← Chapters

ထွက်လမ်းကို မရှိဘူးပဲ

Vol. 20 Ch. 300

ထွက်လမ်းကို မရှိဘူးပဲ

Vol. 20 Ch. 300

ကမ္ဘာကြီးပူနွေးမှုကို အကျိုးပြုမည်တဲ့လား။ မြင့်မြတ်လိုက်လေသော အကြံတစ်ခုပင်။

သို့သော် စွမ်းအင်ချွေတာရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချရေးအတွက် ရေနံဓာတုပစ္စည်းများကို အကုန်ဝယ်ယူသိမ်းဆည်းနေခြင်းကို မည်သူကများ ကြားဖူးလေသလဲ။ မည်မျှငွေကုန်ကြေးကျများလိုက်လေမလဲ။

ကျန်းမုန့်လောင်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လက်နက်ခဲယမ်းများအားလုံးကိုပါ ဝယ်ယူရန် စီစဉ်နေလေသလား။

ဤအကြောင်းပြချက်မှာ အိုလီဗာ၏နားထဲတွင်မူ အဓိပ္ပာယ်မရှိတာထက် ပိုပေသည်။ ဤသည်မှာ လုံးဝတုံးအသည့်လုပ်ရပ်ပင်။

ထို့ပြင် သူတို့ကျောက်မီးသွေးတွင်းမှ ထွက်ရှိသော ကျောက်မီးသွေးများအားလုံးကိုသာ ကျန်းမုန့်လောင်ကို ရောင်းလိုက်မည်ဆိုပါက ရေရှည်စာချုပ်ချုပ်ဆိုထားသော အဓိကကျောက်မီးသွေးတင်ပို့နေရသည့် နိုင်ငံများကို မည်သို့လုပ်မည်နည်း။ ရောင်းချမှုကို ရပ်တန့်လိုက်ပါက သူတို့ဘက်က လျော်ကြေးငွေအမြောက်အများ ပေးချေရမည့်အပြင် တစ်စုံတစ်ယောက်က သူတို့ကို လက်ဝါးအုပ်မှုနှင့်ပင် တရားစွဲလာနိုင်သည်။

"မစ္စတာကျန်း.. ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ။ ခင်ဗျား တစ်နှစ်ကို ကျောက်မီးသွေးတန်ချိန်သန်းတစ်ရာကျော်ကို ဘယ်လိုလုပ်သုံးနိုင်မှာလဲ"

အိုလီဗာက ပြောလိုက်လေသည်။

"ခင်‌ဗျား လိုအပ်တယ်ဆိုရင် တန်ချိန်တစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက်ပေးရရင် ပြဿနာမရှိပါဘူး"

"ကိုင်း မစ္စတာအိုလီဗာ"

ကျန်းမုန့်လောင်လည်း သူ့ကို ကွယ်ဝှက်ထားစရာမလိုဟု တွေးလိုက်မိသည်။

"ကျုပ်ရဲ့တကယ့်ရည်ရွယ်ချက်က ခင်ဗျား ကိုင်ဘွန်နိုင်ငံကို ကျောက်မီးသွေးရောင်းမဲ့အရေးကို တားဆီးချင်လို့ပါ"

"ကိုင်ဘွန်နိုင်ငံလား"

အိုလီ‌ဗာ လန့်ဖျပ်သွားရလေသည်။ ဟွာရှားနှင့် ကိုင်ဘွန်နိုင်ငံကြားရှိ သမိုင်းကြောင်းပြဿနာများကို သူ သိထားသည်။ ယခုအထိပင် ဟွာရှားလူမျိုးအမြောက်အများက ကိုင်ဘွန်နိုင်ငံကို နာကျည်းမုန်းတီးနေဆဲပင်။ သို့သော် သူတို့က ဤကိစ္စနှင့် ဘာဆိုင်လေသလဲ။

"သူတို့က ကျုပ်ကို ဒေါသထွက်အောင်လုပ်ထားလို့ ကျုပ်လည်း သူတို့ပျော်ရွှင်နေမှာကို မလိုလားဘူး"

ကျန်းမုန့်လောင်က ဆိုလိုက်လေ၏။

"အဲဒီအကြောင်းပြချက်လေးအတွက်နဲ့လား"

အိုလီဗာ မျက်လုံးပြူးသွားရသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ပိုက်ဆံကို လုံးဝအရေးမစိုက်ဘူးလား။ သာမညောင်ညပျော်ရွှင်မှုလေးတစ်ခုအတွက်နှင့် ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာထရီလီယံဆယ်ဂဏန်းလောက်ကို သုံးပစ်ဖို့ အဆင်သင့်ဖြစ်နေလေသည်။

ပျော်ရွှင်ချင်ပါက အရသာရှိသော အစားအသောက်များ စားပြီး လှပကာ ဆွဲဆောင်မှုရှိသောအရာများနှင့် ကစားနေနိုင်သည်မဟုတ်လား။ ကိုင်ဘွန်နိုင်ငံက သူ့ကို မခံမရပ်နိုင်ဖြစ်အောင် လုပ်ခဲ့သည်ဆိုလျှင် ဤပိုက်ဆံများဖြင့် သူတို့၏ငွေကြေးဈေးကွက်ကို ဖျက်ဆီးခြင်း သို့မဟုတ် လုပ်ငန်းများကို ဝယ်ယူခြင်းတို့ကသာ ပိုအကျိုးရှိလိမ့်မည်မဟုတ်လော။

ထရီလီပေါင်းများစွာသော ဒေါ်လာငွေများက နေ့စဉ်နှင့်အမျှ ပွားများလာနိုင်သော်လည်း သြစတြေးလျ၏ ကျောက်မီးသွေးများကို အကုန်သုံးဖို့အတွက်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်းသုံးရာကြာပေလိမ့်မည်။ ထိုအချိန်လောက်ဆိုလျှင် ကျန်းမုန့်လောင်လည်း သေဆုံးနေပြီဖြစ်၏။

အိုလီဗာခမျာ မည်မျှပင် စဉ်းစားစေကာမူ ကျန်းမုန့်လောင်သည် အဘယ်ကြောင့်များ ဤလမ်းကို ရွေးချယ်ခဲ့ရသလဲဆိုသည်ကို နားမလည်နိုင်ပေ။

"မစ္စတာကျန်း..ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ။ ကျွန်တော်တို့က ကိုင်ဘွန်နိုင်ငံနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ချုပ်ထားပြီးသား။ ကျွန်တော်တို့အနေနဲ့ သူတို့ကို နှစ်တိုင်း အနည်းဆုံးတော့ အရည်အသွေးမြင့်ကျောက်မီးသွေး တန်ချိန်သန်း၅၀ကို ရောင်းပေးရမှာ"

"စီးပွားရေးကိစ္စဆိုတော့ အပြန်အလှန်ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းဆိုတာ ရှိစမြဲပါပဲ"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။

"သြစတြေးလျဥပဒေမှာ ကိုင်ဘွန်နိုင်ငံတစ်နိုင်ငံတည်းကိုပဲ ကျောက်မီးသွေးရောင်းချရမယ်လို့ ပြဋ္ဌာန်းထားလား"

"အဲဒါ... မပါပါဘူး..."

"ဒါဆို ပြီးပြီလေ။ ဒါက ငွေကြေးပြဿနာတစ်ခုသက်သက်ပါပဲ"

ကျန်းမုန့်လောင်က ဆိုလာလေသည်။

"ကိုင်ဘွန်နိုင်ငံအတွက် ကျောက်မီးသွေးတစ်တန်ကို ဘယ်လောက်နှုန်းနဲ့ ရောင်းပေးရလဲ"

"ကိုင်ဘွန်နိုင်ငံကို တင်ပို့တဲ့ ကျောက်မီးသွေးဈေးနှုန်းက တစ်တန်ကို အမေရိကန်ဒေါ်လာ၅၀က ၁၀၀အထိ အစားစားရှိပါတယ်။ ဒီနှစ်ရဲ့ ပထမနှစ်လအတွင်း အခြေအနေအတိုင်းဆိုရင် တစ်တန်ကို ၆၂ဒေါ်လာနှုန်းနဲ့ ငြိမ်နေပါတယ်"

အိုလီဗာကလည်း အမှန်အတိုင်းဖြေပေးခဲ့သည်။

"ကိုင်ဘွန်နိုင်ငံကို ရောင်းချမဲ့ကျောက်မီးသွေးကို ကျုပ်ကိုရောင်းပေး။ ကျုပ်က တစ်တန်ကို ၂၀၀ဒေါ်လာပေးမယ်"

"ဟစ်!"

အိုလီဗာခမျာ အံသွားထက်တွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ကျန်းမုန့်လောင်၏ အဖွင့်ဈေးမှာ သာမန်ဈေးထက် သုံးဆကျော် ပိုမိုမြင့်မားနေခဲ့သည်။

အခြေအနေအကောင်းဆုံး နှစ်များမှာပင် ကိုင်ဘွန်နိုင်ငံသို့ ရောင်းချနိုင်ခဲ့သော အမြင့်ဆုံးဈေးနှုန်းမှာ တစ်တန်လျှင် ၁၀၂ဒေါ်လာသာ ရှိခဲ့၏။

ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများမှာ ပိုမိုခက်ခဲလာလေရာ တစ်တန်လျှင် ၆၂ဒေါ်လာနှုန်းကပင် အတော်ကောင်းနေပြီဖြစ်၏။ တစ်တန်လျှင် ၂၀၀ဒေါ်လာနှုန်းဆိုသည်မှာ သူတို့ လုံးဝမျှော်လင့်မထားခဲ့ဖူးသည့် ပမာဏပင်။

"မစ္စတာကျန်း.. ကျွန်တော်တို့ မရောင်းချင်လို့မဟုတ်ပါဘူး။ အဲဒါက..."

"သဘောတူစာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးက ဘယ်လောက်ကျလဲ"

"လျော်ကြေးက အမေရိကန်ဒေါ်လာ၁ဘီလီယံပါ။ ဒါပေမဲ့..."

"တင်!"

အိုလီဗာ၏ဖုန်းထဲသို့ ဆွစ်ဘဏ်မှ မက်ဆေ့ချ်တစ်စောင် ရောက်ရှိလာသည်။

"လေးစားရပါသော မစ္စတာအိုလီဗာ.. သင့်ရဲ့ဆွစ်ဘဏ်အကောင့် xxxxxxတွင် အမေရိကန်ဒေါ်လာ၁ဘီလီယံ ရရှိထားပါတယ်"

"ငါလူး!"

ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် စီးပွားရေးလောကထဲတွင် ကျင်လည်ခဲ့သော ဝါရင့်သမ္ဘာရင့် အိုလီဗာသည် စကားတစ်ခွန်းမပြောပါဘဲ ၁ဘီလီယံကို ချက်ချင်းပစ်ပေးလာတတ်သည့် ကျန်းမုန့်လောင်လို လူမျိုးနှင့် လုံးဝမတွေ့ဖူးခဲ့ပေ။ ထိုလူမှာ သဘောတူညီချက်ပင် မရသေးဘဲ လျော်ကြေးငွေကို အရင်ပေးလာပေသည်။ အကယ်၍ ကမ္ဘာပေါ်ရှိ လူတိုင်းကသာ ဤကဲ့သို့ စီးပွားရေးလုပ်ပါက အမြတ်လုံးဝရနိုင်တော့မည်မဟုတ်ချေ။

"မစ္စတာကျန်း လျော်ကြေးငွေနဲ့မဆိုင်ပါဘူး။ ဒါပေမဲ့..."

"တစ်တန်ကို ဒေါ်လာ၃၀၀"

"မစ္စတာကျန်း ကျွန်တော် တကယ်တော့..."

"တစ်တန်ကို ဒေါ်လာ၄၀၀"

"မစ္စတာကျန်း ခင်ဗျားနိုင်ပါတယ်ဗျာ"

အိုလီဗာလည်း မျက်ဆန်သာလည်လိုက်မိသည်။

"ဒီနှစ် ကိုင်ဘွန်နိုင်ငံရဲ့ဝေစုဖြစ်တဲ့ ကျောက်မီးသွေးအရေအတွက်အားလုံးက ခင်ဗျားအပိုင်ပါပဲ"

တကယ်တမ်းတွင်မူ အိုလီဗာလည်း စီးပွားရေးသမားတစ်ယောက်သာ ဖြစ်၏။ ကျောက်မီးသွေးဈေးနှုန်းမှာ ခြောက်ဆကျော် မြင့်တက်သွားပြီဖြစ်၏။ တစ်တန်လျှင် ၄၀၀ဒေါ်လာဖြင့် ရောင်းချသည့် ကျောက်မီးသွေးကို ကမ္ဘာပေါ်တွင် မည်သူကများ တွေ့ဖူးလေသလဲ။

ဘိုဝမ်ကျောက်မီးသွေးမြေသည် အိုလီဗာတစ်ယောက်တည်းပိုင်သော ပိုင်ဆိုင်မှုမဟုတ်ပေ။ သူ့ကုမ္ပဏီတွင် အခြားရှယ်ယာရှင်များလည်း ရှိပြီး ကိုင်ဘွန်နိုင်ငံနှင့် သူတို့၏ဆက်ဆံရေးမှာ စီးပွားရေးသက်သက်မျှသာ။ ဘာကိုယ်ရေးကိုယ်တာပတ်သက်မှုမျိုးမှ မရှိပေ။

ဤကဲ့သို့ အရောင်းအဝယ်အကြီးကြီးကိုသာ လက်လွှတ်လိုက်ရလျှင် အိုလီဗာအနေနှင့် မိမိကိုယ်ကိုယ် ခွင့်လွှတ်နိုင်မည် မဟုတ်သလို ရှယ်ယာရှင်များကလည်း သူ့အား ရာထူးမှ ချက်ချင်းဖယ်ရှားပစ်နိုင်သည်။

"မစ္စတာအိုလီဗာ ကျုပ် ခင်ဗျားကို ကိုယ်ရေးကိုယ်တာအကူအညီလေးတစ်ခု တောင်းချင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပြောပါ။ ကျွန်တော် တခြားဘာများလုပ်ပေးရမလဲ"

အိုလီဗာကလည်း ဤလူငယ်လေးနှင့် မိတ်ဆွေဖွဲ့နိုင်စေဖို့ဟူသော မျှော်လင့်ချက်ဖြင့် အဆက်အသွယ်လမ်းကြောင်းများ ဖန်တီးပြီး သူ၏ဆက်သွယ်ရန်လိပ်စာကို ပေးထားခဲ့သည်။

ဤဖုန်းခေါ်ဆိုမှုတစ်ခုတည်းဖြင့်ပင် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော အရောင်းအဝယ်တစ်ခု ဖြစ်မြောက်ခဲ့ပေသည်။ ဤသည်မှာ သူလိုချင်နေခဲ့သော အရာပင် မဟုတ်ပါလော။ အရောင်းအဝယ်တစ်ကြိမ်တည်းနှင့် သူ့ပိုင်ဆိုင်မှုများက ဒေါ်လာဘီလီယံပေါင်းဆယ်ဂဏန်းအထိ တိုးပွားလာနိုင်ခဲ့ပြီဖြစ်၏။

"ကမ္ဘာ့ကျောက်မီးသွေးထောက်ပံ့ရေးလုပ်ငန်းကြီးနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လောက်သိထားလဲ"

"ဟားဟားဟား ကျွန်တော်က ဒီလောကထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာလေ။ ဒီလုပ်ငန်းလောကထဲမှာ ကျွန်တော်မသိတဲ့ကိစ္စဆိုတာ မရှိသလောက်ပဲ"

"ကောင်းသားပဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။

"မစ္စတာအိုလီဗာ ကိုင်ဘွန်နိုင်ငံက ဘယ်ကျောက်မီးသွေးတွင်းတွေကနေ ကျောက်မီးသွေးတွေ ဝယ်ယူနေသေးလဲဆိုတာကို ကူစုံစမ်းပေးလို့ရမလား"

"အဲဒါကို အခုချက်ချင်းတောင် ဖြေနိုင်ပါတယ်"

အိုလီဗာက ရယ်မောလိုက်လေသည်။

"ကျွန်တော်တို့က ကျွန်တော်တို့လုပ်ငန်းပါတနာတွေရဲ့ အခြေခံအချက်အလက်တွေကို မှတ်တမ်းတင်ထားတယ်လေ"

"မနှစ်တုန်းက ကိုင်ဘွန်နိုင်ငံက ကျွန်တော်တို့သြစတြေးလျကနေ တန်ချိန်၁၇၈သန်း ဝယ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ဘိုဝမ်ကျောက်မီးသွေးတွင်းကနေ သန်း၈၀၊ ဆစ်ဒနေကျောက်မီးသွေးတွင်းကနေ သန်း၅၀၊ လက်ဒ်ရော့တောင်ကြားကျောက်မီးသွေးတွင်းကနေ သန်း၃၀၊ တခြားကျောက်မီးသွေးတွင်းသေးသေးလေးတွေဆီက ၁၈သန်းဝယ်ယူခဲ့ပြီး ယင်းဟယ်ရဲ့၃၂သန်းကတော့ တောင်ဆူမာတြားကျောက်မီးသွေးတွင်းကလာပြီး ၂၁သန်းကတော့ ရုရှားက ဘာချိုရာကျောက်မီးသွေးတွင်းကနေ ဝယ်ယူခဲ့တယ်"

"ဒီကျောက်မီးသွေးတွင်းပိုင်ရှင်တွေနဲ့ ကျွန်တော့်ကြားမှာ စီးပွားရေးအဆက်အဆံတွေ အများကြီးရှိထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆက်ဆံရေးကလည်း တော်တော်အဆင်ပြေတယ်ဗျ"

"ဒါဆို မစ္စတာအိုလီဗာ..အဲဒီပိုင်ရှင်တွေကို ကျုပ်ပြောမဲ့စကားလေး ပါးပေးလို့ရမလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကိုင်ဘွန်ကိုရောင်းချမဲ့ ကျောက်မီးသွေးတွေအားလုံးကို ကျုပ်က ဈေးနှစ်ဆနဲ့ ဝယ်မယ်လို့။ ပြီးတော့ သဘောတူစာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးကိုလည်း ကျုပ်ပဲပေးမယ်"

"ဒီနှစ် ကျုပ် သူတို့ကို ကျောက်မီးသွေးတစ်ပွင့်တောင် ဝယ်မရအောင် လုပ်ပြမယ်"

ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။

မြေယာသစ်အရင်းအမြစ်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတယ်ပေါ့။ ကောင်းပြီလေ.. သူကလည်း မီးကို မီးနဲ့တိုက်ရမှာပဲ...

ကမ္ဘာ့နှစ်စဉ်ကျောက်မီးသွေးထုတ်လုပ်မှုပမာဏကား များပြားလှသော်လည်း နိုင်ငံခြားသို့ တင်ပို့နိုင်သည့် ပမာဏမှာမူ အမြဲလိုလို တိတိကျကျသတ်မှတ်ထားသည်။

ထို့ပြင် ကမ္ဘာကြီးပူနွေးမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် မူဝါဒသစ်များ ချမှတ်လာကြသည်။ ဈေးကွက်က တောင်းဆိုသလောက် ကျောက်မီးသွေးများကို ထုတ်လုပ်ခွင့်မရှိတော့ပေ။

နှစ်စဉ်ထုတ်လုပ်မှုပမာဏနှင့် တင်ပို့မှုပမာဏမှာ ကြိုတင်သတ်မှတ်ထားလေသည်။ ကုန်သွားသည်နှင့် နောက်ထပ် မရနိုင်တော့ပေ။ ထို့ကြောင့် ကျောက်မီးသွေးတင်ပို့မှု အရင်းအမြစ်များမှာ မျက်စိကျချင်စရာကောင်းလှ၏။

ကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံအတွက် သတ်မှတ်ထားသော ကျောက်မီးသွေးခွဲတမ်းအားလုံးကို ဝယ်ယူပစ်လိုက်ပြီဖြစ်၏။ သူတို့အနေနှင့် အချိန်တိုအတွင်း အခြားတင်ပို့ရေးလမ်းကြောင်းများကို ရှာဖွေရန်လည်း မဖြစ်နိုင်တော့ပေ။

လာမည့်ကာလအတွင်း ကိုင်ဘွန်နိုင်ငံတစ်ဝှမ်းလုံးတွင် ကျောက်မီးသွေးအရင်းအမြစ် ပြတ်လပ်မှုများ ကြုံတွေ့ရတော့မည်မှာ အသေအချာပင်။

"ခင်ဗျားက တကယ်ပဲ သူတို့အတွက် ထွက်ပေါက်လေးတစ်ခုတောင် မချန်ထားဘူးပဲ"

အိုလီဗာလည်း ခပ်မဲ့မဲ့ပြုံးလျက် ပြောလိုက်ချေသည်။

"ဒါဆို မစ္စတာအိုလီဗာ..ခင်ဗျားဆီက သတင်းကောင်းကို စောင့်နေမယ်နော်"

ကျန်းမုန့်လောင်လည်း တဟားဟားအော်ရယ်ရင်း ဖုန်းချလိုက်သည်။

"ဟုန်းရီ ကိုင်ဘွန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကို ဖြတ်တောက်ဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ"

"မစ္စတာကျန်း..အမြန်ဆုံးအနေနဲ့ တစ်ရက်ခွဲကြာမှာပါ"

"ကောင်းတယ်။ ဖြတ်တောက်ပစ်လိုက်"

ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။

"နျူကလီးယားနဲ့ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်အသစ်လောက်နဲ့ သူတို့ ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

All Chapters