← Chapters

သူတို့က ကန့်ကွက်သူတွေမဟုတ်လား

Vol. 21 Ch. 303

သူတို့က ကန့်ကွက်သူတွေမဟုတ်လား

Vol. 21 Ch. 303

စွမ်းအင်ဌာန၏ဝန်ကြီးက မာဆုမိအာအိုကိ၏မျက်နှာထက်ရှိ စိတ်ဓာတ်ကျမှုကို သတိမထားမိပါဘဲ ဆက်ပြောလေသည်။

"အရှေ့အလယ်ပိုင်းက သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပေမဲ့ တခြားရောင်းချသူတွေဆီကတော့ သဘာဝဓာတ်ငွေ့ပမာဏနည်းနည်းလောက် ရနိုင်ပါသေးတယ်"

"တခြားစွမ်းအင်အရင်းအမြစ်တွေက သဘာဝဓာတ်ငွေ့ကို အစားထိုးလို့ရပေမဲ့ နိုင်ငံရဲ့ စွမ်းအင်စက်ရုံတွေကိုတော့ သဘာဝဓာတ်ငွေ့ကွန်ယက်နဲ့ပဲ လည်ပတ်နေတာ။ သဘာဝဓာတ်ငွေ့နဲ့ပတ်သက်တဲ့ အရပ်သားလျှပ်စစ်မီးထုတ်လုပ်ရေးတို့ စီးပွားဖြစ်စွမ်းအင်ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် လျှပ်စစ်မီးထုတ်လုပ်ပေးတာတို့အတွက်တော့ မျှဝေပေးဖို့ခက်လိမ့်မယ်"

"ဝန်ကြီး… ကျွန်တော်တို့အနေနဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ပမာဏပိုမြှင့်သင့်တယ်လို့ ပြောချင်တာလား"

ကျောက်မီး‌သွေးစွမ်းအင်ကုန်သည်တစ်ယောက်က မေးလိုက်လေသည်။

သူ့မျက်နှာထက်တွင် ဝမ်းသာနေလေဟန် အရိပ်အယောင်တစ်ခုရှိပေသည်။ နိုင်ငံတော်ကသာ ကျောက်မီးသွေးစွမ်းအင်ပမာဏကို တိုးမြှင့်မည်ဆိုပါက ဤနယ်ပယ်ထဲသို့ ငွေပိုဝင်လာမည်ဟူသော သဘောပင်။ ဤအဓိပ္ပာယ်မှာ အစိုးရပိုင်ကျောက်မီးသွေးလုပ်ငန်းများအနေနှင့် ရန်ပုံငွေအမြောက်အများရရှိလာပြီး တူးဖော်မှုမှတစ်ဆင့်လည်း အမြတ်ငွေအလျှံပယ်ရရှိပေလိမ့်မည်။

"အမှန်ပဲ"

စွမ်းအင်ဝန်ကြီးက ဆိုလာလေသည်။

"ဒီနှစ်အတွက် သဘာဝဓာတ်ငွေ့ပမာဏက အများဆုံးမှ ၅ရာခိုင်နှုန်းပဲရနိုင်တယ်။ သဘောကတော့ ဒီနှစ်အတွက် ကျောက်မီးသွေးတင်သွင်းမှုပမာဏက မနှစ်ကထက် နှစ်ဆတော့ ပိုများဖို့လိုတယ်။ ကျုပ်တို့ဘက်က သဘာဝဓာတ်ငွေ့ထောက်ပံ့သူအသစ်တစ်ယောက် မရခင်အထိပေါ့"

"ဒီကိစ္စက တစ်နှစ်ခွဲကနေ နှစ်နှစ်အထိတော့ ကြာနိုင်တယ်"

"ဝန်ကြီး.. ဒါက အသေးအဖွဲကိစ္စလေးပါ"

ကျောက်မီးသွေးစွမ်းအင်ကုမ္ပဏီတစ်ခု၏ သူဌေးတစ်ယောက်က ပြောလာလေသည်။

"ကျွန်တော်တို့က ဆစ်ဒနေကျောက်မီးသွေးတွင်းနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်နေတာလေ။ ကျွန်တော်တို့လုပ်ငန်းက တော်တော်လေးသေးတော့ တစ်နှစ်ကို ကျောက်မီးသွေးတန်ချိန်သန်း၂၀လောက်ပဲ တင်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ကလိုအပ်လာတယ်ဆိုရင် တင်သွင်းမှုပမာဏကို တန်ချိန်သန်း၆၀အထိ မြှင့်ပေးနိုင်ပါတယ်"

"ဝန်ကြီး ကျွန်တော်တို့လည်း အလားတူပါပဲ။ မနှစ်တုန်းက ကျွန်တော်တို့ဘက်က ယင်းဟိုင်ရဲ့ဆူမားတြားကျောက်မီးသွေးတွင်းကနေ အဆင့်မြင့်ကျောက်မီးသွေးတန်ချိန်၁၅သန်းကို တင်သွင်းခဲ့ပါတယ်။ ကျွန်တော်သိထားသလောက်ဆိုရင် သူတို့က ပြည်တွင်းလိုအပ်ချက်အတွက် တစ်နှစ်ကို ကျောက်မီးသွေးတန်ချိန်သန်း၆၀ထုတ်လုပ်ကြတယ်တဲ့။ ဒါပေမဲ့ တစ်နှစ်မှာ တန်ချိန်သန်း၃၀ကျော် ကျန်နေတုန်းပါပဲ။ ကျွန်တော်တို့ရဲ့တင်သွင်းမှုပမာဏကို နှစ်ဆတိုးဖို့ ပြဿနာရှိမယ်မထင်ပါဘူး"

ကျောက်မီးသွေးနယ်ပယ်မှ သူဌေးများ၏ စိတ်အားထက်သန်လှသော စကားသံများကို ကြားရသောအခါ မာဆုမိအာအိုကိလည်း အေးစက်စက်ရယ်သံတစ်ခုကို ရုတ်ခြည်းထုတ်လွှတ်လိုက်မိသည်။

"ဥက္ကဋ္ဌမာဆုမိ.. ခင်ဗျား ဘာလို့ရယ်တာလဲ"

စွမ်းအင်ဝန်ကြီးက မာဆုမိအာအိုကိကို ရုတ်ခြည်းလှည့်ကြည့်လာသည်။

"အဲဒါတွေက အသုံးမဝင်ဘူး"

မာဆုမိအာအိုကိက ခါးသက်သက်ဆိုလိုက်လေသည်။

"ဒီနှစ် ကျွန်တော်တို့ကိုင်ဘွန်နိုင်ငံကို ဘယ်ကျောက်မီးသွေးတွင်းကမှ ကျောက်မီးသွေးတစ်တန်လေးတောင် ရောင်းပေးမှာမဟုတ်ဘူး"

"ဟားဟားဟား ဥက္ကဋ္ဌမာဆုမိ.. ခင်ဗျားက ဟာသဉာဏ်တော်တော်ရှိတာပဲ။ ကျုပ်တို့က ဒီကျောက်မီးသွေးတွင်းတွေနဲ့ ရေရှည်ပူးပေါင်းလက်တွဲထားတာလေ။ ပိုက်ဆံရမဲ့ဟာကို သူတို့က ဘာလို့မရောင်းရမှာလဲ။ ကျုပ်တို့ရဲ့စာချုပ်တွေက အနည်းဆုံးသုံးနှစ်သက်တမ်းရှိတယ်။ စာချုပ်ဖောက်ဖျက်ရင် လျော်ကြေးငွေကလည်း အများကြီးပေးရမှာ။ ဒီကျောက်မီး‌သွေးလုပ်ငန်းတွေက ဒီလိုတုံးအတဲ့လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူး"

"ဟုတ်တယ် ဥက္ကဋ္ဌမာဆုမိ. ခင်ဗျားရဲ့တင်သွင်းမှုပမာဏက ဒီနှစ်အတွက် ကျုပ်တို့နိုင်ငံရဲ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တာတော့ မဖြစ်နိုင်ပါဘူး။ ရှို့ဂန်ကုမ္ပဏီက ဒီလောက်ကြီးတာကို… ဒီလိုအသေးအဖွဲကိစ္စလေးက ခင်ဗျားအတွက် ဘာမှပြဿနာမများလောက်ပါဘူး"

"တကယ်ဆိုရင် ရှို့ဂန်ကုမ္ပဏီနဲ့ ပူးပေါင်းထားတဲ့ ကျောက်မီးသွေးတွင်းအရေအတွက်က ကျုပ်တို့ထက်တောင် များတယ်လေ။ တန်ချိန်သန်းဂဏန်း ဒါမှမဟုတ် ဘီလီယံပမာဏလောက်ကတော့ သိပ်မခက်ခဲနိုင်ပါဘူးနော်"

သူတို့အားလုံးက ကိုင်ဘွန်နိုင်ငံထဲရှိ လုပ်ငန်းစုများဖြစ်ကြသော်လည်း အကြီးဆုံးကုမ္ပဏီကြီးဖြစ်သော ရှို့ဂန်ကော်ပိုရေးရှင်းကမူ အားကျမနာလိုနေသည့် မျက်လုံးပေါင်းများစွာ၏ ပစ်မှတ်တစ်ခုဖြစ်နေချေသည်။ သူတို့က နိုင်ငံထဲရှိ အကြီးဆုံးကျောက်မီးသွေးလုပ်ငန်းရှင်ဖြစ်ပြီး နိုင်ငံတော်ထံကလည်း အရင်းအမြစ်အများဆုံးရထားသည့်အပြင် သူတို့၏အမြတ်ငွေက နှစ်စဉ်နှစ်တိုင်း အမြင့်ဆုံးပင်။ တော်တော်များများက သူတို့၏အရင်းအမြစ်များကို အားကျနေကြပေသည်။

"တော်တော့"

သူတို့၏ အဓိပ္ပာယ်မရှိသောစကားများကြောင့် မာဆုမိအာအိုကိလည်း ဒေါသတကြီးအော်လိုက်မိတော့သည်။

"ခင်ဗျားတို့ငတုံးတွေက ဘာဖြစ်နေလဲဆိုတာတောင် မသိကြဘူး။ မယုံရင် ခင်ဗျားတို့ရဲ့ ချစ်လှစွာသောရောင်းချသူတွေဆီကို ဖုန်းဆက်ပြီး ခင်ဗျားတို့ကို ကျောက်မီးသွေးရောင်းပေးဖို့ ပြောကြည့်လေ"

လူတိုင်း၏အမူအရာကား ပြောင်းလဲသွားကြလေသည်။ ဤသည်မှာ စွမ်းအင်ဝန်ကြီး၏ ရုံးခန်းပင်။ ရှို့ဂန်ကော်ပိုရေးရှင်း၏ဥက္ကဋ္ဌရုံးခန်းမဟုတ်ချေ။ မာဆုမိအာအိုကိက ဤနေရာတွင် စားပွဲကို လက်ဖြင့်ပင် ရိုက်ချရဲပေသည်။ ဤသည်မှာ ဝန်ကြီးကို မရိုမသေပြုနေခြင်းမဟုတ်ပါလော။

သို့သော် သူ့လုပ်ရပ်များက ကျန်ဥက္ကဋ္ဌများအား စင်စစ်ပင် ပြဿနာတစ်ခုခုရှိနေကြောင်း သဘောပေါက်သွားစေသည်။ သို့မဟုတ်ပါလျှင် မာဆုမိအာအိုကိက ဤမျှဒေါသတကြီးတုံ့ပြန်လာမည်မဟုတ်ချေ။

"ကျုပ် အရင်ခေါ်ကြည့်မယ်"

နီပါကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌက ဦးစွာဖုန်းထုတ်လိုက်လေသည်။

"ဝန်ကြီး..ကျွန်တော့်ကို ခဏလောက်ခွင့်ပြုပါဦး"

"မစ္စတာဝူမု လွတ်လွတ်လပ်လပ်ခေါ်ပါ"

စွမ်းအင်ဝန်ကြီးကမူ လုံးဝဒေါသမထွက်ချေ။ သူက မာဆုမိအာအိုကိကို ငေးကြည့်မိသည်။ ဤလူနှင့် သူ ပထမဆုံးအကြိမ် ဆက်ဆံဖူးခြင်းမဟုတ်ပေ။ မာဆုမိအာအိုကိသည် အမြဲလိုလိုနှိမ့်ချနေတတ်ပြီး အပြုအမူကောင်းများရှိ၏။ အနည်းဆုံးတော့ သူ့လို အဆင့်မြင့်အရာရှိရှေ့တွင် မာဆုမိအာအိုကိသည် ယခင်က ဤကဲ့သို့ တည်ငြိမ်မှုမပျက်ပြားခဲ့ဖူးပေ။

"ရိုရှန်… ဝူမုပြောနေတာပါ"

လူတိုင်းကလည်း ဥက္ကဋ္ဌဝူမု ဖုန်းပြောနေသည်ကို နားစွင့်နေကြ၏။

"ဟားဟားဟား မတွေ့ရတာကြာပြီနော်"

ဝူမုက အလ္လာပသလ္လာပ ဆိုလိုက်၏။

"ကိစ္စက ဒီလိုပါ။ ဒီနှစ်အတွက် ကျုပ်တို့ရဲ့ကျောက်မီးသွေးတင်သွင်းမှုပမာဏကို တိုးချင်လို့ပါ။ မစ္စတာရိုရှန်ရဲ့ကျောက်မီးသွေးတွင်းက တစ်နှစ်ကို အနည်းဆုံးတန်ချိန်သန်း၃၀ပိုတယ်လို့ ကျုပ်ကြားထားတယ်လေ။ ခင်ဗျားလက်ထဲမှာရှိတဲ့ အဲဒီပစ္စည်းတွေကို စိတ်ကျေနပ်စေလောက်မဲ့ဈေးနှုန်းနဲ့ ဝယ်ချင်လို့ပါ"

"ဘာ?"

ဝူမုခမျာ ထင်မှတ်မထားသော ထိတ်လန့်ဖွယ်သတင်းကို ရုတ်တရက်ကြားလိုက်ရဟန်ပင်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မစ္စတာရိုရှန်..ကျုပ်တို့ စာချုပ်ချုပ်ထားတယ်လေ"

ဝူမု၏အမူအရာမှာ မည်းခနဲဖြစ်သွားရ၏။

"ဒါက.. သူတို့ဘက်က ခင်ဗျားကို ဈေးဘယ်လောက်နဲ့ကမ်းလှမ်းထားလဲ"

"တစ်တန်ကို အမေရိကန်ဒေါ်လာ၂၀၀လား။ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲဒီဈေးနှုန်းက အမြင့်ဆုံးဈေးထက် နှစ်ဆတောင်ပိုများနေတာကြီးကို။ ရိုရှန်.. ခင်ဗျား သူတို့ဆီက လှည့်စားခံလို့မဖြစ်ဘူးနော်"

"တစ်ဖက်လူက ငွေတောင်ချေပြီးပြီလား။ တစ်နှစ်စာကျောက်မီးသွေးထောက်ပံ့မှုအတွက်တောင် ဘိုကင်တင်ပြီးပြီပေါ့။ ဒါပေမဲ့ ကျုပ်တို့ရဲ့…"

"ကျုပ်…"

ဝူမု၏အသံကား အလွန်စိတ်လှုပ်ရှားနေဟန်ပင်။ သို့သော် သူ့စကားမဆုံးခင်မှာပင် တစ်ဖက်လူက ဖုန်းချသွားပြီဖြစ်၏။

"မစ္စတာဝူမု..ဘာဖြစ်တာလဲ"

စွမ်းအင်ဝန်ကြီးက ခပ်မြန်မြန်မေးလာချေသည်။

"ယင်းဟိုင်ဆူမားတြားကျောက်မီးသွေးတွင်းပိုင်ရှင်က ပြောတယ်။ ကျွန်တော်တို့ကိုင်ဘွန်နိုင်ငံကိုရောင်းမဲ့ ကျောက်မီးသွေးခွဲတမ်းကို တခြားတစ်ယောက်က တစ်တန်ကို အမေရိကန်ဒေါ်လာ၂၀၀နှုန်းနဲ့ အကုန်ဝယ်သွားပြီတဲ့။ သူတို့က စာချုပ်ဖောက်ဖျက်တဲ့အတွက် လျော်ကြေးတောင် ပေးချေခဲ့တာတဲ့"

ဝူမု၏မျက်နှာကား ဖြူဖျော့သွားရလေတော့သည်။

"မစ္စတာမာဆုမိအာအိုကိ.. ဘာ..ဘာတွေဖြစ်နေတာလဲဗျ"

"ကျုပ်ဆက်ကြည့်ဦးမယ်"

အခြားဥက္ကဋ္ဌတစ်ယောက်က သူ့ထောက်ပံ့သူများဆီသို့ ချက်ချင်းဆက်သွယ်ကြည့်ပါသော်ငြား စိတ်ပျက်စရာသတင်းသာ ဆောင်ကြဉ်းနိုင်ခဲ့သည်။

"ရုရှားက ဘာချော့ကျောက်မီးသွေးတွင်းကလည်း ကျုပ်တို့နဲ့အကျိုးတူပူးပေါင်းထားတာကို ပယ်ဖျက်လိုက်ပြီ။ လူတစ်ယောက်က ကျုပ်တို့ကိုင်ဘွန်နိုင်ငံကိုရောင်းမဲ့ ကျောက်မီးသွေးတွေအကုန်လုံးကို တစ်တန်ကို ဒေါ်လာ၁၈၀နှုန်းနဲ့ ဝယ်သွားပြီတဲ့"

"ဆစ်ဒနေကျောက်မီးသွေးတွင်းကလည်း လူတစ်ယောက်က တစ်တန်ကို ဒေါ်လာ၂၄၀နဲ့ဝယ်သွားပြီလို့ ပြောတယ်…"

ဥက္ကဋ္ဌတစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်ဆိုကြည့်သော်လည်း ရလဒ်ကား အံ့ဩဖွယ်ကောင်းလောက်အောင် တူနေပေသည်။ ဤကျောက်မီးသွေးတွင်းများမှတစ်ဆင့် အခြားနိုင်ငံများအတွက် ရောင်းချပေးသော ကျောက်မီးသွေးတင်သွင်းမှုကမူ ပြဿနာလုံးဝမရှိပေ။ ဈေးနှုန်းနှင့် ပမာဏကလည်း မပြောင်းမလဲသာ။ သူတို့ကိုင်ဘွန်နိုင်ငံအတွက် ရည်ရွယ်ထားသော ကျောက်မီးသွေးများကိုသာ ဈေးမြင့်မြင့်နှင့် ဝယ်ယူသွားခြင်းပင်။

မာဆုမိအာအိုကိ ပြောလိုက်သည့်အတိုင်းပင် ဤကမ္ဘာပေါ်တွင် သူတို့ကိုင်ဘွန်နိုင်ငံကို ကျောက်မီးသွေးရောင်းပေးမည့်သူ တစ်ယောက်မှမရှိချေ။

"မစ္စတာအာအိုကိ.. ဘယ်လိုတွေဖြစ်ရတာလဲ။ ရှင်းပြပေးပါဦး"

အစည်းအဝေးခန်းမထဲရှိ လူတိုင်း၏အကြည့်က မာဆုမိအာအိုကိထံသို့ ကျရောက်လာခဲ့သည်။

"ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး။ ကျွန်တော်သိတာဆိုလို့ ဒီကိစ္စတွေကို ကျန်းမုန့်လောင်လို့ခေါ်တဲ့ ဟွာရှားလူမျိုးတစ်ယောက် ကြိုးကိုင်နေတယ်ဆိုတာပဲ"

"ကျန်းမုန့်လောင်လား။ ကမ္ဘာ့အချမ်းသာဆုံးလူလား"

"ကျုပ်တို့ကိုင်ဘွန်နိုင်ငံက သူ့ကို မစော်ကားထားဘူးမလား။ သူက ဘာလို့များ ဒီလိုလုပ်ရတာလဲ"

"ဝန်ကြီးက ဒီကိစ္စကို ကျုပ်တို့ထက် ပိုသိလိမ့်မယ်ထင်တယ်"

မာဆုမိအာအိုကိက ပြောလိုက်၏။

ဤကျောက်မီးသွေးလုပ်ငန်းရှင်များနှင့် ကျန်းမုန့်လောင်က ဘာပတ်သက်မှုမှမရှိကြောင်း သူ အတပ်သိသည်။ သူတို့ဘက်က ကျန်းမုန့်လောင်ကို အတိုက်အခံလုပ်ထားခြင်းမျိုးလည်း မရှိပေ။ ဖြစ်နိုင်ခြေကား တစ်ခုတည်းသာ။ သူတို့အစိုးရက ကျန်းမုန့်လောင်၏အကျိုးစီးပွားကို ထိခိုက်စေမည့်အရာတစ်ခုခု လုပ်ထားခြင်းမျိုးသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ကျန်းမုန့်လောင်က သူတို့ကို ဤနည်းလမ်းဖြင့် လက်တုံ့ပြန်နေခြင်းပင်။

ဤသည်မှာ မာဆုမိအာအိုကိ၏ မှန်းဆချက်သက်သက်သာ ဖြစ်၏။

"အဲဒါက ကျန်းမုန့်လောင်ဆိုတာ သေချာလား"

ဝန်ကြီး၏မျက်နှာအမူအရာကား အလွန်အမင်းလေးနက်သွားပေသည်။ အဆင့်မြင့်နိုင်ငံတော်အရာရှိတစ်ယောက်အနေနှင့် ကိုင်ဘွန်နိုင်ငံက ကျန်းမုန့်လောင်၏ တွင်းထွက်ပစ္စည်းတင်သွင်းမှုကို အပြင်းအထန်နှောင့်ယှက်ခဲ့ကြောင်း သူသိထားသည်။

ဟွာရှားလူမျိုးများအနေနှင့် အဆင့်မြင့်ချစ်ပ်ပြားများကို ထုတ်လုပ်နိုင်သည်ဆိုလျှင်ပင် ကုန်ကြမ်းပစ္စည်းများ မရှိပါက နည်းပညာရှိနေသည့်တိုင် မအောင်မြင်နိုင်ချေ။

"ဘိုဝမ်ကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင် မစ္စတာအိုလီဗာကိုယ်တိုင် ကျွန်တော့်ကိုပြောပြခဲ့တာပါ"

မာဆုမိအာအိုကိက ဆိုလေ၏။

"ကျန်းမုန့်လောင်က ဒီလုပ်ရပ်တွေအားလုံးကို သူကြိုးကိုင်ထားတဲ့အကြောင်း ကျွန်တော်တို့ကို တမင်သက်သက်သိစေချင်နေတာလို့တောင် သံသယဖြစ်မိပါတယ်"

"ပြီးတော့ သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုကလည်း သူနဲ့ပတ်သက်နေမယ်လို့ သံသယဖြစ်မိပါတယ်"

မာဆုမိအာအိုကိက ပြောလိုက်၏။

"ကျန်းမုန့်လောင်က မစ္စတာအိုလီဗာကိုပြောတယ်တဲ့။ ကျွန်တော်တို့နိုင်ငံကိုရောင်းမဲ့ ကျောက်မီး‌သွေးတွေကို ဝယ်ရတဲ့အကြောင်းအရင်းက ကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ချင်လို့ဆိုပဲ"

"ပေါက်ကရတွေ.. သူက ငါတို့ကိုင်ဘွန်နိုင်ငံရဲ့ အသက်သွေးကြောကို ဖြတ်တောက်ချင်နေတာ"

"သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"

"သူက တစ်ယောက်တည်းအားနဲ့ ကျုပ်တို့ကို စစ်ကြေညာချင်နေတာလား"

"ဒီဟွာရှားလူမျိုး…လူယုတ်မာကတော့.."

ကျန်းမုန့်လောင်ဘက်က လက်တုံ့ပြန်လာလိမ့်မည်ဖြစ်ကြောင်း သူတို့ မျှော်လင့်ထားပြီးသားပင်။ သို့‌သော် ဤမျှမြန်ဆန်ပြီး ပြင်းထန်လိမ့်မည်ဟုတော့ ထင်မထားမိခဲ့ပေ။

ကျန်းမုန့်လောင်က ပုံမှန်နည်းလမ်းများအတိုင်း လိုက်မလုပ်တတ်ပေ။ သူက ပထမဆုံးတစ်ချက်တည်းဖြင့် သူတို့နိုင်ငံ၏ စွမ်းအင်တင်သွင်းမှုထက်ဝက်ကျော်ကို ပိတ်ဆို့ပစ်ခဲ့သည်။ အယ်လ်ထရာမန်းပင် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်သည့်အခါ လေဆာရောင်ခြည်များကို ချက်ချင်းမထုတ်ပေ။

ဒီနေ့ခေတ်လူငယ်တွေက စစ်ရေးကျင့်ဝတ်ဆိုတာကို လုံးဝဂရုမစိုက်ကြတော့ဘူးလား…

***********

All Chapters