ကမ္ဘာကြီးပူနွေးမှုအတွက် အကျိုးပြုချင်လို့
Vol. 20 Ch. 299
"မစ္စတာကျန်း ဘာပြောလိုက်တာလဲ။ ကျွန်တော် နားကြားမှားတာဖြစ်မယ်"
"ခင်ဗျားရဲ့ကျောက်မီးသွေးတွင်းကို ရောင်းမလားလို့ မေးလိုက်တာ"
"မဟုတ်ဘူး။ အဲဒီရှေ့က စကားကိုပြောတာ"
အိုလီဗာက ဆိုလာလေသည်။
"အဲဒီရှေ့က စကားလား"
ကျန်းမုန့်လောင် တစ်ခဏမျှ ရပ်တန့်သွားရသည်။
"ဒီအရောင်းအဝယ်က ကြီးတာမို့ ဆွေးနွေးဖို့ သင့်တော်ရဲ့လားဆိုတာတော့မသိဘူး?"
"မဆွေးနွေးသင့်ဘူးဗျ"
ရုံးခန်းအတွင်းဝယ် အိုလီဗာခမျာ စိတ်အိုက်နေရလေသည်။ ကျန်းမုန့်လောင်က ကျောက်မီးသွေးအရောင်းအဝယ်ကိစ္စကို သူနှင့် ဆွေးနွေးချင်နေခြင်းဖြစ်ရမည်ဟု အစက သူ ထင်ထားခဲ့မိသည်။ သူတို့၏ဘိုဝမ်ကျောက်မီးသွေးမြေတွင် သိုလှောင်မှုပမာဏ အလွန်များပြားလှသည်ဖြစ်ရာ ဩစတြေးလျတစ်နိုင်ငံလုံး နှစ်ပေါင်းတစ်ရာကျော်လောက် တူးဖော်ဖို့ပင် လုံလောက်လေသည်။ လူတစ်ဦးစီအတွက် တန်ချိန်၁၅၀၀ကျော်ကိုလည်း ပျမ်းမျှအဖြစ် ကိုင်ဆောင်ထားသည်။ သူတို့ မတတ်နိုင်သည့်အရောင်းအဝယ်ဟူ၍ အဘယ်မှာရှိနိုင်ပါအံ့နည်း။
သို့သော် ကျန်းမုန့်လောင်က သူ့ကျောက်မီးသွေးတွင်းကို ဝယ်ယူလိုကြောင်း စကားဟလာလိမ့်မည်ဟုတော့ သူ လုံးဝထင်မထားချေ။ ဤသည်မှာ နောက်ပြောင်ခြင်းတစ်ခုလေလား။
"မစ္စတာအိုလီဗာ… ခင်ဗျားက ဟွာရှားရဲ့ စကားလှည့်ကွက်လေးတွေကို တော်တော်တတ်ကျွမ်းတာပဲ"
ကျန်းမုန့်လောင်က ချီးမွမ်းလိုက်၏။ ဤကဲ့သို့သော အကွက်မျိုးကို ဟွာရှားတွင်သာ မြင်ရလေ့ရှိပြီး ဩစတြေးလျသားတစ်ယောက်ဖြစ်သည့် သူက ဤမျှကျွမ်းကျွမ်းကျင်ကျင်သုံးနှုန်းနေသည်ကို မြင်သောအခါ ကျန်းမုန့်လောင်ပင် အံ့အားသင့်သွားရ၏။
"မစ္စတာကျန်း.. တကယ့်အရောင်းအဝယ်ကိစ္စကို ပြောကြရအောင်။ လုပ်ငန်းအကြောင်းပဲ ကောင်းကောင်းမွန်မွန်ဆွေးနွေးကြတာပေါ့။ ဒီလိုဟာသမျိုးက တကယ့်ကို အဓိပ္ပာယ်မရှိဘူးလေ"
အိုလီဗာက ပြောလာချေသည်။
"မစ္စတာအိုလီဗာ.. ကျုပ် နောက်နေတာမဟုတ်ဘူး။ ခင်ဗျားရဲ့ကျောက်မီးသွေးမြေကို ကျုပ် တကယ်ဝယ်ချင်တာ"
ကျန်းမုန့်လောင်က ဆို၏။
"ဖြစ်နိုင်မယ်ဆိုရင် ဆစ်ဒနေကျောက်မီးသွေးမြေကိုနဲ့ လက်ဒ်ရော့ကျောက်မီးသွေးမြေကိုပါ ဝယ်ချင်တယ်"
"မစ္စတာကျန်း.. ခင်ဗျား ဩစတြေးလျကျောက်မီးသွေးနယ်ပယ်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာလား"
အိုလီဗာက ခါးသက်သက်ပြုံးလျက် မေးလိုက်လေသည်။
ဤကျောက်မီးသွေးတွင်းသုံးခုမှာ ဩစတြေးလျတွင် အကြီးဆုံးကျောက်မီးသွေးတွင်းများပင်။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကလည်း ၇၀ရာခိုင်နှုန်းကျော်သည်။ သူသာ ဤကျောက်မီးသွေးတွင်းအားလုံးကို ဝယ်လိုက်ပါက ဩစတြေးလျတစ်နိုင်ငံလုံးလည်း ကျန်းမုန့်လောင်၏ခွင့်ပြုချက်မပါဘဲ လုပ်ငန်းလည်ပတ်နိုင်တော့မည်မဟုတ်ချေ။ သူတို့ ရောင်းချင်လျှင်ပင် နိုင်ငံတော်က သဘောတူမည်တဲ့လား။
"ကျုပ် အရေးတကြီးလိုအပ်နေလို့"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"မစ္စတာကျန်း.. အရေးကြီးတယ်ဆိုရင်တောင် ဒီတောင်းဆိုမှုက တော်တော်လေးအဓိပ္ပာယ်မရှိပါဘူး"
အိုလီဗာက ဆို၏။
"ကျွန်တော်တို့မှာ ဒီကျောက်မီးသွေးမြေအတွက် ကျောက်မီးသွေးတူးခွင့်နဲ့ တင်ပို့ခွင့်ပဲရှိတာ။ ပိုင်ဆိုင်မှုကတော့ နိုင်ငံတော်ရဲ့လက်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော်တို့ရ့လွတ်လပ်ခွင့်က တော်တော်များရုံလေးပါပဲ"
"အိမ်း"
ကျန်းမုန့်လောင် ရုတ်ခြည်းဆိုသလို အနည်းငယ်စိတ်ပျက်သွားလေသည်။
"ခင်ဗျားတို့နိုင်ငံရဲ့ ကျောက်မီးသွေးတွင်းတွေက ကျုပ်ရဲ့စိန်တွင်းတို့ ရွှေတွင်းတို့လို ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေလို့ ထင်လိုက်မိတာ"
အိုလီဗာလည်း ချက်ချင်းပင် မျက်ဆန်လည်လိုက်မိရင်း ဤသို့တွေးမိသည်။
"ခင်ဗျားမှာ စိန်တွင်းနဲ့ရွှေတွင်းတွေရှိလားလို့လည်း မမေးမိပါဘူး။ ဘာလို့ အပိုတွေလာပြောနေရတာလဲ။ ခင်ဗျားက စီးပွားရေးကိစ္စပြောဖို့ လာခဲ့တာလား။ ချမ်းသာကြွယ်ဝမှုကို ကြွားဝါဖို့ လာခဲ့တာလား"
"ဒါဆို မစ္စတာအိုလီဗာ…ခင်ဗျားတို့အစိုးရနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီပေးလို့ရမလား။ သူတို့ဘက်က ကျုပ်ကို အဲဒီကျောက်မီးသွေးတွင်းသုံးခုကို ရောင်းချင်မလားဆိုတာ တီးခေါက်ကြည့်ရအောင်လို့"
အိုလီဗာလည်း သက်ပြင်းချ၍ ခါးသက်သက်အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်လေသည်။
"မစ္စတာကျန်း.. ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ ကျွန်တော်သိပါတယ်။ ဩစတြေးလျအစိုးရက ခင်ဗျားကို ရောင်းဖို့ဆန္ဒရှိတယ်ဆိုရင်တောင် ဒီကျောက်မီးသွေးတွင်းသုံးခုကို ဝယ်ဖို့အတွက်ဆိုရင် ခင်ဗျားမှာ ပိုက်ဆံဘယ်လောက်ရှိရှိ ဖြစ်နိုင်မယ်မထင်ဘူးဗျ။ ဒီကျောက်မီးသွေးတွင်းသုံးခုရဲ့ သိုလှောင်မှုပမာဏကို ခင်ဗျားသိလား"
အိုလီဗာက ဆက်ပြောလေသည်။
"ကျွန်တော်တို့ဘိုဝမ်ကျောက်မီးသွေးတွင်းတစ်ခုတည်းကတင် စုစုပေါင်း တန်ချိန်သန်း၃၀ကျော်ရှိတယ်။ ဒီနှစ် ကျွန်တော်တို့ရဲ့တင်ပို့မှုဈေးနှုန်းကို အခြေခံကြည့်မယ်ဆိုရင် အရည်အသွေးမြင့်ကျောက်မီးသွေးရဲ့ အခြေခံဈေးနှုန်းက တစ်တန်ကို ဟွာရှားယွမ်၈၄၀ရှိပါတယ်။ တွက်လိုက်ရင် စုစုပေါင်းဟွာရှားငွေ၂၅ထရီလီယံပါ။ အခွန်အခအမျိုးမျိုးကိုပါ ထပ်ပေါင်းလိုက်ရင် ကျောက်မီးသွေးတွင်းရဲ့ စုစုပေါင်းတန်ဖိုးက ဟွာရှားယွမ်ငွေ၃၀ထရီလီယံအောက် မလျော့ပါဘူး။ အမေရိကန်ဒေါ်လာ၄.၆၅ထရီလီယံနီးပါးပါပဲ"
အိုလီဗာက ထပ်ဖြည့်ပြောလာချေသည်။
"ကျွန်တော် သိသလောက်ဆိုရင် ခင်ဗျားတို့နိုင်ငံရဲ့ နိုင်ငံခြားငွေသိုလှောင်မှုပမာဏက အမေရိကန်ဒေါ်လာ၃ထရီလီယံကျော်ပဲ ရှိတာမလား"
"အဲဒီလောက်တောင်များတာလား"
ကျန်းမုန့်လောင် တအံ့တဩ ရေရွတ်လိုက်မိသည်။
"အမေရိကန်ဒေါ်လာတစ်သန်းကို စွမ်းအားအမှတ်၁မှတ်၊ ဆယ်ဘီလီယံကို အမှတ်တစ်ရာ၊ ၄ထရီလီယံဆိုရင် စွမ်းအားအမှတ်လေးသောင်းကျော်ရမယ်။ ဒါဆိုရင် ငါ ဆရာအယောက်လေးရာကို တန်းပြီးဆင့်ခေါ်နိုင်ပြီပေါ့"
"မစ္စတာကျန်း.. ခင်ဗျားဘာတွေပြောနေတာလဲ။ ဘာဆရာတွေလဲ… ကျွန်တော် နားမလည်ဘူးဗျ"
ကျန်းမုန့်လောင်၏ အံ့အားသင့်နေသော လေသံကို ကျန်းမုန့်လောင် အာရုံခံမိသည်။ သို့သော် အံ့အားသင့်နေသော ထိုလေသံအကြားတွင် စိတ်ပျက်မှုအစား ဝမ်းသာမှုတို့က အစားထိုးဝင်ရောက်နေချေသည်။
ဤမျှငွေအများကြီး မထုတ်နိုင်တဲ့ဟာကို သူက ဘာလို့ ဒီလောက်ဝမ်းသာနေရတာလဲ…
"အိုး ဘာမှမဟုတ်ပါဘူး"
ကျန်းမုန့်လောင်လည်း ခပ်မြန်မြန် သတိပြန်ဝင်သွားသည်။
"၄ထရီလီယံမလား။ ကျုပ် ဘယ်သူ့ကိုဆက်သွယ်ပြီး ဝယ်ရမလဲ"
"မဟုတ်ဘူးလေ"
အိုလီဗာခမျာ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရ၏။ "ဘယ်သူ့ကိုဆက်သွယ်ပြီး ဝယ်ရမလဲ"ဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။
သူ့ဘက်က ရှင်းရှင်းလင်းလင်းပြောပြပြီးလေပြီ။ အမေရိကန်ဒေါ်လာ၄ထရီလီယံဆိုသည်မှာ လက်လှမ်းမမီနိုင်သော ပမာဏတစ်ခုသာ ဖြစ်၏။
လူတစ်ဦးတစ်ယောက်အတွက် မဆိုထားနှင့်။ နိုင်ငံတစ်နိုင်ငံဆိုလျှင်ပင် ဤမျှပမာဏကို မထုတ်နိုင်ပေ။
"ခင်ဗျားရဲ့ဘိုဝမ်ကျောက်မီးသွေးမြေက ၄.၆၅ထရီလီယံနော်။ ကျန်တဲ့သုံးခုကိုပါ အကုန်ထည့်ပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာထရီလီယံဆယ်ဂဏန်းလောက်ဆိုရင် လုံလောက်တယ်မလား"
"မစ္စတာကျန်း… ခင်ဗျား.."
ကျန်းမုန့်လောင်၏စကားကို ကြားသောအခါ အိုလီဗာ၏စိတ်ထဲ ကြောက်မက်ဖွယ်အတွေးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။ ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာကို ထရီလီယံနှင့်ချီ၍ ထုတ်ပေးနိုင်ပေသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါ နောက်နေတာမလား။ ဟားဟားဟား"
"ဟုန်းရီ… အမေရိကန်ဒေါ်လာထရီလီယံတချို့ကို ထုတ်ဖို့အတွက် ဘယ်လောက်အချိန်ကြာမလဲ"
ဖုန်းတစ်ဖက်တွင် ကျန်းမုန့်လောင်နှင့် အမျိုးသမီးတစ်ယောက်တို့ စကားပြောနေသည့်အသံကို အိုလီဗာ ကြားနေရသည်။
"ယာရှာ..မင်း ဟွာရှားစကားနားလည်တယ်မလား။ သူတို့ဘာပြောနေလဲဆိုတာ လာနားထောင်ပေးဦး"
"ဟုတ်ကဲ့ပါ ဘော့စ်"
...
"မစ္စတာကျန်း.. ရှင့်ရဲ့ဟွာရှားဘဏ်အကောင့်တွေကနေ လွှဲမယ်ဆိုရင် နောက်အကျဆုံးအနေနဲ့ မနက်ဖြန်မနက်ဆိုရင် ထုတ်လို့ရပါပြီ။ ဒါပေမဲ့ နိုင်ငံခြားအကောင့်ကနေ လွှဲမယ်ဆိုရင်တော့ ဆယ်ဆပိုများတဲ့ပမာဏကိုလည်း အချိန်မရွေးထုတ်ယူနိုင်ပါတယ်"
ဟုန်းရီက ပြောလိုက်၏။
"အမေရိကမှာရှိတဲ့ ရှင့်လုပ်ငန်းတွေက အမေရိကန်ဒေါ်လာနဲ့ အမြတ်ငွေဝင်နေတာလေ။ နှစ်စဉ်ငှားရမ်းခတွေကိုဆိုရင် ပြောနေစရာတောင်မလိုတော့ဘူး။ အကုန်လုံးက ရှင့်အမေရိကန်အကောင့်တွေထဲမှာ ဒီအတိုင်းရှိနေတာပါ"
"ဘော့စ်.."
ယာရှာ၏အကြည့်ကား တွေဝေငေးငိုင်သွားရှာလေသည်။ ကမ္ဘာပေါ်တွင် စိတ်ကူးကြည့်၍ပင် မရနိုင်သည့် စကားများကို သူ(မ) ကြားလိုက်ရဟန်တူသည်။
"သူတို့ သောက်ကျိုးနည်း ဘာတွေပြောနေတာလဲ"
အိုလီဗာလည်း ဖုန်းစကားပြောခွက်ကို လက်ဖြင့် ခပ်မြန်မြန်အုပ်ထားလိုက်၏။
"ဘော့စ်.. သူတို့သာ ဟွာရှားဘဏ်အကောင့်ကို သုံးမယ်ဆိုရင် နှစ်ရက်အတွင်း ထရီလီယံပေါင်းများစွာထုတ်ယူနိုင်ပြီး နိုင်ငံခြားဘဏ်အကောင့်ကိုသုံးမယ်ဆိုရင်တော့… အချိန်မရွေး ကြိုက်သလောက်ထုတ်ယူနိုင်တယ်တဲ့…"
"ဘယ်..ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
Forbesဘီလျံနာစာရင်းတွင် ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာသန်း၈၀၀ဟု ဖော်ပြထားသော်ငြား ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုစုစုပေါင်းက အမေရိကန်ဒေါ်လာတစ်ထရီလီယံကျော်ရမည်ဟု အိုလီဗာ ယုံကြည်ထားသည်။
သို့သော် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကို ငွေသားအဖြစ်ဖြင့် ထုတ်ယူခြင်းမှာ မည်သည့်နိုင်ငံကများ လုပ်နိုင်လေသလဲ။
"မစ္စတာအိုလီဗာ..အမေရိကန်ဒေါ်လာထရီလီယံနည်းနည်းလောက်က ပြဿနာမရှိပါဘူး။ သူတို့ ရောင်းပေးနိုင်မလားဆိုတာ ခင်ဗျားမေးကြည့်ပေးလေ"
"မစ္စတာကျန်း"
ထိုအချိန်တွင် အိုလီဗာခမျာ နတ်ဘုရားတစ်ပါးနှင့် စကားပြောနေရသလို ခံစားမိလိုက်သည်။ ရိုးရိုးနတ်ဘုရားတစ်ပါးပင် မဟုတ်။ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားပင်။
"မစ္စတာကျန်း.. ခင်ဗျားမှာ အဲဒီလောက် ပိုက်ဆံပမာဏကြီး တကယ်ရှိတယ်ဆိုရင်တောင် အစိုးရဘက်က ရောင်းမှာမဟုတ်လောက်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့သတ္တူတူးဖော်ရေးဥပဒေအရ နိုင်ငံတော်စွမ်းအင်အရင်းအမြစ်တွေကို တူးဖော်ခွင့်နဲ့ တခြားလုပ်ပိုင်ခွင့်အာဏာတချို့ ပေးထားပေမဲ့ ရောင်းချခွင့်တော့မရှိပါဘူး"
"အဲလိုကိုး"
ကျန်းမုန့်လောင်လည်း သောကရောက်သွားဟန်ပင်။
"အမှန်ပဲ။ ကျုပ်သာ ခင်ဗျားတို့ကျောက်မီးသွေးမြေတွေအကုန်လုံးကို ဝယ်လိုက်ရင် ခင်ဗျားက ဘာသွားသုံးမှာလဲ"
"ဒါကိုသိတာတောင် ခင်ဗျားလာမေးနေသေးတယ်ပေါ့"
အိုလီဗာခမျာ ကျန်းမုန့်လောင်၏မိသားစုကို ဆဲရေးပစ်ချင်စိတ်ပေါ်လာလေသည်။
"ဒါဆို… ခင်ဗျားတို့ရဲ့နှစ်စဉ်ထုတ်လုပ်မှုက ဘယ်လောက်ရှိလဲ"
"မနှစ်တုန်းက ခန့်မှန်းခြေ တန်ချိန်သန်း၁၇၀ရှိပြီး ဒီနှစ်အတွက် ထုတ်လုပ်နှုန်းကတော့ တန်ချိန်သန်း၁၈၀လို့ ခန့်မှန်းမိပါတယ်"
"ကျောက်မီးသွေးတွင်းတွေကို မရောင်းဘူးဆိုရင် ကျောက်မီးသွေးကတော့ ရောင်းတယ်မလား"
အိုလီဗာလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ အဆုံးတွင်မူ ကျန်းမုန့်လောင်လည်း ပုံမှန်စီးပွားရေးလမ်းကြောင်းတစ်ခုကို စတင်ဆောင်ရွက်လေတော့မည်။
"ရောင်းတာပေါ့။ အဲဒါကလွဲရင် ဘာရောင်းရမှာလဲ"
အိုလီဗာက ရယ်မောလျက် ပြောလာလေသည်။
"နိုင်ငံတော်လိုအပ်ချက်အရ နှစ်စဉ် တန်ချိန်သန်း၅၀လောက်ကို သိုလှောင်ထားပြီး ကျန်တာကို ပြည်ပကိုတင်ပို့ပေးပါတယ်။ မစ္စတာကျန်း ဘယ်လောက်ဝယ်ဖို့စီစဉ်ထားလဲ"
"အကုန်ဝယ်မယ်"
ကျန်းမုန့်လောင်လည်း နှစ်ခါပြန်စဉ်းစားမနေဘဲ ပြောလိုက်လေသည်။
"ဖွီး"
အိုလီဗာတစ်ယောက် စိတ်ငြိမ်အောင် ကော်ဖီတစ်ငုံသောက်နေလေရာ ထိုကော်ဖီများကို သူ့အတွင်းရေးမှူးမလေးထံသို့ ပန်းထုတ်မိသွားသည်။
လုပ်စမ်းပါ.. စီးပွားရေးကို ပုံမှန်လိုလေး မလုပ်တတ်ဘူးလား..ခင်ဗျား ချမ်းသာတယ်ဆိုရင်တောင် စီးပွားရေးဆိုတာ ဒီလိုလုပ်ရတာမဟုတ်ဘူးလေ။ ကျောက်မီးသွေးတွင်းကို မရောင်းနိုင်ဘူးဆိုရင် တစ်နှစ်စာထုတ်လုပ်မှုတွေအကုန်လုံး ဝယ်ပစ်မယ်ဆိုတာက ဘယ်လိုထူးဆန်းတဲ့အတွေးအခေါ်ကြီးလဲ။
ဤမျှများပြားသော ကျောက်မီးသွေးများကို ကျန်းမုန့်လောင်က ဘာအတွက်လိုအပ်နေသလဲဆိုသည်ကို သူ နားမလည်နိုင်ချေ။ သူက ကိုယ်ပိုင်ကျောက်မီးသွေးနယ်မြေတစ်ခု တည်ဆောက်ရန် စီစဉ်နေခြင်းလေလား။ ဂိမ်းဆိုတာ ဒီလိုကစားရတာမဟုတ်ဘူး…
"မစ္စတာကျန်း.. အခုလိုမေးရတာကို ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ဒီလောက်ကျောက်မီးသွေးတွေအများကြီးကို ခင်ဗျား ဘာအတွက်လိုအပ်နေတာလဲ"
"အဟမ်း အဟမ်း"
ကျန်းမုန့်လောင် လည်ချောင်းရှင်းလိုက်လေသည်။
"တကယ်တော့ ကျုပ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်လေ။ ကမ္ဘာကြီးက နှစ်တိုင်း ကျောက်မီးသွေးပမာဏအများကြီးကို မီးရှို့နေတာကြောင့် ပြင်းထန်တဲ့လေထုညစ်ညမ်းမှုတွေနဲ့ ကမ္ဘာကြီးပူနွေးမှုတွေ ဖြစ်နေတာလေ။ ကျုပ်က ကျောက်မီးသွေးတွေအကုန်လုံးကိုဝယ်ပြီး ဝှက်ထားမလို့ပြင်နေတာ။ အဲဒါမှ ကမ္ဘာကြီးပူနွေးမှုကို နည်းနည်းလျှော့ချနိုင်လိမ့်မယ်ထင်တယ်"
အိုလီဗာသာ ဟွာရှားလူမျိုးတစ်ယောက် ဖြစ်ခဲ့ပါက ယခုအချိန်တွင် သူ့စိတ်ထဲ၌ "မင်း သောက်ကျိုးနည်းရူးနေတာလား"ဟူသော အဆဲစကားတစ်ခု ထွက်လာမည်မှာ သေချာပေါက်ပင်။
***********