← Chapters

ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ဖွဲ့စည်းပုံ

Vol. 21 Ch. 310

ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ဖွဲ့စည်းပုံ

Vol. 21 Ch. 310

"ချစ်လှစွာသောကျန်းမုန့်လောင်.. ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကုန်ကြမ်းသိပ္ပံကောလိပ်ရဲ့ ပေါ်လီမာကုန်ကြမ်းဌာနသို့ ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ပြုပါတယ်။ မာစတာဘွဲ့နဲ့ပါရဂူဘွဲ့တို့ရဲ့ ပူးတွဲပရိုဂရမ်က ငါးနှစ်ကြာမှာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သင့်ရဲ့သက်ဆိုင်ရာစာရွက်စာတမ်းများကို ယူဆောင်လာပြီး ၉လပိုင်း ၁ရက်နေ့မှာ အပ်နှံရေးလုပ်ငန်းစဉ်များ ပြီးစီးအောင် ဆောင်ရွက်ပေးပါ"

"နောက်ဆုံးတော့ ငါ့လက်ထဲရောက်လာပြီကွ"

ဝင်ခွင့်အကြောင်းကြားစာကို ကိုင်ထားရင်း ကျန်းမုန့်လောင်၏ မျက်နှာထက်ဝယ် တုံးအအနိုင်လှသော အပြုံးတစ်ပွင့် ရှိနေလေသည်။

"ဘာတွေများ ဒီလောက်ပျော်နေတာလဲ"

လုရီယောင်က ရယ်လိုက်၏။

"ကမ္ဘာ့အဆင့်မီတက္ကသိုလ်တွေဆီကနေ ဝင်ခွင့်အကြောင်းကြားစာတွေရတုန်းကတောင် နင် ဒီလိုပြုံးမနေပါဘူး။ ဟားဗတ်တက္ကသိုလ်ကဆိုရင် နင့်ကို ပါမောက္ခတောင် ခန့်ချင်ခဲ့တာလေ"

"အဲဒါတော့ မတူဘူးလေ။ ငါက အမိမြေရဲ့ကျောင်းတော်ကို သံယောဇဉ်ရှိတာကိုး"

ကျန်းမုန့်လောင်က သူ့ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ကျန်းမုန့်လောင်လို့ခေါ်တဲ့ တော်ဝင်ပညာရှင်တစ်ယောက်ရှိလာဖို့ ဘယ်လောက်မှမလိုတော့ဘူး"

"အိပ်မက်ဆက်မက်နေလိုက်။ တော်ဝင်ပညာရှင်ဖြစ်ဖို့ အဲလောက်မလွယ်ဘူး"

လုရီယောင်က တခစ်ခစ်ရယ်လိုက်လေသည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အဲဒီသင်္ချာပုစ္ဆာက အများဆုံးရှိလှ နင့်ကို သင်္ချာပါမောက္ခရာထူး ရသွားစေနိုင်ရုံပဲ"

"စောင့်ကြည့်နေလိုက်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"မင်းရဲ့ကောင်လေးက ကမ္ဘာ့အချမ်းသာဆုံးတင်မဟုတ်ဘူး။ အထက်မြက်ဆုံးဆိုလည်း ဟုတ်တယ်။ ကမ္ဘာ့အံ့ဖွယ်ကောင်းတဲ့ တီထွင်မှုတစ်ခုကို ငါ အချိန်မရွေးတီထွင်နိုင်တယ်"

"ဆက်ကြွားနေလိုက်။ ငါတော့ သီချင်းဆိုလေ့ကျင့်ဖို့ သွားတော့မယ်။ ဂီတကောလိပ်ရဲ့ ဘွဲ့လွန်စာမေးပွဲတွေနီးလာပြီ။ ငါ ကောင်းကောင်းပြင်ဆင်မှဖြစ်မယ်"

လုရီယောင်က စိုးရိမ်ပူပန်နေလေဟန်ဖြင့် ဆိုလာလေသည်။

"ငါ့အတွက် အဆိုပညာရှင်နှစ်ယောက် ရှာပေးထားတယ်လို့ နင်ပြောခဲ့တာမလား။ ဘယ်မှာလဲ"

လုရီယောင်က ရုတ်ခြည်းဆိုသလို မျှော်လင့်စောင့်စားခြင်းကြီးစွာဖြင့် မေးလိုက်သည်။

"မိန်းကလေးလု.. ဆရာနှစ်ယောက်က ရောက်နေပါပြီ"

ဟုန်းရီက လူနှစ်ယောက်နှင့်အတူ အထဲသို့ဝင်လာသည်။

"အာ..ဒါက.."

ဟုန်းရီ၏အနောက်ရှိ လူနှစ်ယောက်ကို မြင်လိုက်ရသောအခါ လုရီယောင်ခမျာ ချက်ချင်းမတ်တတ်ထရပ်လိုက်မိပြီးနောက် သူ(မ)၏အမူအရာကလည်း အတန်ငယ်အံ့ဩထိတ်လန့်သွားလေသည်။

"မစ္စတာဒိုမင်ဂို မက်ဒေါနား.. ခင်ဗျားတို့နှစ်ယောက်စလုံး ခရီးရှည်ကြီး နှင်လာရလို့ ပင်ပန်းနေလောက်ရောပေါ့"

ကျန်းမုန့်လောင်က သူတို့ကိုနှုတ်ဆက်ရန် မတ်တတ်ထရပ်လိုက်သည်။

"မစ္စတာကျန်း ခင်ဗျားက အရမ်းသဘောကောင်းတာပဲ။ ခင်ဗျားရဲ့ကိုယ်ပိုင်လေယာဉ်က အရမ်းသက်သောင့်သက်သာရှိလွန်းလို့ ကျုပ်တို့ တစ်လမ်းလုံး ‌ကောင်းကောင်းမွန်မွန်လိုက်လာခဲ့ရတာပါ။ လုံးဝမပင်ပန်းပါဘူး"

ကမ္ဘာပေါ်ရှိ ထိပ်တန်းအမျိုးသားအဆိုတော်သုံးဦးထဲမှ တစ်ဦးဖြစ်သော ဒိုမင်ဂိုနှင့် အီတလီနွယ်ဖွား အမေရိကန်အဆိုတော် မက်ဒေါနားတို့ပင်။ သူတို့တစ်ယောက်ချင်းစီက ကြီးမားလှသော လွှမ်းမိုးမှုနှင့် သက်ရောက်မှုတို့ရှိကြသော ကမ္ဘာ့အဆင့်မီအဆိုတော်များအဖြစ် ရပ်တည်ထားကြသူများပင်။

ကျန်းမုန့်လောင်က သူ(မ)ကိုသင်ပေးဖို့အတွက် အထင်ကြီးချင်စရာကောင်းသောသူများကို ဖိတ်ကြားလိမ့်မည်ဖြစ်ကြောင်း သူ(မ) သိထားသော်လည်း ဤဒဏ္ဍာရီလာအကျော်အမော်နှစ်ယောက် ရောက်လာလိမ့်မည်ဟုတော့ ထင်မထားချေ။

ဒိုမင်ဂိုနှင့် မက်ဒေါနားတို့မှာ အသက်အရွယ်မငယ်တော့သဖြင့် ဖျော်ဖြေရေးလောကထဲကထွက်ပြီး အေးအေးဆေးဆေးအနားယူနေကြပြီဖြစ်၏။

အထူးသဖြင့် နှစ်ပေါင်းများစွာကြာအောင် အနားယူထားသော ဒိုမင်ဂိုသည် ဂီတကောလိပ်ပေါင်းများစွာတွင် စာသင်ကြားပေးရန်လည်း ငြင်းဆိုထားသည်။

"နင် ဘယ်လောက်တောင်သုံးခဲ့တာလဲ"

လုရီယောင် တိုးတိုးလေးမေးလိုက်၏။

"မိန်းကလေးလု.. ရှက်မနေပါနဲ့။ ကျုပ်တို့ကလည်း ဒီလိုကိစ္စမျိုးကြောင့်နဲ့ ရှက်ကြောက်နေမှာမဟုတ်ပါဘူး"

ဒိုမင်ဂိုက တုံ့ပြန်ပြောဆိုလာသည်။

"ကျုပ်က ဖျော်ဖြေတာတို့ စာသင်တာတို့ မလုပ်တော့ဘူးဆိုပေမဲ့ မစ္စတာကျန်းကမ်းလှမ်းခဲ့တဲ့အရာက ကျုပ်မငြင်းနိုင်တဲ့အရာတစ်ခုပဲ။ ဒီနေ့ကစပြီး‌ နောက်နှစ်လအထိ မင်းရဲ့ဘွဲ့လွန်အင်တာဗျူးမပြီးမချင်း ကျုပ် မင်းကို အဆိုပိုင်းဆိုင်ရာတွေကို သင်ပေးသွားမှာပါ။ မစ္စတာကျန်းက ကျုပ်ကို အမေရိကန်ဒေါ်လာသန်းငါးဆယ်ပေးထားပါတယ်"

"ကျွန်မက မိန်းကလေးလုကို ခေတ်ပေါ်အဆိုပညာနဲ့ သီချင်းရေးစပ်သီဖွဲ့နည်းတွေကို သင်ပေးမှာပါ။ ကျွန်မရတဲ့ပမာဏက မစ္စတာဒိုမင်ဂိုထက်တော့ နည်းတာပေါ့"

မက်ဒေါနားက အပြုံးတစ်ပွင့်နှင့်အတူ ပြောလာလေသည်။ ဒိုမင်ဂိုကဲ့သို့သော ကြီးကျယ်မြင့်မြတ်လှသည့် အနုပညာရှင်တစ်ယောက်ရှေ့မှာ မည်သူကမှ "ဆရာ"ဟူသော ဂုဏ်ပုဒ်ကို ဝံ့ကြွားရဲမည်မဟုတ်ပေ။ မက်ဒေါနားပင် မလုပ်နိုင်ချေ။

"နင်ကတော့ တကယ်မယုံနိုင်စရာပဲ"

နှစ်လစာသင်ခန်းစာလေးအတွက်မျှပင် ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာသန်းတစ်ရာနီးနီးကို သုံးလိုက်လေသည်ဟု လုရီယောင် စိတ်ထဲကတွေးနေမိသည်။

"ငါ့ကောင်မလေးက အကောင်းဆုံးတွေနဲ့ပဲ ထိုက်တန်တယ်လေ"

ကျန်းမုန့်လောင်က ပြုံးလျက် ဆိုလိုက်လေသည်။

"ဆရာတို့.. ဒီကာလအတွင်း ကျွန်တော် ရီရီကို ဆရာတို့လက်ထဲအပ်ပါတယ်"

"စိတ်ချပါ မစ္စတာကျန်း… မိန်းကလေးလုရဲ့ဖျော်ဖြေမှုတွေကို ကျုပ်တို့ကြားဖူးပါတယ်။ သူ့မှာ ပါရမီရော ကိုယ်ပိုင်ဟန်ရောရှိတယ်။ သူ့ကို နှစ်လအတွင်း ကမ္ဘာ့အဆင့်မီအဆိုတော်တစ်ယောက် ဖြစ်လာအောင်လုပ်ပေးမယ်လို့တော့ ကတိမပေးနိုင်ပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘယ်ဂီတကောလိပ်ရဲ့ အင်တာဗျူးမှာမဆို ဒိုင်တွေတောင်မှ ဖြုံသွားအောင် လုပ်နိုင်စေရမယ်"

ဒိုမင်ဂိုက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"ဆရာတို့နှစ်ယောက်စလုံးက အဲ့လိုပြောနေတော့ ကျွန်တော်စိတ်ချပါပြီဗျာ"

"ဟုန်းရီ.. အကုန်ပြင်ဆင်ပြီးပြီလား။ ဆရာတွေရဲ့လိုအပ်ချက်နဲ့ နေရာထိုင်ခင်းတွေကိုလည်း သေချာဂရုစိုက်ပေးလိုက်ဦး"

"အကုန်အဆင်သင့်ဖြစ်ပါပြီ မစ္စတာကျန်း.. ဘေးဘက်က အဆောက်အဦးထဲမှာ အကုန်ရှိပါတယ်"

ဟုန်းရီက ပြန်ဖြေလေသည်။

"မိန်းကလေးလု.. ကျွန်မတို့ စကြတော့မလား"

မက်ဒေါနားက သဘောကောင်းစွာ အကြံပြုလာလေသည်။

"ဒါဆို သွားကြတော့မလား"

"ကံကောင်းပါစေ.. အနာဂတ်ရဲ့ဂီတနတ်ဘုရားမလုရေ"

ကျန်းမုန့်လောင်က ပျော်ရွှင်စွာအော်ပြောလိုက်သည်။

...

"ဟုန်းရီ…ငါ သုတေသနလုပ်ဖို့လိုတယ်။ ငါထွက်မလာမချင်း လာမနှောင့်ယှက်နဲ့နော်"

ကျန်းမုန့်လောင် ညွှန်ကြားလိုက်ချေသည်။

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ဟုန်းရီ အလွန်သိချင်မိသည်။ ဘွဲ့လွန်စာမေးပွဲလည်း ပြီးသွားပြီဖြစ်ရာ ကျန်းမုန့်လောင်က အခန်းထဲလော့ချပြီး ဘာတွေများ သုတေသနလုပ်နေသလဲ။ သို့သော် သူ(မ)အနေနှင့် မေးဖို့ မလိုအပ်ပေ။ သူ(မ)၏အလုပ်က သူ့ညွှန်ကြားချက်များကို နာခံရန်ပင်။

"ကောထန်.. ထူးရှယ်နတ်ဘုရားကျောင်းတော်ကို အသက်သွင်းပေး"

ကျန်းမုန့်လောင်က တံခါးပိတ်ပြီးပြီးချင် ပြောလိုက်၏။ ဤတစ်ခေါက်တွင် သူသည် စွမ်းအားအမှတ်၈၀၀ကို စုဆောင်းထားပြီးဖြစ်၏။

အရောင်အ‌သွေးစုံလင်လှသော ဖန်သားပြင်အလင်းရောင်ကို ဖြတ်သန်း၍ အံ့ဖွယ်ကောင်းသော ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ကျန်းမုန့်လောင် ထပ်ရောက်လာခဲ့ပြန်သည်။

"ကျောင်းအုပ်ကြီး.. နောက်ဆုံးတော့ရောက်လာပြီပဲ"

"ကျောင်းအုပ်ကြီး.. ခင်ဗျားမလာတာ တစ်လတောင်ကျော်ပြီ။ ကျွန်တော်တို့မှာ ငတ်သေတော့မလို့"

သူ ကျောင်းတော်ထဲသို့ ခြေချရုံသာ ရှိသေးသော်ငြား ပုံရိပ်သုံးခုကမူ ကျန်းမုန့်လောင်၏ခြေထောက်နားကို အပြေးရောက်ချလာသည်။

"သောက်ကျိုးနည်း ငါ သူတို့ကို ကျွေးမွေးဖို့မေ့သွားပြီ"

နောက်ဆုံးတစ်ခေါက် သူ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ဝင်လာပြီး ဆရာယဲ့ချိုးကို ဆင့်ခေါ်ပြီးကတည်းက ဤနေရာသို့ မရောက်ဖြစ်ခဲ့ကြောင်း ကျန်းမုန့်လောင် မှတ်မိလိုက်သည်။

"ကျောင်းအုပ်ကြီး.. ကျွန်တော် ခင်ဗျားရဲ့အဆုံးအမတွေကို စိတ်ထဲမှာမှတ်သားထားပြီး ကျောင်းတော်ထဲက ဘာကိုမှမစားခဲ့ဘူးနော်။ ဒါပေမဲ့ ခင်ဗျား ကျွန်တော်တို့ကို လျစ်လျူရှုထားလို့မဖြစ်ဘူးလေ"

"ဟားဟားဟား ကျွန်တော့်အမှားပါ။ တောင်းပန်ပါတယ်"

ကျန်းမုန့်လောင်လည်း ခပ်မြန်မြန်ပင် ကျောင်းထဲကထွက်လာခဲ့လိုက်ပြီးနောက် စူပါမားကတ်မှ အထုပ်ကြီးတစ်ထုပ်ကို သယ်လာခဲ့လိုက်သည်။

"ရှလွတ် ရှလွတ်"

"အရသာရှိလိုက်တာ"

"အမလေး ဒါက အရမ်းအရသာရှိတာပဲ။ ဒီလိုအရသာရှိတဲ့အရာမျိုး ရှိလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ဒါကို အသင့်စားခေါက်ဆွဲလို့ခေါ်တာလား ကျောင်းအုပ်ကြီး"

"ဒီဟော့ပေါ့ကလည်း မဆိုးဘူးနော်"

"ပြီးတော့ ဒီနို့လက်ဖက်ရည်ရောပဲ။ ဒီအလုံးလေးတွေက တကယ့်ပုလဲလား"

ဆရာသုံးယောက်မှာ ဗိုက်ကားသည်အထိ စားနေကြသော်လည်း ကျန်းမုန့်လောင်ကတော့ သူတို့ကို အာရုံမစိုက်ချေ။ သူ ဆရာဆယ်ယောက်ကို ဆင့်ခေါ်လိုက်ပြီးသည်နှင့် လုပ်ဆောင်ချက်အသစ်တစ်ခု ပွင့်မည်ဖြစ်ကြောင်း ကောထန်က သူ့ကိုပြောထားသည်။

ယခုအချိန်တွင် ကျန်းမုန့်လောင်၌ စွမ်းအားအမှတ်၈၀၀ရရှိထားပြီဖြစ်၏။

"ကောထန်.. ငါ့အတွက် ဆရာခုနစ်ယောက်ကို လော့ဖွင့်ပေး"

"လော့ဖွင့်ခြင်းစတင်ပါပြီ"

ရုတ်ခြည်းပင် ကောင်းကင်ထက်၌ လေပြင်းများနှင့် တိမ်တိုက်များ လိပ်တက်လာချေသည်။ သမုဒ္ဒရာကြီးကလည်း တဟုန်းဟုန်းအော်ဟစ်လျက် လှိုင်းထန်နေပြီးနောက် အလင်းခုနစ်ဖြာက ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။ ထိုအလင်းတန်းများအကြားမှ ယောကျ်ားနှင့်မိန်းမအများအပြား ဖြည်းဖြည်းချင်းထွက်လာလေသည်။

"ချန်ဖုန်း ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"

"နျဲ့ရှောင်ချန်း ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"

"ယန်းချီရှား ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"

"ကျုံးဟွားရှောင်ထန်ကျား ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"

"ရှုန်းပါ့ ကျောင်းအုပ်ကြီးကိုအရိုအသေပေးပါတယ်"

"ဝူရှင်းယွင် ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"

"ဖုန်းချင်းယန် ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"

"သောက်ကျိုးနည်း.. တကယ့်ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေအများကြီး ဘယ်လိုလုပ်ရောက်လာတာလဲ"

ကျန်းမုန့်လောင်လည်း တအံ့တဩရေရွတ်မိလေတော့သည်။ ချန်ဖုန်းက ဝူရှဝတ္ထုများဖတ်ဖူးသူတိုင်း သို့မဟုတ် ဝူရှဇာတ်လမ်းများ ကြည့်ဖူးသူတိုင်း သေချာပေါက်မှတ်မိကြမည့် ဇာတ်ကောင်တစ်ယောက်ပင်။

နျဲရှောင်ချန်းနှင့် ယန်းချီရှားတို့ကမူ "တရုတ်သရဲဇာတ်လမ်း"ထဲမှ ဇာတ်ကောင်များဖြစ်ကြပြီး ကျုံးဟွားရှောင်ထန်ကျားကမူ ချက်ပြုတ်ရေးအထူးစွမ်းရည်ကို ပိုင်ဆိုင်ထားသော စားဖိုမှူးတစ်ယောက်ပင်။ ရှုန်းပါ့က "ဖုန်းယွင်"ထဲမှ ဩဇာလွှမ်းမိုးမှုရှိသော ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဝူရှင်းယွင်ကတော့ "နတ်တစ်ပိုင်း မိစ္ဆာတစ်ပိုင်း"ထဲက ကလေးဧကရီတစ်ပါး၏ အမည်ရင်းဖြစ်ကာ ဖုန်းချင်းယန်ကမူ တုဂူကိုးတောင်ဓားအတတ်ပညာတွင် ကျွမ်းကျင်သူဖြစ်၏။

ဤတစ်ခေါက်တွင်မူ သိုင်းလောကထဲက ဇာတ်ကောင်များစွာ ပေါ်ထွက်လာခဲ့သည်။

"ဆရာခုနစ်ယောက်ကို ထပ်ဖြည့်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ကျောင်းအုပ်ကြီး"

ကောထန်၏အသံက ကျန်းမုန့်လောင်၏နားထဲ ထွက်ပေါ်လာသည်။

"အခု ပြင်ပကျောင်းသားတွေကို ကျောင်းအပ်လက်ခံလို့ရပါပြီ။ ပထမစာသင်နှစ်အတွက် ဆယ်ယောက်စာပဲ လက်ခံမှာပါ"

"ကျောင်းအုပ်ချုပ်ရေးစနစ်ဖွဲ့စည်မှု ပြီးမြောက်ပါပြီ။ ကျောင်းအုပ်ကြီး.. ကျောင်းအုပ်ချုပ်ရေးရာထူးတွေနဲ ကျောင်းတော်ဌာနတစ်ခုချင်းစီအလိုက် ဌာနမှူးရာထူးတွေကို ကိုယ်တိုင်သတ်မှတ်နိုင်ပါပြီ"

"ဝိုး"

ကျန်းမုန့်လောင် မျက်လုံးပြူးသွားရသည်။ ဤကျောင်းက ပြင်ပကျောင်းသားများကို စတင်လက်ခံတော့မည်တဲ့လား။ ထိုသဘောမှာ ပြင်ပရှိ လူများကို အသိပညာနှင့် အတတ်ပညာများကို သင်ယူနိုင်စေရန်အတွက် ဤထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ သူ ခေါ်လာနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။ ဤသည်မှာ မြေကမ္ဘာတုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခုပင်။

ကျန်းမုန့်လောင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ပထမစာသင်နှစ်အတွက် ဆယ်နေရာသာ ရှိလေရာ ဂရုတစိုက်ရွေးချယ်မှ ဖြစ်ပေလိမ့်မည်။ တွေ့ကရာလူကို ကျောင်းထဲသို့ ခေါ်လာ၍မဖြစ်ချေ။

ထို့ပြင် ရာထူးခန့်အပ်ရေးနှင့်ပတ်သက်ပြီး သူ သေချာစဉ်းစားတွေးခေါ်ရန် လိုအပ်ပေသည်။

**************

All Chapters