ငါက ဒါကို သာမန်မေးခွန်းလေးတစ်ခုလို့ထင်နေတာ
Vol. 20 Ch. 295
ထိုညတွင် ပါမောက္ခတုသည် ကျန်းမုန့်လောင်၏စာမေးပွဲအဖြေလွှာကို မိတ္တူကူးပြီး ယန်ကျင်းသို့ အပြေးပြန်လာခဲ့သည်။
ဟွာရှားရှိ သင်္ချာပညာရှင်အသိုင်းအဝိုင်းတွင် အတွေးအခေါ်အယူအဆများစွာ ပျံ့နှံ့နေပြီး သင်္ချာပုစ္ဆာတစ်ပုဒ်တည်းကိုပင် တစ်ဦးချင်းစီတိုင်းက အာရုံစိုက်လေ့လာတတ်ကြသည်။ ထို့ပြင် Riemann Hypothesisတစ်ခုတည်းကိုပင် လေ့လာနေကြသော သုတေသီတစ်ထောင်ခန့်ရှိ၏။
၁၈၅၉ခုနစ်ကတည်းက Riemann Hypothesisက ရာစုနှစ်တစ်ခုကျော်ကြာ တည်ရှိနေခဲ့ခြင်းဖြစ်ပြီး Clayသင်္ချာအဖွဲ့အစည်းမှ ဆုငွေထုတ်ထားသော ဖြေရှင်း၍မရနိုင်သည့် ပုစ္ဆာကြီးခုနစ်ပုဒ်ထဲမှ တစ်ပုဒ်ဖြစ်လာခဲ့သည်။ လက်ရှိအချိန်အထိ သင်္ချာဘာသာရပ်ဆိုင်ရာ ယူဆချက်တစ်ထောင်ကျော်က Riemannသီအိုရီ၏ ယူဆချက်အပေါ် အခြေခံထားသည်ဖြစ်ရာ သင်္ချာဘာသာရပ်အသိုင်းအဝိုင်းတွင် ဤသီအိုရီက အလွန်အရေးပါလှသည်။
ထိုညတွင် ဟွာရှားနိုင်ငံ၏ ထင်ရှားကျော်ကြားသော သင်္ချာပညာရှင်တစ်ဒါဇင်ခန့်က ယန်ကျင်းတက္ကသိုလ်ရှိ သုတေသနဆန်းစစ်ရေးအခန်းထဲတွင် စုဝေးကြလေသည်။
ဦးဆောင်သူမှာ သူ့တစ်ဘဝလုံးကို Riemann Hypothesisကို သုတေသနပြုလုပ်ခြင်း၌ မြှုပ်နှံထားသော အသက်၇၃နှစ်အရွယ် ပါမောက္ခတစ်ဦးဖြစ်၏။ သူသည် Riemann Hypothesisနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းစဉ်ကို နှစ်ကြိမ်တိုင်တိုင် တွန်းအားပေးခဲ့သူဖြစ်ပြီး ဤကိစ္စနှင့်ပတ်သက်၍ ဟွာရှားတွင် သူသည် အယုံကြည်ရဆုံးပုဂ္ဂိုလ်ပင်။
ယခုအချိန်တွင် မှုန်ဝါးပြီး အိုမင်းရင့်ရော်နေသည့် သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခုက တဖျပ်ဖျပ်လင်းလက်နေသည်။ သူ တစ်ဘဝလုံး အိပ်မက်မက်နေခဲ့ရသော အိပ်မက်မှာ Riemann Hypothesis၏ရလဒ်ကို ဆုံးဖြတ်ပေးနိုင်ရန်ဖြစ်သော်ငြား နှစ်ပေါင်းများစွာကြာပြီးနောက် ခြေလှမ်းအသေးနှစ်လှမ်းမျှသာ လှမ်းနိုင်ခဲ့ပြီး ရရှိထားသော တိုးတက်မှုများမှာလည်း ရေပုံးထဲက ရေတစ်စက်သာသာ ဖြစ်၏။
သူ့အသက်က ကြီးရင့်လာပြီဖြစ်သောကြောင့် သူ့အတွေးအခေါ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ကလည်း သိသိသာသာကျဆင်းလာပြီး သင်္ချာပညာရပ်ဆိုင်ရာ ယုတ္တိဗေဒစွမ်းရည်များကလည်း ကျဆင်းလာခဲ့သည်။ ကြည့်ရသည်မှာ Riemann Hypothesisမှာ သူ့ဘဝတွင် မဖြည့်ဆည်းလိုက်ရသည့် ဆန္ဒတစ်ခုဖြစ်လာတော့မည့်ဟန်ပင်။
သို့သော် သာမန်ဘွဲ့လွန်အဆင့်အဆင့်မြင့်သင်္ချာစာမေးပွဲတစ်ခုက သူ့အား ဤမျှကြီးမားသော စပရိုက်တစ်ခု သယ်ဆောင်လာလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။
"တော်ဝင်ပညာရှင်ပိုင်…ခင်ဗျား ဘယ်လိုထင်လဲ"
ပါမောက္ခတုက မေးလိုက်၏။ ဤတော်ဝင်ပညာရှင်ပိုင်ဆိုသည်မှာ ဟွာရှားရှိ Riemann Hypothesisသုတေသနကျောင်း၏ အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရုံသာမက သူ ရိုသေလေးစားရသော နည်းပြတစ်ဦးလည်းဖြစ်၏။
"ယန်းဇီမြစ်ရဲ့ လှိုင်းလုံးအသစ်တွေက အရင်လှိုင်းလုံးတွေကို တိုက်စားသွားစမြဲပါပဲ"
တော်ဝင်ပညာရှင်ပိုင်က ရယ်လိုက်လေသည်။
"သူ့သက်သေပြချက်ရဲ့သဘောတရားကို ကျုပ်နားလည်ပြီထင်တာပဲ။ ဒါပေမဲ့ ကျုပ်တို့ နောက်ထပ်အတည်ပြုဖို့တော့ လိုဦးမယ်။ ဒီနှစ်မှာ သင်္ချာလောကကို ရာစုနှစ်တစ်ခုကျော်လောက် ဒုက္ခပေးခဲ့တဲ့ Riemann Hypothesisကို ဖြေရှင်းနိုင်တော့မယ်ထင်ပါရဲ့"
"တကယ်ကြီးလား"
ပါမောက္ခတု၏မျက်နှာကား အံ့အားသင့်မှုကို မဖုံးနိုင်မဖိနိုင်ဖြစ်နေချေသည်။
သူ မေးခွန်းဆွဲခဲ့စဉ်က ဤကဲ့သို့သော မေးခွန်းတစ်ခုကို ထည့်မေးခြင်းမှာ မသင့်လျော်ဟု ထင်ခဲ့မိသည်။ သို့သော် သူတို့မျိုးဆက်ဟောင်းများအတွက်မူ ဝင်ခွင့်စာမေးပွဲတစ်ခုဆိုသည်မှာ ကလေးများ အိမ်တွင် ကစားနေသကဲ့သို့ မဆီလျော်လှသော ကိစ္စတစ်ခုပင်။
ဤမေးခွန်းကို ထည့်သွင်းလိုက်ခြင်းအားဖြင့် စုစုပေါင်းအမှတ်၁၅၀ရှိသော စာမေးပွဲကို ၁၃၀မှတ်သာရနိုင်မည့် စာမေးပွဲတစ်ခုအဖြစ် ပြောင်းလဲသွားစေသော်ငြား ကျောင်းသားရွေးချယ်ရေးတွင်မူ ထူးခြားသော အကျိုးသက်ရောက်မှုမျိုး မရှိချေ။
သို့သော် ကျောင်းသားတစ်ယောက်က ကမ္ဘာ့အကြီးမားဆုံး ဖြေရှင်း၍မရနို်ငသည့်သင်္ချာပုစ္ဆာခုနစ်ခုထဲက တစ်ခုဖြစ်သော Riemann Hypothesisကို ဖြေရှင်းနိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။
"ငါ့ကို ပါမောက္ခတုဝေ့ခယ်နဲ့ ချက်ချင်းဆက်သွယ်ပေး။ ဒီဖော်မြူလာကို အတည်ပြုဖို့အတွက် သူ့အကူအညီလိုတယ်"
"ဆရာ အခုက တအားနောက်ကျနေပြီဆိုတော့…"
"အချိန်ဖြုန်းမနေနဲ့။ ငါတို့အသက်အရွယ်မှာ မိန်းမတစ်ယောက်လို လုပ်နေနိုင်မှာလား"
တော်ဝင်ပညာရှင်ပိုင်က ငေါက်ငမ်းလေသည်။
"မြန်မြန်လုပ်။ ငါမသေခင် Riemann Hypothesisကို အတည်ပြုလိုက်နိုင်တာကိုသာ မြင်ခွင့်ရရင် ငါ အချိန်မရွေး မျက်လုံးမှိတ်နိုင်တယ်"
"ဆရာ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့။ ကျွန်တော် အခုချက်ချင်း ပါမောက္ခတုဝေ့ခယ်ကို ဆက်သွယ်ပေးပါ့မယ်"
ပါမောက္ခတုဝေ့ခယ်ဆိုသည်မှာ ကမ္ဘာကျော်သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပြီး Clayသင်္ချာအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်၏။ တော်ဝင်ပညာရှင်ပိုင်ကဲ့သို့ပင် သူလည်း Riemann Hypothesisကို သုတေသနလုပ်ရင်း သူ့ဘဝကို မြှုပ်နှံထားခဲ့သူဖြစ်သည်။ သူတို့နှစ်ယောက်သည် ပညာရပ်ဆိုင်ရာ အငြင်းပွားမှုများ မကြာခဏရှိတတ်သော်လည်း နှစ်ကာလကြာမြင့်သည်နှင့်အမျှ မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ကြသည်။
သူတို့ အသက်အရွယ်ကြီးရင့်လာပြီး နေထိုင်ရာဒေသ ကွာခြားမှုကြောင့်သာ မဟုတ်ပါက သွားအတူ စားအတူ လုပ်နေမိကြမည်သာ။
"ဘာ? ဟွာရှားလူမျိုးတစ်ယောက်က Riemann Hypothesisကို သက်သေပြလိုက်နိုင်ပြီလား"
ထိုသတင်းကို ကြားလိုက်ရသောအခါ ပါမောက္ခတုဝေ့ခယ်လည်း အလွန်အမင်းစိတ်လှုပ်ရှားသွားချေသည်။
"အဘိုးကြီး.. ကျုပ် အခုချက်ချင်း ဟွာရှားကိုလာခဲ့မယ်"
"မှတ်ထားနော်။ လူများများခေါ်လာခဲ့။ တွက်ရချက်ရမဲ့အလုပ်က သိပ်များတယ်"
တော်ဝင်ပညာရှင်ပိုင်က ပြောလိုက်၏။
"အဲဒီကျောင်းသားက ဒီလိုတွက်ချက်မှုကြီးကို နှစ်နာရီအတွင်း ဘယ်လိုပြီးအောင်လုပ်နိုင်ခဲ့သလဲတော့ ကျုပ်မသိဘူး။ သူ ဒီအဖြေကို အရင်က သက်သေပြဖူးတာဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လည်း သူ့ဦးနှောက်က ကွန်ပျူတာတစ်ခုမို့ပဲ"
...
ထိုညက ပါမောက္ခတုဝေ့ခယ်သည် အမေရိကမှ ဟွာရှားသို့ လေယာဉ်ဖြင့်ပြန်လာခဲ့ပြီး သူနှင့်အတူ အယောက်တစ်ရာနီးပါးရှိသော သုတေသနအဖွဲ့တစ်ခုကိုလည်း ခေါ်လာခဲ့သည်။ အကျဉ်းချုပ်ဆွေးနွေးပြီးနောက် သူတို့သည် သေးငယ်ပြီး မှောင်မိုက်လှသော အခန်းလေးတစ်ခန်းထဲသို့ဝင်ကာ အပူတပြင်း အလုပ်လုပ်ပါတော့သည်။
ပါမောက္ခတစ်သိုက်ကလည်း ထိုအခန်းကျဉ်းလေး၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး အစားအသောက်နှင့် ရေများကို မကြာမကြာပို့ပေးသည်ကလွဲ၍ သူတို့အား သွားမနှောင့်ယှက်ကြပေ။
နှစ်ရက်ကြာသော် တော်ဝင်ပညာရှင်ပိုင်နှင့် ပါမောက္ခတုဝေ့ခယ်တို့လည်း သုတေသနအခန်းထဲမှ ထွက်လာခဲ့လေတော့သည်။ နှစ်ရက်နှစ်ညကြာအောင် အသည်းအသန်တွက်ချက်ခဲ့ရသဖြင့် သူတို့ အားနည်းဖျော့တော့နေကြသော်လည်း သူတို့၏စိတ်လှုပ်ရှားမှုကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"တော်ဝင်ပညာရှင်ပိုင်.. ပါမောက္ခတုဝေ့ခယ်.. ဘယ်လိုဖြစ်သွားပြီလဲ"
ဟွာရှားမှ သင်္ချာပညာရှင်များလည်း မမေးဘဲ မနေနိုင်ကြတော့ချေ။
"အဲဒီကျောင်းသားရဲ့ သက်သေပြတဲ့နည်းလမ်းက အမှန်ပဲ။ သူ Riemann Hypothesisကို အောင်အောင်မြင်မြင်သက်သေပြနိုင်ခဲ့ပြီ"
ပါမောက္ခတုဝေ့ခယ်က Clayသင်္ချာအဖွဲ့အစည်း၏ အမည်ဖြင့် ကြေညာလိုက်သည်။
"သူ့သက်သေပြနည်းက စာမျက်နှာနှစ်မျက်နှာပဲ ရှိပေမဲ့ များပြားလွန်းတဲ့ တွက်ချက်မှုတွေကို သူ ချန်လှပ်ထားခဲ့တာကြောင့်လေ။ ဒီတွက်ချက်မှုတွေကို အပြီးသတ်ဖို့အတွက် ငါတို့ စာမျက်နှာ၅၀၀လောက် သုံးလိုက်ရတယ်"
တော်ဝင်ပညာရှင်ပိုင်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဆိုလာလေသည်။
"ပြီးတော့ တွက်ချက်နေတုန်းမှာလည်း သူက သင်္ချာနယ်ပယ်ထဲက ခက်ခဲတဲ့ပုစ္ဆာ၁၇ခုကို ဖြေရှင်းခဲ့သေးတယ်။ အဲဒါတွေက Riemann Hypothesisကို မယှဉ်နိုင်ပေမဲ့ ဘယ်တစ်ခုကမဆို သူ့ကို အဆင့်မြင့်သင်္ချာဆုတစ်ခု ရစေနိုင်တယ်"
"ဘွန်း"
သင်္ချာလောကကို နှစ်ပေါင်း ၁၇၀ကျော်ကြာ ခေါင်းခြောက်စေခဲ့သော Riemann Hypothesisကို သက်သေပြနိုင်ခဲ့လေပြီ။ ဤသည်မှာလည်း သိပ္ပံနှင့်နည်းပညာစာမေးပွဲအတွက် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့သော စီနီယာကျောင်းသားတစ်ယောက်ပင်။
ဤသတင်းကား နျူကလီးယားပေါက်ကွဲမှုတစ်ခုအလား သင်္ချာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော် ဘွဲ့လွန်စာမေးပွဲ၏ လျှို့ဝှက်မှုကြောင့် လောလောဆယ်တွင် ပါမောက္ခတုအနေနှင့် အဖြေလွှာကို မိတ္တူကူးခဲ့ရသောကြောင့် ကျောင်းသား၏အချက်အလက်များကို ဖောက်ထွင်းကြည့်ရှုခြင်းမပြုရသေးသဖြင့် ယနေ့အထိတိုင်း ဤကျောင်းသား၏သရုပ်မှန်ကား လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေဆဲပင်။
သို့သော် ဘွဲ့လွန်စာမေးပွဲရလဒ်များကို ကြေညာပြီးသည်နှင့် ထိုပုဂ္ဂိုလ်၏သရုပ်မှန်ကိုလည်း ကမ္ဘာကြီးတစ်ခုလုံး သိရှိသွားပေလိမ့်မည်။ သင်္ချာကို အမှတ်ပြည့်ရရှိသူမှာ Riemann Hypothesisကို ဖြေရှင်းနိုင်ခဲ့သူပင်။
တစ်လကျော်ဟူသော အချိန်အတွင်း မြောက်များလှစွာသော သင်္ချာပညာရှင်များက စာမျက်နှာနှစ်မျက်နှာသာရှိသော ဤအဖြေလွှာကို အပြန်ပြန်အလှန်လှန်အတည်ပြုခဲ့ကြပြီး တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။ ကမ္ဘာ့အကြီးမားဆုံးသင်္ချာသုတေသနအဖွဲ့အစည်းများကလည်း ရလဒ်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့ကြ၏။
ယခုအချိန်တွင် လူတိုင်းက ဘွဲ့လွန်စာမေးပွဲရလဒ်များကို ထုတ်ပြန်မည့်အချိန်ကိုသာ စောင့်မျှော်နေကြသည်။
"မြန်မြန်လုပ် အချိန်မကျသေးဘူးလား"
ယနေ့တွင် ဟွာရှားစာမေးပွဲအချက်အလက်စီမံခန့်ခွဲရေးရုံးခန်းတွင် ပုံမှန်နှင့်မတူပါဘဲ စည်ကားနေချေသည်။ သင်္ချာအဖွဲ့အစည်း၏ အထင်ကရပုဂ္ဂိုလ်များအပါအဝင် ဝှီးလ်ချဲဖြင့်ရောက်လာသော အသက်၈၀ကျော် ဆံဖြူသက်ကြီးရွယ်အိုများလည် တစ်ဒါဇင်ကျော်ရှိ၏။
ထိုလူများမှာ ဟွာရှားကရော နိုင်ငံခြားကပါ လာရောက်ကြသူများဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက သင်္ချာအဖွဲ့အစည်းကို တုန်လှုပ်စေခဲ့သူများပင်။
"ရတော့မယ်..အချိန်ကျတော့မယ်။ နည်းနည်းလောက်စိတ်ရှည်ရှည်ထားပေးပါ"
ပုံမှန်ဆိုလျှင် ဩဇာအာဏာရှိနေတတ်သူက ယခုမူ မိန်းကလေးတစ်ယောက်အလား တုန်ယင်နေချေသည်။
မတတ်နိုင်ပေ။ ရောက်လာသူများမှာ သင်္ချာနယ်ပယ်ထဲတွင် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်၏။ သူတို့က ကမ္ဘာပေါ်ရှိ အခြေံသင်္ချာတိုးတက်မှုကို မြှင့်တင်ပေးခဲ့သူများဖြစ်လေရာ နိုင်ငံ့ခေါင်းဆောင်များပင် ဤစီနီယာကြီးများကို အထူးလေးစားစွာဆက်ဆံရပေလိမ့်မည်။ သူတို့အနေနှင့် ဤလူများကို ဆန့်ကျင်၍မရနိုင်ချေ။
"ငါတို့အဘိုးကြီးတွေကို ခေတ်နောက်ကျတယ်လို့ပြောနေတာလား။ မင်းတို့ကမှ တကယ်ခေတ်နောက်ကျတာကွ။ အောင်စာရင်းလေးတစ်ခု ထုတ်ပြန်ဖို့တောင် တစ်လလောက် အချိန်ယူနေရတာ။ ဒါက ဟွာရှားနိုင်ငံရဲ့သင်္ချာပါရမီရှင်ကွ သိရဲ့လား။ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်ပဲပေါ်လာတတ်တဲ့ သင်္ချာပညာရှင်တစ်ယောက်"
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ"
ဒါရိုက်တာခမျာ တလေးတစားပြန်ဖြေလိုက်ရသည်။
"ဒါရိုက်တာ အောင်စာရင်းတင်လိုက်ပါပြီ"
အဆုံးတွင်မူ ဝန်ထမ်းတစ်ယောက်က သူ့နဖူးထက်ရှိ ချွေးများကိုသုတ်ဖယ်လျက် ဆိုလာလေသည်။
"မြန်မြန်သွားစစ်ချေ။ ဘယ်သူလဲလို့"
"မင်းက ဘာစောင့်နေတာလဲ။ အခုချက်ချင်းသွားကြည့်လေ"
ဒါရိုက်တာက ဝန်ထမ်းလေးကို ပြောလိုက်၏။
"ဟုတ်ကဲ့"
မြန်ဆန်လှသော ကီးဘုတ်ရိုက်သံကြားဝယ် သတင်းအချက်အလက်တစ်စုက ကွန်ပျူတာဖန်သားပြင်ထက် ပေါ်လာလေသည်။
အမည် : ကျန်းမုန့်လောင်
ကျောင်း : ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်
စာမေးပွဲဖြေဆိုရာဌာန : ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်
အင်္ဂလိပ် : ၁၀၀ မှတ်
အဆင့်မြင့်သင်္ချာ : ၁၅၀မှတ်
နိုင်ငံရေး : ၁၀၀မှတ်
အဓိကဘာသာရပ် : ၁၅၀မှတ်
"ကျန်းမုန့်လောင်လား။ ဒီနာမည်ကို ဘာလို့တအားရင်းနှီးနေပါလိမ့်"
သက်ကြီးရွယ်အိုတချို့က ခပ်ကျယ်ကျယ်ရေရွတ်လိုက်လေသည်။
"အဲဒါ ကမ္ဘာ့အချမ်းသာဆုံးလူပဲ။ သူက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ တက်နေတယ်ထင်တယ်"
"သူလား"
...
"ကျန်းမုန့်လောင် မင်းကအိပ်နေတုန်းလား။ အင်တာနက်မှာ ဘယ်လောက်တောင်ပွက်လောရိုက်နေပြီလဲဆိုတာ သိလား"
ညလယ်ခေါင်ကြီး ကျန်းမုန့်လောင်ထံသို့ ဝမ်လင်က ရုတ်တရက် ဖုန်းထဆက်လေသည်။
"မင်းမေ… ငါအိပ်နေတယ်လေ။ မင်းကမှ ညလယ်ခေါင်ကြီးဘာလုပ်နေတာလဲကွ"
"အဲဒီRiemann Hypothesisကို မင်း တကယ်ပဲဖြေရှင်းနိုင်ခဲ့တာလား"
"ဘာHypothesisလဲ။ မင်း ဘာတွေပြောနေတာလဲ"
"ပေါက်ကရတွေတော်စမ်းပါကွာ။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲရဲ့ အဆင့်မြင့်သင်္ချာနောက်ဆုံးမေးခွန်းလေ။ အဲဒီRiemann Hypothesisကွ။ အခု သင်္ချာနယ်ပယ်ကြီးတစ်ခုလုံး အရူးအမူးဖြစ်နေကြတာ မင်းသိလား"
"ဪ အဲဒီမေးခွန်းလား"
ကျန်းမုန့်လောင် သမ်းဝေလိုက်ချေသည်။
"ငါက အဲဒါကို ပုံမှန်လိုပဲ ခက်တဲ့မေးခွန်းတစ်ခုလို့ထင်ခဲ့မိတာ။ တကယ့်ကိုခေါင်းစားရတဲ့ပုစ္ဆာနော်။ ဖြေရှင်းရခက်နေတာ မထူးဆန်းတော့ပါဘူး"
**********