက်နဲလွန်းတယ်။ ဒီဗန်းစကားရဲ့အဓိပ္ပာယ်ကို မင်းတို့ နားလည်ပုံမရဘူး။ မင်းတို့ကို ငါက အရင်ရန်စတာမှမဟုတ်တာ။ ဟုတ်တယ်ဟုတ်။ မင်းတို့တွေ အရှုံးကြီးရှုံးကြမှာစိုးလို့ ငါမပြိုင်ချင်ပါဘူးလို့ ပြောခဲ့သားပဲ"

"ဒါပေမဲ့ မင်းတို့ ဘာလုပ်ခဲ့လဲ။ အရည်အချင်းကျတော့ မရှိဘူး။ ပြဿနာတော့ရှာတတ်တယ်။ မင်းတို့က ငါနဲ့ ပြိုင်မောင်းရဖို့ပဲ စိတ်အားထက်သန်နေကြတာလေ။ ရှုံးသွားတော့လည်း အရှုံးကို လက်မခံနိုင်ပြန်ဘူး"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။

"မင်းတို့နဲ့ပြိုင်ရတာ ပျော်ဖို့လည်းမကောင်းဘူး"

"မင်းမှာ ကားကောင်းတစ်စီးရှိနေတာကြောင့်ပါ"

အံတင်းတင်းကြိတ်ပြီးနောက် စကိုင်လာရီက ထိုစကားကို ဖျစ်ညှစ်ထုတ်ပြောလာလေသည်။

"မင်းတို့ ဆန္ဒရှိရင် ကြိုးစားကြည့်လို့ရတယ်"

ကျန်းမုန့်လောင် ပခုံးတွန့်လိုက်လေသည်။

"မင်းတို့လို တက္ကစီမောင်းနေတဲ့စကေးလောက်နဲ့ဆိုရင် ငါ့ကားကိုမှောက်အောင် မလုပ်နိုင်ဘူးဆိုရင် ရှုံးတယ်လို့ သတ်မှတ်ရမှာပဲ"

"မင်း!"

သူတို့မျက်နှာအရောင်များမှာ အစိမ်းရောင်မှ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသော်ငြား ခွန်းတုံ့ပြန်နိုင်စွမ်းလည်း မရှိကြချေ။

သူတို့အနေနှင့် ကျန်းမုန့်လောင်၏အမြန်နှုန်းကို ယှဉ်ပြိုင်ဖို့ကြိုးစားမည်ဆိုလျှင် အကွေ့တစ်ကွေ့ပင် ဖြတ်ကျော်နိုင်မည်မဟုတ်။

"စမ်းကြည့်လေ"

ကျန်းမုန့်လောင်က ထူးဆန်းလှသော ရယ်သံတစ်သံပေး၍ လှောင်ပြောင်ပြောဆိုလိုက်သည်။

"တကယ်တော့ ငါက နိဗ္ဗာန်ယာဉ်မောင်းတာလည်း ကျွမ်းတယ်။ မင်းတို့ကို အဲဒီနေရာဆီ တိုက်ရိုက်လိုက်ပို့ပေးနိုင်တယ်လေ"

**********

All Chapters