သူက ဉာဏ်ကြီးရှင်ပဲ
Vol. 20 Ch. 294
ရွေးချယ်မှုစံနှုန်းများ မြင့်မားစေရေးအတွက် ယခုနှစ်၏ အဆင့်မြင့်သင်္ချာမေးခွန်းများမှာ အလွန်ခက်ခဲလှသည်။ မေးခွန်းထုတ်သည့် တာဝန်ခံဆရာများပင် အဆင့်မြင့်သင်္ချာ၏ ပျမ်းမျှရမှတ်က အောင်မှတ်အောက်တွင် ထိန်းချုပ်ထားရမည်ဖြစ်ကြောင်းနှင့် ဒုတိယမေးခွန်းမှ နောက်ဆုံးမေးခွန်း၏ ဖြေဆိုနှုန်းကား ၅ရာခိုင်နှုန်းကို မကျော်လွန်ကြောင်း လူသိရှင်ကြားထုတ်ပြန်ကြေညာထားသည်။
နောက်ဆုံးမေးခွန်းဆိုလျှင် သင်္ချာလောကကို နှစ်ပေါင်တစ်ရာကျော်လောက် ဦးနှောက်ခြောက်စေခဲ့သော Riemann Hypothesisကိုပင် ထည့်သွင်းထားပြီး ထိပ်တန်းကျောင်းသားမြောက်များစွာပင် ဆိုးဆိုးဝါးဝါးညည်းညူရသည်အထိ ခက်ခဲလွန်းလှသည်။
"ငါ မေးခွန်းတွေတောင် အပြီးမသတ်နိုင်လိုက်ဘူး။ အဖြေမှန်ရွေးရတဲ့မေးခွန်းတွေထဲက တစ်ဝက်လောက် မဖြေခဲ့ရဘူးထင်တာပဲ။ ငါတော့သွားပါပြီ"
"ငါက ချင်းပေ့တက္ကသိုလ်မှာ သင်္ချာအထူးပြုယူထားတာ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ငါ မျက်စိမှိတ်ပြီးဖြေရင်တောင် အမှတ်၁၄၀ကျော်တယ်။ ဒါပေမဲ့ အခုတော့ ၁၂၀ရရင်တောင် ကံကောင်း"
"Riemann Hypothesis… ငါ ဒါကြီးကို ကြားတောင်မကြားဖူးဘူး"
"ငါ့ကောင်ရေ… မင်း Fermatရဲ့ နောက်ဆုံးသီအိုရမ်နဲ့ Goldbachယူဆချက်ဆိုတာတွေကို ကြားဖူးလား။ သင်္ချာရဲ့နက်နဲမှုအရဆိုရင် Riemann Hypothesisက အဲဒါတွေထက်တောင် ပိုခက်တယ်"
"ငါ အခုပဲရှာကြည့်လိုက်တာ။ Riemann Hypothesisကို အောင်အောင်မြင်မြင်သက်သေပြနိုင်ခဲ့ရင် ဒေါ်လာတစ်သန်းဆုငွေရမှာတဲ့"
"ငါ့ကောင်ရေ ဒါက အဓိပ္ပာယ်မရှိတာကြီး။ ဒါက ဘွဲ့လွန်ဝင်ခွင့်သင်္ချာစာမေးပွဲရော ဟုတ်ရဲ့လား။ စာမေးပွဲမေးခွန်းထုတ်တဲ့ဆရာရေ ငါနော်…"
"သေစမ်း.. ဒီလိုမေးခွန်းမျိုးထုတ်ရဲတာ သူတို့စာတိုက်ပုံးထဲကို ဓားတွေလာပို့ထားမှာ မကြောက်ကြဘူးလား"
...
စာမေးပွဲ ပြီးသည်နှင့် ကျောင်းသားများလည်း ဒေါသဖွင့်ထုတ်ရန်အတွက် ဝေးပေါ်၊ ဖိုရမ်နှင့် အခြားပလက်ဖောင်းများထက်တွင် ချက်ချင်းစုဝေးလိုက်ကြသည်။ အကယ်၍ သူတို့သာ ဤမေးခွန်းများကို ဖြေရှင်းနိုင်ပါက သင်္ချာပညာရှင်များ ဖြစ်သွားပေလိမ့်မည်။ ဤသို့ဆိုပါလျှင် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေနေပါဦးမည်လား။
"သောက်ကျိုးနည်း.. ဘော့စ်ကျန်းကို အင်တာဗျူးထားတာလား"
"ဘော့စ်ကျန်းက ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို တကယ်ကြီးလာဖြေတာလား။ ပြီးတော့ ငါတို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာလေ"
လှန်လှောကြည့်ရှုလိုက်သည့်အခါ ပထမဆုံးလူက ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် မီဒီယာအင်တာဗျူးကို တွေ့သွားခဲ့သည်။
"သောက်ကျိုးနည်း…'အမှိုက်လိုမေးခွန်းတွေတဲ့လား'။ ဒါက လူစကားလား"
ထိုလူက ထိုအင်တာဗျူးဗီဒီယိုကို မျှဝေလိုက်ချေသည်။
တစ်ခဏအတွင်းမှာပင် ထိုဗီဒီယိုက တစ်ယောက်မှတစ်ယောက် ပျံ့နှံ့သွားပြီး ဆယ်ယောက်မှ အယောက်တစ်ရာထိတိုင် မြင့်တက်သွားသည်။ ကျန်းမုန့်လောင်၏ အင်တာဗျူးဗီဒီယိုက ရုတ်ခြည်း ရေပန်းအစားဆုံးစာရင်းထဲသို့ ဝင်သွားလေတော့သည်။
"ဟားဟားဟား အမှိုက်လိုမေးခွန်းတွေ… ငါ ဂိမ်းကစားတာကို လာနှောင့်ယှက်နေတာပဲတဲ့။ ဘော့စ်ကျန်းပီသပါပေတယ်။ အမြဲတမ်း ဟိတ်ဟန်ကထုတ်လို့ကောင်းတုန်း"
"ငါလည်း ဘော့စ်ကျန်းနဲ့ စာမေးပွဲခန်းတစ်ခန်းတည်းကျခဲ့တာ။ သူက အဆင့်မြင့်သင်္ချာစာမေးပွဲမှာ နာရီဝက်လောက်အိပ်နေတာ။ ပါရမီရှင်တစ်ယောက်သာ မဟုတ်ဘူးဆိုရင် ဘယ်သူကများ နာရီဝက်တည်းနဲ့ ဒီမေးခွန်းတွေကို ပြီးနိုင်မှာလဲ။ နောက်ဆုံးမေးခွန်းဆိုရင် ဒီကမ္ဘာပေါ်က ဘယ်သူကများ ဖြေရှင်းနိုင်မှာလဲ"
"ဟားဟားဟား…ဒီတော့ ဒီလိုကိုး။ ဘော့စ်ကျန်းက ထပ်ပြီးဟန်လုပ်နေတာပဲ။ သူလည်း သွားပြီထင်ပါတယ်"
"ခွီး..သူ့အတွက်တော့ သွားပြီဆိုလည်း သွားပြီပဲပေါ့။ ဘော့စ်ကျန်းရဲ့ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် မဟာဘွဲ့ရဖို့ လိုသေးလို့လား"
...
ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၌ ဘွဲ့လွန်စာမေးပွဲအမှတ်ပေးရုံးခန်းထဲဝယ် ဆရာများက အဖြေလွှာများကို အမှတ်ပေးနေကြပြီး တစ်ဦးချင်းစီတိုင်းကလည်း လေးနက်တည်ကြည်လှသော အမူအရာများ ဆင်မြန်းထားကြသည်။ ထင်ထားသည့်အတိုင်းပင် ယခုနှစ်ဖြေဆိုမှုများမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။ သူတို့အမှတ်ပေးနေသည့် အမှတ်များမှာ စာမေးပွဲမေးခွန်းထုတ်သူ၏ ကနဦးခန့်မှန်းချက်ထက်ပင် နိမ့်နေသေးသည်။
"မစ္စတာကျန်း… ခင်ဗျားဘက်ကရော အခြေအနေဘယ်လိုလြ။ အခုထိ အမြင့်ဆုံးအမှတ် ဘယ်လောက်ရထားလဲ"
ဆရာတစ်ယောက်က ဘောပင်ကိုအောက်ချ၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။
"၉၂မှတ်"
မစ္စတာကျန်းဟု အခေါ်ခံလိုက်ရသူက ခပ်မဲ့မဲ့ပြုံးလျက် ပြောလာလေသည်။
"ခင်ဗျားရော"
"နည်းနည်းပဲသာတာပါ။ ၉၅မှတ်"
ထိုဆရာ၏အမူအရာကလည်း စိုးရိမ်နေဟန်ပင်။
"ဒီနှစ် ကျုပ်တို့ကျောင်းသားတွေ ဘယ်နှယောက်လောက်များ အောင်မလဲမသိဘူး"
"အိမ်း.. ကျုပ်တို့ တအားလည်းစိတ်မပူသင့်ဘူး။ မေးခွန်းတွေက ခက်နေတော့ လူတိုင်းရဲ့အမှတ်ကလည်း နိမ့်မှာပါပဲ"
"အမှန်ပဲ"
"အမလေး.. အဖြေမှန်ရွေးတဲ့မေးခွန်းတွေအားလုံးရော ကွက်လပ်ဖြည့်ရော အကုန်အဖြေမှန်တယ်ဟ"
ရုတ်ခြည်းဆိုသလို အနားရှိ ဆရာတစ်ယောက်က တအံ့တဩရေရွတ်လာသည်။
"အိုး"
ဆရာတော်တော်များများလည်း စုဝေးလိုက်ကြပြီးနောက် အဖြေများကို နှစ်ခါပြန်စစ်ဆေးလိုက်ကြသည်။ လက်ရေးက အနည်းငယ်ဖြစ်ကတတ်ဆန်းနိုင်သော်လည်း ရှင်းလင်းပြတ်သားပြီး စံပြအဖြေမှန်နှင့် လုံးဝကိုက်ညီနေပေသည်။
"ဝိုး ဒီကျောင်းသားက တော်သားပဲ။ အဖြေမှန်းရွေးရတာတွေရော ကွက်လပ်ဖြည့်ရော အကုန်မှန်တယ်။ ဒီတစ်ခေါက် အဆင့်မြင့်သင်္ချာဝင်ဖြေတဲ့ ကျောင်းသားအယောက်၁.၉သန်းထဲမှာ ဆယ်ယောက်လောက်ကတော့ ဒီအဆင့်ကိုရနိုင်မယ်ဆိုတာ ငါ လောင်းရဲတယ်"
"ဒီကျောင်းသားက ဘယ်ကျောင်းကပါလိမ့်။ ချင်းပေ့လား ယန်ကျင်းလား ကျောက်ထုံတက္ကသိုလ်လား"
"စိတ်ဝင်စားစရာပဲ မစ္စတာလျူ… သူ့အဖြေလွှာကို ဆက်စစ်ကြည့်လိုက်ပါဦး"
မစ္စတာလျူကလည်း ခေါင်းညိတ်ပြလျက် ကျန်အဖြေလွှာများကို ဆွဲထုတ်လိုက်သည်။
"မှန်တယ်"
"ထပ်ပြီးမှန်တုန်းပဲ"
"အကုန်လုံးက စံမီတန်းမီအဖြေတွေချည်းပဲ။ မဟုတ်ဘူး ဒီအဖြေတွေက စံပြအဖြေမှန်တွေထက်တောင် ပိုရိုးရှင်းသေးတယ်"
"အမှတ်၁၃၀.. အခုအချိန်အထိတော့ အမြင့်ဆုံးအမှတ်ပဲ။ ဒီကျောင်းသားက အရမ်းတော်တာပဲ။ မေးခွန်းတိုင်းကို မှန်အောင်ဖြေနိုင်တယ်"
"နေပါဦး"
ဆရာများအားလုံး ရုတ်တရက်ကြီး အကြောင်သားငေးနေမိကြလေသည်။
ယခုအချိန်အထိ သူတို့ အမှတ်ပေးလာခဲ့သော အဖြေလွှာများထက်တွင် နောက်ဆုံးမေးခွန်းပေါ်ရှိ အဖြေလွှာနေရာ၌ ဗလာချည်းများသာ။
ယခုနှစ်အတွက် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲပြုပြင်ပြောင်းလဲမှုကြောင့် သာမန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကျောင်းသားများ သို့မဟုတ် သင်္ချာမေဂျာကျောင်းသားများမှာ အဆင့်မြင့်သင်္ချာထဲရှိ ဘာသာရပ်တစ်ခုကို ယူရမည်ဆိုသော်ငြား သင်္ချာကျောင်းသားများအတွက် အထူးထုတ်ထားသော မေးခွန်းများ၏ ခက်ခဲမှုအဆင့်ကပင် စုပေါင်း၍မေးခွန်းထုတ်ထားသော ဤအဆင့်မြင့်သင်္ချာမေးခွန်းနှင့် မယှဉ်သာပေ။
Riemann hypothesisကို ဖြေရှင်းရန်မဆိုထားနှင့်။ ဤမေးခွန်းကို နားလည်သူပင် အလွန်ရှားလှသည်။ သို့တိုင်း ဤအဖြေလွှာ၏နောက်ကျောဘက်တွင်မူ အဖြေများနှင့် ပြွတ်သိပ်နေချေသည်။
အဆုံးနားတွင် စာသားအသေးတစ်ကြောင်းကို သူတို့မြင်လိုက်ရသည်။
"Riemann Hypothesis မှန်ကန်ပါသည်"
"သူ.. သူ Riemann Hypothesisကို သက်သေပြလိုက်တာလား"
"ဟားဟားဟား မဖြစ်နိုင်တာ.. ဘွဲ့လွန်ကျောင်းသားတစ်ယောက်က ဒါကို ဘယ်လိုလုပ်ပြီး သက်သေပြနိုင်မှာလဲ။ သူ ဒီအတိုင်း မစဉ်းစားဘဲ ချရေးလိုက်တာပဲဖြစ်မယ်"
"ဟုတ်တယ်။ ဒီလိုထူးချွန်တဲ့ကျောင်းသားတစ်ယောက် ရှိတယ်ဆိုရင် Riemannက အခေါင်းထဲကနေတောင် ပြန်ထလာလိမ့်မယ်"
"သေချာကြည့်ကြည့်ရအောင်"
ဆရာတစ်ယောက်က ဆိုလိုက်သည်။
"သူသာ ဒီရလဒ်ကိုထုတ်နိုင်ခဲ့ရင် သူ့ရဲ့တွေးခေါ်ပုံကိုလည်း ထည့်ရေးထားမှာပဲ။ ငါတို့ သူ့ကို အမှတ်နည်းနည်းလောက် ပေးလို့ရနိုင်တယ်"
သို့သော် ထပ်ကြည့်လေလေ ဆရာများ၏အမူအရာကား ပိုကြောင်အသွားရလေလေပင်။ ဆရာတစ်ယောက်ဆိုလျှင် လက်မောင်းများပင် တုန်ရီလာတော့သည်။
"ဒါက… ကြည့်ရတာ သူ ရှုပ်ထွေးတဲ့ ခွဲခြမ်းစိတ်ဖြာဂျီဩမေတြီအတွေးအခေါ်တွေကို သုံးထားပုံရတယ်။ ပြီးတော့ သက်သေပြတဲ့အဆင့်တွေကလည်း ကျုပ်ရဲ့ အကဲဖြတ်နိုင်စွမ်းကို ကျော်လွန်နေတယ်"
"သူ တကယ်ကြီး အဲဒီRiemann Hypothesisကို သက်သေပြလိုက်နိုင်တာတော့ မဟုတ်ဘူးမလား"
"ဒါက..သာမန်ဘွဲ့လွန်စာမေးပွဲတစ်ခုမှာ သင်္ချာလောကကြီးကို နှစ်တစ်ရာကျော်လောက် ဦးနှောက်ခြောက်စေခဲ့တဲ့ မေးခွန်းတစ်ခုကို ဖြေရှင်းလိုက်နိုင်တာလား။ ဒါက အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်"
"ဒါက ကျုပ်တို့ အမှတ်ပေးနိုင်စွမ်းကို ကျော်သွားပြီ"
ဆရာများမှာ ခပ်မဲ့မဲ့ပြုံးလိုက်မိကြသည်။ သူတို့သည် တက္ကသိုလ်ပေါင်းစုံမှ သင်္ချာဆရာများ ဖြစ်ကြသော်ငြား Riemann Hypothesisကို အတည်ပြုနိုင်စွမ်းမရှိကြပေ။ ထိုမေးခွန်းကား ဖြေရှင်း၍မရနိုင်သော ပဟေဠိတစ်ခုဖြစ်နေဆဲပင်။ အဖြေဟူ၍ အဘယ်မှာရှိနိုင်ပါအံ့နည်း။
"ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ အကုန်စုဝေးနေကြပြီး အမှတ်မပေးကြတော့ဘူးလား"
ထိုအချိန်ဝယ် အသက်ခြောက်ဆယ်ဝန်းကျင်ရှိသော အဘိုးကြီးတစ်ယောက်က အော်ဟစ်ကြိမ်းမောင်းရင်း အနားသို့ရောက်လာလေသည်။
"ဒီနှစ် စာမေးပွဲဖြေဆိုသူတွေ အရမ်းများတယ်။ ခင်ဗျားတို့ ခပ်သွက်သွက်မလုပ်ဘူးဘဲ ဒီနေရာမှာ အချိန်ဖြုန်းမလို့လား"
ထိုအဘိုးအို၏ မျိုးရိုးနာမည်မှာ တုဖြစ်ပြီး ယန်ကျင်းတက္ကသိုလ်ရှိ သင်္ချာသိပ္ပံကျောင်းရှိ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးဖြစ်ကာ အမှတ်ပေးအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်၏။
"ပါမောက္ခတု"
လျူမျိုးရိုးနှင့် ဆရာက မတ်တတ်ထရပ်လိုက်သည်။
"ကျွန်တော်တို့ တော်တော်ထူးခြားတဲ့အဖြေလွှာတစ်ခုကို တွေ့ထားပါတယ်"
"ဘယ်လောက်တောင် ထူးခြားတာမို့လို့လဲ"
"Riemann Hypothesisနဲ့ပတ်သက်တဲ့ နောက်ဆုံးမေးခွန်းကလွဲရင် တခြားမေးခွန်းတွေအကုန်လုံးကို ပြည့်ပြည့်စုံစုံဖြေရှင်းထားပါတယ်"
"အိုး"
ပါမောက္ခတု အနည်းငယ်အံ့အားသင့်သွားချေသည်။ စာမေးပွဲအဖွဲ့၏ အခန်းစောင့်တစ်ယောက်အနေနှင့် သူလည်း ဤမေးခွန်းလွှာကို မြင်ပြီးသားပင်။ ခက်ခဲမှုအဆင့်ကား အလွန်မြင့်လှ၏။ အမှတ်၁၃၀ရခြင်းဆိုလျှင် တက္ကသိုလ်ပေါင်းစုံမှ သင်္ချာဌာနရှိ အကြီးတန်းပါမောက္ခများသာ ရနိုင်သော အဆင့်မျိုးပင်။
"အဲဒါက အရေးအကြီးဆုံးမဟုတ်သေးဘူး"
လျူက ဆိုလိုက်သည်။
"သူက နောက်ဆုံးပုစ္ဆာ Riemann Hyposisကိုပါ ဖြေရှင်းထားသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အမှတ်ပေးနိုင်စွမ်းကလည်း အကန့်အသတ်ရှိတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆွေးနွေးနေတာပါ"
"Riemann Hypothesisကိုဖြေရှင်းထားတာလား"
ပါမောက္ခတု၏မျက်နှာထက်တွင် အံ့ဩရိပ်များလွှမ်းခြုံသွားချေသည်။
"ငါ့ကို အဲဒီအဖြေလွှာပြစမ်းပါဦး"
"ပါမောက္ခတု.. အဲဒီကျောင်းသားရဲ့အဖြေလွှာက ဒီမှာပါ"
"စာမျက်နှာနှစ်မျက်နှာတည်းနဲ့ ဖြေရှင်းထားတာလား"
ပါမောက္ခတု မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန်အထိ Riemann Hypothesisကို ဖြေရှင်းရန် ကြိုးစားခဲ့သော စာမူကြမ်းများမှာ စာမျက်နှာ၁၃၂မျက်နှာအထိ ရှိခဲ့သော်လည်း ထိုစာမူတစ်ခုလုံးနှင့်ပင် ကောက်ချက်မချနိုင်ခဲ့ပေ။
"ဒါက…"
ပါမောက္ခတု၏ မျက်နှာသွင်ပြင်များမှာ ရုတ်ခြည်းဆိုသလို တွန့်လိမ်သွားချေသည်။
"ဒါက ရှုပ်ထွေးတဲ့ခွဲခြမ်းစိတ်ဖြာမှု…မဟုတ်သေးဘူး။ ဒါက လုံးဝရိုးရှင်းတဲ့ရှုပ်ထွေးခွဲခြမ်းစိတ်ဖြာမှုပဲ။ ဒါက…"
ပါမောက္ခတု၏အမူအရာကား ကနဦးတုန်းက အံ့ဩနေရာမှ ရင်သပ်ရှုမောဖွယ်အမူအရာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဝမ်းသာသွားချေသည်။ အဆုံးတွင်မူ သူ့မျက်နှာထက် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာမျိုးပင် ပေါ်ပေါက်လာသည်။
"ငါလည်း သူ့အဖြေကို အကဲမဖြတ်နိုင်ဘူး"
ပါမောက္ခတုလည်း ခဏမျှ တွေးကြည့်လိုက်ပြီးနောက် အဆုံးတွင်မူ သက်ပြင်းခပ်လေးလေးချလိုက်သည်။
"ဒီကျောင်းသားက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ"
***********