ခင်ဗျား သူ့ထက် ဈေးပိုပေးနိုင်ရင်တော့ တစ်မျိုးပေါ့
Vol. 21 Ch. 301
ကိုင်ဘွန်ကော်ပိုရေးရှင်းဆိုသည်မှာ ကိုင်ဘွန်နိုင်ငံ၏ အကြီးဆုံးကျောက်မီးသွေးစွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်၏။ လက်ရှိတွင် အသက်ငါးဆယ်အရွယ် ဥက္ကဋ္ဌအာအိုကီက ဦးဆောင်နေလေသည်။
ကိုင်ဘွန်နိုင်ငံသို့ တင်သွင်းသည့် ကျောက်မီးသွေး၉၀ရာခိုင်နှုန်းကျော်မှာ သူတို့ထံတို့မှတစ်ဆင့် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ခြင်းပင်။ ထို့ကြောင့် သူတို့၏ အခန်းကဏ္ဍမှာ တစ်နိုင်ငံလုံး၏ စွမ်းအင်ထောက်ပံ့ရေးအတွက် အလွန်အရေးပါလှပေသည်။
ပုံမှန်အတိုင်း မာဆုမိအာအိုကိသည် ရုံးခန်းထဲ၌ ယခုနှစ်၏ ကျောက်မီးသွေးတင်သွင်းမှုဈေးနှုန်း အတက်အကျကို စစ်ဆေးကြည့်ရှုနေ၏။ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ကျောက်မီးသွေးဈေးနှုန်းက ယခုနှစ်တွင် သိသိသာသာ ကျဆင်းသွားသော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များက အလွန်မြင့်တက်နေပြီး တင်ပို့သည့်နိုင်ငံများ၏ အမြတ်ငွေကလည်း ကျဆင်းသွားလေရာ တော်တော်များများက ကျောက်မီးသွေးတင်ပို့မှုပမာဏကို လျှော့ချခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ပြုလုပ်လာကြသည်။
ကျောက်မီးသွေးက သန့်ရှင်းသော စွမ်းအင်အရင်းအမြစ် မဟုတ်သော်လည်း နျူကလီးယားနှင့် ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုများမှာ မပြီးပြည့်စုံသေးသောကြောင့် ကျောက်မီးသွေးကား မရှိမဖြစ်လိုအပ်နေဆဲပင်။
ကံကောင်းထောက်မစွာဖြင့် ကိုင်ဘွန်ကော်ပိုးရေးရှင်းသည် ကျောက်မီးသွေးအဓိကတင်ပို့သည့် နိုင်ငံကြီးများနှင့် ရေရှည်သဘောတူညီမှုများ ရှိထားသဖြင့် တင်သွင်းမှု ပိုမိုခက်ခဲလာသော်ငြား ပြည်တွင်းလိုအပ်ချက်ကိုတော့ ဖြည့်ဆည်းနိုင်ဆဲသာ။
"ဒေါက် ဒေါက် ဒေါက်"
ခပ်မြန်မြန်တံခါးခေါက်သံတစ်ခုက တံခါးနားမှ ရုတ်တရက်ထွက်ပေါ်လာချေသည်။
"ဝင်ခဲ့"
မာဆုမိအာအိုကိက ပြောလိုက်၏။
ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရုံးခန်းထဲသို့ ဝင်လာပေသည်။ သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်လေဟန် အမူအရာတစ်ခုရှိနေပြီး ပုံမှန်လိုက်နာရမည့် လောကဝတ်ကိုပင် မေ့နေချေသည်။
"ဌာနခွဲမှူးနိုဂုချိ.. ဘာတွေများ သုတ်သုတ်ပျာပျာဖြစ်လာတာလဲ"
ထိုလူငယ်လေး၏မျက်နှာထက်ရှိ အမူအရာကို သတိပြုမိလိုက်သောအခါ မာဆုမိအာအိုကိကလည်း သူ့အပြုအမူအတွက် အပြစ်မတင်ခဲ့ချေ။
"ဥက္ကဋ္ဌ… ကျွန်တော်တို့ဘဏ္ဍာရေးဌာနဆီကို ဘိုဝမ်စွမ်းအင်အုပ်စုကနေ ငွေပမာဏအများကြီး လွှဲပြောင်းထားပါတယ်။ ကျွန်တော်တို့ အခုလတ်တလောမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုခုများ လုပ်ထားသေးလား"
ဘဏ္ဍာရေးဌာနမှူးဟီရိုရှီနိုဂုချိက ယနေ့မနက်အစောပိုင်းကပင် ကုမ္ပဏီအကောင့်ထဲသို့ အမေရိကန်ဒေါ်လာ ၁ဘီလီယံက လျှို့ဝှက်ဆန်းကြယ်စွာ ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့သည်။
သူလည်း ကုမ္ပဏီ၏ လတ်တလောငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများကို ပြန်လည်စစ်ဆေးကြည့်လိုက်သော်ငြား အကောင့်များက ရှင်းလင်းနေပြီး ဘာပြဿနာမှလည်း မရှိပေ။ ဤအမေရိကန်ဒေါ်လာ၁ဘီလီယံမှာ ဘယ်ကပေါ်လာမှန်း မသိချေ။
အထူးဆန်းဆုံးမှာ ဘိုဝမ်စွမ်းအင်အုပ်စုသည် သူတို့၏ ကျောက်မီးသွေးရောင်းချသူဖြစ်ပေသည်။ ငွေလွှဲပြောင်းမှုတစ်ခုသာ ရှိပါက သူတို့ဘက်က ဘိုဝမ်စွမ်းအင်အုပ်စုကို ပေးရမည်သာဖြစ်၏။ ပြောင်းပြန်ဖြစ်ရမည်မဟုတ်။ သို့ဖြစ်လေရာ သူတို့ဘက်က ဘာကြောင့်များ ငွေလက်ခံရရှိထားလေသလဲ။
"ပမာဏအများကြီးလွှဲထားတာလား"
မာဆုမိအာအိုကိလည်း အံ့ဩမှင်တက်သွားချေသည်။ ကုမ္ပဏီအကြီးအကဲတစ်ယောက်အနေနှင့် သူသည် ကိစ္စကြီးငယ်မှန်သမျှကို ကြီးကြပ်ရသူဖြစ်၏။ ထိုသို့သောကိစ္စမျိုးရှိခဲ့လျှင် သူ မသိထားစရာ အကြောင်းမရှိချေ။
"ဒါကိုကြည့်လိုက်ပါဦး ဥက္ကဋ္ဌ"
ဟီရိုရှီနိုဂုချိက မာဆုမိအာအိုကိ၏ရှေ့သို့ တက်ဘလက်ကို ထိုးပြလိုက်သည်။
"အမေရိကန်ဒေါ်လာ၁ဘီလီယံတောင်လား။ ဒါ မဖြစ်နိုင်ဘူး။ သူတို့ဘက်ကတောင် ငါတို့ကို ပိုက်ဆံတောင်းဖို့လောနေရမှာလေ။ ဘယ်လိုဖြစ်ပြီး ငါတို့ကို ငွေပြန်လွှဲနေတာလဲ။ မှားလွှဲတာများလား။ ဒါပေမဲ့ ဒီလိုပမာဏအများကြီးကိုတော့ ဘယ်လိုလုပ်မှားနိုင်မှာလဲ"
မာဆုမိအာအိုကိခမျာ လုံးဝခေါင်းခြောက်သွားသည်။
"မဟုတ်ဘူး။ ဒါမဖြစ်နိုင်ဘူး"
မာဆုမိအာအိုကိလည်း တစ်စုံတစ်ခုကို ရုတ်တရက်တွေးလိုက်မိ၏။ ပို့ကုန်သွင်းကုန်စာချုပ်ကား လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ချုပ်ဆိုထားသည်ဆိုသော်ငြား စာချုပ်ပါအချက်အလက်များကိုမူ သူကိုယ်တိုင် မူကြမ်းရေး၍ ပြန်လည်ပြင်ဆင်ထားခဲ့သည်။ နှစ်စဉ်နှစ်တိုင်း အသစ်ပြန်လည်ပြင်ဆင်သည်ဆိုသော်ငြား ပမာဏတစ်ခုကိုမူ မပြောင်းမလဲဆက်ထားခဲ့သည်။
အမေရိကန်ဒေါ်လာ ၁ဘီလီယံသည် စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေပင်။
ထိုသို့သိလိုက်ရသည်နှင့် မာဆုမိအာအိုကိ၏ နဖူးထက်တွင် ချွေးစို့သွားရသည်။ သူတို့ဘက်က အဘယ်ကြောင့်များ စာချုပ်ဖောက်ဖျက်မှုလျော်ကြေးငွေကို ရထားလေသလဲ။ ပုံမှန်အတိုင်းဆိုလျှင်မူ တစ်ဖက်လူက စာချုပ်ဖောက်ဖျက်ရန် ရည်ရွယ်ထားသောကြောင့်ပင်။ ဘိုဝမ်စွမ်းအင်အုပ်စုနှင့် ချုပ်ဆိုထားသော စာချုပ်အရ တစ်ဖက်လူအနေနှင့် သူတို့ကို နှစ်စဉ် အရည်အသွေးမြင့်ကျောက်မီးသွေး တန်ချိန်သန်း၅၀ကျော်ကို တင်ပို့ရန် တာဝန်ရှိသည်။
"သူတို့ ပြဿနာတစ်ခုများကြုံနေကြတာလား"
မာဆုမိအာအိုကိလည်း အိုလီဗာ၏ဖုန်းနံပါတ်ကို အမြန်ရှာဖွေကာ အချိန်ကွာခြားမှုကိုပင် ထည့်သွင်းစဉ်းစားမနေတော့ဘဲ ချက်ချင်းဖုန်းဆက်လိုက်၏။
...
"ဒီလူငယ်လေးကျန်းမုန့်လောင်က ဘယ်လိုလုပ်ပြီး ဒီလောက်ချမ်းသာနေတာလဲ"
အိုလီဗာတစ်ယောက် သူ၏သီးသန့်ရေပူစမ်းထဲတွင် ရေစိမ်နေရင်း ကျန်းမုန့်လောင်နှင့်ပတ်သက်သော ကိစ္စကို တွေးတောနေမိသည်။
သူတို့ ဖုန်းပြောနေတုန်းမှာပင် ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာ ၁ဘီလီယံကို သူတို့၏အကောင့်ထဲသို့ တန်းလွှဲပေးလိုက်သည်။
ဖုန်းချပြီး ၂မိနစ်မပြည့်သေးခင်မှာပင် သူတို့အကောင့်ထဲသို့ အမေရိကန်ဒေါ်လာ၅၀ ဘီလီယံ ထပ်ရောက်လာခဲ့သည်။
ထိုငွေမှာ ကိုင်ဘွန်နိုင်ငံသို့ပို့မည့် ယခုနှစ်အတွက် ကျောက်မီးသွေးခွဲတမ်းအားလုံးကို ဝယ်ယူရန်အတွက်ဖြစ်ပြီး ပုံမှန်ဈေးထက် အဆမတန်ပေးချေထားခြင်းပင်။
ယခင်စီးပွားရေးပုံစံအရဆိုလျှင် ကျန်းမုန့်လောင်အနှေနှင့် စရန်ငွေကြိုသွင်းထားပြီး နောက်ပိုင်းတွင်မူ သုံးလတစ်ကြိမ် ပေးချေရန်သာလိုအပ်ပေသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ တစ်ခါတည်းနှင့် ငွေအပြည့်ပေးချေခဲ့ပြီး ပိုက်ဆံပိုနေခဲ့လျှင်လည်း သူ့ကိုယ်ပိုင်လျော်ကြေးဟု သဘောထားလိုက်ရန်သာ မောက်မောက်မာမာဖြင့် ဆိုလာသေးသည်။
ဤပမာဏနှင့် မလောက်သေးလျှင် သူ့ကို အချိန်မရွေးတောင်းနိုင်သေးသတဲ့။
နောက်ဆုံးတစ်ခေါက် လေလံပွဲတွင်လည်း ကျန်းမုန့်လောင်သည် အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကျော်ကို ငွေသားချည်းသက်သက်ဖြင့် ယူလာခဲ့ပြီး ယခုတစ်ခေါက်တွင်လည်း ငါးဆယ်ဘီလီယံထုတ်သုံးပြခဲ့သည်။ ဝေးပေါ်နှင့် NetEaseဂီတကဲ့သို့သော ကုမ္ပဏီများကိုလည်း ဝယ်ယူထားသေး၏။
သူသုံးထားသော ငွေသားများကပင် အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကျော်နေပြီဖြစ်၏။
ယခင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှုစုစုပေါင်းမှာ ပုံသေပိုင်ဆိုင်မှုများအပါအဝင် အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံပင် မပြည့်ချေ။
ထိုပိုက်ဆံများကြောင့် အိုလီဗာခမျာ ရုတ်တရက်အပျော်လွန်သွားရလေတော့သည်။
ကိုင်ဘွန်နိုင်ငံက သူတို့၏အကြီးဆုံးဖောက်သည်ဖြစ်သော်ငြား ငွေပေးချေမှုတွင်မူ မြန်ဆန်မှုမရှိပေ။ ငွေတောင်းခံရာတွင်လည်း အကြိမ်ကြိမ်အခါခါခယနေရပြီး သဘောတူစာချုပ်ထဲတွင် ပါရှိသော နောက်ဆုံးနေ့ကိုမရောက်ခင်အထိ တစ်ပြားမှမရပေ။ ဤကိစ္စနှင့်ပတ်သက်၍ အိုလီဗာ စိတ်ကုန်နေသည်မှာ ကြာလှလေပြီ။
ဤတစ်ခေါက်တွင်တော့ သူ အခွင့်အရေးတစ်ခုရလိုက်ပြီဖြစ်၏။
အမေရိကန်ဒေါ်လာ၁ဘီလီယံနှင့်ပတ်သက်ပြီး သူ သူတို့ကို အသိပေးထားခြင်းမရှိပေ။ ကိုင်ဘွန်ကော်ပိုရေးရှင်းကို တည့်တည့်မျက်နှာဖြတ်လိုက်ပစ်ရုံသာ။ ထိုပိုက်ဆံကိုမြင်ရသည့်အခါ ဥက္ကဋ္ဌမာဆုမိအာအိုကိတစ်ယောက် သောကရောက်ပြီး ခေါင်းခြောက်နေမည့် အမူအရာကိုပင် သူ မြင်ယောင်ကြည့်မိသည်။
"မစ္စတာအိုလီဗာ.. ကိုင်ဘွန်ကော်ပိုရေးရှင်းက ဥက္ကဋ္ဌမာဆုမိအာအိုကိက ဖုန်းခေါ်နေပါတယ်"
အိုလီဗာ၏အတွင်းရေးမှူးမလေးက ရေပူစမ်း၏ဘေးရှိ စပီကာမှတစ်ဆင့် ပြောကြားလာချေသည်။
"ငါ အခုရေချိုးနေတယ်လို့ သူ့ကိုပြောလိုက်။ အရမ်းဇိမ်ကျနေတာမို့ ငါ လုပ်ငန်းအကြောင်းပြောချင်စိတ်မရှိဘူး။ ငါ ရေစိမ်ပြီးတဲ့အထိ သူ့ကိုစောင့်ခိုင်းထားလိုက်"
အိုလီဗာက ရွှင်လန်းတက်ကြွစွာ ပြောလိုက်လေသည်။
"အရင်ကတော့ ပိုက်ဆံရှာဖို့အတွက် ခင်ဗျားတို့ကို ကျုပ်ပဲချဉ်းကပ်ခဲ့ရတာ။ အဲဒါကြောင့်ပဲ သည်းခံခဲ့တာ။ အခုတော့ ကျုပ်မှာ ပိုချမ်းသာတဲ့ပါတနာတစ်ယောက်ရှိနေပြီ။ ခင်ဗျားတို့ကို ဘယ်သူကဂရုစိုက်ဦးမှာလဲ"
အိုလီဗာတစ်ကိုယ်တည်း ရေရွတ်နေမိသည်။
"ဘာ? သူက ရေချိုးနေတာလား"
ဖုန်းတစ်ဖက်ရှိ မာဆုမိအာအိုကိကလည်း ထိုသတင်းစကားကို ကြားသောအခါ အလွန်ဒေါသထွက်သွားသော်ငြား ဒေါသကိုထိန်းချုပ်ကာ ဆက်ပြောလိုက်၏။
"မစ္စတာအိုလီဗာ ဘယ်အချိန်လောက် ရေချိုးလို့ပြီးမလဲ"
"မစ္စတာအိုလီဗာက ပြောပါတယ်။ သူ စကားပြောချင်စိတ်ရှိတဲ့အချိန်ကျမှ ပြောပါ့မယ်တဲ့။ ဘယ်အချိန်ဖြစ်မလဲဆိုတာကတော့ သူ့စိတ်အခြေအနေပေါ်မှာပဲ မူတည်ပါတယ်တဲ့"
"ဘန်း"
မာဆုမိအာအိုကိလည်း စားပွဲခုံကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်မိပြီးနောက် သူ့ကိုယ်သူ ထိန်းချုပ်ထားရန် ကြိုးစားလိုက်ရဿည်။
"မစ္စတာအိုလီဗာကို နောက်နာရီဝက်နေရင် ကျုပ် ဖုန်းထပ်ဆက်မဲ့အကြောင်း ပြောပေးပါ"
"ဘာတွေဖြစ်နေတာလဲ"
မာဆုမိအာအိုကိ၏မျက်နှာကား ကြည့်ရဆိုးလောက်အောင် တွန့်ရှုံ့နေချေပြီ။ အိုလီဗာက သူတို့ကြားရှိ ဆက်ဆံရေးကို အစဉ်အမြဲဂရုစိုက်ခဲ့သူဖြစ်၏။ သို့ဖြစ်လေရာ သူ့သဘောထားက ဘာကြောင့်များ ရုတ်တရက်ပြောင်းလဲသွားရလေသလဲ။
နာရီဝက်လောက် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေပြီးနောက် မာဆုမိအာအိုကိလည်း အိုလီဗာကို ဖုန်းထပ်ဆက်လိုက်သည်။
ထိုအချိန်တွင် အိုလီဗာက အပြင်ထွက်လာပြီး ဆံပင်အခြောက်ခံနေပြီဖြစ်၏။ သူက ဖုန်းစပီကာကို ဖွင့်လိုက်၏။
"ယာဆာ..ငါ့အတွက် ဘာသာပြန်ပေးဦး"
"မစ္စတာအာအိုကိ.. ဘာများအရေးကြီးလို့လဲ"
အိုလီဗာက ဖြည်းဖြည်းချင်းပြန်ဖြေလိုက်သည်။
"မစ္စတာအိုလီဗာ.. အဲဒီ၁ဘီလီယံက ဘာအဓိပ္ပာယ်လဲ။ ဘိုဝမ်အုပ်စုက ကျုပ်တို့နဲ့ သဘောတူညီမှုကို ဖြတ်တောက်ချင်လို့လား"
မာဆုမိအာအိုကိက မေးလိုက်လေတော့သည်။
"ဒီလိုပမာဏအများကြီးကို ဈေးနှုန်အမြင့်ကြီးနဲ့ ကျုပ်တို့ကလွဲပြီး တခြား ဘယ်သူ့ကိုများ သွားရောင်းမှာလဲ"
"မစ္စတာအာအိုကိ.. ခင်ဗျားက သိသာနေတာကို လာမေးနေတာပဲ"
အိုလီဗာက တခစ်ခစ်ရယ်လိုက်လေသည်။
"အဲဒီဒေါ်လာ၁ဘီလီယံက စာချုပ်ဖောက်ဖျက်တဲ့အတွက် လျော်ကြေးငွေလေ။ ကျုပ်တို့ရဲ့ဖောက်သည်အသစ်က ပိုမြင့်တဲ့ဈေးကို ကမ်းလှမ်းလာတော့ ကျုပ်တို့လည် သူတို့ကိုပဲ ရွေးချယ်လိုက်ရတာပေါ့"
"ဘယ်သူ့ကိုရောင်းလိုက်တာလဲ"
မာဆုမိအာအိုကိလည်း မေးကြည့်လိုက်မိသည်။ အမေရိကန်ဒေါ်လာ၁ဘီလီယံအပြင် သူတို့၏တင်သွင်းမှုပမာဏနှင့် ဈေးနှုန်းကိုလျော်ဖို့အတွက်ဆိုလျှင် တစ်ဖက်လူက တစ်တန်လျှင် ဆယ်ဒေါ်လာပိုပေးဖို့ လိုပေသည်။
"ကျုပ်တို့ရဲ့ဖောက်သည်အသစ်က ဟွာရှားနိုင်ငံက အရမ်းရက်ရောတဲ့လူတစ်ယောက်ပဲ"
အိုလီဗာ ရယ်လိုက်မိသည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ညွှန်ကြားမှုပင်။ မေးလာပါက ပြောပြလိုက်ဖို့ ဆိုထားသည်။
"သူက ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်လေ"
"ကျန်းမုန့်လောင်လား"
မာဆုမိအာအိုကိ၏ အမူအရာကား ပြောင်းလဲသွားချေသည်။
"သူက ဘယ်လောက်ဈေးနဲ့ပေးတာမို့လို့လဲ"
"ခင်ဗျားတို့ကိုင်ဘွန်နိုင်ငံရဲ့ ကျောက်မီးသွေးခွဲတမ်းကိုဝယ်ဖို့အတွက် အမေရိကန်ဒေါ်လာ၄၀ဘီလီယံပေးထားတာ"
"သူ ရူးသွားပြီလား"
ကိုင်ဘွန်နိုင်ငံအနေနှင့် ယခုနှစ်အတွက် သူတို့ထံမှ တန်ချိန်၇၅သန်း တင်သွင်းရန် စီစဉ်ထားသည်။ လက်ရှိဈေးနှုန်းနှင့်ဆိုပါလျှင် အမေရိကန်ဒေါ်လာ၅၀ဘီလီယံပင် မရှိသော်ငြား ကျန်းမုန့်လောင်ကတော့ ထိုပမာဏထက် ရှစ်ဆပင် ပိုပေးထားသည်။
"မစ္စတာအိုလီဗာ.. သူ ဒီပမာဏကို တကယ်ပေးနိုင်မယ်လို့ထင်လား"
မာဆုမိအာအိုကိ လှောင်ပြောင်သရော်လိုက်လေ၏။
"ဥက္ကဋ္ဌကြီးအာအိုကိရေ… ရက်ရောလှတဲ့ မစ္စတာကျန်းက ကျုပ်တို့အကောင့်ထဲကို ပိုက်ဆံလွှဲပေးပြီးသွားပြီဗျ"
အိုလီဗာ ထိုသို့ပြန်ဖြေလိုက်သည်။
"ဘာ"
မာဆုမိအာအိုကိ၏ အမူအရာမှာ မစင်စားလိုက်ရသည့်အလား ရှုံ့မဲ့သွား၏။
"မစ္စတာအိုလီဗာ…. ကျုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက ခင်ဗျားကို မကျေနပ်စေလို့လား"
အိုလီဗာလည်း မာဆုမိအာအိုကိ၏ ဘိုးဘွားများကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
စိတ်ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာတောင် သူမသိဘူးလား။ တစ်ဖက်လူက ဘာကုန်ပစ္စည်းမှမရသေးတာတောင် ပိုက်ဆံကိုတန်းလွှဲပေးထားတာလေ။ ခင်ဗျားကရော… ခင်ဗျားပေးတဲ့ဈေးက သူတို့ရဲ့ငါးပုံတစ်ပုံတောင်မရှိတဲ့အပြင် အကြွေးတောင်တင်နေသေးတယ်"
ခင်ဗျားကိုရွေးတဲ့လူက ရူးနေလို့ပဲ…
"ဥက္ကဋ္ဌအာအိုကိ.. ကျွန်တော်က မိတ်ဆွေရင်းတွေကို လျစ်လျူရှုတတ်တဲ့လူမဟုတ်ပါဘူး"
အိုလီဗာက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ဆိုလိုက်၏။
"ဒါပေမဲ့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ဈေးပိုပေးတဲ့လူကို ရောင်းရတာ ထုံးစံပါပဲ။ မစ္စတာကျန်းထက်သာ ဈေးပိုပေးလိုက်။ ဒါဆို ကျုပ် စာချုပ်ကိုဖျက်ပြီး ခင်ဗျားဆီကို ကျောက်မီးသွေးတွေ ချက်ချင်းပို့ပေးမယ်ဆိုတာ အာမခံတယ်"
"ပြီးတော့"
အိုလီဗာ ထပ်ဖြည့်ပြောလိုက်ပြန်သည်။
"မစ္စတာကျန်းနဲ့ ကျုပ်တို့ရဲ့စာချုပ်ထဲမှာပါတဲ့ စာချုပ်ဖောက်ဖျက်ခက အမေရိကန်ဒေါ်လာ၁၀ဘီလီယံဗျ။ အဲဒီပမာဏကိုလည်း ခင်ဗျားပဲ ပေးရမှာ"
*********