← Chapters

ဒါဆို မီးသတ်စခန်းတစ်ခု ဆောက်ကြရအောင်

Vol. 21 Ch. 309

ဒါဆို မီးသတ်စခန်းတစ်ခု ဆောက်ကြရအောင်

Vol. 21 Ch. 309

"မစ္စတာကျန်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ"

"ဒီအဆောက်အအုံတွေအားလုံးကို ပြန်လည်ပြုပြင်မွမ်းမံဖို့ အချိန်ဘယ်လောက်ကြာမလဲ"

"နှစ်လလောက်ကြာမှာပါ"

ဟုန်းရီက ဖြေလိုက်သည်။

"အဆောက်အအုံတွေအားလုံးကို အသုံးပြုဖို့လည်း လိုသေးတာမို့ တစ်ပြိုင်တည်းအသုံးပြုရင်း ပြင်ဆင်နေရမှာမို့လို့ပါ။ အချိန်ပြည့်ကြီးလည်း သုံးလို့မရနိုင်ဘူးလေ"

"ကုမ္ပဏီကို လုံးဝပိတ်ထားပြီး ဒီတစ်ခုတည်းကိုပဲ အာရုံစိုက်လုပ်မယ်ဆိုရင် ဘယ်လောက်ကြာမလဲ"

"အဲဒီလိုဆိုရင်တော့ ဆောက်လုပ်ရေးကြာချိန်က ၁၀ရက်ကနေ ၁၅ရက်အတွင်း ပြီးအောင် လုပ်နိုင်ပါတယ်"

ဟုန်းရီက ခန့်မှန်းလိုက်၏။

"ဒါဖြင့် Silicon Moonlightဝန်ထမ်းတွေကို အားလပ်ရက်ရှည်ပေးလိုက်ကြရအောင်"

ကျန်းမုန့်လောင် ဤသို့ပြောလိုက်သည်။

"နေရာတွေနဲ့အချိန်တွေအားလုံးကို ရှင်းထားလိုက်"

"ဒီကာလအတွင်း လစာတွေကိုရော ဘယ်လိုလုပ်လိုက်ရမလဲ..."

"ပုံမှန်လစာအတိုင်း အပြည့်ပေးလိုက်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒီကာလအတွင်း ဘာအမှာစာမှ မရှိဘူးမဟုတ်လား"

"ဟုတ်ပါတယ် မစ္စတာကျန်း.. ရှင့်ရဲ့ညွှန်ကြားချက်အတိုင်း Silicon Moonlightကို ဝယ်ယူထားပြီးကတည်းက စက်ရုံထဲမှာရှိတဲ့ အမှာစာတွေအားလုံးကို ရပ်ဆိုင်းထားပါတယ်"

ဟုန်းရီက ပြန်ဖြေသည်။

"အခုဆိုရင် ဝန်ထမ်းတွေအားလုံးက အခြေခံပြုပြင်ထိန်းသိမ်းမှုတွေနဲ့ နေ့စဉ်လုပ်ငန်းတွေကိုပဲ လုပ်နေကြတာပါ"

"ဘာပဲဖြစ်ဖြစ် သူတို့ကိုခေါ်ထားဖို့အတွက် ငွေသုံးထားပြီးပြီပဲ။ ကုမ္ပဏီမှာ ဘာမှမလုပ်ဘဲနေရမဲ့အစား အကုန်လုံးကို အိမ်ပြန်ပြီး အနားယူခိုင်းထားလိုက်တာ ပိုကောင်းတယ်"

"တစ်ယောက်ချင်းစီကို ရာထူးအဆင့်အလိုက် အပိုထောက်ပံ့ကြေးတွေပေးပြီး ခရီးထွက်ခွင့်ပေးလိုက်။ ကုမ္ပဏီကိစ္စတွေ အားလုံးပြီးသွားမှပဲ ပြန်လာခိုင်းလိုက်"

...

"သူတို့က ငါတို့ကို အားလပ်ရက်ရှည်ပေးမယ်တဲ့လား။ လစာကလည်း အပြည့်နဲ့လေ"

"ဘုရားရေ...ယုံတောင်မယုံနိုင်ဘူး။ နွေဦးပွဲတော်ပိတ်ရက်ရထားတာမှ မကြာသေးဘူး။ အခုထပ်ပြီး အားလပ်ရက်ရှည် ထပ်ရမယ်တဲ့။ ဒီကုမ္ပဏီက နိဗ္ဗာန်ဘုံတစ်ခုလိုပဲ"

"ငါက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ကျောင်းတွင်းရွေးချယ်မှုကတစ်ဆင့် ကုမ္ပဏီထဲကို တိုက်ရိုက်ဝင်လာတာ။ အခုမှ အလုပ်သင်ဆင်းတာ တစ်ပတ်ပဲရှိသေးတယ်။ အပိုထောက်ပံ့ကြေး ယွမ်ငါးထောင်ရလိုက်ပြီပေါ့"

"ယွမ်နှစ်သောင်း? ဒီဘောနပ်စ်က ငါ့တစ်နှစ်စာဘောနပ်စ်ထက်တောင် ပိုများနေတယ်"

"ဘာ? ဒီပိုက်ဆံကို လူတိုင်းရမှာလား"

"ငါ မေးကြည့်ပြီးပြီ။ စက်ရုံထဲက အလုပ်သမားတွေနဲ့ အလုပ်သင်တွေက တစ်ယောက်ကို ငါးထောင်၊ P5အဆင့် အငယ်တန်းအင်ဂျင်နီယာတွေက တစ်သောင်း၊ P6အဆင့် အကြီးတန်းအင်ဂျင်နီယာတွေက နှစ်သောင်း၊ ကြီးကြပ်ရေးမှူးတွေက ငါးသောင်း၊ မန်နေဂျာတွေက တစ်သိန်း၊ ဒါရိုက်တာတွေဆိုရင် နှစ်သိန်းရမှာတဲ့။ ကြေညာချက်က ဒီနေ့မှထုတ်တာ မိနစ်နှစ်ဆယ်တောင် မပြည့်သေးခင်မှာတင် ပိုက်ဆံတွေအားလုံး အကောင့်ထဲကိုရောက်နေပြီ"

"ဘုရားရေ... ဒီသူဌေးအသစ်က တကယ့်ကို ရက်ရောတာပဲ။ ဒါပေမဲ့ ငါတို့ကုမ္ပဏီက ငွေကြေးအခက်အခဲကြုံနေတာမဟုတ်ဘူးလား"

"ငါကြားတာတော့ ငါတို့ရဲ့ဥက္ကဋ္ဌအသစ်က နောက်ထပ်ရင်းနှီးမြှုပ်နှံငွေ ထပ်ထည့်လိုက်တယ်တဲ့။ သိရသလောက်ဆိုရင် ဘာတစ်ခွန်းမှတောင်မပြောဘဲ ဟွာရှားငွေ ၅၀ဘီလီယံကို ထည့်လိုက်တာတဲ့"

"သူက ငွေကို လုံးဝဂရုမစိုက်ဘူးပဲ!"

...

ဤသတင်းစကားမှာ တောမီးအလား ခပ်မြန်မြန်ပျံ့နှံ့သွားခဲ့သည်။

နွေဦးပွဲတော်ပိတ်ရက်ကို ဖြတ်သန်းထားပြီးစအချိန်မှာပင် အခကြေးငွေအပြည့်ဖြင့် နောက်ထပ်လဝက်အားလပ်ရက် ထပ်ရလိုက်သည့်အပြင် ခရီးသွားစရိတ်ကိုပါ ရရှိခဲ့သည့်အတွက် အင်တာနက်အသုံးပြုသူများအားလုံးမှာ အလွန်အမင်း အားကျကုန်ကြလေသည်။

"ဒီနေ့လည်း မနာလိုချင်စရာနေ့တစ်နေ့ပဲဟေ့"

"မစ္စတာကျန်း... ခင်ဗျားမှာ ငွေဘယ်လောက်တောင်ရှိတာလဲ"

"မစ္စတာကျန်းမှာ ငွေဘယ်လောက်ရှိမှန်းတော့ ငါမသိဘူး။ ဒါပေမဲ့ သူ့ဘဏ်အကောင့်ထဲက သုညတွေက မင်းတို့မှတ်ပုံတင်နံပါတ်ထက် ပိုရှည်နိုင်တယ်ဆိုတာတော့ ငါယုံတယ်"

"ဘော့စ်ကျန်း... ခင်ဗျားတို့ကုမ္ပဏီမှာ အလုပ်ခေါ်သေးလား။ ငွေရေးကြေးရေးက အရေးမကြီးပါဘူး။ ခင်ဗျားရဲ့စီးပွားရေးအမြင်ကို လေးစားလို့ပါ"

...

"ဘာ? ဒီဟွာရှားလူမျိုးက ကုမ္ပဏီကိုပိတ်ပစ်ပြီး ဝန်ထမ်းတွေအားလုံးကို အားလပ်ရက်ပေးလိုက်တယ်တဲ့လား"

Silicon Moonlight၏ ရုံးခန်းတစ်ခုတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျွမ်းကျင်ပိုင်နိုင်လှသော ကိုင်ဘွန်ဘာသာစကားဖြင့် ဖုန်းပြောနေပေသည်။

"ဟုတ်ပါတယ်။ သူက လူတိုင်းကို ခရီးသွားစရိတ်တွေအများကြီးတောင်ပေးပြီး အပန်းဖြေခရီးထွက်ခိုင်းထားတယ်။ ဆောက်လုပ်ရေးအဖွဲ့တွေလည်း ဒီနေ့ပဲ ရောက်လာပြီ။ ဒီအတိုင်းဆိုရင် ပြဿနာတွေအားလုံး လဝက်အတွင်း ဖြေရှင်းလို့ပြီးသွားလိမ့်မယ်"

"ဒီဟွာရှားလူမျိုး... သူက အရမ်းချမ်းသာတာပဲ။ ဒေါသထွက်ချင်စရာကောင်းလိုက်တာ"

ဖုန်းထဲရှိ အသံတွင် ဆောင့်ကြီးအောင့်ကြီးလေသံများ ရစ်ဝဲနေ၏။

"ဟွာရှားအစိုးရက ကျန်းမုန့်လောင်ကို ဖိအားပေးတာတွေ မရှိသေးဘူးလား"

"မဖြစ်နိုင်တာ"

တစ်ဖက်ရှိအသံက ဆက်ပြောလေသည်။

"ကျန်းမုန့်လောင်နဲ့ ကျောက်မီးသွေးတွင်းကြားက ချုပ်ဆိုထားတဲ့ စာချုပ်တွေက တစ်ဖက်စွန်းရောက်လွန်းတယ်။ ဟွာရှားအစိုးရအနေနဲ့ ကျန်းမုန့်လောင်ကို စာချုပ်ဖျက်ဖို့ ဒါမှမဟုတ် ကျောက်မီးသွေးတွေကို ပြန်ရောင်းပေးဖို့ တောင်းဆိုပေးလို့ရပေမဲ့ လျော်ကြေးနဲ့ ဈေးနှုန်းတွေက အရမ်းမြင့်နေတယ်။ ကျန်းမုန့်လောင်ကိုယ်တိုင် သဘောမတူမချင်း ငါတို့အနေနဲ့ မူရင်းဈေးနှုန်းအတိုင်း ကျောက်မီးသွေးတင်သွင်းဖို့ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ ကျွန်တော်တို့နည်းလမ်းက အကျိုးရှိရဲ့လား"

သက်လတ်ပိုင်းအရွယ်အမျိုးသားက မေးခွန်းထုတ်လိုက်သည်။

"ဟမ့်... ကျန်းမုန့်လောင် မြေသတ္တုဒြပ်စင်တွေကို တင်သွင်းချင်နေတာ ချစ်ပ်ပြားတွေအတွက်မဟုတ်လား။ သူ့ကုမ္ပဏီက အခု ရှုပ်ယှက်ခတ်နေတယ်လေ။ သူ့မှာ ငါတို့ကို တိုက်ခိုက်နိုင်တဲ့အင်အားမျိုး ရှိဦးမယ်လို့ မထင်ဘူး။ အဆုံးကျရင် သူ လက်လျှော့ရမှာပါပဲ"

"မင်းကရော... ဒီလောက်ကြာနေတာတောင် ဘာသတင်းအချက်အလက်လေးမှ မရသေးဘူးလား"

ထိုအသံကား အတန်ငယ်ဒေါသထွက်နေဟန်ပင်။

"ဟွာရှားလူမျိုးတွေက တကယ်ပဲ အဆင့်မြင့်ဖိုတိုလီသိုဂရက်ဖီစက်တွေနဲ့ ဖိုတိုရီဆစ်တွေကို ထုတ်နိုင်ပြီလား"

"ဒါတွေက ကုမ္ပဏီရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေပါ။ ပြီးတော့ သုတေသနနဲ့ ထုတ်လုပ်ရေးတည်နေရာကလည်း ဒီမှာမဟုတ်တော့..."

"ထားလိုက်တော့။ ဒီကိစ္စတွေကို တခြားလူကိုပဲ ငါစုံစမ်းခိုင်းလိုက်မယ်။ အခု မင်းရဲ့အရေးကြီးဆုံးတာဝန်က အဲဒီနေရာမှာ အရှုပ်အထွေးတွေဖြစ်အောင် လုပ်ပေးထားဖို့ပဲ။ တရားဝင်နည်းလမ်းတွေနဲ့ ဒီကုမ္ပဏီကို ဖြိုချနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဖွဲ့အစည်းဘက်က မင်းရဲ့အကျိုးပြုမှုကို မေ့မှာမဟုတ်ပါဘူး!"

"ဟုတ်ကဲ့"

လူလတ်ပိုင်းအရွယ်အမျိုးသားက ပြောလိုက်လေသည်။

"ကျွန်တော် အခုရက်ပိုင်း တကယ့်လေးနက်တဲ့ ပြဿနာတစ်ခုကို တွေ့ထားပါတယ်။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာနကလူတွေနဲ့ ကျွန်တော်ရင်းနှီးတယ်လေ။ ကျွန်တော်သတိထားမိသလောက်ဆိုရင် သူတို့ရဲ့စာရင်းဇယားတွေထဲမှာ..."

...

Silicon Moonlight၏ဝန်ထမ်းများ အိမ်ပြန်ရန် အဆင်သင့်ပြင်ဆင်နေကြစဉ် စက်မှုမြို့တော်အတွင်းသို့ ဆောက်လုပ်ရေးအဖွဲ့သစ်တစ်ဖွဲ့ ဝင်ရောက်လာသည်။

"ဘာတွေဖြစ်နေတာလဲ။ နောက်ထပ်ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့က ဘာလို့ရောက်နေတာလဲ။ ဒီမနက်ကပဲ တစ်ဖွဲ့ရောက်လာပြီးပြီမဟုတ်ဘူးလား။ ဒီတစ်ခေါက် မြေတူးသမားတွေတောင် ပါလာတယ်။ သူတို့က ဒီကို မြေရှင်းဖို့ရောက်လာတာလား"

"ကြည့်လိုက်ဦး... ဆောက်လုပ်ရေးပစ္စည်းတွေကလည်း အများကြီးပဲ။ ကုမ္ပဏီရဲ့စက်ရုံနဲ့ ရုံးခန်းအဆောက်အအုံ ထိန်းသိမ်းပြင်ဆင်ဖို့အတွက်ဆိုရင် ဒါတွေကိုမလိုအပ်ဘူးမလား"

"မဟုတ်ဘူး... ကုမ္ပဏီက တစ်ခုခုဆောက်မလို့ထင်တယ်။ ဒါပေမဲ့ အခုလတ်တလော ဆောက်လုပ်ရေးပရောဂျက်တွေအကြောင်း ဘာမှကြားထားတာလည်းမရှိဘူးလေ"

"ကဲ... မင်းတို့တွေ ဒီမှာစုဝေးပြီး ဘာလုပ်နေကြတာလဲ"

ဥက္ကဋ္ဌ၏လက်ထောက်ဖြစ်သူ ရှုဟွမ်က လူထူထပ်နေသော ကုမ္ပဏီလော်ဘီဆီသို့ ရောက်ချလာလေ၏။

ယခုမူ ကျန်းမုန့်လောင်သည် ကုမ္ပဏီထဲရှိ ကိစ္စတော်တော်များကို ရှုဟွမ်မှတစ်ဆင့် ကုမ္ပဏီအကြီးအကဲများထံ အကြောင်းကြားတတ်သည်။ သို့ဖြစ်လေရာ သူ့အဆင့်အတန်းကလည်း ပိုမြင့်လာခဲ့သည်ဖြစ်ရာ ကုမ္ပဏီ၏ရှယ်ယာရှင်များပင် သူ့ကို မျက်နှာသာပေးကြရသည်။ သာမန်ဝန်ထမ်းများနှင့် မန်နေဂျာများဆိုလျှင်မူ သူ့ကို အရေးကြီးပုဂ္ဂိုလ်အဖြစ် တလေးတစားဆက်ဆံကြသည်။

"လက်ထောက်ရှု... ကျွန်တော်တို့ ဒီအတိုင်းသိချင်လို့ပါ။ မနက်ကပဲ ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ ရောက်နေပြီမဟုတ်ဘူးလား။ အခု အခြေအနေက ဘယ်လိုတွေဖြစ်တာလဲ"

တစ်စုံတစ်ယောက်က သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"အိုး...ဘာမှမဟုတ်ပါဘူး။ အစိုးရရဲ့ညွှန်ကြားချက်ကို တုံ့ပြန်တာပါ"

ရှုဟွမ်က ပြောလိုက်လေသည်။

"မကြာသေးခင်က ခေါင်းဆောင်ပိုင်းတွေ လာစစ်ဆေးတာကို မှတ်မိတယ်မလား။ သူတို့က ကျုပ်တို့ကုမ္ပဏီမှာ မီးဘေးအန္တရာယ်လုံခြုံရေးပြဿနာတွေ ရှိနေတယ်လို့ ပြောသွားတယ်"

"ဥက္ကဋ္ဌကျန်းက ပြောတယ်... ကျုပ်တို့ရဲ့အဆောက်အအုံတွေနဲ့ ပစ္စည်းတွေကိုပြင်ဆင်ရုံနဲ့ မလုံလောက်ဘူးတဲ့။ ဖြစ်နိုင်ခြေအလားအလာရှိတဲ့ ပြဿနာတွေကို ကြိုမြင်တတ်ရမယ်တဲ့။ မီးလောင်တာတို့ ဘာတို့ဖြစ်လာခဲ့ရင် ကျုပ်တို့ မီးသတ်တပ်ဖွဲ့ကို ခေါ်ရမှာမဟုတ်လား။ ဒါပေမဲ့ ကျုပ်တို့စက်ရုံက လူသူဝေးလံခေါင်ဖျားတဲ့နေရာမှာရှိနေတာဆိုတော့ အနီးဆုံးမီးသတ်စခန်းကတောင် ဒီကိုရောက်ဖို့ မိနစ်လေးဆယ်ကြာတယ်။ အဲဒါကြောင့် ဥက္ကဋ္ဌကျန်းက ကိုယ်ပိုင်မီးသတ်စခန်းတစ်ခုဆောက်ဖို့ဆုံးဖြတ်လိုက်တာ"

"ဘာ? မီးသတ်စခန်းဆောက်မယ်တဲ့လား"

"ဘုရားရေ... ဒါက လိုအပ်လို့လား"

"ဥက္ကဋ္ဌကျန်းက အထူးတပ်ဖွဲ့အဆင့်ရှိတဲ့ မီးသတ်စခန်းတစ်ခုဖြစ်အောင် ဆောက်လုပ်ဖို့စီစဉ်နေတာ။ မီးသတ်ကား၁၂စီးလည်းပါမယ်။ ကားတွေအကုန်လုံးက မာစီးတီးဘန့်စ်နဲ့ MANထဲက။ Scaniaကထုတ်တဲ့ ၁၀၁မီတာရှည်တဲ့ မီးသတ်လှေကားကြီးနှစ်ခုလည်းပါမှာ။ ကျုပ်တို့ကုမ္ပဏီရဲ့ မီးဘေးလုံခြုံရေးကို အပြည့်အဝအာမခံနိုင်အောင်လို့လေ"

"ငါ အခုပဲ ရှာကြည့်လိုက်တာ။ လက်ထောက်ရှုဟွမ်ပြောတဲ့ Scaniaမီးသတ်လှေကားက တစ်ခုကို ဘယ်လောက်ကျလဲဆိုတာ သိလား"

"သန်းဂဏန်းတော့ မရှိဘူးမလား"

"တစ်ခုကို သန်းနှစ်ဆယ်တဲ့"

"အမလေး..ဒါကြီးက လက်ဖွာလိုက်တာနော်"

"ဟုတ်တယ်မလား... ဒါပေမဲ့ လူတွေပြောကြတာတော့ မကောင်းဆိုးဝါးတွေက ရင်ဆိုင်ရခက်တယ်တဲ့။ အခုနောက်ပိုင်း ငါတို့ကုမ္ပဏီက ဆက်တိုက်ပစ်မှတ်ထားခံနေရတာပဲ။ နောက်ကွယ်မှာ အဲဒီအနောက်တိုင်းသားတွေရှိတာ သေချာတယ်"

"ဟားဟား... သူတို့က ငါတို့ကုမ္ပဏီကို ဒီလိုနည်းလမ်းမျိုးတွေနဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်နေကြတာလား။ ဥက္ကဋ္ဌကျန်းက ဘယ်သူလဲဆိုတာ သူတို့ မသိသေးဘူးထင်တယ်။ ငွေနဲ့ဖြေရှင်းလို့ရသရွေ့ ဘာပြဿနာမှမရှိဘူး"

"ဒါပေမဲ့လည်း ဒီလိုမျိုးပစ်မှတ်ထားခံနေရတာ တကယ်စိတ်မသက်သာလိုက်တာ"

"ဟားဟားဟား... မင်းတို့တွေ ဥက္ကဋ္ဌကျန်းက ဘယ်သူလဲဆိုတာ မမေ့သေးဘူးမလား။ သူလုပ်ခဲ့သမျှထဲမှာ ဘယ်တုန်းကများ ရှုံးခဲ့ဖူးလို့လဲ။ အခုလည်း သူက အကွက်ကြီးကြီးရွှေ့နေတာ"

"ဒါဆို ငါတို့တွေ ခရီးထွက်ရင်း ပွဲကြည့်ကြတာပေါ့"

"ဟားဟားဟား... ယုတ်မာတယ်နော်။ ဒါပေမဲ့ ငါကြိုက်တယ်"

************

All Chapters