← Chapters

"အမွှေးရနံ့စစ်စစ်"က ဘယ်တော့မှပျောက်သွားမှာမဟုတ်ဘူး

Vol. 21 Ch. 304

"အမွှေးရနံ့စစ်စစ်"က ဘယ်တော့မှပျောက်သွားမှာမဟုတ်ဘူး

Vol. 21 Ch. 304

"မစ္စတာကျန်း.. အရှေ့အလယ်ပိုင်းက ကိုင်ဘွန်နိုင်ငံကို ပေးပို့တဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပါပြီ။ ဒါပေမဲ့ တချို့နိုင်ငံတွေရဲ့ ဓာတ်ငွေ့အရင်းအမြစ်ကတော့ ရှင့်ထိန်းချုပ်မှုအောက်ကို မရောက်သေးပါဘူး။ ဒါပေမဲ့ သူတို့ဆီကရမဲ့ ပမာဏက သိပ်မများတာကြောင့် ရှင့်အစီအစဉ်တွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး"

"အင်း အရမ်းကောင်းတယ်"

ကျန်းမုန့်လောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျောက်မီးသွေးတွင်းတွေကရော"

"ဩစတြေးလျမှာရှိတဲ့ ကျောက်မီးသွေးတွင်းတွေအားလုံးကို အပြီးဝယ်ယူလိုက်ပါပြီ။ ဒီတစ်မျိုးတည်းနဲ့တင် ကိုင်ဘွန်နိုင်ငံရဲ့ ထောက်ပံ့မှု၉၀ရာခိုင်နှုန်းကျော်ကို ဖြတ်တောက်ထားလိုက်နိုင်ပါပြီ"

ဟုန်းရီက ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့ကို ကျောက်မီးသွေးတစ်တန်တောင် မဝယ်နိုင်အောင် အမိန့်ပေးထားတာဖြစ်တဲ့အတွက် နည်းနည်းတော့အားစိုက်ရပေမဲ့ အခုလောက်ဆိုရင် ကိုင်ဘွန်နိုင်ငံဘက်မှာ အထိနာနေလောက်ပါပြီ"

"မင်း အလုပ်ကြိုးစားခဲ့တာပဲ"

ကျန်းမုန့်လောင်က ခြေထောက်ချိတ်၍ မှီလိုက်လေသည်။

"အဲဒီလိပ်တွေ အခုလောက်ဆိုရင် လန့်ဖျပ်နေလောက်ပြီ။ သူတို့က ငါတို့ကို တွင်းထွက်ပစ္စည်းတင်ပို့ဖို့ ငြင်းခဲ့တယ်ပေါ့လေ။ ဘယ်သူက ဘယ်သူ့ကို အသာစီးယူနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

"မစ္စတာကျန်း.. တကယ်တော့ ရှင် ဒီလောက်ဒုက္ခခံစရာမလိုပါဘူး"

ဟုန်းရီက ဆို၏။

"ကိုင်ဘွန်နိုင်ငံရဲ့ အနောက်ပိုင်းဆာဒိုဒေသမှာ ရှင့်ဘိုးဘွားတွေဝယ်ထားတဲ့ မြေကွက်အကြီးကြီးတစ်ခုရှိပါတယ်။ အဲဒီမြေတွေကိုသုံးပြီး သူတို့ကိုခြိမ်းခြောက်မယ်ဆိုရင် သူတို့လည်း သေချာပေါက်လက်လျှော့သွားကြမှာ"

"ငါက သူများကို အာဏာနဲ့အနိုင်ကျင့်တတ်တဲ့လူစားမျိုးလား"

ကျန်းမုန့်လောင်က ဖြောင့်မတ်တည်ကြည်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"ငါသာ အဲ့လိုလုပ်ခဲ့မိရင် တခြားလူတွေက ငါ့ကို စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့တယ်လို့ ပြောကြတော့မှာ။ ဒါပေမဲ့ ကိုင်ဘွန်နိုင်ငံက မီးရှို့အသုံးပြုမဲ့ ကျောက်မီးသွေးတွေကို ဝယ်လိုက်တာကျတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသလို ကမ္ဘာကြီးပူနွေးမှုကိုလည်း လျှော့ချပေးနိုင်တယ်လေ"

ဟုန်းရီခမျာ မျက်ဆန်မလည်ဘဲ မနေနိုင်တော့ချေ။ ကျန်းမုန့်လောင်၏ ကြောင်သူတော်အပြုအမူမျိုးနှင့် သူ(မ) နေသားကျနေပြီဖြစ်၏။

"စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့တယ်တဲ့လား။ ချင်းချိုးနိုင်ငံကို ဘဏ်အပ်နှံငွေတွေနဲ့ ဖိနှိပ်ပြီး အညံ့ခံခိုင်းခဲ့တုန်းကရော "စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့တယ်"ဆိုတာကို သူ မသိဘူးလား"

"မစ္စတာကျန်း.. အခုဆိုရင် ကိုင်ဘွန်နိုင်ငံက ဒီကိစ္စကို နိုင်ငံတကာမဂ္ဂဇင်းတွေမှာ ထည့်ထားပါပြီ။ သူတို့က လူထုအမြင်နဲ့ ရှင့်ကို ဖိအားပေးဖို့ကြံစည်နေကြပုံပဲ"

"ဪ"

ကျန်းမုန့်လောင်လည်း မျက်ခုံးသာပင့်ပြီး သူ့ဖုန်းကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။

"ကိုင်ဘွန်နိုင်ငံရဲ့ ကျောက်မီးသွေးတင်သွင်းမှုပိတ်ဆို့ခံရခြင်း။ ဟွာရှားရဲ့အချမ်းသာဆုံးသူဌေး ကျန်းမုန့်လောင်ရဲ့လက်ချက်ဟု သိရ"

ထင်ရှားလှသော ဤခေါင်းစီးကား ယနေ့တွင် အဓိကဆိုရှယ်မီဒီယာများအနှံ့ ထိပ်ဆုံးသတင်းတစ်ခု ဖြစ်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ ဒီနေ့သတင်းကတော့ တော်တော်ထူးခြားတာပဲ"

"ပိတ်ဆို့ခံရတယ်ဆိုတာက ဘာသဘောလဲ။ မစ္စတာကျန်းက ကိုင်ဘွန်လို ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံကို စွမ်းအင်တင်သွင်းမှုပိတ်ဆို့နိုင်တဲ့အထိ အစွမ်းထက်တာလား။ ပိတ်ဆို့ခံရတယ်ဆိုတာက ဘာတုန်း"

"ငါ ကောလာဟလတချို့တော့ ကြားထားတယ်။ ဩစတြေးလျစွမ်းအင်ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူတို့ကုမ္ပဏီက ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းလုပ်တာ။ အဲဒီကျောက်မီးသွေးတွေထဲက တစ်စိတ်တစ်ပိုင်းက ကိုင်ဘွန်နိုင်ငံကို တင်ပို့ရမှာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဝယ်သူအသစ်က ကိုင်ဘွန်နိုင်ငံကိုရောင်းချမဲ့ ကျောက်မီးသွေးတွေကို ဈေးပိုပေးပြီး ဝယ်သွားရော။ ပေးတဲ့ဈေးကလည်း တစ်တန်ကို အမေရိကန်ဒေါ်လာ၂၄၀တဲ့နော်။ လျော်ကြေးငွေတောင် ပေးလိုက်သေးတယ်"

"ဘာ? တစ်တန်ကို ဒေါ်လာ၂၄၀ဟုတ်လား။ သောက်ကျိုးနည်း… ကျောက်မီးသွေးက အမြင့်ဆုံးဈေးနှုန်းတောင် တစ်တန်ကို ဒေါ်လာ၁၀၀ကျော်ပဲရှိတာလေ။ လက်ရှိပို့ကုန်သွင်းကုန်အခြေအနေအတိုင်းဆိုရင် တစ်တန်ကို ဒေါ်လာခြောက်ဆယ်ခုနစ်ဆယ်ရရင်တောင် ကောင်းလှပြီ။ ဒါကြီးက နှစ်ဆတောင်ကျော်နေသေးတယ်"

"မင်းတို့တွေ တွက်ကြည့်လိုက်။ ကိုင်ဘွန်နိုင်ငံက မနှစ်တုန်းက ကျောက်မီးသွေးတန်ချိန်သန်းနှစ်ရာနီးပါး တင်သွင်းခဲ့တယ်တဲ့။ ဒီနှစ်လည်း အဲဒီနှုန်းနဲ့ပဲ ဆက်တင်သွင်းမယ်ဆိုရင် တစ်တန်ကို ဒေါ်လာ၂၄၀နှုန်းနဲ့တွက်ရင် စုစုပေါင်း၄၈ဘီလီယံရှိတယ်။ မစ္စတာကျန်းက ဘယ်လောက်တောင်ချမ်းသာတာလဲဟ"

"မဟုတ်ဘူးနော်။ လုံးဝမဟုတ်ဘူး။ အဲဒါက အမြင့်ဆုံးဈေးနှုန်းမဟုတ်သေးဘူး။ တခြားကျောက်မီးသွေးတွင်းမှာရှိတဲ့ ငါ့သူငယ်ချင်းပြောတာတော့ သူတို့ကျောက်မီးသွေးတွင်းကိုလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ဘော့စ်တစ်ယောက်က လာဝယ်သွားတာ တစ်တန်ကို ဒေါ်လာ၃၂၀ရှိတယ်တဲ့"

"အထင်ကြီးချင်စရာပဲ။ ဒီအကွက်နဲ့တင် မစ္စတာကျန်းက အကြီးအကျယ်လှုပ်ခတ်သွားစေခဲ့တာပဲ"

"ဘာတွေဖြစ်နေတာလဲ။ မစ္စတာကျန်းက ရုတ်တရက်ကြီး ကိုင်ဘွန်နိုင်ငံကို ဘာလို့ဒီလိုလုပ်ရတာလဲ"

"မင်းမသိဘူးလား။ မစ္စတာကျန်းက ရှားပါးသတ္တုဒြပ်စင်တစ်မျိုးကို ဖိုတိုရီဆစ်လုပ်ဖို့အတွက် ကိုင်ဘွန်နိုင်ငံကနေ တင်သွင်းချင်တာ။ ဒါပေမဲ့ သိရသလောက်တော့ ကိုင်ဘွန်နိုင်ငံက မရောင်းပေးလို့ လက်တုံ့ပြန်တာတဲ့"

"ဒါကြီးကတော့ ရက်စက်လွန်းပါတယ်။ ကျောက်မီးသွေးမရှိရင် သူတို့ရဲ့ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတွေကလည်း အလကားအရေးမပါတဲ့ အလှဆင်ပစ္စည်းသက်သက်ဖြစ်သွားမှာပေါ့"

"ကြားသမျှအရာတိုင်းကို မယုံကြနဲ့"

ကျန်းမုန့်လောင်က သူ့ဆိုရှယ်မီဒီယာမှတစ်ဆင့် ချက်ချင်းထုတ်ပြောလိုက်သည်။

"ဒီနှစ်တွေအတွင်း လေထုညစ်ညမ်းမှုက တအားပြင်းထန်လာတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြီးမားဆုံး အကြောင်းပြချက်ကတော့ ကျောက်မီးသွေးတွေကို မီးရှို့တာကြောင့်ပဲ။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပေါ့။ အဲဒီကျောက်မီးသွေးတွေကိုဝယ်ပြီး မီးမရှို့ဘဲ တစ်နေရာရာမှာ စုပုံထားခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာမရောက်သွားဘူးလား"

"ကိုင်ဘွန်နိုင်ငံက မိတ်ဆွေတွေရဲ့ဝေစုကို မတော်တဆယူမိသွားတဲ့အတွက်တော့ တောင်းပန်ပါတယ်။ တခြားကျောက်မီးသွေးတွင်းတွေကနေ ခင်ဗျားတို့ သွားဝယ်လို့ရပါတယ်။ ပိုက်ဆံမလောက်ရင် ကျုပ်ဆီက လာချေးလို့လည်းရတယ်"

"ဟားဟားဟား.. ဒီအကြောင်းပြချက်ကြီးကို ငါ ၉၉မှတ်ပေးမယ်ဟေ့။ တစ်မှတ်ချန်ထားတာက မစ္စတာကျန်း မာန်တက်သွားမှာစိုးလို့"

"ဒီအကြောင်းပြချက်ကို ငါတော့ယုံတယ်။ ကိုင်ဘွန်နိုင်ငံက ဒီလူတွေက မစ္စတာကျန်းကို သက်သက်စွပ်စွဲနေကြတာ"

"ဟားဟားဟား..ပုံမှန်ဆိုရင် လူချမ်းသာတွေက ကျောက်မီးသွေးတွင်းတွေပဲပိုင်ကြတာ။ မစ္စတာကျန်းကတော့ ခြေတစ်လှမ်းသာသွားပြီ။ သူက တန်ချိန်သန်းနှစ်ရာလောက်ရှိတဲ့ ကျောက်မီးသွေးတွေနဲ့ တွင်းတစ်တွင်းဆောက်နေတာပဲကွ"

...

ကိုင်ဘွန်ပြည်သူများ၏ အပြင်းအထန်ရှုံ့ချမှုမှာ အင်တာနက်အသုံးပြုသူများအတွက်မူ လုံးဝအဓိပ္ပာယ်မရှိလေဟန်ပင်။ သူတို့သည် ကျန်းမုန့်လောင်ကို အပြစ်မဆိုကြဘဲ ပါးနပ်လှသော လှည့်ကွက်ကြောင့် စိတ်ထဲက ချီးကျူးနေကြပေသည်။

သို့သော် ကိုင်ဘွန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သော နိုင်ငံများ၏ သဘောထားမှာမူ လုံးဝကွဲပြားနေချေသည်။ အစ်ကိုကြီးဖြစ်သူက ဒုက္ခရောက်နေချိန်တွင် သူတို့ကလည်း မကူညီဘဲ ဘယ်နေနိုင်မလဲ။

"ကျန်းမုန့်လောင်ကို ကိုင်ဘွန်နိုင်ငံရဲ့ ကျောက်မီးသွေးအရင်းအမြစ်တွေကို ပြန်ပေးပြီး ကိုင်ဘွန်နိုင်ငံကို တရားဝင်တောင်းပန်ဖို့ တောင်းဆိုချင်ပါတယ်"

...

"ဒါကဘာလဲ။ ဘာနိုင်ငံငယ်လဲ။ ပါလူးတဲ့လား။ ငါ ကြားတောင်မကြားဖူးဘူး"

"ငါ ဒီနိုင်ငံကိုသိတယ်။ ဟိုးအရင်တုန်းက ကိုင်ဘွန်နိုင်ငံနဲ့ သဟဇာတဖြစ်ခဲ့ဖူးတယ်။ သူတို့ရဲ့လက်ရှိခေါင်းဆောင်ကလည်း ကိုင်ဘွန်ရဲ့ရပ်တည်ချက်ကို အခိုင်အမာထောက်ခံသူတစ်ယောက်"

"သူတို့က မစ္စတာကျန်းကို စော်ကားနေကြတယ်ထင်တာပဲ။ မစ္စတာကျန်းက ဒေါ်လာလေးငါးရာဘီလီယံလောက်ကို ငွေသားနဲ့မထုတ်နိုင်ဘူးလို့ ထင်နေကြတာလား။ ငါ့ကိုလာနောက်နေတာလား"

"သိပ်အန္တရာယ်မရှိပေမဲ့ တော်တော်စော်ကားတဲ့စကားပဲ။ သူတို့တွေကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အသရေဖျက်မှုနဲ့ တရားစွဲပစ်ဖို့ မစ္စတာကျန်းကို အကြံပေးချင်ပါတယ်"

"မစ္စတာကျန်းက ပြောထားပြီးသား။ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုနေတာတဲ့။ မင်းတို့လိုသေမျိုးတွေက ဘယ်လိုလုပ်ပြီးတော့များ မစ္စတာကျန်းရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရည်မှန်းချက်ကို နားလည်နိုင်မှာတဲ့လဲ။ ဒီစကားကို ငါ မနည်းစဉ်းစားလိုက်ရတယ်။ မစ္စတာကျန်း ပြီးရင် ကျွန်တော့်လုပ်အားခလေး ရှင်းပေးလို့ရမလား"

...

"လူတိုင်းက ဘာပဲဖြစ်ဖြစ် ခေါင်းထောင်လာပြီး ပြဿနာရှာနိုင်တယ်လို့ထင်နေကြတာပဲ"

"အပြင်းအထန်ရှုံ့ချမှု"ဟု ခေါ်သော စကားများကိုကြည့်ရင်း ကျန်းမုန့်လောင်၏စိတ်ထဲ နည်းနည်းမျှပင် စနိုးစနောင့်မဖြစ်မိဘဲ ရယ်သာ ရယ်ချင်နေတော့သည်။ အမေရိကလိုနိုင်ငံမျိုးကပင် ဝင်မပြောဘဲ ငြိမ်နေသည့်တိုင် ကိုယ့်အတွက်ကိုယ်အနိုင်နိုင်ရှာဖွေစားသောက်နေရသော နိုင်ငံလေးများက ကိုင်ဘွန်နိုင်ငံဘက်က ဝင်ဆန္ဒပြပေးရဲသတဲ့လား။

"မစ္စတာကျန်း"

ဘေးနားရှိ ဟုန်းရီက ပြောလာလေသည်။

"အဲဒီနိုင်ငံသေးသေးလေးက သူတို့ရဲ့လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးကိုပဲ လုံးဝနီးပါးအားကိုးနေရတာပါ။ သူတို့ရဲ့ကျောက်မီးသွေးထောက်ပံ့မှုကိုပါ ဖြတ်တောက်ချင်လား"

ဟုန်းရီ၏ကွန်ပျူတာထက်တွင် ဂဏန်းများပေါ်လာသည်။

"မစ္စတာကျန်း.. ဒီနိုင်ငံလေးရဲ့ နှစ်စဉ်ကျောက်မီးသွေးတင်သွင်းမှုစုစုပေါင်းက တန်ချိန်၅၀၀၀တောင် မရှိပါဘူး။ အများစုကတော့ ဩစတြေးလျနဲ့ ယင်းဟွေ့ကနေ တင်သွင်းနေတာ။ ပူးပေါင်းလက်စရှိထားတဲ့အတွက် သူတို့ရဲ့တင်သွင်းမှုဝေစုကို ဝယ်ပစ်ဖို့ဆိုတာ လွယ်လွယ်လေးပါပဲ"

"မလိုဘူး"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်ချေသည်။

"ဒီနိုင်ငံတွေက တအားသနားဖို့ကောင်းတယ်။ သူတို့ရဲ့လျှပ်စစ်ဓာတ်အားတွေကို ဖြတ်တောက်ပစ်ဖို့အထိ ငါ မရက်စက်နိုင်ဘူး"

"သူတို့က နိုင်ငံတကာမှာလည်း ဘာအာဏာမှမရှိပေမဲ့ အသံနည်းနည်းတော့ ထွက်အောင်လုပ်နိုင်တုန်းပဲ"

"ကိုင်း"

ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်လေသည်။

"ကိုင်ဘွန်နိုင်ငံက ဖြတ်လုထားတဲ့ ဒီကျောက်မီးသွေးအရင်းအမြစ်ကို သူတို့ဆီ လက်ဆောင်ပေးလိုက်ရအောင်"

"ဟင်"

ဟုန်းရီခမျာ ကြက်သေသေသွားချေ၏။

သူတို့က ကိုင်ဘွန်နိုင်ငံဘက်က ဝင်ပြောနေပေမဲ့ ရှင်ကတော့ သူတို့ကို ကျောက်မီးသွေးတွေ လက်ဆောင်ပေးမယ်ပေါ့လေ။ ဒါက ဘယ်လိုပြောင်းပြန်ဗျူဟာမျိုးလဲ။

"ရပါတယ်။ မင်းက ငါ့အစား သတင်းသာလွှင့်ပေး။ ငါက သူတို့အတွက် ကျောက်မီးသွေးဆယ်နှစ်စာ ထောက်ပံ့ပေးမယ်လို့။ သူတို့ ဘာလုပ်ရမလဲဆိုတာ သိမှာပါ"

...

"ဘာ? ငါ့တို့ကို ကျောက်မီးသွေးဆယ်နှစ်စာ ပေးမယ်တဲ့လား။ ငါတို့က တစ်နှစ်ကို ကျောက်မီးသွေးတန်ချိန်၈၀၀ တင်သွင်းတာလေ။ ဆယ်နှစ်စာဆိုရင် ဒေါ်လာဘီလီယံပေါင်းများစွာ ပေးရမှာပေါ့။ အဲဒီလိုဆိုရင် ငါတို့နိုင်ငံလည်း ပိုက်ဆံတော်တော်များများ ချွေတာနိုင်မှာပဲ"

"တကယ်လား။ သေချာရဲ့လား။ နားလည်ပြီ။ နားလည်ပြီ။ ကျုပ်တို့ ဘာလုပ်ရမယ်ဆိုတာ သိပါပြီ"

"ဟမ့်.. ကိုင်ဘွန်နိုင်ငံက အရင်တုန်းက ငါတို့နိုင်ငံကို ကျူးကျော်ခဲ့ဖူးတယ်လေ။ သူတို့ကြောင့် ငါတို့တွေ ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေ ခံစားခဲ့ရတာ။ ငါတို့ဘက်ကလည်း သူတို့ကိုဆန့်ကျင်ဖို့အတွက် အကြာကြီးကြိုးစားခဲ့ရတာ"

ဟုန်းရီ၏ကြိုးကိုင်မှုအောက်တွင် ဖုန်းခေါ်ဆိုမှု လက်ခံရရှိလိုက်သော ထိုနိုင်ငံငယ်လေးများက ပိုက်ဆံကောက်ရသလို အပျော်လုံးစို့သွားချေသည်။

သူတို့သည် ကိုင်ဘွန်နိုင်ငံကို အမြဲအားကျခဲ့ရသော်လည်း ကိုင်ဘွန်နိုင်ငံမှ စီးပွားရေးအရဖြစ်စေ စစ်ရေးအရဖြစ်စေ ဘာအကူအညီမှ မရခဲ့ပေ။

ယခုမူ သူတို့ရှေ့သို့ အကျိုးခံစားခွင့်ကြီးတစ်ခုက ရောက်ချလာလေပြီ။ ထိုဒေါ်လာဘီလီယံဂဏန်းကား နိုင်ငံကြီးများအတွက် အရေးမပါလှသော်ငြား သူတို့လို နိုင်ငံငယ်လေးများအတွက်မူ တစ်နှစ်စာ GDPနှင့် ညီမျှလေသည်။

ထိုကဲ့သို့သော ဖြားယောင်းမှုမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင် မည်သူကများ သိက္ခာထိန်းနေမည်နည်း။ သူတို့လည်း သူတို့၏ရပ်တည်ချက်ကို ခပ်မြန်မြန်ပြောင်းလဲလိုက်လေတော့သည်။

"ကျုပ်တို့ရဲ့နိုင်ငံက လေထုကိုညစ်ညမ်းစေတဲ့ ကိုင်ဘွန်နိုင်ငံရဲ့လုပ်ရပ်ကို ရှုံ့ချပါတယ်"

"ကိုင်ဘွန်နိုင်ငံက နှစ်စဉ်နှစ်တိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို ပမာဏအများကြီးထုတ်လွှတ်နေကြတာပါ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တဲ့ မစ္စတာကျန်းရဲ့လုပ်ရပ်က လူသားမျိုးနွယ်အားလုံးနဲ့သက်ဆိုင်တဲ့ ကယ်ဆယ်ရေးမစ်ရှင်တစ်ခုပါပဲ"

"ဘာ‌တွေဖြစ်နေတာလဲ"

ကိုင်ဘွန်နိုင်ငံဘက်က ရပ်တည်ခဲ့ကြသော ထိုနိုင်ငံငယ်လေးများ ဘက်ပြောင်းသွားကြသည်ကို မြင်လိုက်ရသောအခါ ပြည်တွင်းပြည်ပမှ အင်တာနက်အသုံးပြုသူများလည်း အလွန်အမင်းအံ့ဩသွားရချေသည်။

နောက်ဆုံးထွက်သတင်းများကို ကြည့်ရင်း ကျန်းမုန့်လောင် အားရကျေနပ်စွာ ပြုံးလိုက်မိသည်။

"တကယ့်ကိုပဲ.. "စစ်မှန်တဲ့အမွှေးရနံ့"က ဘယ်တော့မှပျောက်ကွယ်မသွားဘူး"

**********

All Chapters