အစွမ်းအစကျတော့ မရှိပေမဲ့ ကစားရတာကိုတော့ သဘောကျနေတာပဲ
Vol. 20 Ch. 292
"ကျန်းမုန့်လောင်သာ ထွက်မလာဘူးဆိုရင် ဒီကမ္ဘာပေါ်မှာ ဘယ်ကားနတ်ဘုရားမှ ရှိတော့မှာမဟုတ်ဘူး"
"သူ့စွမ်းရည်က ပြိုင်ဘက်ကင်းတယ်။ ဒီကမ္ဘာပေါ်က တခြားဘယ်သူကမှ သူ့အစွမ်းတစ်ဝက်ကိုတောင် ရောက်နိုင်မှာမဟုတ်ဘူး"
"ဒါကြီးက လူသားတွေရဲ့အစွမ်းထက် ကျော်လွန်နေတဲ့ ကားမောင်းကျွမ်းကျင်မှုကြီးပါကွာ"
ကမ္ဘာတစ်ဝှမ်းရှိ ပြိုင်ကားဝါသနာအိုးများနှင့် ပြိုင်ကားမောင်းသမားများက အမျိုးမျိုးသုံးသပ်နေကြပြီး ပွဲကြည့်စင်ရှိ ပွဲကြည့်ပရိသတ်များကမူ ကျန်းမုန့်လောင်၏နာမည်ကို ဟစ်ကြွေးနေကြသည်။
"မစ္စတာကျန်း.. မီဒီယာအင်တာဗျူးလုပ်ဖို့ အချိန်ရှိလားမသိဘူး"
ပွဲတင်ဆက်သူက မဝံ့မရဲမေးကြည့်လိုက်သည်။
"ဒီကိုရောက်လက်စနဲ့ စကားနည်းနည်းလောက်ပြောလိုက်တာပေါ့"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်ပြီး ကားနတ်ဘုရားလေးပါးခမျာတော့ ထိုနေရာတွင် ချန်ထားရစ်ခံခဲ့ရပြီး သူတို့ဘဝ၏ရွေးချယ်မှုများကို သံသယဝင်နေလေတော့သည်။
မြောက်များလှစွာသော အကြည့်များနှင့် ကင်မရာများက ကျန်းမုန့်လောင်ကို အာရုံစိုက်ထားစဉ် မီဒီယာများကလည်း အရေးကြီးအချက်အလက်များ လွတ်သွားမည်စိုး၍ အရှေ့သို့ အပြေးရောက်လာကြလေ၏။
"မစ္စတာကျန်း…ကျွန်မတို့ရထားတဲ့ ကနဦးသတင်းအချက်အလက်အရ ကားနတ်ဘုရားဘွဲ့ကိုရရှိထားတဲ့ ကမ္ဘာ့အဆင့် ပြိုင်ကားသမားတွေက ရှင့်ရဲ့ ကမ္ဘာ့အဆင့်ကားနတ်ဘုရားဆိုတဲ့ ဘွဲ့ထူးကို အသိအမှတ်ပြုထားပါတယ်။ ရှင့်အနေနဲ့ ကားနတ်ဘုရားလေးပါးကို အနိုင်ယူပြီး ဒီဘွဲ့ထူးကိုရရှိခဲ့တာဆိုတော့ ပြောစရာတစ်ခုခုများရှိလားရှင့်"
"အင်း…"
ကျန်းမုန့်လောင် ခဏမျှတွေးကြည့်လိုက်သည်။
"ထူးထူးခြားခြားပြောစရာရယ်လည်း မရှိပါဘူး။ ပြိုင်ဘက်က အရမ်းအားနည်းနေတာမို့လို့ တအားတော့ စိတ်မလှုပ်ရှားလိုက်ရဘူး"
"ဟားဟားဟား"
"သိနေတယ်လေ။ ဘော့စ်ကျန်း စလာပြန်ပြီဟေ့"
"ဘော့စ်ကျန်းက သာမန်အတိုင်းလေး စကားပြောလို့မရဘူးလားဟ။ နည်းနည်းလောက်ယဉ်ကျေးလိုက်ရင် သေသွားမှာမှမဟုတ်တာ"
ထိုနေရာရှိ ဟွာရှားပရိသတ်များက တသောသောရယ်မောနေကြချိန်ဝယ် နိုင်ငံအသီးသီးမှ အခြားပြိုင်ကားမောင်းသမားများနှင့် ဝါသနာရှင်များကမူ ဒေါသတငွေ့ငွေ့ လောင်မြိုက်နေသော်ငြား ဘာမှလည်းပြန်မပြောနိုင်ရှာပေ။
ကျန်းမုန့်လောင်နှင့် ယှဉ်လိုက်ပါက ကားနတ်ဘုရားဟု သမုတ်ခံထားရသော ထိုလူများမှာ စင်စစ်မယှဉ်သာပေ။
"မစ္စတာကျန်း.. ခင်ဗျားအဖေကလည်း ကားနတ်ဘုရားပါပဲ။ ခင်ဗျား သူ့ဆီကနေ ကားမောင်းသင်ခဲ့တာလား"
နောက်ထပ်သတင်းထောက်တစ်ယောက်က မေးလာသည်။
"ဒီလိုရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကားမောင်းစွမ်းရည်နဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတစ်ယောက် ဘာလို့မလုပ်ခဲ့တာလဲ"
"ကားမောင်းလိုင်စင်ကိုတော့ ကျွန်တော့်ဘာသာပဲ ရခဲ့တာပါ။ ကျွန်တော့်ကားမောင်းစွမ်းရည်ကတော့ ကျွန်တော့်ရဲ့ယာဉ်မောင်းနည်းပြ သင်ပေးထားတာ။ နောက်မေးခွန်းအတွက်တော့…"
ကျန်းမုန့်လောင် ခွန်းတုံ့ပြန်လိုက်လေသည်။
"ကျွန်တော့်အဖေက ကားနတ်ဘုရားဖြစ်ဖူးတယ်ဆိုတာကိုရော ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်ဖူးတယ်ဆိုတာကိုပါ ဒီနေ့မတိုင်ခင်အထိ မသိခဲ့ဘူး။ သာမန်ကားမောင်းသူတစ်ယောက်ရဲ့ ကားမောင်းစွမ်းရည်က ဒီလိုမျိုးဖြစ်သင့်တယ်လို့ပဲ ကျွန်တော် အမြဲထင်ခဲ့မိတာ။ အဲဒါကြောင့် ကျွန်တော့်ကားမောင်းစွမ်းရည်က ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်နိုင်တဲ့ အရည်အချင်းမျိုးရှိလိမ့်မယ်လို့ အရင်က လုံးဝမတွေးခဲ့မိတာပေါ့"
"ဘုရားရေ"
"လုံးဝရှယ်ကြွားချက်ပဲ"
"ကိုယ့်လူရေ..မင်းကတော့ နိမိတ်ဖတ်သူတစ်ယောက်ပဲ။ ဒီလိုစကားမျိုးကို ကြိုနိမိတ်ဖတ်ထားတာ"
"ဘော့စ်ကျန်းက ဒီလောက်တောင်ပါးပါးနပ်နပ်ရှိတာကို။ မင်းတို့သာ ပါးရည်နပ်ရည်ရှိမယ်ဆိုရင် သူ ဘယ်လိုကြွားတော့မလဲဆိုတာကို သေချာပေါက်သိမှာပဲ"
"မစ္စတာကျန်း… ခင်ဗျားက မာနကြီးပြီး ပြိုင်ကားမောင်းသမားတွေကို အထင်သေးတယ်လို့ တချို့တွေက ပြောနေကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ခင်ဗျား ဘာများပြောချင်ပါသလဲ"
သတင်းထောက်တစ်ယောက်က ခပ်ထက်ထက်မေးခွန်းတစ်ခုကို ပစ်သွင်းလာသည်။
"ကျွန်တော်ပြောတာက ရှင်းရှင်းလေးပါ။ ကျွန်တော့်ကို မာနကြီးတယ်လို့ ထင်တဲ့လူတွေက ကျွန်တော့်ကို မယှဉ်နိုင်ကြတဲ့လူတွေမို့ပဲ။ ကျွန်တော်က တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ပြီးပြောတာမဟုတ်ဘူး။ အကုန်လုံးက ငနုလေးတွေလို့ပြောရုံပါပဲ"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"ဒါကိုလက်မခံတဲ့လူတွေအကုန် ကျွန်တော့်ကို အချိန်မရွေးလာစိန်ခေါ်လို့ရပါတယ်။ ဒါပေမဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ၁ဘီလီယံမှမပါရင်တော့ ကျွန်တော့်အချိန်ကို လာမဖြုန်းကြနဲ့။ ကျွန်တော်က အေးအေးဆေးဆေးနေတတ်တဲ့ လူချောလေးတစ်ယောက်ပဲ ဖြစ်ချင်တာ"
နိုင်ငံခြားသတင်းထောက်များ၏ မျက်နှာထက်တွင် မကျေနပ်လေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။ ရဲတင်းလှသော သတင်းထောက်တစ်ယောက်က မတ်တတ်ထရပ်လာပြီး အင်္ဂလိပ်လို တိုက်ရိုက်မေးလိုက်လေသည်။
"မစ္စတာကျန်း.. ခင်ဗျားရဲ့အပြုအမူတွေက အရမ်းကိုမလေးမစားရာကျလွန်းပါတယ်။ ခင်ဗျားအနေနဲ့ ပြိုင်ကားမောင်းသမားတွေအားလုံးကို လေးစားသင့်တာပေါ့"
"ကျွန်တော်က ပြိုင်ကားမောင်းသူတွေအကုန်လုံးကို အမြဲလေးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ငကြောက်လို့ အရင်ခေါ်ခဲ့တာ သူတို့လေ"
ကျန်းမုန့်လောင်က စံမီတန်းမီအင်္ဂလိပ်ဘာသာစကားဖြင့် ပြန်ဖြေလိုက်၏။
"သောက်ကျိုးနည်းဟေ့။ အမေရိကန်အင်္ဂလိပ်စကားကို မွတ်နေတာပဲ။ ဘော့စ်ကျန်းရဲ့ အပြောစွမ်းရည်ကလည်း သိပ်ကောင်းတာပဲ"
"ကိုယ့်လူတို့ ငါက အင်္ဂလိပ်ဆရာတစ်ယောက်ပါ။ သူ့အမေရိကန်အင်္ဂလိပ်အပြောစွမ်းရည်က ရှယ်ကျွမ်းတာပဲ။ ငါ့အတွက်တော့ ဒီအသံက အမေရိကန်သားတစ်ယောက်ရဲ့လေသံလိုပဲ"
"ဝိုး…ဘော့စ်ကျန်းက ဒီအရည်အချင်းလည်းရှိတာပဲလား"
"မစ္စတာကျန်း.. ဟွာရှားက ယဉ်ကျေးမှုရှိတဲ့နယ်မြေလို့ ပြောကြတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ အဲဒါက အလကားဂုဏ်သတင်းတစ်ခုသက်သက်ပဲ ထင်ပါရဲ့"
ချင်းချိုးနိုင်ငံမှ အခြားသတင်းထောက်တစ်ယောက်ကလည်း မတ်တတ်ထရပ်ပြီး ပြောလေသည်။
"ဟုတ်တယ်။ ဟုတ်တယ်။ မင်းပြောတာ အကုန်မှန်တယ်။ ကွန်ဖြူရှပ်ကလည်း မင်းတို့ဟာပဲ။ ဟွာရှားက မင်းတို့အပိုင်ပဲ။ ကမ္ဘာကြီးကလည်း မင်းတို့အပိုင်ပဲ။ စကြဝဋ္ဌာတစ်ခုလုံး မင်းတို့အပိုင်ပဲ"
ကျန်းမုန့်လောင်က ချင်းချိုးဘာသာစကားနှင့် ကျွမ်းကျွမ်းကျင်ကျင် ခွန်းတုံ့ပြန်လိုက်သည်။
"ငါနဲ့လာမငြင်းနဲ့နော်။ ငြင်းခုန်ချင်တယ်ဆိုရင်တော့ မင်းပဲမှန်ပါတယ်"
"သူတို့ ဘာတွေပြောနေတာလဲ"
"ဟားဟားဟား ဘော့စ်ကျန်းက သူတို့ကို အငြင်းသန်တဲ့လူတွေလို့ ပြောလိုက်တာပဲ"
"ဘော့စ်ကျန်းက ချင်းချိုးဘာသာစကားလည်း တတ်တာပဲလား"
"သောက်ကျိုးနည်း.. ဘာသာစကားဉာဏ်ကြီးရှင်ကြီးပါလား"
"မစ္စတာကျန်း.. ကားမောင်းပြိုင်ပွဲဆိုတာက အားကစားတစ်ခုပါပဲ။ ခင်ဗျားက ဒီနယ်ပယ်မှာ ကျွမ်းကျင်တယ်ဆိုပေမဲ့ ကျုပ်တို့ကိုင်ဘွန်နိုင်ငံက ကမ္ဘာတစ်ဝှမ်းမှာ လွှမ်းမိုးထားနိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ခင်ဗျား ခုနကပြောလိုက်တဲ့စကားက မသင့်တော်ပါဘူး"
"ကိုင်ဘွန်ဘာသာစကားရောလား။ သူတို့က ဒါရိုက်တာကျန်းကို ဝိုင်းဒုက္ခပေးဖို့ စီစဉ်နေကြတာလား"
ဤသို့ဖြင့် အားလုံးက သဘောပေါက်သွားကြသည်။ ကမ္ဘာအနှံ့မှ သတင်းထောက်များအားလုံးက ကျန်းမုန့်လောင်ကို နိုင်ငံခြားဘာသာစကားအမျိုးမျိုးဖြင့် စတင်မေးမြန်းလာခဲ့သည်။ ကျန်းမုန့်လောင်ကမူ ဘာသာပြန်သူတစ်ယောက်ပင် မရှိပါဘဲ စင်ပေါ်၌ မတ်တတ်ရပ်နေခဲ့သည်။ နားမလည်ပါက နေရခက်ဖို့ကောင်းလိမ့်မည်သာ။ အနည်းငယ်ပင် ရှက်ဖို့ကောင်းသေးသည်။ အကြောင်းမှာ တစ်ကမ္ဘာလုံးက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသောကြောင့်ပင်။
"အိုး.. မင်းတို့က မင်းတို့နိုင်ငံရဲ့အချစ်ရေးအက်ရှင်ဇာတ်လမ်းတွေရဲ့ အောင်မြင်မှုအကြောင်း ပြောနေတာဆိုရင်တော့ ငါပြောတဲ့စကားကို ငါရုပ်သိမ်းပါတယ်"
ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြင့် ပြန်ဖြေလိုက်၏။
ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးပြီးကတည်းက သူ၏လေ့လာမှုစွမ်းရည်၊ မှတ်ဉာဏ်၊ ရုပ်ပိုင်းဆိုင်ရာသဟဇာတဖြစ်မှုနှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းတို့က သိသိသာသာမြင့်တက်လာခဲ့သည်။
အချိန်အနည်းငယ်ပေးလိုက်ရုံမျှဖြင့် သူသည် ကမ္ဘာပေါ်ရှိ ဘာသာစကားအားလုံးကို ကျွမ်းကျင်သွားခဲ့သည်။ ပျောက်ကွယ်သွားပြီးဖြစ်သော လူမျိုးများ၏ ဘာသာစကားများကိုပါ ကျန်းမုန့်လောင် ကျွမ်းကျင်နေပြီဖြစ်၏။
"ဝိုး"
ကိုင်ဘွန်ဘာသာစကားကို နားလည်ကြသော ဟွာရှားပရိသတ်များက ဘာသာပြန်ချက်ကို နားထောင်ပြီးသောအခါ လက်ခုပ်ဩဘာပေးကြလေတော့သည်။
"မိုက်လိုက်တာ။ သူက ဒီလိုနှုတ်ရေးကောင်းနေတာ တိယွင်အဖွဲ့အစည်းက လာတာများလား"
"အင်္ဂလိပ်၊ ကိုင်ဘွန်၊ ချင်းချိုး… ဒါရိုက်တာကျန်းမတတ်တဲ့ ဘာသာစကားရယ်လို့ ရှိသေးရဲ့လား"
"ခင်ဗျားတို့တွေအားလုံး ကျွန်တော့်ရဲ့ဘာသာစကားစွမ်းရည်ကို တော်တော်စိတ်ဝင်စားကြပုံပဲ"
ကျန်းမုန့်လောင်က ပြုံးလျက် စကားဆိုလိုက်လေသည်။
"ငါ့ကို ငတုံးငအလိုပုံစံပေါက်အောင်လုပ်ဖို့အတွက် မင်းတို့တွေ အချိန်ကုန်ခံနေစရာမလိုပါဘူး။ နားမလည်ပါးမလည်နဲ့အဆဲခံမနေဘဲ တစ်ဖက်လူနားမလည်တဲ့ နည်းလမ်းနဲ့ ပြန်ဆဲဖို့အတွက် ငါ ကမ္ဘာပေါ်က ဘာသာစကားတွေအားလုံးကို သင်ထားတယ်လေ"
ကျန်းမုန့်လောင်က စကားအရှည်ကြီးတစ်ခွန်းကို ရွတ်လိုက်၏။ အံ့ဩဖို့ကောင်းလောက်အောင်ပင် ပွဲကြည့်ပရိသတ်ထဲက မည်သူမှ သူပြောသည့်စကားကို နားမလည်ကြချေ။
"မစ္စတာကျန်း… ခုနက ဘာပြောလိုက်တာလဲ"
ဟွာရှားသတင်းထောက်တစ်ယောက်က မေးလိုက်သည်။
"နိုင်ငံခြားသတင်းထောက်တွေကို ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးရုံပါဗျာ"
"ခွီး"
အညိုရောင်ဆံပင်ပိုင်ရှင် ဟွာရှားလူငယ်လေးတစ်ယောက်က အော်ရယ်လိုက်လေတော့သည်။
"မင်းက ဘာရယ်တာလဲ"
သူ့သူငယ်ချင်းကလည်း မေးခွန်းထုတ်လိုက်၏။
"ကျန်းမုန့်လောင် ခုနကပြောလိုက်တဲ့ဘာသာစကားက မော်လ်ဒိုက်ရဲ့ဒေသခံဘာသာစကားလေ။ ကမ္ဘာပေါ်မှာ အပြောအနည်းဆုံးဘာသာစကားတွေထဲက တစ်ခုပဲ။ ဖြစ်ချင်တော့ ငါက တက္ကသိုလ်မှာ အဲဒါကို မိုင်နာဘာသာရပ်အဖြစ် ယူထားတာလေ"
ထိုလူငယ်လေးက တခစ်ခစ်ရယ်လျက် ပြောလိုက်လေသည်။
"ဒါဆို သူ ဘာပြောလိုက်တာလဲ"
"သူက နိုင်ငံခြားသတင်းထောက်တွေကို စအိုမပါတဲ့ သားတွေမွေးပါစေလို့ ကျိန်စာတိုက်နေတာ"
"ဟားဟားဟား"
"ဟားဟား ဉာဏ်ကြီးရှင်ကြီး"
"လူတွေကို ကျိန်ဆဲဖို့အတွက် ကမ္ဘာပေါ်က ဘာသာစကားတွေအားလုံးကိုသင်ယူထားတာတဲ့။ ဒီထက် ဘာကများပိုကြမ်းနိုင်ဦးမှာလဲ"
"ဒါရိုက်တာကျန်းက မိုက်ချက်ကွာ"
အနီးအနားရှိ ပွဲကြည့်ပရိသတ်များမှာ ဝါးလုံးကွဲအော်ရယ်ကြကုန်သည်။
အင်တာဗျူးကလည်း အော်ဟစ်ရယ်မောသံများနှင့် လက်ခုပ်ဩဘာသံများအကြား ပြီးဆုံးသွားခဲ့သည်။ ထိုညနေက ကျန်းမုန့်လောင်၏ ဇဝနဉာဏ်ရှိပြီး ဟာသဉာဏ်နှင့်ပြည့်စုံသော အဖြေများနှင့် ထက်မြက်လှသော သူ့ဘာသာစကားစွမ်းရည်များကြောင့် ပရိသတ်အသစ်များစွာကို ရရှိလိုက်လေသည်။
...
တစ်ပတ်မပြည့်ခင်မှာပင် ပြိုင်ကားလောက၌ အဓိကသတင်းကြီးသုံးခု ထွက်ပေါ်လာသည်။
"အမေရိကန်ကားနတ်ဘုရားနဲ့ ဩစတြေးလျကားနတ်ဘုရားနှစ်ယောက်စလုံး အနားယူသွားခြင်း"
"ကိုင်ဘွန်ကားနတ်ဘုရားက သူ တစ်သက်လုံး ဘယ်တော့မှ ကားမောင်းပြိုင်တော့မည်မဟုတ်ကြောင်း ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ပြီးရေးသားပြောဆိုခဲ့"
"ချင်းချိုးကားနတ်ဘုရားက လမ်းကွေ့တစ်ခုမှာ အတင်းအကျပ်Driftဆွဲလေ့ကျင့်ရင်း ပြေးလမ်းထဲမှ မတော်တဆချော်ထွက်ကာ အပြင်းအထန်ဒဏ်ရာရသွား"
သေချာသည်မှာ ဤသတင်းသုံးခုစလုံးသည် ကျန်းမုန့်လောင်နှင့် သွယ်ဝိုက်ပြီး ပတ်သက်နေခြင်းသာ။
"တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"
"ဒါရိုက်တာကျန်း… ခင်ဗျားဖန်တီးထားတဲ့ ဒီအရှုပ်ထုပ်လေးတွေကို ကြည့်ပါဦး"
"မင်းပိုက်ဆံလောက်နဲ့ ကျန်းမုန့်လောင်ကိုသွားမယှဉ်နဲ့။ ကျန်းမုန့်လောင်နဲ့ ပြိုင်ကားမောင်းပြိုင်ဖို့ မစဉ်းစားနဲ့။ ကျန်းမုန့်လောင်နဲ့ စကားပြိုင်မငြင်းနဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုသာလုပ်လိုက်မိရင် မင်းကိုယ်မင်း အမှိုက်တစ်စဆိုတာ သိလာရလိမ့်မယ်"
"@ကျန်းမုန့်လောင် ထွက်လာပြီး ဒရမ်မာလေးလာကြည့်ပါဦး"
"ဟူး"
ကျန်းမုန့်လောင်ကမူ ဝေးပေါ်ထက်တွင် အင်တာနက်အသုံးပြုသူများ အရူးအမူး မန်းရှင်းခေါ်ထားကြသည့် စာများနှင့် ထိုသတင်းသုံးပုဒ်ကို ကြည့်၍ ခေါင်းခါယမ်းလိုက်မိသည်။
"ဒီနေ့ခေတ် လူတွေက ရိုက်ချက်လေးတစ်ချက်တောင် ဒဏ်မခံနိုင်ကြဘူး။ အားနည်းပေမဲ့ ကစားရတာတော့ ရှယ်ကြိုက်ကြတာပဲ"
...