← Chapters

နစ်နာကြေးပေးချေလိုက်

Vol. 21 Ch. 306

နစ်နာကြေးပေးချေလိုက်

Vol. 21 Ch. 306

"ကောင်းပြီလေ။ နားလည်မှုလွဲတာဆိုတော့ မျက်နှာချင်းဆိုင် စကားပြောကြရအောင်။ ရန်ငြိုးပြေလည်အောင်လုပ်တာက ရန်ကိုရန်ချင်းတုံ့ပြန်တာထက် ပိုကောင်းတယ်မဟုတ်လား"

ကျန်းမုန့်လောင်က တက်တက်ကြွကြွပြန်ပြောလိုက်သည်။

"ဟားဟားဟား..မစ္စတာကျန်းက ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ လိုလားတယ်ဆိုတော့ အကောင်းဆုံးပါပဲ"

ဥက္ကဋ္ဌကျိုးလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ သို့သော် သူသည် ကိုင်ဘွန်ကော်ပိုရေးရှင်းက Silicon Moonlightထံသို့ သတ္တုဒြပ်စင်များ မရောင်းချရသည့်အကြောင်းကို မသိသေးသောကြောင့် ဤအရာအားလုံးမှာ မတော်တဆတိုက်ဆိုင်မှုတစ်ခုဟုသာ ထင်နေခဲ့သည်။ သို့မဟုတ်ပါက ကျန်းမုန့်လောင်က အဘယ်ကြောင့်များ ဤမျှလွယ်လင့်တကူ သဘောတူမည်နည်း။

အစည်းအဝေးကို နေ့လည်နှစ်နာရီတွင် ပြုလုပ်ရန် စီစဉ်ထားသဖြင့် ဥက္ကဋ္ဌကျိုးက သူ့ကို တံခါးဝတွင် စောင့်မျှော်နေချေသည်။

"မစ္စတာကျန်း ကြိုဆိုပါတယ်။ ကျွန်တော်တို့လုပ်ငန်းကို ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

"ဒါပေါ့ ဒါပေါ့"

ကျန်းမုန့်လောင်ကလည်း ခေါင်းတညိတ်ညိတ်။

"မြန်မြန်သွားရအောင်။ တခြားလူတွေ မစောင့်ရအောင်လို့လေ။ အဲ့ဒါမှ ကျွန်တော်တို့က စည်းမျဉ်းတွေကို နားမလည်ဘူးလို့ မပြောကြမှာ"

"မစ္စတာကျန်း ကျေးဇူးပြုပြီး"

သူတို့ လမ်းလျှောက်လာသည့်လမ်းတွင် ဥက္ကဋ္ဌကျိုးက ကျန်းမုန့်လောင်အား သံတမန်တစ်ယောက်အကြောင်း ပြောပြခဲ့သည်။

ဤကိုယ်စားလှယ်၏ နာမည်မှာ ကျင့်ထျန်းကျင်းလောင်ပင်။ အသက်၄၂နှစ်ရှိပြီး မွေးရာပါစီးပွားရေးသမားတစ်ယောက်ဖြစ်ကာ အလွန်စွမ်းဆောင်ရည်ကောင်းသူလည်း ဖြစ်၏။

ကျင့်ထျန်းကျင်းလောင်က အစည်းအဝေးခန်းမထဲတွင် ထိုင်နေပြီး သူ့လက်ထောက်နှစ်ယောက်နှင့် နည်းဗျူဟာများအကြောင်း ဆွေးနွေးနေပေသည်။

ကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံအား ဤသို့သောအကြံအစည်မျိုး ပြုလုပ်ရခြင်း၏ အကြောင်းအရင်းကို သူတို့ ကောင်းစွာသိထားသည်။ သူသည် ကိုင်ဘွန်နိုင်ငံအား Silicon Moonlightထံသို့ သတ္တုဒြပ်စင်အသစ်များ ပြန်လည်ရောင်းချပေးရန်အလို့ငှာ ဖိအားပေးဖို့ ဤနည်းလမ်းကို အသုံးပြုလိုခဲ့ခြင်းဖြစ်၏။

ရွေ့လျားကမ္ဘာ့ကျောက်လွှာပေါ်တွင် တည်ရှိပြီး ဘူမိဗေဒဆိုင်ရာ လှုပ်ရှားမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော ကိုင်ဘွန်နိုင်ငံ၏ ပိုင်နက်နယ်မြေမှာ သမားရိုးကျသတ္တုအရင်းအမြစ်များ ချို့တဲ့သော်လည်း ရှားပါးသတ္တုအရင်းအမြစ်များစွာကိုမူ ပိုင်ဆိုင်ထားပြီး သတ္တုဒြပ်စင်အသစ်မှာ နိုင်ငံတော်ရတနာတစ်ပါးဟုပင် သတ်မှတ်နိုင်သည်။

နိုင်ငံတော်ရတနာဟု ခေါ်ဆိုရခြင်းမှာ ထိုအရာသည် ကိုင်ဘွန်နိုင်ငံအတွက် ထူးခြားလှသောကြောင့် ဖြစ်သော်လည်း ရှားပါးသည်ဟုတော့ မဆိုလိုပေ။ သတ္တုဒြပ်စင်အသစ်များ၏ သိုလှောင်မှုပမာဏမှာ အလွန်များပြားလှသည်ဟုပင် ဖော်ပြနိုင်ပေသည်။ အာဆူတောင်၏ မီးတောင်ရှင်များအနီး၌ တန်ချိန်သန်း၂၀ကျော် ရှိ၏။

သတ္တုဒြပ်စင်အသစ်၌ ကမ္ဘာ့အပေါ်ယံလွှာတွင် တွေ့ရခဲသော ရှားပါးသတ္တုဒြပ်စင်များစွာ ပါဝင်၏။ လက်ရှိတွင် လူသားနည်းပညာ၌ ၎င်းတို့ကို နယ်ပယ်အမြောက်အများတွင် အသုံးမပြုသေးသောကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကသာ အကြီးမားဆုံးသော အသုံးပြုသူဖြစ်နေပေသည်။

သို့သော် လက်ရှိဖိုတိုရီဆစ်နည်းပညာက ဤသတ္တုဒြပ်စင်များကို အသုံးမပြုသော်ငြား ကိုင်ဘွန်နိိုင်ငံမှ သိပ္ပံပညာရှင်များကမူ သုတေသနပြုလုပ်မှုမှတစ်ဆင့် မြေသတ္တုဒြပ်စင်ဖြင့် အစားထိုးအသုံးပြုပါက ဖိုတိုရီဆစ်၏ လုပ်ဆောင်နိုင်စွမ်းကို အနည်းဆုံး နှစ်ဆတိုးမြှင့်ပေးနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်မှာ အလွန်တည်ငြိမ်လှသော ဖော်မြူလာတစ်ခုကို မဖန်တီးနိုင်သေးရုံမျှသာ။

Silicon Moonlightက မြေသတ္တုဒြပ်စင်အသစ်များကို တင်သွင်းလိုကြောင်း သူတို့ သိလိုက်ရသောအခါ ချက်ချင်းဆိုသလို ရတက်မအေးဖြစ်သွားရချေသည်။

Silicon Moonlightဘက်က ဥရောပနှင့် အမေရိကန်ရှယ်ယာရှင်များကို မည်သို့ဆက်ဆံခဲ့သလဲဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ဤအချက်တစ်ခုတည်းကပင် သူတို့ဘက်က ကိုယ်ပိုင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စတင်ခြေလှမ်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြသနေပေသည်။

သူတို့တွင် လုပ်ဆောင်နိုင်စွမ်းရှိမရှိ မသိရသေးသော်ငြား မြေသတ္တုဒြပ်စင်အသစ်များ တင်သွင်းလာချိန်တွင် ကိုင်ဘွန်လူမျိုးများလည်း သဲလွန်စတချို့ကို ရိပ်စားမိလိုက်ပြီး ဟွာရှားလူမျိုးများက ဖော်မြူလာအသစ်တစ်ခုကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ရဲရဲဝံ့ဝံ့မှန်းဆလိုက်နိုင်သည်။

သူတို့၏ခန့်မှန်းချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ Silicon Moonlightထံသို့ မြေသတ္တုဒြပ်စင်များ တင်ပို့ရောင်းချခြင်းကို ငြင်းဆန်လိုက်၏။

ရှားပါးလှသော မြေရိုင်းသတ္တုများက အရေးကြီးသည်ဆိုသော်ငြား ကျောက်မီးသွေးအရင်းအမြစ်များကလည်း ညီတူညီမျှ အရေးကြီးပေသည်။ ဤနည်းဖြင့် ညှိနှိုင်းဆွေးနွေးခြင်းမှာ သူတို့၏ နောက်ဆုံးအားကိုးရာတစ်ခုပင် ဖြစ်ချေသည်။

မတိုင်ခင်က သူတို့သည် ကမ္ဘာတစ်ဝှမ်းရှိ ကျောက်မီးသွေးရောင်းချသူများအားလုံးကို မေးမြန်းကြည့်ခဲ့သော်လည်း သူတို့၏ ကျောက်မီးသွေးများမှာ ဝယ်ယူထားသူများ ပြည့်နေခြင်းမျိုး သို့မဟုတ် ကျန်းမုန့်လောင်က ဝယ်ယူထားပြီးဖြစ်နေခြင်းမျိုး သို့မဟုတ် သူတို့နှင့် ဆက်ဆံရေးမကောင်းသော နိုင်ငံတချို့၏ ပိုင်ဆိုင်မှုများ ဖြစ်နေခြင်းမျိုးတို့ကြောင့် သူတို့ဘက်ကလည်း ရေနစ်သူဝါးကူထိုးမည့်လုပ်ရပ်မျိုးကို မလုပ်ဘဲ မနေနိုင်ခဲ့ပေ။

သူတို့ဘက်က တစ်တန်လျှင် လက်ရှိပေါက်ဈေးထက် ပိုမြင့်သော အမေရိကန်ဒေါ်လာ၈၀အထိ ဈေးတင်ပေးခဲ့သော်လည်း ရောင်းချသူများကမူ သူတို့အား လှောင်ပြောင်သရော်ကာ သူတို့၏တောင်းဆိုချက်များကို ငြင်းပယ်ခဲ့ကြသည်။

နျူကလီးယားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၏ ထုတ်လုပ်မှုအချိုးကို မြှင့်တင်ခြင်းကလည်း နောက်ဆယ်စုနှစ်တစ်ခုအထိတော့ အိပ်မက်တစ်ခုမျှသာဖြစ်၏။ နျူကလီးယားစွမ်းအင်က အဆင်ပြေသော်လည်း အဏုမြူဓာတ်ပေါင်းဖိုနည်းပညာပြဿနာများနှင့် အတိတ်က မတော်တဆဖြစ်ရပ်များကြောင့် ကိုင်ဘွန်နိုင်ငံခမျာ ခါးသက်သက်အရသာကို ခံစားခဲ့ရပြီးဖြစ်၏။

အမြောက်အများစဉ်းစားပြီးနောက်တွင်မူ ကျန်ရှိနေသေးသည့် တစ်ခုတည်းသောနည်းလမ်းမှာ ကျန်းမုန့်လောင်ဘက်က ဤတင်သွင်းကုန်များကို စွန့်လွှတ်ပြီး ကျောက်မီးသွေးတွင်းမှ အမှာစာများကို ပယ်ဖျက်ခြင်းပင်။ ဤသို့ဖြင့် ကိုင်ဘွန်နိုင်ငံလည်း သူတို့၏ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကို ပြန်လည်ရရှိနိုင်ပေလိမ့်မည်။

ယခုအချိန်တွင် သူတို့သိုလှောင်ထားသည့် ကျောက်မီးသွေးပမာဏက ရက်နှစ်ဆယ်ထက် ပိုမခံတော့ပေ။ ဤကိစ္စကို ရက်နှစ်ဆယ်အတွင်း မဖြေရှင်းနိုင်ပါက ဓာတ်အားပေးစနစ်လည်း ပြင်းထန်စွာ ထိခိုက်နစ်နာသွားရမည်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးသက်ရောက်မှုများပါ လိုက်ပါလာပေလိမ့်မည်။

"ဒီညှိနှိုင်းဆွေးနွေးပွဲက တော်တော်စိန်ခေါ်မှုများတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်လာနိုင်တယ်"

ကျင့်ထျန်းကျင်းလောင်ခမျာ ကျန်းမုန့်လောင်နှင့် မည်သို့နှယ် ညှိနှိုင်းဆွေးနွေးရမလဲဆိုသည်ကို ယခုအချိန်အထိအဖြေမရှာရသေးပေ။ တင်းကျပ်လှသော အမိန့်တစ်ခုကို သူ လက်ခံရရှိထားပေသည်။ သူတို့အနေနှင့် 'ကျောက်မီးသွေးကို ပြန်လည်အရယူခဲ့ရမည်'ဖြစ်ကြောင်းနှင့် 'မြေသတ္တုဒြပ်စင်ကို လုံးဝမရောင်းချရ'ဟူ၍ပင်။

"မစ္စတာကျန်း..ကိုင်ဘွန်နိုင်ငံက မစ္စတာကျင့်ထျန်းကျင်းလောင်နဲ့အတူ သူ့လက်ထောက်နှစ်ယောက်ကို မိတ်ဆက်ပေးပါရစေ"

"မစ္စတာလောင် ဒါက မစ္စတာကျန်းမုန့်လောင်ပါ"

"မစ္စတာလောင် မင်္ဂလာပါ"

ကျန်းမုန့်လောင်လည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

"မစ္စတာကျန်းက အချိန်တိကျတဲ့လူ မဟုတ်ဘူးပဲ။ ကျုပ် ခင်ဗျားကို နေ့လည်၂နာရီမှာတွေ့ဖို့ ဖိတ်ထားတာကို အခုတော့ အဲဒီအချိန်ထက် နာရီဝက်ကျော်တောင် နောက်ကျနေတယ်"

ကျင့်ထျန်းကျင်းလောင်က ကျန်းမုန့်လောင်အား တိုက်ရိုက်စိန်ခေါ်လာသည်။ ကျန်းမုန့်လောင်ကို လက်လျှော့သွားစေရန် လုံလောက်သော သန်မာမှုကိုပြသရန် လိုအပ်ပေသည်။

ကျင့်ထျန်းကျင်းလောင်၏မျက်နှာကား နီရဲသွားချေသည်။ အမှန်အတိုင်းပြောရလျှင် သူသည် ပြည်တွင်းလုပ်ငန်းကို အထင်အမြင်သေးသော်ငြား သူ့တွင်လည်း အခြားရွေးချယ်စရာမရှိပေ။ အကြောင်းမှာ ဤလုပ်ငန်းသည် သူတို့ကိုင်ဘွန်နိုင်ငံထဲရှိ ဈေးကွက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသောကြောင့်ပင်။ အတင်းအဓမ္မပိတ်ပစ်ပါက ပြင်းထန်လှသော လူမှုရေးပြဿနာများ ပေါ်ပေါက်လာစေလိမ့်မည်သာ။

"မစ္စတာကျန်း..ဒါက လေးနက်တဲ့ကိစ္စတစ်ခုပါ။ ဒီလိုအကြောင်းအရာမျိုးကို ပြောဖို့မသင့်တော်ပါဘူး"

ကျင့်ထျန်းကျင်းလောင်က ဒေါသတကြီး ပြောလိုက်သည်။ ဤသို့သောကိစ္စမျိုးက ကျန်းမုန့်လောင် ရုပ်ရှင်ကြည့်ခြင်းထက် အရေးမကြီးဘူးလား...

"မသင့်တော်တာ ဘာရှိလို့လဲ"

ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။

"ဒီလိုကိစ္စတွေက ဘယ်လိုလုပ်ပြီး မလေးနက်စရာရှိလဲ"

ကျန်းမုန့်လောင်က ဟိုးယခင်ကတည်းက အရှက်ကင်းမဲ့သူဖြစ်လေရာ အရှက်တရားကဲ့သို့သောအရာမျိုးကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ပေ။ အရှက်ကင်းမဲ့သူတစ်ဦးနှင့် ရင်ဆိုင်ရလျှင် ကိုယ်က ပိုပြီးအရှက်ကင်းမဲ့နိုင်မှသာ အနိုင်ရပေလိမ့်မည်။

"ဟီးဟီး...ဥက္ကဋ္ဌကျိုး.."

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့လေဟန် အပြုံးတစ်ပွင့်နှင့်အတူ ပြောပြလေသည်။

"ပြီးတော့ ကျွန်တော်က အဲဒါကို သူတို့ကိုင်ဘွန်နိုင်ငံရဲ့ တရားဝင်အရောင်းဆိုင်ကနေ ဝယ်ထားတာဆိုတော့ ဒါကို ဒေသထွက်ကုန်တစ်ခုလို့ သတ်မှတ်လို့ရတယ်လေ"

"မင်း!"

ကျင့်ထျန်းကျင်းလောင်ခမျာ ပေါက်ကွဲတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်၏။ "ဒေသထွက်ကုန်"ဟူသော စကားလုံး၏ အရှက်ခွဲမှုအတိုင်းအတာကား အလွန်ပြင်းထန်လှသည်။

"ကောင်းပြီ။ ခင်ဗျားတို့နှစ်ယောက်"

ဥက္ကဋ္ဌကျိုးကလည်း ခပ်မြန်မြန်ကြားဝင်လိုက်ရသည်။

"ဒီနေ့ ကျွန်တော်တို့ ဒီမှာရောက်နေရတဲ့ အကြောင်းအရင်းက မစ္စတာကျန်းနဲ့ ခင်ဗျားတို့နိုင်ငံကြားက ပဋိပက္ခကို ဖြေရှင်းဖို့ပါ။ မဆိုင်တဲ့အကြောင်းအရာတွေကို မပြောဘဲနေရအောင်"

"တစ်မိနစ်ကို ဒေါ်လာသန်းချီဝင်နေတဲ့ ကျန်းမုန့်လောင်ဆိုတဲ့ ကျုပ်က ဒီနေရာကို အချိန်လုပြီး လာခဲ့တာ ယဉ်ကျေးမှုကြောင့်ပါ။ ကျွန်တော် မျက်နှာသာပေးထားတာကို မစော်ကားမိစေနဲ့"

"မစ္စတာကျန်း စကားပြောဆင်ခြင်ပေးပါ"

"ဟားဟားဟား ဆောရီး ဆောရီး... ကျွန်တော်က စကားပြောရင် တည့်တိုးပဲပြောတတ်လို့"

ကျန်းမုန့်လောင်က သရော်ပြုံးတစ်ခုဖြင့် ပြောသည်။

"မစ္စတာလောင် ဒီတစ်ခေါက် ကျွန်တော့်ကို ဘာလို့ဖိတ်တာလဲဆိုတာ ပြောပါဦး"

"မစ္စတာကျန်း..ခင်ဗျား ကျောက်မီးသွေးတွေကို ဝယ်ယူတာက ကမ္ဘာကြီးပူနွေးမှုကို စိုးရိမ်လို့ပဲဖြစ်ဖြစ် ကိုင်ဘွန်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ပြီး ကျုပ်တို့ရဲ့ ကျောက်မီးသွေးဝေစုကို ပြန်ပေးဖို့ မျှော်လင့်ပါတယ်"

"ဒါပေါ့။ ရပါတယ်"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"ဘာ"

ကျင့်ထျန်းကျင်းလောင်နှင့် ဥက္ကဋ္ဌကျိုးတို့ခမျာ ကြက်သေသေသွားကြ၏။ ကျန်းမုန့်လောင်က ဘယ်တုန်းကများ ဤမျှလွယ်လင့်တကူ သဘောတူခဲ့ဖူးသနည်း။ ယခုလို သဘောတူလာသည်မှာ ယုတ္တိမရှိပေ။

ကျန်းမုန့်လောင်က စားပွဲပေါ်သို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

"မစ္စတာကျန်း ဘာကိုဆိုလိုချင်တာလဲ"

ကျင့်ထျန်းကျင်းလောင်လည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

"အဓိပ္ပါယ်မရှိတာ...စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးပေးလေ"

ကျန်းမုန့်လောင်က ပြောလိုက်လေတော့သည်။

"သူတို့နဲ့ ကျွန်တော့်ကြားမှာ စာချုပ်ချုပ်ထားတာရှိတယ်။ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကနေ ၁၀၀ဘီလီယံအတွင်း အစားစားပဲ။ ကျွန်တော်မှတ်မိသလောက်ဆိုရင် စုစုပေါင်း အမေရိကန်ဒေါ်လာ၂၇ဘီလီယံရှိတယ်။ မစ္စတာလောင် ကျေးဇူးပြုပြီး ဒီလျော်ကြေးငွေကို ကျွန်တော့်ကိုပေးလေ"

********

All Chapters