ဆရာတို့ ရန်မဖြစ်ကြပါနဲ့
Vol. 21 Ch. 311
ကျန်းမုန့်လောင်လည်း ယခုအချိန်ထိ ကျောင်းသားကောင်စီမှာ ဌာနမှူးအဆင့်လောက်အထိသာ ရာထူးအကြီးဆုံး ယူခဲ့ဖူးသည်။ ကျောင်းတစ်ကျောင်း၏စနစ်ကို ဘယ်လိုတည်ဆောက်ရမလဲဆိုသည်ကို သူ လုံးဝနားမလည်ပေ။ ကံကောင်းချင်တော့ ဤအချက်အလက်အားလုံးကို အွန်လိုင်းပေါ်တွင် ရှာလို့ရပေသည်။
"နျဲ့ရှောင်ချန်း.. မင်း အခုထိ ဒီနေရာမှာ ရှိနေတုန်းပဲကိုး။ ဒီနေ့ ငါ မင်းကို ဘယ်လိုလက်စတုံးပြမလဲဆိုတာ ကြည့်နေလိုက်"
ကျန်းမုန့်လောင်တစ်ယောက် ကျောင်းစနစ်အကြောင်း စဉ်းစားနေခိုက် ယန်းချီရှားက သူ့အဖိုးတန်ဓားနှင့်အတူ နျဲ့ရှောင်ချန်းဆီသို့ ရုတ်တရက်ပြေးဝင်သွားပေသည်။
"ယန်းချီရှား.. နင်ချိုက်ချန်နဲ့ငါက အချစ်စစ်နဲ့ ချစ်နေကြတာပါ။ အခု အနက်ရောင်တောင်တန်းမိစ္ဆာအိုကြီးကလည်း ငါတို့ကိုမတားမြစ်တော့ဘူး။ နင်က ငါတို့ကို ဘာလို့ခွဲချင်ရတာလဲ"
မြို့များနှင့် တိုင်းပြည်များကို ပြိုလဲစေခဲ့သူ နျဲ့ရှောင်ချန်း၏မျက်နှာထက်တွင် ဝမ်းနည်းနေသော အငွေ့အသက်တစ်ခု ယှက်သန်းနေပြီးနောက် သူ(မ)ကလည်း မီတာတစ်ဆယ်ကျော်အထိ နောက်ပြန်ဆုတ်ကာ ယန်းချီရှား၏ ချီစွမ်းအင်ဓားသွားကို ရှောင်လိုက်၏။
"လူသားဆိုတာက လူသားပဲ။ သရဲတစ္ဆေဆိုတာက သရဲတစ္ဆေပဲ။ နဂါးနဲ့ကျားကို ပန်းချီဆွဲတဲ့အခါမှာ အရိုးတွေကိုထည့်ဆွဲဖို့ ခက်ခဲတယ်။ လူသားနဲ့ သရဲတစ္ဆေဆိုတာက မတူညီတဲ့လမ်းကြောင်းတစ်ခုပဲ။ ဒီစည်းမျဉ်းကို မင်း နားမလည်ဘူးလား။ တာအိုကျင့်ကြံတဲ့ ငါတို့က ကမ္ဘာပေါ်က ဒီလိုအခြေအနေမျိုးကို ခွင့်ပြုပေးလို့မဖြစ်ဘူး။ သေပေတော့"
လျှပ်တစ်ပြက်အတွင်းမှာပင် ရင်ပြင်တစ်ခုလုံး ဓားသွားချီစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားလေတော့သည်။ မလှမ်းမကမ်းက ကြည့်လျှင်ပင် ထိုဓားသွားချီစွမ်းအင်၏ စွမ်းအားကို ကျန်းမုန့်လောင် ခံစားမိသည်။ ယဲ့ရင်ပင်လျှင် ယန်းချီရှား၏ဓားသွားချီစွမ်းအင်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်။
ဤဇာတ်အိမ်တွင် ယန်းချီရှား၏ကမ္ဘာမှာ တစ္ဆေနတ်ဘုရားစနစ်ရှိထားပြီးဖြစ်သောကြောင့် ထိုကဲ့သို့သောစွမ်းအားမျိုးမှာ စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။
ယခုမူ ကျန်းမုန့်လောင်၏ဘေးနားတွင် အကာအကွယ်ပေးမည့် ယဲ့ရင်က ရှိမနေသောကြောင့် ဤနေရာတွင် ဓားသွားချီစွမ်းအင်ဖြင့် ထိမိပါက ကျန်းမုန့်လောင် ကိစ္စတုံးရလိမ့်မည်သာ။
"ကျောင်းအုပ်ကြီး… စိတ်ပူဖို့မလိုပါဘူး။ လက်စွပ်ရှိနေရင် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှာ ဘယ်အရာကမှ ကျောင်းအုပ်ကြီးကို အန္တရာယ်မပေးနိုင်ပါဘူး"
ဆရာတိုနီက အသင့်စားခေါက်ဆွဲပြုတ်ဟင်းရည်ကို စုပ်သောက်ရင်း ပြောလိုက်လေသည်။
"ဒီနှစ်ယောက်က အမြဲတမ်း ဒီလိုပဲဖြစ်နေတာလား"
ကျန်းမုန့်လောင် မေးလိုက်မိ၏။
"အမြဲဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ"
တိုနီက ပြောသည်။
"သူတို့က ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှာ တအားပျင်းနေကြတာလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်။ ကျွန်တော်တို့ဆရာတွေက ဒီနေရာမှာ မသေနိုင်ဘူးဆိုတာကို ယန်းချီရှားလည်း သိပါတယ်။ ကျွန်တော့်အထင်တော့ သူက အချိန်ကုန်အောင် လုပ်နေတာလို့ထင်တာပဲ"
"ထူးဆန်းတဲ့အတွဲတစ်တွဲတော့ ထပ်တိုးလာပြီပေါ့"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"နင်ချိုက်ချန်က ဘယ်မှာလဲ"
"အရင်ကျောင်းအုပ်ကြီးက သူ့ကို အသုံးမဝင်ဘူးလို့ထင်တဲ့အတွက် ခေါ်မလာခဲ့ပါဘူး"
"တော်တော်လက်တွေ့ဆန်တာပဲ"
"ဟေး ဟေး ဟေး ဘာလုပ်နေတာလဲ။ ငါ့စပိုင်စီတွေနဲ့ နို့လက်ဖက်ရည်ကို ခိုးနေတာပေါ့။ အဲဒါ ကျောင်းအုပ်ကြီးပေးတာကွ။ ကျောင်းအုပ်ကြီး ဒေါသထွက်မှာမကြောက်ဘူးလား"
တာခုမိဖူဂျီဝါရက သူ့စားစရာများကို ကာကွယ်စောင့်ရှောက်နေချိန်ဝယ် အနီရောင်နှင့်အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားသော ကောင်လေးကမူ သူ့လက်ထဲရှိ စားစရာများကို စူးစမ်းလိုစိတ်ဖြင့် ငေးကြည့်နေရှာသည်။
"ကျွန်တော်က ဒီအတိုင်းလေ့လာနေတာပါ။ ဒီလိုထူးဆန်းတဲ့အစားအစာမျိုးကို တစ်ခါမှမမြင်ဖူးလို့"
ကျုံးဟွားရှောင်ထန်ကျားက ပြောလိုက်၏။
"ဒီအစားအသောက်အတွက် ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်နည်းကို ကျွန်တော်သိရတဲ့အခါ နောက်နောင်ကျရင် ကျောင်းတော်ထဲမှာပဲ ကိုယ့်ဘာသာစိုက်ပျိုးလို့ရပြီလေ။ ဒီတော့ ကျောင်းအုပ်ကြီးကိုလည်း ကျွန်တော်တို့အတွက် အစားအသောက်ယူလာပေးခိုင်းစရာမလိုတော့ဘူး"
"သဘောကိုတော့နားလည်ပါတယ်။ ဒါပေမဲ့ မင်းက ဘာလို့သွားရည်ကျနေတာလဲ။ အနားကိုကပ်မလာနဲ့"
...
"ဟမ့်.. ဂျူနီယာတစ်သိုက်ပဲ။ ဒါကသာ ငါ့ကမ္ဘာဆိုရင် သူတို့ကို ယွမ်တစ်ကျော့ပြန်စွမ်းအားနဲ့ သူတို့ကို သေချာပေါက်ရိုက်ပစ်မိမှာ"
"ဟားဟားဟား..အကြီးအကဲရှုန်း ခင်ဗျားက အရင်အတိုင်း စိတ်ကြီးတုန်းပဲကိုး"
ဖုန်းချင်းယန်က ထိုမြင်ကွင်းကို အေးတိအေးစက်ထိုင်ကြည့်နေပေသည်။
"စုန်းမအိုကြီး ခင်ဗျားနဲ့ဆိုင်လို့လား"
"ဘာပြောလိုက်တယ်။ ထပ်ပြောစမ်းပါ"
ဝူရှင်းယွင်၏မျက်နှာကား အမူအရာပြောင်းလဲသွားပေသည်။ သူ(မ)က စုန်းမအိုကြီးဟု အခေါ်ခံရခြင်းကို အမုန်းဆုံးပင်။
"စုန်းမအိုကြီးလို့ပြောလိုက်တာ။ နှစ်တစ်ရာကျော်ကြာပြီးတာတောင် နေ့တိုင်း အပျိုစင်လေးလို ဝတ်စားနေတုန်းပဲ။ မရှက်ဘူးလား
"ရှုန်းပါ့.. ငါ့လင်ကျူးနန်းတော်ရဲ့သိုင်းပညာက နင့်ရဲ့ယွမ်တစ်ကျော့ပြန်စွမ်းအားနဲ့ မယှဉ်နိုင်ဘူးလို့များ ထင်နေတာလား"
"ဟားဟားဟား ငါက အကြီးအကဲထုံးလော်ရဲ့ အနှိုင်းမဲ့အချုပ်အခြာရှစ်သွယ်အစွမ်းကို ခံစားကြည့်ချင်နေတာကြာပြီ"
"ဒါဆို ဟိုဘက်ကိုသွားပြီး တိုက်ခိုက်ရအောင်"
...
"အာ.. ဒီလူတွေက ဆယ်စုနှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရတာဆိုတော့ သူတို့တွေအကုန်ပျက်စီးကုန်ကြပြီထင်တဘ်"
ဖုန်းချင်းယန်က ရှုပ်ယှက်ခတ်နေသော ထိုမြင်ကွင်းကိုကြည့်ရင်း ခေါင်းတခါခါလုပ်လိုက်သည်။
"အစ်ကိုဖုန်း ကျွန်တော်တို့ အတူသောက်ကြမလား"
"ဟားဟား ကောင်းတာပေါ့"
...
"ဒီသောက်ကျိုးနည်းနေရာကြီးက ကျောင်းနဲ့ လုံးဝမတူတော့ဘူး"
ကျန်းမုန့်လောင်က ရှုပ်ယှက်ခတ်နေသော ထိုမြင်ကွင်းကို ကြည့်လိုက်လေသည်။ တကယ့်ကျောင်းသားများ ရောက်လာခဲ့လျှင်ပင် ဤမြင်ကွင်းကိုမြင်အပြီး လန့်ပြေးကုန်ကြမည်ဖြစ်၏။
"အားလုံးပဲ ငြိမ်ငြိမ်နေကြ"
ကျန်းမုန့်လောင် အော်ဟစ်ပစ်လိုက်သည်။ ထိုအခိုက်ဝယ် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကမ္ဘာကြီးက စွမ်းအားတချို့ဖြင့် ချည်နှောင်လိုက်သလိုဖြစ်သွားပြီး ဆရာများအားလုံးကို နေရာမှာတင် လှုပ်မရအောင် ချုပ်ထားလိုက်လေတော့သည်။
"နောက်ထပ်ရန်ဖြစ်တဲ့လူတွေ ငါ့ဆီက မိုးကြိုးပစ်တာကို ခံရလိမ့်မယ်"
"ဟီးဟီးဟီး..ကျောင်းအုပ်ကြီး ကျွန်တော်တို့က ဒီအတိုင်းလျှောက်နောက်နေတာပါ"
ယန်းချီရှားက သူ့ယွမ်တစ်ကျော့ပြန်စွမ်းအားကို မြန်မြန်ပြန်ရုပ်သိမ်းလိုက်သည်။
"ဟားဟားဟား ကျောင်းအုပ်ကြီး.. ဆရာဝူနဲ့ ကျွန်တော်က လက်ရည်ချင်းယှဉ်နေရုံပါ။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက တော်တော်ကောင်းပါတယ်"
ရှုန်းပါ့က အားရပါးရရယ်မောလိုက်ပြီးနောက် အစောပိုင်းက မာန်မာနဝင့်ထည်မှုတို့ လုံးဝကင်းစင်ပပျောက်သွားချေပြီ။
"ကျောင်းအုပ်ကြီး.. နောက်မှ ကျွန်မ ရှင့်ရုံးခန်းကိုလာပြီး နှိပ်နယ်ပေးဦးမယ်။ ကျွန်မက နှိပ်ပေးတာ ကျွမ်းတယ်လေ"
နျဲ့ရှောင်ချန်းက ကျန်းမုန့်လောင်ထံသို့ ကလူ၏သို့မြှူ၏သို့အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီးနောက် "ကျွမ်းကျင်"ဟူသော စကားကို အသားပေးပြီး ဖိပြောလိုက်သေးသည်။
"အဟမ်း"
ကျန်းမုန့်လောင် လည်ချောင်းရှင်းလိုက်သည်။
"မိန်းကလေးနျဲ့ ဒါက စာသင်ကျောင်းပါ။ ဒီလိုပေါ့ပြက်ပြက်နိုင်တဲ့စကားမျိုးကို လူကြားထဲမှာ ဘယ်လိုလုပ်ပြီးပြောရဲရတာလြ။ မှတ်ထားနော်… ခင်ဗျားက ဆရာမတစ်ယောက်ပဲ။ နောက်နောင် ငါ့ရုံးခန်းကိုလာတဲ့အခါ ငါ မင်းကို အတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးမှဖြစ်တော့မယ်"
"ကျောင်းအုပ်အသစ်ကလည်း ရာဂကြီးတာပဲ"
"တကယ်နော်။ သူ့အဘိုးနဲ့အဖေလိုပဲ"
"ကျစ် ကျစ် ကျစ် ဘမျိုးဘိုးတူလေ"
ဆရာများက ချက်ချင်းဆိုသလို အချင်းချင်းတီးတိုးပြောနေကြလေတော့သည်။
"ကောင်းပါပြီ တိတ်တိတ်နေကြ"
ကျန်းမုန့်လောင်၏ အမူအရာကား လေးနက်သွားပေသည်။
"ငါတို့ ကျောင်းသားတွေကို စတင်လက်ခံရတော့မှာမို့လို့ ကျောင်းဆိုတာ စည်းစနစ်တကျဖြစ်သင့်တယ်။ ဒီလိုဖရိုဖရဲဖြစ်နေတာမျိုးတွေ ဆက်ဖြစ်နေလို့မရဘူး"
ဆရာများအားလုံး ငြိမ်ကျသွားပြီးနောက် ကျန်းမုန့်လောင်၏စကားများကို အာရုံတစိုက်နားထောင်နေကြသည်။
"အခု ငါတို့မှာ ဆရာဆယ်ယောက်ပဲရှိသေးတယ်ဆိုပေမဲ့ စနစ်တကျတော့ ဖွဲ့စည်းရမှာပဲ"
ကျန်းမုန့်လောင်က ဆိုလိုက်သည်။
"နျဲ့ရှောင်ချန်း.. အခုကစပြီး ခင်ဗျားက ကျောင်းအပ်လက်ခံရေးဒါရိုက်တာဖြစ်သွားပြီ။ ကျောင်းသားတွေ ကျောင်းလာတဲ့အခါ သူတို့ကို ကျောင်းအပ်လက်ခံပေးရမယ်"
"ဒါရိုက်တာတဲ့လား။ ရာထူးကမြင့်သလိုပဲ"
နျဲ့ရှောင်ချန်းက ကျန်းမုန့်လောင်၏အနောက်မှ သရဲတစ်ကောင်လို ပေါ်လာချေသည်။ နူးညံ့အိစက်နေသော သူ(မ)၏လက်ဖဝါးနှစ်ဖက်က သူ့ပါးပြင်ကို အသာအယာပွတ်သပ်နေသဖြင့် သူ့ခမျာ ကြက်သီးမွေးညင်းပင် ထသွားရသည်။
"တိုနီ.. ခင်ဗျားက စက်ကိရိယာဌာနရဲ့ခေါင်းဆောင် လုပ်ရမယ်။ အလားတူအရည်အချင်းမျိုးနဲ့ ဆရာတွေရောက်လာရင် ခင်ဗျားကပဲ သူတို့တွေအကုန်လုံးကို အုပ်ချုပ်ပေးရမယ်"
"ရှောင်တန်ကျား… အခုကစပြီး ကျောင်းတော်ရဲ့စားသောက်ဆိုင်ကို မင်း တာဝန်ယူလိုက်တော့"
"တာခုမိဖူဂျီဝါရ.. ခင်ဗျားကတော့ မော်တော်ကားဌာနရဲ့ ခေါင်းဆောင်ပဲ"
"ယဲ့ချိုး..ခင်ဗျားက Esportsဌာနရဲ့ခေါင်းဆောင်"
"ယန်းချီရှား.. ခင်ဗျား တစ္ဆေအမဲလိုက်ရေးဌာနရဲ့ခေါင်းဆောင်"
"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ကျောင်းမှာ တစ္ဆေအမဲလိုက်ဌာနလို့ မရှိပါဘူး"
"ငါရှိတယ်ဆိုရင် ရှိတယ်ပေါ့"
ကျန်းမုန့်လောင်၏စကားအဆုံးတွင် ကြီးမားပြီး အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အဆောက်အအုံကြီးတစ်ခုက ဖြည်းဖြည်းချင်းထွက်ပေါ်လာလေသည်။ တစ္ဆေအော်ဟစ်သံများကလည်း ကျောင်းဆောင်ထဲမှ ထွက်ပေါ်နေချေသည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ယန်းချီရှားခမျာ အပျော်လုံးစို့နေချေသည်။ ဌာနခွဲတစ်ခု၏ခေါင်းဆောင်ရာထူးမှာ ကျောင်းအုပ်ကြီး၏အောက်မှာ အာဏာအရှိဆုံးပင်။
"သိုင်းပညာကျောင်းဆောင်ရဲ့ခေါင်းဆောင်က…"
ဖုန်းချင်းယန်၊ ရှုန်းပါ့နှင့် ဝူရှင်းယွင်တို့ကို ကျန်းမုန့်လောင် တစ်ချက်ကြည့်ကြည့်လိုက်သည်။
တစ်ယောက်ချင်းစီက ကျန်းမုန့်လောင်ကို မျှော်လင့်ချက်များ တောက်လောင်နေသော အကြည့်များဖြင့် ငေးကြည့်နေကြပြီး သိုင်းပညာကျောင်းတော်၏ခေါင်းဆောင် ဖြစ်ချင်နေကြပေသည်။
"ကျောင်းအုပ်ကြီး ကျုပ် လုပ်ပါရစေ။ ကျုပ်က ကမ္ဘာ့အဖွဲ့အစည်းကြီးကိုတောင် ဆယ်စုနှစ်များစွာ စီမံခဲ့တာပါ။ ဒီကျောင်းဆောင်ကို သေချာပေါက်အုပ်ချုပ်ပေးနိုင်ပါတယ်"
"ခင်ဗျားက နေရာတကာပါနေတာပဲ"
ဝူရှင်းယွင်က ဦးစွာကန့်ကွက်လာပေသည်။
"ကျွန်တော်က ပြောင်းမြန်တောင်ထိပ် လင်ကျူးနန်းတော်ရဲ့အရှင်သခင်ပါ။ လှိုဏ်ဂူသုံးဆယ့်ခြောက်ခုနဲ့ ကျွန်းစုခုနစ်ဆယ့်နှစ်ခုကလည်း ကျွန်တော့်အမိန့်အောက်မှာပါပဲ။ ကျောင်းတစ်ကျောင်းကို အုပ်ချုပ်ရတာက ကျွန်တော့်အတွက်တော့ အလွယ်လေးပါ"
"မင်းတို့နှစ်ယောက်ကတော့..သူဖုန်းစားဂိုဏ်းကမှ ကမ္ဘာပေါ်မှာ အကြီးဆုံးဂိုဏ်းပဲ။ အရွယ်အစားအကြောင်း ပြောကြကြေးဆိုရင် ငါတို့သူဖုန်းစားဂိုဏ်းကို ဘယ်သူမှလာမယှဉ်နိုင်ဘူးမလား"
"ဟမ့်.. ဒီနေ့ခေတ်လူငယ်တွေများ ရိုင်းပျကုန်ကြပြီ။ ငါဆိုတဲ့ ဖုန်းချင်းယန်က တောထွက်သွားခဲ့ပေမဲ့ သာမညောင်ညမဟုတ်ဘူးနော်။ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင် လူလေးစားခံရဖို့ သိုင်းစွမ်းရည်လုံလုံလောက်လောက်ရှိရမှာပေါ့။ မဟုတ်ဘူးလား"
"ဟားဟားဟား ဒါဆို ခင်ဗျားပြောချင်တာက ကျုပ်တို့တွေ တိုက်ခိုက်ကြရမယ်ပေါ့"
"တိုက်ကြတာပေါ့။ ငါဆိုတဲ့ရှုန်းပါ့က ဘယ်သူ့ကိုမှမကြောက်ဘူး။ ငါ့ရဲ့ယွမ်တစ်ကျော့ပြန်စွမ်းအားအကြောင်းပဲ မင်းတို့သိထားကြတာ။ ဒါပေမဲ့ အဆင့်မြင့်သိုင်းပညာခန္ဓာကိုယ်တစ်ခုလည်း ငါ့မှာရှိတယ်ကွ"
"ဟမ့်! အတွင်းအားကို နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ထားရတာကွ။ မင်းတို့တွေလောက်ကတော့ မယှဉ်နိုင်ဘူးလို့ ထင်နေတာလား"
"ငါ့ရဲ့တုဂူကိုးသွယ်ဓားက ကမ္ဘာပေါ်က သိုင်းပညာတွေအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတယ်။ မင်းတို့ထဲက ဘယ်သူကများ ငါ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"
"ဘွန်း"
"နဂါးဆယ့်ရှစ်ကောင်နှိမ်နင်းရေးလက်ဝါးသိုင်း"
"ပိုင်ယွင်လက်ဝါးသိုင်း"
"ရှောင်ဝူရှန်းကုန်"
"တုဂူကိုးသွယ်ဓား.. ချီဖျက်ဆီးရေးလက်ရာ"
"သောက်ကျိုးနည်း..သူတို့တွေ ပြန်ချနေကြပြန်ပြီ"
ကျန်းမုန့်လောင် အော်လိုက်ရပြန်သည်။
"ဆရာတို့.. ရန်မဖြစ်ကြပါနဲ့"
**********