ကျန်းမုန့်လောင်ဆိုတဲ့ ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရယ်လို့ ဘာရှိရမှာလဲ
Vol. 21 Ch. 305
"မုန့်လောင် သတင်းကောင်းဟေ့"
နောက်တစ်နေ့တွင် ဝမ်းသာစရာဖုန်းခေါ်ဆိုမှုတစ်ခုကို ကျန်းမုန့်လောင် လက်ခံရရှိလိုက်သည်။
"ပါမောက္ခချန်းဟွေ့.. တော်တော်စိတ်လှုပ်ရှားနေပုံပဲ။ သဘောက ကျွန်တော်တို့ရဲ့ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းနည်းပညာက အဓိကအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီဆိုတဲ့အဓိပ္ပာယ်လား"
"ဟားဟားဟား ဟုတ်တာပေါ့"
ပါမောက္ခချန်းဟွေ့က ပြောလာလေ၏။
"နည်းပညာပိုင်းဆိုင်ရာဆန်းစစ်မှုနဲ့ သုတေသနတွေကို သုံးလလောက်လုပ်ပြီးတဲ့နောက်မှာ မင်းရဲ့ပုံကြမ်းတွေကို သေချာနားလည်လိုက်ပြီ။ အဲဒါကြောင့်ပဲ ပထမဆုံးပုံစံငယ်ကိုတောင် ထုတ်လုပ်ပြီးသွားပြီ။ ငါတို့တွေ အခု ဖိုတိုလီသိုဂရက်ဖီစက်ကိရိယာတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ"
"ကောင်းတယ်"
ကျန်းမုန့်လောင် ဝမ်းသာသွားလေသည်။ သူထင်ထားခဲ့သည်မှာ အစောဆုံးဆိုလျှင်ပင် Silicon Moonlightအနေနှင့် ယခုနှစ် မေလ သို့မဟုတ် ဇွန်လမှသာ ထုတ်လုပ်ရေးစတင်နိုင်လိမ့်မည်ဟုပင်။ သို့သော် ယခုမူ မတ်လသာရှိသေးသော်လည်း အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။
"ဒါပေမဲ့ ငါတို့မှာ တိကျတဲ့ကိရိယာထုတ်လုပ်ရေးအဖွဲ့တစ်ခု လိုအပ်နေသေးတယ်။ ငါတို့ရဲ့လက်ရှိနည်းပညာနဲ့ဆိုရင် လိုအပ်နေတဲ့အဆင့်ကို မမီသေးဘူး။ အဲဒါကြောင့် နိုင်ငံခြားကုမ္ပဏီတွေဆီက အကူအညီတောင်းဖို့လိုလိမ့်မယ်နော်"
"ပါမောက္ခချန်း… အဲဒီလိုလုပ်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတစ်ခုခုကိုများသိလား"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။ သူ့တွင်လည်း အနုစိတ်ကိရိယာများ ရှိသော်ငြား အချိန်တိုအတွင်း ပုံကြမ်းမှ အချောသတ်ပစ္စည်းတစ်ခုဖြစ်အောင် ဖန်တီးရန်မှာ စွမ်းအင်နှင့် အချိန်အမြောက်အများ လိုအပ်ပေသည်။
"လက်ရှိမှာတော့ ဥရောပက Omosနဲ့ Baoတို့မှာ ငါတို့လိုချင်တဲ့ အနုစိတ်လုပ်ကိုင်နိုင်စွမ်းမျိုး ရှိတယ်"
ပါမောက္ခချန်းဟွေ့က ဆိုလာလေသည်။
"ဟုန်းရီ.. ဒီကိုခဏလာခဲ့ပါ့လား"
ကျန်းမုန့်လောင်လည်း လှမ်းခေါ်လိုက်လေသည်။
"မစ္စတာကျန်း.. ဘာလိုချင်လို့လဲ"
"Omosနဲ့Boaကုမ္ပဏီရဲ့ အနုစိတ်ကိရိယာစက်ရုံကို ဝယ်လိုက်"
ကျန်းမုန့်လောင်၏လေသံကား တစ်စုံတစ်ယောက်ကို သူ့အတွက် ပေါက်စီနှစ်လုံးဝယ်ခိုင်းနေသည့်အလားပင်။
"အချိန် ဘယ်လောက်ကြာမလဲ"
ဟုန်းရီကလည်း ထိုကုမ္ပဏီနှစ်ခု၏ အချက်အလက်များကို ချက်ချင်းထုတ်ပြလာသည်။
"မစ္စတာကျန်း Omosက အစိုးရပိုင်လုပ်ငန်းပါ။ ဝယ်ဖို့တော့ နည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမဲ့ Baoကတော့ ပုဂ္ဂလိကနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး စုစုပေါင်းဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ၁၀ဘီလီယံအောက်ပဲ ရှိပါတယ်။ မနက်ဖြန် ရှယ်ယာဈေးကွက်မပိတ်ခင် ရှယ်ယာတော်တော်များများကို ဝယ်နိုင်ပါတယ်"
ပါမောက္ခချန်းဟွေ့က ဖုန်းထဲကတစ်ဆင့် နားထောင်ရင်း သက်ပြင်းချလိုက်လေသည်။ အစကမူ သူသည် ထုတ်လုပ်ရေးအဖွဲ့တစ်ခုကို ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်းမျှဖြင့် ထုတ်လုပ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည်ဟု တွေးထားခဲ့သည်။
သို့သော် ကျန်းမုန့်လောင်ကတော့ မေးတောင်မမေးတော့ဘဲ ကုမ္ပဏီတစ်ခုလုံးကို တန်းဝယ်ပစ်လိုက်သည်။
သူက အဲဒါကို ဘယ်လိုတုံ့ပြန်ပေးရမှာလဲ… မဟုတ်ရင်လည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ ချစ်ပ်ပြားကုမ္ပဏီတွေကို ဝယ်ပစ်လိုက်ပြီး မင်းအပိုင်ဖြစ်အောင်လုပ်လိုက်။ ဒီလိုဆိုရင် ဘာကိုယ်ပိုင်သုတေသနတွေ တိုးတက်ရေးတွေမှ မလိုတော့ဘူးလေ…
"မုန့်လောင်…အကုန်ဆွေးနွေးပြီးသွားပြီဆိုတော့ ကုန်ကြမ်းပစ္စည်းပြဿနာပဲကျန်တော့တယ်"
ပါမောက္ခချန်းဟွေ့ ဆိုလာ၏။
"ဧပြီလကုန်လောက်ဆိုရင် ငါတို့ တရားထုတ်လုပ်ရေးစလို့ရပြီ။ ဒါပေမဲ့ သတ္တုဒြပ်စင်ကို ဝယ်လို့မရဘူးဆိုရင် လုပ်ငန်းစတင်ဖို့လည်း နောက်ကျသွားနိုင်တယ်"
"အဲဒီအတွက် စိတ်မပူပါနဲ့"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"အများဆုံးတစ်ပတ်အတွင်း ကျွန်တော်တို့ဆီ ရောက်လာပါလိမ့်မယ်။ သူတို့ဘက်က နျူကလီးယားစက်ရုံတွေနဲ့ စွမ်းအင်သစ်စက်ရုံတွေက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို နှစ်ဆမတိုးနိုင်ခဲ့ရင်ပေါ့"
"ကျောက်မီးသွေးဝယ်ယူမှုက သူတို့ကိုဖိအားပေးဖို့လား"
"နားကိုက်ရင် ပါးပြန်ရိုက်ရမှာပဲ"
ကျန်းမုန့်လောင်က ဆိုလိုက်၏။
"ကျွန်တော်တို့သာ သူတို့ကို ပြန်မတိုက်ခိုက်ရင် ကျွန်တော်တို့ကို လာထိပါးလို့မရဘူးဆိုတာကို သူတို့က ဘယ်သိမလဲ။ အမှန်အတိုင်းပြောရရင် သူတို့ရဲ့သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကိုလည်း ကျွန်တော်ပဲ ဖြတ်တောက်ထားတာ။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အဲဒီဓာတ်ငွေ့တွင်းတွေက ကျွန်တော့်အပိုင်လေ"
"ဟားဟားဟား"
ပါမောက္ခချန်းဟွေ့က ဖုန်းတစ်ဖက်မှနေ၍ အော်ရယ်လေတော့သည်။
"ဒါဆို ကောင်းပြီလေ။ ငါတို့ မင်းဆီက သတင်းကို စောင့်နေမယ်"
...
"ဖုန်းတွေက ဘာလို့ခဏခဏဝင်နေတာလဲ။ အဲဒီဂေးကောင်ဝမ်လင်တော့ မဟုတ်ပါဘူးနော်"
ကျန်းမုန့်လောင်ခမျာ ယခုလေးတင် ဖုန်းချရုံရှိသေး၊ သူ့ဖုန်းက ထပ်မြည်လာပြန်လေသည်။ သူ့ဖုန်းနံပါတ်ကိုလည်း သူနှင့်အရင်ဆုံးမိတ်ဆွေများဖြစ်သည့် လူနည်းစုသာ သိထားပေသည်။
"မစ္စတာကျန်း မင်္ဂလာပါ"
ပညာရှင်ဆန်သော အသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသော်ငြား ထိုအသံကို သူ မရင်းနှီးပေ။
"ကျွန်တော်က ကျန်းမုန့်လောင်ပါ။ ဘယ်သူများလဲမသိဘူး"
"နှောင့်ယှက်မိလို့တောင်းပန်ပါတယ်ဗျ။ ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပါရစေ။ ကျွန်တော်က ကျိုးကျန့်ခန်ပါ။ နိုင်ငံတကာကုန်သွယ်ရေးဌာနရဲ့ ဥက္ကဋ္ဌပါ"
"မင်္ဂလာပါ ဥက္ကဋ္ဌကျိုး"
ကျန်းမုန့်လောင်ကလည်း ယဉ်ယဉ်ကျေးကျေးခွန်းတုံ့ပြန်လိုက်၏။
"လိုအပ်တာတစ်ခုခုများရှိလို့လား ဥက္ကဋ္ဌကျိုး"
"မစ္စတာကျန်း ပြဿနာလေးနည်းနည်းရှိလို့ပါ"
ဥက္ကဋ္ဌကျိုးက ဆိုလာလေသည်။
"ဒီနေ့ ရှို့ဂန်ကော်ပိုရေးရှင်းက ကိုယ်စားလှယ်တွေက ကျွန်တော့်ကို တိုင်ကြားလာတယ်ဗျ ခင်ဗျားက ကျောက်မီးသွေးတင်ပို့မှုတွေကို လက်ဝါးကြီးအုပ်ထားပါတယ်တဲ့။ ဒီတော့ ကျွန်တော်လည်း…"
"ကောင်းတယ်။ လူထုဖိအားနဲ့ ကျွန်တော့်ကိုပြဿနာမရှာနိုင်တော့ ဒီလိုအကွက်မျိုး ရွှေ့လာပြီပေါ့"
ကျန်းမုန့်လောင်ကတော့ မအံ့ဩချေ။ တစ်ဖက်လူက သူ့ကိုဖိအားပေးရန်အတွက် ယခုလိုနည်းလမ်းများကို သုံးလာလိမ့်မည်ဟု သူ ခန့်မှန်းထားပြီးသားပင်။
"ငါ့ကို ဒီလိုနည်းလမ်းမျိုးနဲ့ လာဖိအားပေးမယ်ပေါ့"
ကျန်းမုန့်လောင် သရော်လိုက်ချေသည်။ သို့သော် သူ့ကုန်ပစ္စည်းဝယ်ယူမှုကား မည်သည့်နိုင်ငံတော်ဥပဒေ သို့မဟုတ် နိုင်ငံတကာဥပဒေကိုမှ မချိုးဖောက်ထားပေ။
"အာ.. ကျွန်တော်က ဘယ်တုန်းကများ သူတို့ရဲ့ကျောက်မီးသွေးတင်သွင်းမှုကို လက်ဝါးကြီးအုပ်မိလို့လဲ"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန်ဖြင့် ပြောလိုက်၏။
"ကျွန်တော် တကယ်မသိတာပါ"
"မစ္စတာကျန်း..ရှို့ဂန်ကော်ပိုရေးရှင်းရဲ့ကိုယ်စားလှယ်တွေက ခင်ဗျားက ကမ္ဘာ့ပင်မကျောက်မီးသွေးတွင်းတွေကနေ သူတို့ဆီကိုတင်ပို့မဲ့ ကျောက်မီးသွေးတွေအားလုံးကို ဝယ်ယူခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အဲဒါက သူတို့ကုမ္ပဏီရဲ့တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်စေပါတယ်တဲ့"
"ဒီတော့ ဒီလိုကိုး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ကျွန်တော် အဲဒီကျောက်မီးသွေးတွေကို ဝယ်ခဲ့တာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာမှန်း မသိခဲ့ပါဘူး။ ခင်ဗျားလည်း အွန်လိုင်းပေါ်မှာ မြင်ပြီးရောပေါ့။ ဒီကျောက်မီးသွေးတွေကို ဝယ်ခဲ့ရတဲ့အကြောင်းပြချက်က ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့အတွက်ပါ။ ကျွန်တော် ဘယ်သူ့ဘယ်သူကိုမှ ပစ်မှတ်ထားခဲ့တာမရှိပါဘူး"
"ပြီးတော့ အဲဒီလောက်အများကြီးလည်း ဝယ်ခဲ့တာမှမဟုတ်တာ။ တန်ချိန်သန်း၂၀၀ပါပဲ။ တန်ချိန်သန်း၂၀၀ဆိုတာက လက်ဝါးကြီးအုပ်တယ်လို့မှ သတ်မှတ်လို့မရတာ။ ဟုတ်တယ်မလား"
ကျန်းမုန့်လောင်က ရိုးသားလှသောလေသံလေးဖြင့် ပြောလိုက်သည်။
"တကယ်လို့ ဒီလိုသာဆိုရင် သူတို့က တော်တော်ဆင်းရဲတာပဲ။ ကျွန်တော် လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ဒီအကြောင်းကို သိလိုက်ရတုန်းက ဝယ်လိုက်တဲ့ကျောက်မီးသွေးတွေက သူတို့ဝေစုထဲက ပမာဏနည်းနည်းလောက်လေးပဲလို့ ထင်နေတာ"
"အာ"
ဥက္ကဋ္ဌကျိုးခမျာ ကြက်သေသေသွားရသည်။
"အရမ်းဆင်းရဲတယ်?"
အဖွဲ့အစည်းထဲရှိ ချမ်းသာကြွယ်ဝမှုကို GDPနှင့် ဆုံးဖြတ်မည်ဆိုပါက ကိုင်ဘွန်နိုင်ငံက ဟွာရှားထက်ပင် အဆပေါင်းများစွာ ပိုချမ်းသာသေးသည်။
"တန်ချိန်သန်း၂၀၀တည်းတဲ့လား။ ကျွန်တော်တို့ဟွာရှားက တစ်နှစ်ကို တန်ချိန်၃၀ဘီလီယံလောက်လိုတာမဟုတ်ဘူးလား"
"မစ္စတာကျန်း.. ဟွာရှားရဲ့ကိုယ်ပိုင်ကျောက်မီးသွေးတွင်းတွေက ထွက်တဲ့ ကျောက်မီးသွေးနဲ့တင် ကျွန်တော်တို့သုံးစွဲဖို့ လုံလောက်ပါတယ်။ အပိုတွေကိုတောင် တင်ပို့နိုင်သေးတယ်။ ဒါပေမဲ့ သူတို့ဘက်မှာ ကျောက်မီးသွေးအရင်းအမြစ်က မရှိသလောက်ပဲလေ။ သူတို့ရဲ့ကျောက်မီးသွေး၉၉ရာခိုင်နှုန်းလောက်က သွင်းကုန်တွေအပေါ် မှီခိုနေရတာ။ ခင်ဗျားက အဲဒါကို တစ်ချီတည်းနဲ့ တန်ချိန်သန်း၂၀၀ဝယ်သွားတော့ သူတို့ဝေစုတစ်ခုလုံးကို ဝယ်သွားသလိုဖြစ်မနေဘူးလား"
"စိတ်မကောင်းစရာပဲ"
ကျန်းမုန့်လောင်က သနားနေသောလေသံဖြင့် ပြောလိုက်ချေသည်။
"တကယ့်ကို သနားဖို့ကောင်းတဲ့နိုင်ငံပဲ။ ကျွန်တော်ကတော့ တန်ချိန်သန်း၂၀၀ဆိုတာ သိပ်မရှိလောက်ပါဘူးလို့ထင်နေတာ။ သူတို့ကို မတော်တဆဒေဝါလီခံလိုက်ရအောင် လုပ်မိသွားတာပဲ။ ကျွန်တော့်အမှားပါ။ ကျွန်တော့်အမှားပါ"
"ဒါပေမဲ့ ကျွန်တော့်ကိုပဲ အပြစ်ပုံချလို့မရဘူးလေ။ ကျွန်တော်က အဲဒီကျောက်မီးသွေးတွင်းတွေဆီက သွားဝယ်ခဲ့တာ။ ဒါပေမဲ့ သူတို့က နောက်နှစ်အတွက် ကျောက်မီးသွေးခွဲတမ်းတွေ အကုန်ရောင်းကုန်သွားပြီတဲ့။ ကျွန်တော်ကလည်း သူတို့ကို လျော်ကြေးငွေအပါအဝင် ဈေးပိုပေးမယ်လို့ ကမ်းလှမ်းလိုက်ရုံပဲ။ သူတို့ရဲ့ကျောက်မီးသွေးခွဲတမ်းကို လုပ်ငန်းရှင်တွေဘက်က ဖြတ်တောက်ပစ်လိုက်မှန်း ကျွန်တော်မသိခဲ့ဘူးလေ"
ကျန်းမုန့်လောင်၏အသံကား အံ့ဩနေလေဟန်ပင်။
"သူတို့တွေက စီးပွားရေးလုပ်တဲ့နေရာမှာ အရမ်းမတရားလွန်းလို့ ကျောက်မီးသွေးတွင်းပိုင်ရှင်တွေက မကျေမနပ်ဖြစ်နေကြတာများလား။ အဲဒါကြောင့် အခုလို တစ်ညီတစ်ညာတည်း စုပေါင်းပြီးဆန္ဒပြကြတာမျိုးလား။ ကျွန်တော့်ရဲ့တစ်ခုတည်းသောဆန္ဒက ကမ္ဘာ့ငြိမ်းချမ်းရေးပဲဗျ။ ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး မကောင်းတဲ့ရည်ရွယ်ချက် ရှိရမှာလဲ။ ဒါ သက်သက်အထင်လွဲတာပါ"
ဥက္ကဋ္ဌကျိုးခမျာ ရယ်ရမလို၊ ငိုရမလို ဖြစ်နေချေသည်။ သူ့တစ်သက် ရှင်သန်လာသည့် အတွေ့အကြုံအရ ကျန်းမုန့်လောင်သည် ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း သူ အတပ်သိ၏။ ထေ့ငေါ့လေဟန် ရှင်းပြချက်တို့ကလည်း သူ့ဘက်က ကိုင်ဘွန်နိုင်ငံကို မတော်တဆယိုင်နဲ့သွားအောင် လုပ်မိလိုက်သည့်အလား ကိုင်ဘွန်နိုင်ငံ၏ မြေယာအရင်းအမြစ်နည်းပါးမှုကို လှောင်ပြောင်နေပေသည်။
ကိုင်ဘွန်နိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုသော်ငြား ကျန်းမုန့်လောင်၏ ပါးစပ်ထဲမှာတော့ အားနည်းပြီး ဆင်းရဲလှသော နိုင်ငံတစ်နိုင်ငံဖြစ်သွားရသည်။
အမှန်အတိုင်းပြောရလျှင် ဥက္ကဋ္ဌကျိုးကိုယ်တိုင်လည်း ကျန်မုန့်လောင်၏လုပ်ရပ်ကို တိတ်တိတ်လေးအားပေးမိသော်ငြား ဤကိစ္စက သူ့လက်ထဲသို့ ရောက်လာခဲ့သည့်အတွက် သူ့အနေနှင့် လျစ်လျူရှုထား၍ မရချေ။
"မစ္စတာကျန်း… ရှို့ဂန်ကော်ပိုရေးရှင်းရဲ့ကိုယ်စားလှယ်ကလည်း အခု ကျွန်တော့်ရုံးခန်းထဲမှာ ရှိနေပါတယ်။ ဒါက နားလည်မှုလွဲတာဆိုတော့ ခင်ဗျား ဒီကိုလာပေးလို့အဆင်ပြေမလားမသိဘူး"
***********