← Chapters

ငါ့မှာ အချိန်နဲ့ပိုက်ဆံတွေမှ ပေါသောလို့

Vol. 21 Ch. 308

ငါ့မှာ အချိန်နဲ့ပိုက်ဆံတွေမှ ပေါသောလို့

Vol. 21 Ch. 308

"ကြည့်ရတာတော့ ဒီနေ့ ဘာမှဆွေးနွေးစရာမရှိဘူးထင်တယ်"

ကျန်းမုန့်လောင် မတ်တတ်ထရပ်လိုက်သည်။

"ဥက္ကဋ္ဌကျိုး... ကျွန်တော် ခင်ဗျားကို မျက်နှာသာမပေးချင်လို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က စိတ်ရင်းအစစ်အမှန်နဲ့ ဒီကိုလာခဲ့တာမဟုတ်ဘူး။ သူတို့ တကယ့်လက်တွေ့ကို နားလည်လာတဲ့အချိန်အထိ စောင့်လိုက်တာ ပိုကောင်းမယ်ထင်တယ်"

"မစ္စတာကျန်း ခဏနေပါဦး"

ဥက္ကဋ္ဌကျိုးခမျာ စိတ်ဒုက္ခရောက်နေဟန်ပင်။

"တစ်တန်ကို ဒေါ်လာတစ်ထောင်ဆိုတာက တကယ်တော့ နည်းနည်းများတယ်ဗျ။ ဈေးနှုန်းကို နည်းနည်းလောက်ညှိနှိုင်းကြည့်လို့ရဦးမယ်ထင်တယ်"

"ကောင်းပြီလေ။ ကျွန်တော် ဥက္ကဋ္ဌကျိုးကို မျက်နှာသာပေးပါ့မယ်"

ကျန်းမုန့်လောင် ပြန်ထိုင်ချလိုက်၏။

"ကျွန်တော့်မှာ တခြားမျှော်လင့်ချက်ရယ်လို့တော့ မရှိဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးပဲ လိုချင်တာ။ ရန်ကိုရန်ချင်း တုံ့နှင်းမဲ့အစား ကောင်းကောင်းမွန်မွန်ဖြေရှင်းသင့်တယ်မလား။ ဒီလိုဆိုရင် ကျွန်တော်ကလည်း ခင်ဗျားတို့ကို မူလကုန်ကျစရိတ်နဲ့ရောင်းပေးဖို့ အဆင်သင့်ပါပဲ"

"တစ်တန်ကို ဒေါ်လာသုံးရာဆိုတဲ့ ပျှမ်းမျှဈေးနှုန်းအတိုင်း ခင်ဗျားတို့တောင်းထားတဲ့ တန်ချိန်၃.၅ဘီလီယံကို ရောင်းပေးရမယ်ဆိုရင် စုစုပေါင်း ဒေါ်လာ၁၀၅၀ဘီလီယံ ကျသင့်တယ်။ လျော်ကြေး၂၇၀ဘီလီယံကိုပါ ထပ်ပေါင်းရင် စုစုပေါင်း ၁၃၂၀ဘီလီယံပါပဲ။ ကျွန်တော်က ရက်ရောတဲ့လူမို့ ဒေါ်လာတစ်ထောင်ဘီလီယံပဲယူမယ်။ ကျန်တဲ့အစွန်းထွက်ကို ထားလိုက်တော့။ မိတ်ဖြစ်ဆွေဖြစ်ပေါ့"

ကျင့်ထျန်းကျင်းလောင်ခမျာ နေရာမှာတင် ကြက်သေသေသွားပေသည်။ သူက ဒေါ်လာ၃၂၀ဘီလီယံလျှော့ပေးသတဲ့လား။ ၁၀၀၀ဘီလီယံဆိုသည်မှာ သူတို့တွင် ရှိပင်မရှိချေ။ သူတို့ အစီအစဉ်ချထားသော ဘဏ္ဍာရေးစီမံကိန်းမှာ ဤပမာဏ၏အစွန်းထွက်ကိုပင် လက်လှမ်းမမီချေ။ ကျန်းမုန့်လောင်က သူတို့ကို မူလကုန်ကျစရိတ်မျှဖြင့် ရောင်းပေးမည်ဆိုသည့်တိုင် သူတို့ကတော့ မဝယ်နိုင်သေးပေ။

မင်းပြောတော့ ကျောက်မီးသွေးဝယ်ရုံပဲဆို..ဈေးကွက်ကို ဘာလို့ဖျက်ရတာလဲ... သူတို့ကိုမဝယ်နိုင်အောင် လုပ်နေတာလား..

"မစ္စတာကျန်း... ပြောရရင် ကျုပ်တို့ ဈေးကွက်ကိုလေးစားသင့်တယ်လို့ ထင်တယ်"

ကျင့်ထျန်းကျင်းလောင်က သမာသမတ်ကျကျ ပြောလိုက်၏။

"လက်ရှိဈေးကွက်နှုန်းထားက တစ်တန်ကို ၆၅ဒေါ်လာဆိုပေမဲ့ မစ္စတာကျန်းရဲ့ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားပေးတဲ့အနေနဲ့ ကျုပ်တို့ဘက်က တစ်တန်ကို ၈၀ဒေါ်လာပေးနိုင်ပါတယ်"

"လစ်လိုက်တော့ ငတုံး"

ကျန်းမုန့်လောင်လည်း ထိုနေရာမှာပင် အကျယ်ကြီးအော်ဆဲလိုက်သည်။

"တစ်တန်ကို ဒေါ်လာ၃၀၀တန်ကျောက်မီးသွေးကို ၈၀ဒေါ်လာနဲ့ရောင်းပေးရအောင် ကျုပ်ကို ပရဟိတသမားများ ထင်နေလား"

"ဥက္ကဋ္ဌကျိုး ခင်ဗျားကြားတယ်နော်။ အခု ဒီမှာ ဘယ်သူက ဓားပြတိုက်နေတာလဲ"

ဤကိုင်ဘွန်လူမျိုးများက အရှက်မရှိကြောင်း ကျန်းမုန့်လောင် သိထားပြီးသားပင်။ သို့သော် ဤမျှရဲတင်းလိမ့်မည်ဟုတော့ ထင်မထားပေ။

ယနေ့တွင် ယခုလိုအဖြစ်မျိုး ဖြစ်လာစေရန်အတွက် ဈေးနှုန်းကို သူ တမင်မြှင့်ခဲ့သည်ဆိုသော်ငြား ကိုင်ဘွန်လူမျိုးများက ထိုဈေးနှုန်းကို ရဲရဲတင်းတင်းဖြင့် အမှန်တကယ်အဆိုပြုလာလိမ့်မည်ဟုတော့ လုံးဝထင်မထားပေ။

ထိုဈေးနှုန်းကို အဆိုပြုချိန်မှာ ကျင့်ထျန်းကျင်းလောင်၏ မျက်နှာလည်း ရှက်ရွံ့မှုကြောင့် ရဲရီနီနေလေတော့သည်။ သို့သော် သူတို့က ဘာများတတ်နိုင်မည်နည်း။ သူတို့တွင် ထိုငွေပမာဏ တကယ်မရှိပေ။

သူတို့သာ ကျန်းမုန့်လောင်လောက် ချမ်းသာနေပါလျှင် ဤနေရာတွင် ဘာမဟုတ်တာလေးကို လာငြင်းခုံနေမည်မဟုတ်။

"မစ္စတာကျန်း.. ဒေါသမထွက်ပါနဲ့။ သူတို့ရဲ့တောင်းဆိုမှုက တော်တော်လွန်တာတော့ အမှန်ပါပဲ"

ဥက္ကဋ္ဌကျိုးလည်း သည်းမခံနိုင်တော့ပေ။ သူ့ရည်ရွယ်ချက်မှာ နှစ်ဦးနှစ်ဖက်ကြားရှိ ပြဿနာကို ကြားဝင်ဖျန်ဖြေပေးရန်ဖြစ်၏။ ဟွာရှားနိုင်ငံကို အနိုင်ကျင့်နိုင်စေရန်အတွက် ကိုင်ဘွန်လူမျိုးများကို ကူညီဖို့မဟုတ်ပေ။

"တကယ်တော့ ကျုပ်မှာ ဖြေရှင်းနည်းနောက်တစ်ခုရှိတယ်"

ကျန်းမုန့်လောင် ဆိုလိုက်ချေသည်။

"တခြားကျောက်မီးသွေးတွင်းတွေဆီကနေလည်း ခင်ဗျား ဝယ်လို့ရတာပဲ"

ထိုသို့ပြောရင်း ကျန်းမုန့်လောင် မရယ်ဘဲ မနေနိုင်တော့ပေ။

"ခင်ဗျားတို့နိုင်ငံက သြစတြေးလျနိုင်ငံနဲ့ ဆက်ဆံရေးအဆင်ပြေတယ်ဆိုတာ ကျုပ်သိတယ်။ အဲ့လိုမှမဟုတ်ရင် ခင်ဗျားတို့တင်သွင်းကုန်ရဲ့၉၀ရာခိုင်နှုန်းက သူတို့ဆီကလာမှာမဟုတ်ဘူး။ ခင်ဗျားဘက်က ဈေးနည်းနည်းလောက် ပိုပေးနိုင်ရင် ရုရှားနဲ့အမေရိကန်ကို တင်သွင်းမဲ့ ကျောက်မီးသွေးတွေကို ခင်ဗျားဆီ ရောင်းပေးလောက်မှာပါ"

ကျင့်ထျန်းကျင်းလောင်၏မျက်နှာကား အဆိပ်ခတ်ခံလိုက်ရသည့်အလား မည်းနက်သွားလေသည်။

ရုရှားနှင့် အမေရိကန်၏ ကျောက်မီးသွေးဝေစုကို လုယူရန်ကြိုးစားမည်တဲ့လား။ သူတို့ ကိုယ့်သေတွင်းကိုယ် တူးချင်နေတာလား။

ရုရှား၏ဖွံ့ဖြိုးမှုအဆင့်က ကိုင်ဘွန်ကို မမီသော်ငြား သူတို့သည် နာမည်ကြတိုက်ခိုက်ရေးနိုင်ငံတစ်ခုပင်။ သူတို့သာ ထိုသို့သွားလုပ်လိုက်လျှင် နောက်တစ်ရက်မှာပင် ရုရှားလေယာဉ်မှူးများက သူတို့ကို ချက်ချင်းဗုံးကြဲချပေလိမ့်မည်။

အမေရိကန်ကမူ သူတို့၏အစ်ကိုကြီးဖြစ်၏။ ညီငယ်လေးတစ်ဦးက သူ့အစ်ကိုကြီးထံမှ ဖြတ်လုရမည်တဲ့လား။ ဤသည်မှာ သေမင်းကို လက်ယပ်ခေါ်နေခြင်းပင် မဟုတ်လား။

အခြားနိုင်ငံလေးများကလည်း သြစတြေးလျမှ တင်သွင်းကြသော်ငြား သူတို့ဝေစုအားလုံးကို ပေါင်းလိုက်လျှင်ပင် ကွာဟချက်ကို ဖြည့်နိုင်မည်မဟုတ်ချေ။ တစ်လနှစ်ဖူလုံရုံမျှဖြင့် နိုင်ငံတကာဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်သည်။ အကျိုးအမြတ်နှင့် အရှုံးတို့ကား မမျှတပေ။

"ဒါပေမဲ့ မစ္စတာလောင်..ခင်ဗျားဘက်ကသာ Silicon Moonlightအတွက် မြေသတ္တုဒြပ်စင်အသစ်တင်ပို့မှုကို လမ်းဖွင့်ပေးမယ်ဆိုရင် ကျုပ်လည်း ဈေးလျှော့ပေးဖို့ စဉ်းစားပေးနိုင်ပါတယ်"

ကျန်းမုန့်လောင်က တိုက်ရိုက်သာ ပြောချလိုက်၏။

"မြေသတ္တုဒြပ်စင်အသစ်လား"

ဥက္ကဋ္ဌကျိုးခမျာ သူ့နားကိုတောင် သူမယုံနိုင်ပေ။ ကျန်းမုန့်လောင်တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေပေသည်။

"မစ္စတာကျန်း.. ကျုပ်တို့လည်း မတင်ပို့ချင်တာ မဟုတ်ရပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ပြည်တွင်းလိုအပ်ချက်က အရမ်းကြီးတော့ ကျုပ်တို့ထုတ်ယူရရှိတဲ့ မြေသတ္တုဒြပ်စင်အသစ်က နိုင်ငံတွင်းလိုအပ်ချက်ကို ကာမိရုံလေးပဲရှိတာ"

"ပြဿနာမရှိဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"ခင်ဗျားတို့နိုင်ငံထဲမှာ တူးဖော်ပေးဖို့ အဖွဲ့တစ်ဖွဲ့ကို ကျုပ် စီစဉ်ပေးနိုင်တယ်။ ဟွာရှားမှား တခြားတော့ များများစားစားမရှိပေမဲ့ မြေတူးသမားကတော့ ပေါပါတယ်။ ကျုပ်ဘက်က လန်ရှန်းနည်းပညာကို ဝယ်လိုက်လို့ရတယ်။ တူးဖော်ရေးကတော့ ထိပ်တန်းအဆင့်ဖြစ်သွားမှာပဲ"

"ဘာလဲ။ မလုပ်ပေးနိုင်ဘူးလား"

သူတို့ဘက်က ဘာမှပြောမလာတော့ဘဲ ချက်ချင်းဆိုသလို စိတ်ဝင်စားမှုလျော့ကျသွားသည်ကို ကျန်းမုန့်လောင် မြင်လိုက်ရ၏။ မည်သို့ပင်ဖြစ်စေ သူကတော့ အလျင်လိုမနေချေ။

မူလတုန်းက ထုတ်လုပ်ရေးကို မေလတွင် စတင်ရန် စီစဉ်ထားသော်ငြား ယခုမူ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအားလုံးက အခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်၏။ မည်သူက အရင်ဦးစွာ စိတ်ရှည်မှုကုန်ဆုံးမလဲဆိုသည်ကို ကြည့်ရန်အတွက် ကိုင်ဘွန်လူမျိုးများနှင့် ကစားဖို့ တစ်လနှစ်လတော့ သူ အချိန်ရသေးသည်။

"ခင်ဗျားဘက်က ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးပေါ့"

ကျန်းမုန့်လောင် ပခုံးတွန့်ပြလိုက်၏။

"ဥက္ကဋ္ဌကျိုး... သူတို့ စိတ်ပါလက်ပါ စကားပြောနိုင်ပြီဆိုရင် ကျွန်တော့်ကို အချိန်မရွေးဆက်သွယ်လိုက်ပါ"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်လည်း ဟုန်းရီကိုခေါ်၍ ထွက်ခွာသွားလေတော့သည်။

"လူယုတ်မာ"

...

တစ်ပတ်ဟူသော အချိန်က ခပ်မြန်မြန်ကုန်ဆုံးသွားခဲ့ပြီး ကိုင်ဘွန်နိုင်ငံကလည်း ခြေရာလက်ရာပင် မကျန်တော့လောက်အောင် ပျောက်ကွယ်သွားဟန်ပင်။ သူတို့ဘက်က လှုပ်ရှားမှုအနည်းငယ်မျှပင် မရှိပေ။

"ဟုန်းရီ.. ကိုင်ဘွန်နိုင်ငံဘက်က ဘာလှုပ်ရှားမှုမှမရှိဘူးလား"

ကျန်းမုန့်လောင်လည်း နည်းနည်းထူးဆန်းသလို ခံစားလိုက်ရ၏။

"လောလောဆယ်တော့ မရှိပါဘူး"

ဟုန်းရီက ပြောလာလေသည်။

"ဒါပေမဲ့ ကျွန်မတို့ထောက်လှမ်းရေးအဖွဲ့အစည်းက ရှာဖွေစုဆောင်းထားတဲ့ သတင်းအရဆိုရင် အခု ကိုင်ဘွန်နိုင်ငံမှာ ကျောက်မီးသွေးတန်ချိန်၁၀သန်းပဲ ကျန်ပါတော့တယ်။ အဲဒါကလည်း လဝက်လောက်ပဲ ခံမှာပါ"

"စိတ်မပူနဲ့။ မလောဘူး။ ကုမ္ပဏီဘက်ကရော ဘယ်လိုလဲ"

"ဝန်ထမ်းတွေရဲ့အခြေအနေကတော့ တည်ငြိမ်သွားပါပြီ။ ထုတ်လုပ်ရေးကိုလည်း လွန်ခဲ့တဲ့သုံးရက်ကပဲ ကျွန်မတို့လက်ထဲကို လွှဲပြောင်းပြီးပါပြီ။ ဖိုတိုလီသိုဂရက်ဖီစက်ကိရိယာတွေရဲ့ ပထမအသုတ်ကို ထုတ်လုပ်ရေးစတော့မှာပါ။ သုန်းကျိမြို့မှာ အခြေခံစက်ရုံအဆောက်အအုံတွေကို ဆောက်လုပ်ထားပါပြီ။ ဝန်ထမ်းခန့်အပ်ရေးကလည်း ပြီးခါနီးပါပြီ"

"ကောင်းတယ်"

ကျန်းမုန့်လောင် စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ Silicon Moonlightက လတ်တလော ပြဿနာတက်နေပါတယ်"

"ဘာပြဿနာလဲ"

ကျန်းမုန့်လောင် မေးလိုက်၏။

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ ဒုက္ခများတယ်"

ဟုန်းရီက ဆိုလိုက်လေသည်။

"မကြာသေးခင်တုန်းက ပေါင်ထောင်စီရင်စုရဲ့ အာဏာပိုင်ဗျူရိုမှာ တိုင်ကြားစာတွေအများကြီးရောက်နေပါတယ်တဲ့။ Silicon Moonlightမှာ မီးဘေးအန္တရာယ်ရှိနေတယ်တဲ့။ ဗျူရိုဘက်ကလည်း အဲဒါကိုစစ်ဆေးဖို့အတွက် နေ့တိုင်း လူလွှတ်နေတာ။ ဒီစစ်ဆေးမှုက ကုမ္ပဏီကို အများကြီးသက်ရောက်မှုမရှိပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုတော့ အတန်အသင့်သက်ရောက်မှုရှိပါတယ်"

"အိုး? ဘယ်လိုမျိုးလဲ"

"ဝန်ထမ်းတော်တော်များများက ကုမ္ပဏီက ပြဿနာတက်နေတယ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို စော်ကားမိထားတယ်လို့ထင်ပြီး စိတ်ဖိစီးနေကြပါတယ်"

ဟုန်းရီက ရှင်းပြလိုက်လေသည်

"ငါထင်တာသာမမှားရင် ဒီပြဿနာကို ကိုင်ဘွန်လူမျိုးတွေ ဖန်တီးတာမလား"

ကျန်းမုန့်လောင် ရယ်မောလျက် ပြောလိုက်လေသည်။

"မစ္စတာကျန်း ခန့်မှန်းတာ အမှန်ပါပဲ။ အဲဒါက တကယ်ပ ကိုင်ဘွန်လူမျိုးတွေရဲ့ လက်ချက်ပါ"

ဟုန်းရီက အတည်ပြုပေးလိုက်သည်။

"ကျွန်မတို့ဟွာရှားမှာ ကိုင်ဘွန်နွယ်ဖွားတွေ အများကြီးရှိပါတယ်။ တော်တော်များများက ဒုတိယကမ္ဘာစစ်တုန်းက ပြင်ဆင်ထားတဲ့ စစ်ရေးအတွင်းလူတွေပါ။ ဒါပေမဲ့ စစ်ပွဲကြီးပြီးသွားတဲ့နောက်မှာ သူတို့တွေက ဟွာရှားမှာပဲ ဆက်နေခဲ့ကြတယ်။ တချို့က ကျွန်မတို့လူမျိုးအဖြစ် ခံယူလိုက်ကြပြီး ကျွန်မတို့လူ့အဖွဲ့အစည်းထဲကို လုံးဝပစ်ဝင်ခဲ့ကြတယ်။ ဒါပေမဲ့ တချို့က သူတို့ရဲ့မူလခံယူချက်ကို စွဲကိုင်ထားကြတုန်းပဲ"

"Silicon Moonlightထဲမှာ အဲဒီလိုလူတွေရှိနေတယ်လို့ ပြောချင်တာလား"

"ဟုတ်ပါတယ်။ နည်းနည်းတောင်မဟုတ်ပါဘူး"

ဟုန်းရီက ဆို၏။

"အမည်မသိတိုင်ကြားချက်တွေကိုလည်း အဲဒီလူတွေပဲ လုပ်တာပါ"

"ဒါပေမဲ့ Silicon Moonlightမှာ အဲဒီလိုပြဿနာမျိုး တကယ်ရှိပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုက အရမ်းမြန်လွန်းတော့ ကုမ္ပဏီအဆောက်အအုံအဆင့်မြှင့်တင်မှုက ထုတ်လုပ်ရေးစံနှုန်းကို အမီမလိုက်နိုင်ဘူးဖြစ်နေတာ။ အဲဒါကြောင့် မီးဘေးအန္တရာယ်တချို့က ရှောင်လွှဲလို့မရပါဘူး။ ပုံမှန်ဆိုရင် ဒီလိုအသေးအဖွဲလေးကို ကျော်သွားလိုက်လို့ရပေမဲ့ တစ်ယောက်ယောက်ကသာ အဲဒါကို ပြဿနာလုပ်လာမယ်ဆိုရင် ရှောင်လွှဲလို့မရပါဘူး"

"ပြီးတော့ ဈေးကွက်ကြီးကြပ်ရေးဗျူရိုမှာ ကိုင်ဘွန်လူမျိုးသူလျှိုတွေရှိနိုင်တယ်လို့ သံသယဖြစ်မိပါတယ်"

"ဘုရားရေ.. တကယ့်ကို သူလျှိုဇာတ်လမ်းကြီးတစ်ခုပဲ"

"ဟားဟားဟား အဲဒီလိုပြောလို့လည်းရပါတယ်"

ဟုန်းရီက ပြောလိုက်၏။

"ဒီမနက်ကပဲ Silicon Moonlightကသာ ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင် တချို့အဆောက်အအုံတွေက လုပ်ငန်းလည်ပတ်မှု ရပ်တန့်ရလိမ့်မယ်လို့ သူတို့ဘက်က ကြေညာချက်ထုတ်လိုက်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့ရဲ့ကုန်ကြမ်းပစ္စည်းတွေ အဆင်သင့်ဖြစ်နေပြီဆိုရင်တောင် ထုတ်လုပ်ရေးစနိုင်တော့မှာမဟုတ်ပါဘူး"

"သူတို့ အခုနောက်ပိုင်း ဘာလို့ တအားငြိမ်နေပါလိမ့်လို့တွေးနေတာ။ ဒီနေရာမှာ လှည့်ကွက်သေးသေးလေးတွေ လာရွှေ့နေတာပဲ"

ကျန်းမုန့်လောင်လည်း ဒေါသဖြင့် ပြောလိုက်လေသည်။

"ကိစ္စမရှိဘူး။ သူတို့ဘာသာ ဂိမ်းဆက်ကစားပါစေ။ ငါ့မှာ အချိန်နဲ့ငွေက ပေါသောနေတာပဲလေ"

**********

All Chapters