← Chapters

ခင်ဗျားရဲ့မိုင်းတွင်းကို ရောင်းမလား

Vol. 20 Ch. 298

ခင်ဗျားရဲ့မိုင်းတွင်းကို ရောင်းမလား

Vol. 20 Ch. 298

"မစ္စတာကျန်း.. ကိုင်ဘွန်ရဲ့ လက်ရှိအဓိကသွင်းကုန်တွေကတော့ အထည်အလိပ်တွေ စွမ်းအင်နဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေပါ"

ဟုန်းရီက ခဏမျှ ခပ်မြန်မြန်ရှာဖွေပြီးနောက် ကျန်းမုန့်လောင်ကို ပြန်ဖြေလိုက်သည်။

"ထပ်ပြီးစွမ်းအင်ပဲလား"

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးလိုက်လေသည်။

"အဲဒါက ကမ္ဘာလုံးဆိုင်ရာလျှို့ဝှက်လက်နက်တစ်ခု ဖြစ်ပုံရတယ်"

ကျန်းမုန့်လောင်က ခမ်းခမ်းနားနားဖြင့် လက်ယမ်းပြလိုက်လေသည်။

"အရင်နည်းအတိုင်းလုပ်လိုက်။ သူတို့ရဲ့ရေ လျှပ်စစ်နဲ့ ဓာတ်ငွေ့ထောက်ပံ့မှုတွေကို ဖြတ်တောက်ပစ်လိုက်။ သူတို့တစ်နိုင်ငံလုံး စွမ်းအင်အရင်းအမြစ်ကုန်ခမ်းသွားရင် ငါတို့ဆီ လာတောင်းပန်မဲ့အချိန်ကို စောင့်နေရုံပဲ"

"မစ္စတာကျန်း… ဒီဗျူဟာက ချင်းချုးလိုနိုင်ငံမျိုးအတွက် အရမ်းထိရောက်မှုရှိပေမဲ့ ကိုင်ဘွန်နိုင်ငံလိုမျိုး ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုကို ရင်ဆိုင်တဲ့နေရာမှာတော့ တော်တော်ခက်ခဲပါတယ်"

ဟုန်းရီက ပြောလိုက်၏။

"ဪ ဘယ်လိုမျိုးလဲ"

ကျန်းမုန့်လောင် အနည်းငယ်မျက်မှောင်ကြုတ်မိသည်။

"ကျွန်မမှာရှိတဲ့ ဒေတာတွေအတိုင်းဆိုရင် ကိုင်ဘွန်မှာ လက်ရှိသုံးစွဲနေတဲ့ စွမ်းအင်ပမာဏက နျူကလီးယားစွမ်းအင်ကို ၂၀ရာခိုင်နှုန်းကနေ ၂၂ရာခိုင်နှုန်း၊ ပြန်လည့်ပြည့်ဖြိုးမြဲစွမ်းအင်က ၂၄ရာခိုင်နှုန်း၊ ကျောက်မီးသွေး၂၆ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့၂၇ရာခိုင်နှုန်းပါ။ ရှင့်မိသားစုက သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်းအများစုကို ထိန်းချုပ်ထားပေမဲ့ ကျောက်မီးသွေးမိုင်းတွင်းတွေတော့ သိပ်မရှိပါဘူး"

"အာ.. ငါ့မိသားစုရဲ့ပိုင်ဆိုင်မှုမှာလည်း ပျော့ကွက်ရှိတာပဲလား"

"မဟုတ်ပါဘူး။ ရှင့်ဘိုးဘေးတွေက အမြော်အမြင်ရှိတယ်လို့ပဲ ဆိုရမှာပါ။ ကျောက်မီးသွေးဆိုတာက ညစ်ညမ်းမှုအဆင့်မြင့်တဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်တာကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မသင့်တော်ပါဘူး။ အဲဒါကြောင့် ဟိုးအရင်ကတည်းက သူတို့ ဒီအပိုင်းကို ချန်လှပ်ထားခဲ့တာပါ"

"သောက်ကျိုးနည်း… သူတို့က ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို တကယ်ကြည့်တတ်တာပဲ"

ကျန်းမုန့်လောင် ညည်းညူလိုက်မိသည်။

"ဒါပေမဲ့ ကိုင်ဘွန်မှာရှိတဲ့ ကျောက်မီးသွေးလိုအပ်ချက်ကတော့ တအားမြင့်နေတုန်းပါပဲ။ သူတို့ကျောက်မီးသွေးအရင်းအမြစ်ရဲ့ ၉၉ရာခိုင်နှုန်းက နိုင်ငံခြားတင်သွင်းကုန်တွေဖြစ်တာကြောင့် ပြည်တွင်းထုတ်လုပ်မှုဆိုတာ မရှိသလောက်ပါပဲ။ သူတို့ရဲ့သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ရုံပဲဆိုရင် နယ်ပယ်တော်တော်များများမှာရှိတဲ့ စွမ်းအင်စနစ်တွေကတော့ ပုံမှန်လည်ပတ်နေဦးမှာပါ"

"ဒါပေမဲ့ ကျောက်မီးသွေးထောက်ပံ့မှုကို ဖြတ်တောက်လိုက်မယ်ဆိုရင် နိုင်ငံရဲ့လျှပ်စစ်ထောက်ပံ့မှု၅၀ရာခိုင်နှုန်းကျော် ပြတ်တောက်သွားမှာမို့ သူတို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်သွားမှာပါ"

ဟုန်းရီက အကြံပြုလိုက်၏။

"သူတို့ရဲ့ကျောက်မီးသွေးက ဘယ်ကနေတင်ပို့တာလဲ"

ကျန်းမုန့်လောင်လည်း ဆက်မေးလိုက်၏။

"မနှစ်တုန်းက ကိုင်ဘွန်နိုင်ငံက ဩစတြေးလျကနေ ကျောက်မီးသွေးတန်ချိန်၁၇၈သန်း၊ ယင်းဟယ့်ကနေ တန်ချိန်၃၂သန်း၊ ရရှားကနေ တန်ချိန်၂၁သန်းနဲ့ အမေရိကန်ကနေ ၃သန်း တင်သွင်းခဲ့ပါတယ်။ သူတို့အတွက် အများဆုံးတင်သွင်းမှုက ဩစတြေးလျက လာတာပါ"

"ဩစတြေးလျကျောက်မီးသွေးတွင်းတွေနဲ့ပတ်သက်တဲ့ သတင်းတွေ ငါ့ကိုရှာပေး"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း..ကျွန်မ ရှင့်အီးမေးလ်ကို ချက်ချင်းပို့လိုက်ပါ့မယ်"

တစ်မိနစ်အတွင်းမှာပင် သူ့အီးမေးလ်ထဲသို့ စာတစ်စောင်ဝင်လာကြောင့် ကျန်းမုန့်လောင် တွေ့လိုက်ရသည်။

"အမလေး မင်းကတော့ တကယ့်ကိုစွယ်စုံကျမ်းကြီးပါလား"

ထိုစာရွက်စာတမ်းကို ကျန်းမုန့်လောင် ဖွင့်ကြည့်လိုက်လေရာ စာမျက်နှာနှစ်မျက်နှာသာ ရှိသော်ငြား အလွန်တိကျပြီး ကျန်းမုန့်လောင် စိတ်အဝင်စားဆုံးအပိုင်းကို အသားပေးဖော်ပြထားသေးသည်။

ဩစတြေးလျရှိ ကျောက်မီးသွေးတွင်းများမှာ ဆစ်ဒနေကျောက်မီးသွေးမြေ၊ ဘိုဝမ်ကျောက်မီးသွေးမြေနှင့် လက်ဒ်ရော့တောင်ကြားကျောက်မီးသွေးမြေတို့တွင် အဓိကတည်ရှိသည်။ ဩစတြေးလျမှ တင်သွင်းသော ကိုင်ဘွန်၏ကျောက်မီးသွေးတင်ပို့မှုကား ဤကျောက်မီးသွေးမြေသုံးခုမှ အဓိကလာပြီး ခန့်မှန်းခြေအချိုးအားဖြင့် ၃:၅:၂ ရှိ၏။

ဤစာရွက်စာတမ်းထဲတွင် ထိုကျောက်မီးသွေးမြေသုံးခု၏ ပိုင်ရှင်နှင့်ပတ်သက်သည့် အချက်အလက်များလည်း ရှိသည်။

"အိုလီဗာကလဲရ်လော့ဒ်၊ အာသာရီပတ်၊ ဘလန့်ဒ် နီအိုဒါ တိုက်ဆိုင်လိုက်တာများကွာ"

ဤနာမည်သုံးခုကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်၏ မျက်နှာထက်ဝယ် သိနားလည်လေဟန်အပြုံးတစ်ပွင့်က ချက်ချင်းပေါ်ပေါက်လာ၏။

လေလံပွဲအတွက် သူ ဥရောပကို သွားစဉ်က ရော့စ်ချိုင်းမိသားစု မိတ်ဆက်ပေးသောကြောင့် လူချမ်းသာတော်တော်များများက သူ့အတွက် ခွက်မြှောက်ဂုဏ်ပြုပေးခဲ့ကြသည်။ ကျန်းမုန့်လောင်ကလည်း ထိုအချိန်က သူတို့၏လုပ်ငန်းကတ်များနှင့် ဆက်သွယ်ရန်လိပ်စာများကို သိမ်းထားခဲ့သည်။

ဤဩစတြေးလျကျောက်မီးသွေးတွင်းပိုင်ရှင်သုံးယောက်ကလည်း ထိုလူများထဲတွင် ပါဝင်ခဲ့သည်။ အိုလီဗာက အသက်ငါးဆယ်အရွယ် ခပ်ပိန်ပိန် ထိပ်ပြောင်အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဘေးတွင်လည်း အတန်အသင့်နာမည်ကြီးသော ဩစတြေးလျမင်းသမီးတစ်ယောက် ရှိနေခဲ့ကြောင်း ကျန်းမုန့်လောင် မှတ်မိသေးသည်။

"တစ်နေ့ကျရင် ဒီငွေရှင်တွေနဲ့ တကယ်ကြီးဆက်ဆံရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"

ကျန်းမုန့်လောင်ခမျာ သူ့ခေါင်းသူရိုက်လိုက်မိ၏။

"သေစမ်း.. ငါ အဲဒီလုပ်ငန်းကတ်တွေအကုန်လုံးကို ပျောက်သွားပြီ"

"မစ္စတာကျန်း.. ကျွန်မတို့ ရှင့်ဖုန်းကို အဆင့်မြှင့်ပေးထားပါတယ်။ အခု ရှင့်ဖုန်းထဲမှာ ကမ္ဘာ့လူမှုရေးအလွှာထိပ်တန်းမှာရှိတဲ့ လူတော်တော်များများရဲ့ဖုန်းနံပါတ်တွေ ရှိပါတယ်"

ဟုန်းရီက ပြောလိုက်၏။

"အဲဒါ ဖြစ်ရောဖြစ်နိုင်လို့လား"

ကျန်းမုန့်လောင်လည်း ဆက်သွယ်သူစာရင်းထဲတွင် အိုလီဗာ၏ နာမည်အပြည့်အစံကို ရိုက်လိုက်လေရာ ထိုစာရင်းထဲတွင် သူ့ဖုန်းနံပါတ်သာမက ကိုယ်ရေးအကျဉ်းနှင့် အရေးကြီးအချက်အလက်တချို့လည်း ပါဝင်နေချေသည်။

"လူတိုင်းရဲ့အချက်အလက်က ရှင့်ဖုန်းထဲရောက်လာဖို့အထိ အရည်အချင်းမရှိပါဘူး။ သူတို့တွေက အမေရိကန်ဒေါ်လာ၁၀ဘီလီယံပိုင်ဆိုင်မှုရှိတဲ့ ဘီလျံနာတွေ ဒါမှမဟုတ် နိုင်ငံအသီးသီးက အချက်အချာကျတဲ့အရာရှိတွေ ဖြစ်မှရမှာ။ ရှင့်သူငယ်ချင်းတွေကတော့ ခြွင်းချက်ပေါ့"

"ဘုရားရေ.. စံနှုန်းကလည်း မြင့်လိုက်တာ"

လုရီယောင်က နံဘေးကနေ၍ ရေရွတ်လိုက်ချေသည်။

"ဟီးဟီး.. အမေရိကန်ဒေါ်လာ၁၀ဘီလီယံကျော် ပိုင်ဆိုင်မှုရှိတဲ့လူတွေအတွက် သီးသန့်ထားတဲ့ Contactထဲကို ငါပါရောက်နေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး"

"မင်း အတွေးလွန်နေပြီ။ မင်းရဲ့ဖုန်းနံပါတ်က ငါ့contactထဲမှာ မပါပါဘူး"

"နင် ဘာပြောလိုက်တယ်"

လုရီယောင်က ကျန်းမုန့်လောင်၏ခါးနားရှိ နူးညံ့ညံ့အသားကို ဆွဲဆိတ်လိုက်သည်။

"အား အား အား။ အဲဒီနံပါတ်ကို ငါ့မှတ်ဉာဏ်ထဲမှာ မှတ်ထားပြီးသားလေ။ ဘာကိုမှတ်နေစရာလိုမှာလဲ"

ကျန်းမုန့်လောင်လည်း ခပ်မြန်မြန်ပင် ညှာတာပေးရန် တောင်းပန်လိုက်ရသည်။

"ဒီလိုမှပေါ့"

...

ဩစတြေးလျနိုင်ငံ Queenslandရှိ မြင့်သွန်းလှသော မိုးမျှော်တိုက်ကြီးတစ်ခုအတွင်း စီးပွားရေးဝတ်စုံကို ဝတ်ဆင်ထားသည့် ထိပ်ပြောင်အမျိုးသားတစ်ယောက်က သူ့စားပွဲတွင် ခပ်မတ်မတ်ထိုင်နေလေ၏။

"မစ္စတာအိုလီဗာ.. ဒါက ဒီနှစ်အတွက် တင်ပို့ကုန်အစီရင်ခံစာပါ"

အိုလီဗာ၏ အတွင်းရေးမှူးလှလှလေးက သူ(မ)၏မျက်မှန်ကို ပင့်တင်လိုက်သည်။

"မနှစ်တုန်းက စုစုပေါင်းတူးဖော်မှုပမာဏက တန်ချိန်သန်း၁၇၀ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်လိုက်ရင် ၁၂ရာခိုင်နှုန်း တိုးတက်လာပါတယ်။ တန်ချိန်သန်း၈၀ကို ကိုင်ဘွန်နိုင်ငံကို တင်ပို့ပြီး ၈ရာခိုင်နှုန်းတက်သွားခဲ့ပါတယ်။ အိန္ဒိယကို ၁၂သန်းပို့တော့ ၉.၂ရာခိုင်နှုန်းတိုးတက်လာပါတယ်။ ဟွာရှားကိုတော့ သန်း၃၀တင်ပို့ပြီး ၆၃ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်.."

"ဒီနှစ် ဟွာရှားရဲ့ တင်သွင်းကုန်ပမာဏက သိသိသာသာလျော့သွားတာပဲ။ ကိုင်ဘွန်နိုင်ငံက ငါတို့ရဲ့အကြီးဆုံးတင်သွင်းမှုဖြစ်လာပြီကိုး"

"နောက်နှစ်အတွက် အမှာစာတွေကရော"

အိုလီဗာ၏မျက်နှာကား သိပ်ကြည့်မကောင်းတော့ချေ။ ၁၂ရာခိုင်နှုန်း လျော့နည်းသွားခြင်းမှာ စင်စစ်တွင် ကြောက်မက်ဖွယ်ကောင်းလှသော ပမာဏတစ်ခုပင်။

"ကိုင်ဘွန်နိုင်ငံက ကျွန်မတို့ဆီက ကျောက်မီးသွေးတန်ချိန် သန်း၂၀၀ကျော် တင်သွင်းပေးဖို့ မျှော်လင့်နေပါတယ်တဲ့။ အိန္ဒိယကတော့ တန်ချိန်သန်း၅၀ ရောက်ရှိဖို့ မျှော်လင့်ထားပြီး ဟွာရှားဘက်ကတော့ အခုထိ သတင်းမရသေးပါဘူး"

"အပေါ်ထပ်က ဒီငတုံးတွေက သူတို့ကြောင့် ငါတို့ ဒေါ်လာဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာ မသိကြဘူး"

အိုလီဗာက ဒေါသတကြီး ပြောလိုက်သည်။

"မစ္စတာအိုလီဗာ ဖုန်းလာနေပါတယ်"

အတွင်းရေးမှူးက တုန်ခါနေသော အိုလီဗာ၏ဖုန်းကို လက်ညှိုးထိုးပြလိုက်၏။

"အိုလီဗာပြောနေပါတယ်"

သူ ဖုန်းပြန်ဖြေလိုက်ချိန်ဝယ် စိတ်အခြေမနေမကောင်းသောကြောင့် လေသံက အေးစက်နေခဲ့သည်။

"မစ္စတာအိုလီဗာ.. ကျုပ်က ကျန်းမုန့်လောင်ပါ"

"မစ္စတာကျန်း"

အိုလီဗာ၏ မျက်နှာအမူအရာမှာ မျက်နှာပြောင်းလိုက်သလို ခပ်မြန်မြန်ပြောင်းလဲသွားပေသည်။

"မစ္စတာကျန်း တောင်းပန်ပါတယ်။ ကျွန်တော် စိတ်အခြေအနေမကောင်းလို့ လေသံက နည်းနည်းထူးဆန်းသွားမယ်ထင်တယ်"

အိုလီဗာက ထက်မြက်သူတစ်ယောက်ပင်။ ယခုအချိန်အထိ ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ခဲ့ကြသူများအားလုံး ကံမကောင်းခဲ့ကြပေ။ သူက ခြွင်းချက်ဖြစ်လေမလားဆိုသည်ကို စမ်းသပ်ချင်စိတ်လည်း မရှိပါချေ။

နောက်ဆုံးတစ်ခေါက်တွင် သူ ဥရောပမှ ထွက်ခွာလာခဲ့စဉ်က လေလံပွဲကျင်းပသူများနှင့် နောက်ဆုံးလေလံပစ္စည်းကို မဝယ်ယူနိုင်ခဲ့သော နိုင်ငံများက သူ့ကို ဥရောပထဲက လွယ်လင့်တကူထွက်ခွင့်ပေးမည်မဟုတ်ဟု သူ သတင်းသဲ့သဲ့ကြားခဲ့မိသည်။

ထုတ်ပြော၍မရနိုင်သော လျှို့ဝှက်ချက်များပင် ရှိသေးသည်။ ထိုလျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်က သူ့အား ဖွင့်ဟပြောပြခဲ့သည်။ ကျန်းမုန့်လောင်တွင်သာ စွမ်းရည်တစ်ခုခုမရှိပါက သူ့အနေနှင့် ဥရောပမှ အသက်ရှင်လျက် ထွက်ခွာနိုင်မည်မဟုတ်ဟု ဆိုခဲ့သည်။

သို့သော် တကယ်တမ်းတွင် ကျန်းမုန့်လောင်က အလွန်သက်သောင့်သက်သာ ရှင်သန်နေပြီး မကြာသေးခင်ကပင် ပြိုင်ကားနတ်ဘုရားလေးဦးကို အနိုင်ယူကာ ပြိုင်ကားလောကကို လှုပ်ခတ်စေခဲ့သည်။ အံ့သြဖို့အကောင်းဆုံးမှာ သင်္ချာပညာရှင်များကို ရာစုနှစ်တစ်ခုတိုင်အောင် ခေါင်းခြောက်စေခဲ့သည့် သင်္ချာပုစ္ဆာတစ်ခုကိုလည်း သူက ဖြေရှင်းနိုင်ခဲ့သေးသည်။

အိုလီဗာ၏ စိတ်ထဲတွင်မူ ကျန်းမုန့်လောင်သည် အလွန်ထူးခြားဆန်းကြယ်လှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလေပြီ။

"ဒါဆို မစ္စတာအိုလီဗာရေ...အခုတလော ခင်ဗျား စိတ်ညစ်စရာကိစ္စလေးတွေ ကြုံနေရသလား"

"အာ ဒါတွေကို မပြောဘဲနေရအောင်ပါ။ ပြောနေဖို့မလိုပါဘူး"

အိုလီဗာ သက်ပြင်းချလိုက်မိသည်။

"နိုင်ငံတော်လွှမ်းမိုးမှုတစ်ခုနဲ့ ဆိုင်တာလေ။ နိုင်ငံတော်ဘက်က မူဝါဒမပြောင်းသရွေ့တော့ ကျွန်တော် ခေါင်းခဲနေတယ်ဆိုရင်တောင် ဘာမှမလုပ်နိုင်ပါဘူး"

"ခင်ဗျားရောဘယ်လိုလဲ မစ္စတာကျန်း...ကျုပ်တို့ နောက်ဆုံးတစ်ခေါက်ဆုံတာ နှစ်လသုံးလလောက်တောင် ရှိပြီနော်။ ကျွန်တော့်ကို ရုတ်တရက်ကြီး ဘာလို့ဖုန်းဆက်ရတာလဲ။ လက်ဖက်ရည်သောက်ဖို့ ဖိတ်မလို့တော့ မဟုတ်ဘူးမလား"

"ဟားဟားဟား"

အိုလီဗာက စကားပြောကောင်းလှသူတစ်ယောက်ပင်။ ထို့ကြောင့် ကျန်းမုန့်လောင် သူ့ကို တော်တော်လေးသဘောကျသွားရ၏။

"ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ မစ္စတာအိုလီဗာ ဟွာရှားကိုလာလည်မယ်ဆိုရင်တော့ ကျုပ် ခင်ဗျားကို လက်ဖက်ရည်နဲ့ဧည့်ခံမှာပါ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"မစ္စတာကျန်းက အရမ်းရက်ရောနေတော့ ကျွန်တော်လည်း ဟွာရှားကို တကယ်လာချင်မိတယ်"

အိုလီဗာသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ ငွေကြေးအကြောင်းမှ သွေဖည်မသွားချေ။ ထို့ပြင် သူသည် ကျန်းမုန့်လောင်ကို ဆိုလာသည်။

"မစ္စတာကျန်း.. ခင်ဗျားက ကျွန်တော့်လို စီးပွားရေးသမားတစ်ယောက်ကို လာရှာတာဆိုတော့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်တာပဲဖြစ်ရမယ်။ ခင်ဗျားမှာ တော်တော်ကြီးမားတဲ့ လုပ်ငန်းအပေးအယူကြီးတစ်ခု ရှိနေတာလား"

"ဟားဟား ခင်ဗျား တည့်တိုးဆန်တာကို ကျုပ် သိပ်သဘောကျတယ်"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"ဒီလိုလေ.. ဒီအရောင်းအဝယ်က တော်တော်ကြီးတယ်။ ဆွေးနွေးဖို့ သင့်တော်ပါ့မလားမသိဘူး"

"ပြောသာပြောပါ မစ္စတာကျန်း.. ကျောက်မီးသွေးလုပ်ငန်းနဲ့ ပတ်သက်လာရင် ဘယ်လောက်ပဲကြီးကြီး ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်"

အိုလီဗာက ယုံကြည်မှုရှိရှိ ဆိုလာလေသည်။

"ဒါဆို ကျုပ် တည့်ပဲပြောတော့မယ်နော်"

ကျန်းမုန့်လောင် ထုတ်ပြောလိုက်လေတော့သည်။

"မစ္စတာအိုလီဗာ.. ခင်ဗျားရဲ့ဘိုဝမ်ကျောက်မီးသွေးမြေကို ရောင်းပေးမလား"

***********

All Chapters