← Chapters

ဒီအကြောင်းပြချက်ကို အရင်ကကြားဖူးတယ် 

Vol. 21 Ch. 302

ဒီအကြောင်းပြချက်ကို အရင်ကကြားဖူးတယ် 

Vol. 21 Ch. 302

"ဟားဟားဟား တကယ့်ပါရမီရှင်ပဲဟေ့။ အိုလီဗာက အရည်အချင်းရှိလိုက်တာ"

ဤလူနှင့် ဖုန်းပြောနေစဉ် အိုလီဗာ၏ အခြားဖုန်းတစ်လုံးက ကျန်းမုန့်လောင်နှင့် ချိတ်ဆက်ထားသည်။ ကိုင်ဘွန်လူမျိုးများ၏ ပျာယာခတ်နေမည့် မျက်နှာအမူအရာများကို သူ တကယ်မြင်ချင်မိသည်။

သူတို့ စကားပြောနေစဉ်အတောအတွင်း ကျန်းမုန့်လောင်က စကားလုံးတစ်ခွန်းချင်းစီတိုင်းကို ကြားနေရသည်။ တစ်လုံးမှ မလွတ်ပေ။ ဤစကားများမှာ ကျန်းမုန့်လောင် သင်ပေးထားသော စကားများမဟုတ်ပေ။ အိုလီဗာက တရားမဝင်စကားအသုံးအနှုန်းများကို သူ့လို ကျွမ်းကျင်စွာပြောနိုင်ပေသည်။

ကျန်းမုန့်လောင်ထက် ပိုပေးနိုင်သလားတဲ့။ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ကိုင်ဘွန်နိုင်ငံ၏ စွမ်းအင်စနစ်သည် နှစ်စဉ်နှစ်တိုင်း အစိုးရဘဏ္ဍာငွေအပေါ် မှီခိုနေရပြီး နိုင်ငံတော်ဘတ်ဂျက်ကလည်း အလွန်နည်းပါးလှ၏။ အထူးသဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းသွားကတည်းက ဤနှစ်အတွက် ကျောက်မီးသွေးစွမ်းအင်ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ၁၀ဘီလီယံပင် မပြည့်ပေ။

ကျန်းမုန့်လောင်နှင့် အိုလီဗာတို့ ချုပ်ဆိုထားသော စာချုပ်ထဲရှိ လျော်ကြေးကတင် အမေရိကန်ဒေါ်လာ၁၀ဘီလီယံဖြစ်လေရာ သနားစရာကောင်းလှသော သူတို့၏ရန်ပုံငွေများက စာချုပ်ဖောက်ဖျက်မှုအတွက် ပေးရမည့် လျော်ကြေးငွေကိုပင် မဖြည့်ဆည်းနိုင်ချေ။

"သူ့လုပ်ခကို တိုးပေးလိုက်"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။ ဤကဲ့သို့သော လူစားမျိုးကို ပိုပေးရပေမည်။

"မစ္စတာအိုလီဗာ.. ကျုပ်တို့ အရင်က ပူးပေါင်းဆောင်ရွက်ခဲ့တာကို ထည့်သွင်းစဉ်းစားပြီး မေးခွန်းတစ်ခုလောက် ဖြေပေးလို့ရမလား"

မာဆုမိအာအိုကိ မေးလိုက်လေသည်။

သူသည် ငတုံးမဟုတ်ပေ။ ကျန်းမုန့်လောင်၏လုပ်ရပ်များက ရှို့ဂန်ကုမ္ပဏီကို ပစ်မှတ်ထားနေသည်မှာ သိသာလှသော်လည်း ဤကဲ့သို့ ပစ်မှတ်ထားခြင်းမျိုးက အကြောင်းမဲ့သက်သက် မဖြစ်တန်ရာ။ တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲပစ်ခြင်းကား အလွန်အကုန်အကျများလွန်းသည် မဟုတ်လော။

သို့သော် ကျန်းမုန့်လောင်က ထိုကျောက်မီးသွေးအားလုံးကို မည်သည့်အတွက်ကြောင့် ဝယ်ယူနေရသလဲဆိုသည်ကို သူ နားမလည်ပေ။ ရှို့ဂန်ကုမ္ပဏီသည် ကျန်းမုန့်လောင်နှင့် လုံးဝအဆက်အသွယ်မရှိသလို ဘာရန်ငြိုးမှလည်း မရှိချေ။

"ကြိုက်တာမေးပါ မစ္စတာအာအိုကိ..တချို့မေးခွန်းတွေကိုတော့ ဖြေပေးလို့ရပါတယ်"

"မစ္စတာအိုလီဗာ..ကျုပ်တို့ရဲ့ရှို့ဂန်ကုမ္ပဏီက တစ်နည်းနည်းနဲ့များ မစ္စတာကျန်းကို မတော်တဆစော်ကားမိခဲ့လို့လား"

မာဆုမိအာအိုကိက မေးလိုက်သည်။

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"

အိုလီဗာက ဟားတိုက်ရယ်မောလိုက်လေသည်။

"ခင်ဗျားတို့ရှို့ဂန်ကုမ္ပဏီက မစ္စတာကျန်းကို စော်ကားနိုင်စွမ်းရှိတာမှမဟုတ်တာ"

ရှို့ဂန်ကုမ္ပဏီသည် ပုဂ္ဂလိကပိုင်နှင့် အစိုးရပိုင်ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော်လည်း တန်ဖိုးကမူ အမေရိကန်ဒေါ်လာ၂၀ဘီလီယံသာ ရှိ၏။

ကျန်းမုန့်လောင်အတွက်မူ ဒေါ်လာဘီလီယံပေါင်းများစွာထဲက ငွေအနည်းငယ်ကို ထုတ်လိုက်ရုံမျှဖြင့် ရှို့ဂန်ကုမ္ပဏီတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ ကျန်းမုန့်လောင်၏မျက်လုံးထဲတွင် ထိုအရွယ်အစားမျှသာရှိသော ကုမ္ပဏီတစ်ခုမှာ ခြင်္သေ့တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ရှုမြင်သလောက်သာရှိပြီး သူ့ကိုပစ်မှတ်ထားရန်ကား လုံးဝမထိုက်တန်ချေ။

ဤစကားကို ကြားလိုက်ရသောအခါ မာဆုမိအာအိုကိခမျာ သူ့အမေကို ဆဲဆိုလိုက်သည့်အလား ခံစားလိုက်ရသည်။ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကုမ္ပဏီတစ်ခုမှာ ကျန်းမုန့်လောင်ကို ဆန့်ကျင်ဖို့ပင် မထိုက်တန်ဘူးတဲ့လား။

"ဒါဆို..."

"ခင်ဗျားတို့ကိုင်ဘွန်နိုင်ငံက မစ္စတာကျန်းမုန့်လောင်ကို စော်ကားမိခဲ့တာလို့ထင်တာပဲ"

အိုလီဗာက တခစ်ခစ်ရယ်လိုက်သည်။

"ဘာလို့လဲဆိုတော့ မစ္စတာကျန်းမုန့်လောင်က ဘိုဝမ်ကျောက်မီးသွေးတွင်းမှာရှိတဲ့ ဝေစုတွေတင်မကဘဲ သြစတြေးလျတစ်ခုလုံးမှာရှိတဲ့ တခြားကျောက်မီးသွေးတွင်းတွေက ကျောက်မီးသွေးအားလုံးကိုပါ ဝယ်ပစ်လိုက်ပြီ"

"ဘာ?"

မာဆုမိ၏အမူအရာလည်း ပြောင်းလဲသွားရလေသည်။ ကျန်းမုန့်လောင်က ဘာလုပ်ဖို့ကြိုးစားနေလေသလဲ။

"တခြားကျောက်မီးသွေးတွင်းတွေကလည်း စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေကို မကြာခင်ပို့ပေးလိမ့်မယ်လို့ ခန့်မှန်းမိတယ်"

အိုလီဗာ ထိုသို့ပြောနေစဉ်မှာပင် မာဆုမိအာအိုကိ၏ရုံးခန်းထဲသို့ အလျင်အမြန်လှမ်းလာသော ခြေသံများ ထွက်ပေါ်လာချေသည်။

"ဌာနခွဲမှူးနဲ့ ဥက္ကဋ္ဌ....ဆစ်ဒနေစွမ်းအင်အုပ်စုကနေ အမေရိကန်ဒေါ်လာသန်းငါးရာ လွှဲထားပါတယ်"

"ဒါ ဘယ်လိုဖြစ်တာလဲ။ သူတို့အားလုံး..."

"ဒါကို ကျုပ် ခင်ဗျားအတွက် ဖြေပေးနိုင်ပါတယ်"

အိုလီဗာက ဆိုလာလေသည်။

"အဲဒါကို မစ္စတာကျန်းကိုယ်စား ကျုပ် လုပ်ပေးခဲ့တာ။ အခုဆိုရင် သြစတြေးလျတစ်နိုင်ငံလုံးမှာ ကိုင်ဘွန်နိုင်ငံကို ကျောက်မီးသွေးရောင်းပေးမဲ့သူ မရှိတော့ဘူး"

"ခင်... ခင်ဗျားက သက်သက်လက်ဝါးကြီးအုပ်နေတာ"

မာဆုမိ၏မျက်နှာကား တွန့်လိမ်သွားလေသည်။

"လက်ဝါးကြီးအုပ်တာတဲ့လား။ မဟုတ်ပါဘူးဗျာ"

အိုလီဗာက ပြုံးလိုက်လေသည်။

"ကျွန်တော်တို့၏ကျောက်မီးသွေးတွေကို ဟွာရှားနဲ့ အိန္ဒိယအပါအဝင် တခြားနိုင်ငံတွေကို ဆက်ပြီးတင်ပို့နေတုန်းပါပဲ။ ဒါကို လက်ဝါးကြီးအုပ်တယ်လို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ။ ကျုပ်တို့ရဲ့ဝေစုက ကိုင်ဘွန်နိုင်ငံကို ထောက်ပံ့ပေးဖို့ မလုံလောက်တော့ရုံပါ။ မစ္စတာအာအိုကိ နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

"ခင်ဗျား ဘာလို့ သူ့ကိုကူညီပေးနေတာလဲ"

မာဆုမိ မေးမြန်းလိုက်မိသည်။ သြစတြေးလျနိုင်ငံရှိ ကျောက်မီးသွေးတွင်းအားလုံးကို အချိန်တိုအတွင်း ဆက်သွယ်ရန်မှာ ငွေကြေးအင်အားသာမက အဆက်အသွယ်လည်း လိုအပ်လေသည်။ ဤကိစ္စတွင် အိုလီဗာက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခြင်းဖြစ်ရပေမည်။

"ဒါက"

အိုလီဗာ ရယ်လိုက်မိသည်။

"မစ္စတာကျန်းမုန့်လောင်က ကျုပ်ကို ဒီအလုပ်လုပ်ပေးဖို့အတွက် ဒေါ်လာ၁ဘီလီယံသီးသန့်ပေးထားတယ်လေ။ ဒေါ်လာ၁ဘီလီယံနော်။ ဆွဲဆောင်မှုမရှိလွန်းဘူးလား။ ပြီးတော့ မစ္စတာကျန်းပေးတဲ့စျေးနှုန်းက ခင်ဗျားပေးတာထက် အဆပေါင်းများစွာပိုများနေတာလေ။ မရောင်းချင်တဲ့သူက ငတုံးပဲ။ ကျုပ်အတွက်တော့ ဖုန်းနည်းနည်းလောက်ဆက်ဖို့ပဲလိုတာမဟုတ်လား။ ဘာလို့မကူညီနိုင်ရမှာလဲ"

အိုလီဗာက ဆက်ပြောလိုက်သည်။

"ဒါထက် မစ္စတာအာအိုကိအနေနဲ့ ခင်ဗျားတို့နိုင်ငံက မစ္စတာကျန်းကို ဘာလုပ်မိထားလို့ အခုလိုဖြစ်ရတာလဲဆိုတာကို စုံစမ်းဖို့ အကြံပေးချင်တယ်ဗျ။ မစ္စတာကျန်းပြောတာကို နားထောင်ရသလောက်တော့ ဒါက အစပဲရှိသေးတယ်ထင်တာပဲ"

"အစပဲတဲ့လား။ အဲဒါက ဘာအဓိပ္ပာယ်လဲ"

မာဆုမိအာအိုကိခမျာ ရုတ်ခြည်းထိတ်လန့်သွားရသည်။

ကမ္ဘာပေါ်တွင် လူချမ်းသာများစွာရှိသော်လည်း နိုင်ငံတစ်နိုင်ငံ၏ယန္တရားကို မည်သူမျှ မလှုပ်ခတ်စေခဲ့ပေ။

သို့သော် ကျန်းမုန့်လောင်ကတော့ သူတို့အနေနှင့် နိုင်ငံတစ်နိုင်ငံကို မလှုပ်ခတ်နိုင်ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ လုံလုံလောက်လောက်မချမ်းသာသောကြောင့်ဖြစ်ကြောင်း သူ့လုပ်ရပ်များဖြင့် သက်သေပြခဲ့သည်။ သင့်တွင် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးကို မငြိမ်မသက်ဖြစ်စေနိုင်ရန် လုံလောက်သော ငွေကြေးအမြောက်အများရှိပါက ထိုနိုင်ငံကို လှုပ်ခတ်နိုင်ပေသည်။

"အဲဒါကိုတော့ မစ္စတာအာအိုကိကိုယ်တိုင် စုံစမ်းရလိမ့်မယ်။ ခင်ဗျား နည်းနည်းလောက်စောင့်လို့လည်းရပါတယ်။ မကြာခင် သိရမှာပါ"

မာဆုမိအာအိုကိက ဖုန်းချပြီးနောက် ပြတင်းပေါက်ရှေ့တွင် အကြောင်သားထိုင်နေပြီး ဘာတွေးရမှန်းလည်း မသိပေ။

"မစ္စတာအာအိုကိ..မစ္စတာတာကာအို ရောက်နေပါတယ်"

မာဆုမိအာအိုကိ၏အတွင်းရေးမှူးက တံခါးခေါက်လာလေသည်။

"သူ့ကိုဝင်ခိုင်းလိုက်"

မာဆုမိအာအိုကိက လောဆော်လိုက်ချေသည်။

မစ္စတာတာကာအို၏ နာမည်အပြည့်အစုံမှာ တာကာအို အာအိုယာမာဖြစ်ပြီး ကိုင်ဘွန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်၏။ သူတို့၏ကုမ္ပဏီများက တာကာအိုအာအိုယာမာမှတစ်ဆင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်သွယ်ထားခြင်းဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာနမှ အမိန့်များနှင့် အရေးကြီးညွှန်ကြားချက်များကိုလည်း သူမှတစ်ဆင့် ပြန်ကြားပေးပို့နေခြင်း ဖြစ်သည်။

"မစ္စတာတာကာအို.. ဒီတစ်ခေါက် ဘာများတင်ပြဖို့ရှိလို့လဲ"

မာဆုမိအာအိုကိက မေးလိုက်လေသည်။

သူ့အနေနှင့် ကျောက်မီးသွေးတင်သွင်းမှုပြဿနာအကြောင်း စကားမဟရဲသေးပေ။ ဤကိစ္စမှာ နိုင်ငံတော်လူနေမှုပြဿနာနှင့် သက်ဆိုင်သော အရေးကိစ္စဖြစ်သဖြင့် အလွန်အမင်းပြင်းထန်ပါက ဝန်ကြီးတစ်ယောက်အနေနှင့် တစ်နိုင်ငံလုံးကို တောင်းပန်ရမည်ဖြစ်၏။

"အရေးပေါ်အစည်းအဝေးရှိတယ်"

တာကာအို အာအိုယာမာက ပြောလာလေသည်။

"ကားက အပြင်ဘက်မှာစောင့်နေတယ်။ မစ္စတာအာအိုကိ.. ပစ္စည်းတွေသိမ်းပြီး ကျုပ်နဲ့အတူ မြန်မြန်လိုက်ခဲ့"

"အထူးအခြေအနေတစ်ခုခုများရှိလို့လား"

မာဆုမိအာအိုကိခမျာ အနည်းငယ်စိုးရိမ်ပူပန်နေမိသည်။ တာကာအိုအာအိုယာမာကိုယ်တိုင် ရောက်လာပြီး သူ့ကိုလာခေါ်သည်မှာ ယခင်က တစ်ခါမှမဖြစ်ဖူးခဲ့ချေ။

"ဝန်ကြီးက ဘာမှမပြောဘူး။ ခင်ဗျားကိုသွားခေါ်ဖို့ပဲ ပြောလိုက်တာ"

တာကာအိုအာအိုယာမာ၏ အမူအရာမှာ အလွန်လေးနက်နေသဖြင့် မာဆုမိအာအိုကိခမျာ ထပ်မမေးရဲတော့ဘဲ သူနှင့်အတူ ကုမ္ပဏီထဲမှ အမြန်ထွက်လာခဲ့လိုက်သည်။

...

"ဥက္ကဋ္ဌဆုမိ...ဥက္ကရူအိချိ"

အစည်းအဝေးခန်းသို့ရောက်သွားသောအခါ မာဆုမိအာအိုကိလည်း ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်။ သူတို့က ကိုင်ဘွန်နိုင်ငံမှ ကျောက်မီးသွေးနှင့် လျှပ်စစ်ထုတ်လုပ်သူများဖြစ်သော်လည်း အားလုံးပေါင်းလိုက်လျှင်ပင် ရှို့ဂန်ကုမ္ပဏီကို မမီပေ။

"ခင်ဗျား..."

မာဆုမိအာအိုကိလည်း တစ်ခုခုမေးရန် ဟန်ပြင်လိုက်သည့်အချိန်မှာပင် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

"ဝန်ကြီး"

လူတိုင်း ချက်ချင်းဆိုသလို မတ်တတ်ထရပ်လိုက်ကြသည်။ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးကိုယ်တိုင် ရောက်ရှိလာခြင်းပင်။

စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီးက တုတ်ခိုင်သန်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်၏။ သူ့ဘေးတွင်မူ လက်ထောက်များစွာ ရှိပေသည်။ ဝန်ကြီး၏အမူအရာကား အလွန်လေးနက်နေ၏။

"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ..အခြေအနေက အရေးပေါ်ဖြစ်နေတာကြောင့် ခင်ဗျားတို့အားလုံးကို ဒီနေရာမှာ စုဝေးခိုင်းထားရတာပါ"

စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးက စတင်ပြောကြားလာလေသည်။

"အရှေ့အလယ်ပိုင်းနိုင်ငံတွေက ကျုပ်တို့ကိုင်ဘွန်နိုင်ငံကို သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ကြောင်း သတင်းရထားပါတယ်"

"ဘာ?"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဘာလို့လဲ"

သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများက ကိုင်ဘွန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ လေးပုံတစ်ပုံကို ဖြည့်ဆည်းပေးထားသည်။ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုသာ ပြတ်တောက်သွားပါက သူတို့၏နျူကလီးယားနှင့် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပေါ် ကြီးမားလှသော ဖိအားတစ်ရပ်ဖြစ်စေမည်သာ။

စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးကလည်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"အကြောင်းပြချက်ကတော့ ပရမ်းပတာပါပဲ။ သူတို့ဘက်က ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချမယ်လို့ ပြောနေတယ်"

"ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ကြီးလဲ"

"ဒါက..."

မာဆုမိအာအိုကိ၏ နဖူးထက်တွင် ရုတ်ခြည်းဆိုသလို ချွေးစို့သွားရသည်။

"ဒီအကြောင်းပြချက်ကို အရင်က တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ"

************

All Chapters