← Chapters

ကျုပ်ရဲ့စည်းစိမ်တွေနဲ့ အခွန်ရှောင်လို့ရမလား

Vol. 21 Ch. 312

ကျုပ်ရဲ့စည်းစိမ်တွေနဲ့ အခွန်ရှောင်လို့ရမလား

Vol. 21 Ch. 312

"ဟားဟားဟား.. ဒီလိုဆိုရင်ရော.. ငါ့ရဲ့ယွမ်တစ်ကျော့ပြန်စွမ်းအားက အလှပြရုံသက်သက်မဟုတ်ဘူးနော်"

ရှုန်းပါ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် လေထဲတွင် ပျံဝဲနေပြီး အပြာဖျော့ဖျော့စွမ်းအင်စီးကြောင်းကလည်း သူ့ကို ဝိုင်းရံထားလေရာ ဩဇာအာဏာကြီးမားပုံပေါက်သည်။

ချန်ဖုန်း၊ ဝူရှင်းယွင်နှင့် ဖုန်းချင်းယန်တို့အားလုံးမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။

သူတို့သုံးယောက်စလုံးက သန်မာကြသည်ဆိုသော်ငြား သူတို့လာခဲ့သည့်ကမ္ဘာက သာမန်သိုင်းလောကတစ်ခုသာဖြစ်ပြီး ဖုန်းယွင်ကမူ အဆင့်မြင့်သိုင်းလောကမှ လာခဲ့သူဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် ကမ္ဘာ့အဆင့်အတန်းကပင် ကွာဟနေချေသည်။

သိုင်းပညာရှင်တစ်သိုက်က ကျင့်ကြံရေးနယ်ပယ်ထဲသို့ ခြေချနေပြီဖြစ်သော လူတစ်ယောက်ကို မည်သို့နှယ်ယှဉ်ပြိုင်နိုင်မလဲ။

"ဟမ့်"

သူတို့စိတ်ထဲတွင်မူ လက်မခံချင်သော်လည်း သူတို့သည် သူ့ကို မယှဉ်နိုင်ကြပေ။ ထို့ကြောင့် ဝူရှင်းယွင်နှင့် အခြားလူများလည်း မတတ်သာဘဲ အရှုံးကိုဝန်ခံလိုက်ရလေ၏။

"ကောင်းပြီလေ။ ဆရာရှုန်းပါ့က နိုင်သွားပြီဆိုတော့ ဒီနေ့ကစပြီး ဆရာရှုန်းပါ့က သိုင်းပညာကျောင်းဆောင်ရဲ့ ခေါင်းဆောင်ဖြစ်ပြီ"

ကျန်းမုန့်လောင်က ကြေညာချက်ထုတ်လိုက်၏။

"ချန်ဖုန်းနဲ့ ဖုန်းချင်းယန်တို့နှစ်ယောက်ကတော့ လက်ထောက်ခေါင်းဆောင်တွေလုပ်ရမယ်"

"ကျွန်မကရော"

ဝူရှင်းယွင်ခမျာ ချက်ချင်းဆိုသလို စိုးရိမ်သောကရောက်သွားလေသည်။

ကျန်းမုန့်လောင် ခပ်ဖွဖွပြုံးလိုက်၏။ သူ့တွင် အစီအစဉ်ရှိပြီးသားပင်။ စည်းကမ်းတင်းကျပ်တတ်သော ဝူရှင်းယွင်ကို ပညာရေးမှူးရာထူးမပေးပါက အရည်အချင်းများကို ဖြုန်းတီးရာကျပေလိမ့်မည်။ သူ(မ)၏စံချိန်စံနှုန်းနှင့်ဆိုလျှင် ကျောင်းသားများကို ပညာပေးရာ၌ အလွန်ထိရောက်ပေလိမ့်မည်။

"ဆရာဝူရှင်းယွင်..ခင်ဗျားက ပညာရေးမှူးရာထူးကို ယာယီတာဝန်ယူရမယ်။ ကျောင်းသားတွေအားလုံးရဲ့ ကိုယ်ကျင့်တရား၊ အသိဉာဏ်၊ ကိုယ်ကာယပိုင်းဆိုင်ရာနဲ့ အနုသုခမဆိုင်ရာကိစ္စတွေအားလုံးကို ခင်ဗျားစီမံကြီးကြပ်ရမယ်"

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

ဝူရှင်းယွင် အပျော်လုံးစို့သွားလေသည်။ ကျောင်းတော်၏ခေါင်းဆောင်ရာထူးကို မရလိုက်သော်လည်း ပညာရေးမှူးရာထူးမှာ ခေါင်းဆောင်ရာထူးထက် မနိမ့်ကျဟန်ပင်။

"အခု လူတိုင်းလည်း ကိုယ့်ရာထူးနဲ့ကိုယ် ကျေနပ်သွားပြီဆိုတော့ ကျွန်တော်က ကျောင်းသားတွေ ကျောင်းအပ်နှံဖို့ကိစ္စကို စတင်ပြင်ဆင်တော့မယ်။ ဆရာတွေအနေနဲ့လည်း ကျွန်တော်တို့ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်နောင်မှာ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မျှော်လင့်ပါတယ်"

"နားလည်ပါပြီ ကျောင်းအုပ်ကြီး"

"ပြီးတော့.."

ပြင်းထန်လှသော တိုက်ပွဲအပြီးမှာ ရှုပ်ယှက်ခတ်သွားလေသော ရင်ပြင်ကြီးကိုကြည့်ပြီး ကျန်းမုန့်လောင် ခေါင်းကိုက်သွားရသည်။

သို့သော် လျှပ်တစ်ပြက်အတွင်းမှာပင် ကျောင်းတော်၏မြေပြင်ကြီးက စတင်လှုပ်ရှားလာပြီး တစ်ခဏအတွင်း မူလအနေအထားသို့ ပြန်ရောက်သွားပေသည်။

"မိုက်လိုက်တာ"

ကျန်းမုန့်လောင် လေးစားမှုကြောင့် တအံ့တဩရေရွတ်လိုက်မိသည်။

"ပြီးတော့ စွမ်းအားအမှတ်၁၀၀နဲ့ ငါ တစ်ခုခုကိုသင်ယူမယ်"

ကျန်းမုန့်လောင်၏အကြည့်ကား ဆရာလေးယောက်ထံတွင် ခေါက်တုံ့ခေါက်ပြန်ဝေ့ဝဲနေပြီးမှ ရှုန်းပါ့ဆီသို့ အကြည့်ရောက်သွားခဲ့သည်။ တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်လှသည့် ယွမ်တစ်ကျော့ပြန်စွမ်းအားကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီဖြစ်၏။ ၎င်းမှာ အဆင့်မြင့်သိုင်းပညာနည်းလမ်းတစ်ခုပင်တည်း။ ထူးခြားဆန်းကြယ်ဒဏ္ဍာရီကမ္ဘာထဲမှ အခြားဆရာများကို မဆင့်ခေါ်ခင် ဤသည်မှာ အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်၏။

ရှုန်းပါ့သင်ကြားပေးသော သိုင်းကျမ်းလေးမျိုးရှိသည်။ ကောင်းကင်ဘုံမြူခိုးလက်သီးသိုင်း၊ ပိုင်ယွင်လက်ဝါးသိုင်း၊ လေပြည်နတ်ဘုရားခြေသိုင်း၊ ယွမ်တစ်ကျော့ပြန်သိုင်းဟူ၍ပင်။ ကျန်းမုန့်လောင်က သူတို့ကို လှမ်းကြည့်လိုက်လေရာ ဆရာများအားလုံးထဲရှိ အဆင့်အမြင့်ဆုံးစွမ်းရည်မှာ အဆင့်Eမျှသာရှိပြီး ရှုန်းပါ့၏ ယွမ်တစ်ကျော့ပြန်သိုင်းက အဆင့်Dသို့ ရောက်ရှိထားသည်ကို တွေ့လိုက်ရသည်။

"ကောထန်… ရှုန်းပါ့ရဲ့စွမ်းရည်တွေကို ပုံတူကူးပေး"

ကျန်းမုန့်လောင်က စိတ်ထဲတွင် ထိုသို့ရေရွတ်လိုက်ပေသည်။

"ယွမ်တစ်ကျော့ပြန်သိုင်း၊ ခုနစ်ဆယ်ရာခိုင်နှုန်းက ကြိုးစားအားထုတ်မှုကို မှီခိုပါတယ်"

"အဆင့်Dရှိတဲ့ ယွမ်တစ်ကျော့ပြန်သိုင်းကို ပုံတူကူးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ကျောင်းအုပ်ကြီး"

"ကောင်းတယ်"

ကျန်းမုန့်လောင်က ပီတိဖြာသွားသော အမူအရာကို လှစ်ဟပြလိုက်သည်။ အချိန်အကြာကြီး ကံဆိုးနေပြီးနောက် အဆုံးတွင်မူ ကောင်းတာလေးတစ်ခု ရလိုက်ပြီသာ။

ယွမ်တစ်ကျော့ပြန်သိုင်း :

ယွမ်ဆိုသည်မှာ လေနတ်ဘုရားခြေသိုင်း၏ခွန်အား၊ ပိုင်ယွင်လက်ဝါးသိုင်း၏ အံ့ဖွယ်စွမ်းအားနှင့် ကောင်းကင်ဘုံမြူခိုးလက်သီးသိုင်း၏အတွင်းအားတို့ကို ခံနိုင်ရည်ရှိခြင်းပင်။ "တစ်ကျော့ပြန်"ဆိုသည်မှာ အစွမ်းထက်လှသော ဤခွန်အားသုံးမျိုးကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ပြီး ပြင်းထန်လှစွာသော ယွမ်တစ်ကျော့ပြန်သိုင်းကို ဖန်တီးခြင်းပင်။

သုံးမျိုးစပ်ဂမ္ဘီရလက်ချောင်းအစွမ်းနှင့် ပေါင်းစပ်လိုက်ပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်စေပြီး သရဲတစ္ဆေများနှင့် နတ်ဘုရားများကို ငိုကြွေးအောင် လုပ်နိုင်သော အစွမ်းရှိသည်။ သို့သော် ပိုအထင်ကြီးဖို့ကောင်းသည်မှာ ယွမ်တစ်ကျော့ပြန်သိုင်းက တစ်ပေါင်းတစ်စည်းတည်း ပေါင်းစပ်မိသွားပါက မကုန်မခမ်းနိုင်သော အဆုံးမဲ့စွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။

"မိုက်လိုက်တဲ့ဖော်ပြချက်ပါလား"

ထိုအရာကို ကျန်းမုန့်လောင် သိပ်နားမလည်သော်ငြား တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဖြုံဖို့ကောင်းကြောင်းတော့သိသည်။

"စိတ်နယ်လွန်ပညာရှင်တွေနဲ့ သန္ဓေပြောင်းလူသားတွေကို ထပ်တွေ့ရင် သူတို့ခေါင်းကို လိမ်ချိုးပစ်လို့ရပြီ"

"ကျောင်းအုပ်ကြီး.. အတွင်းအားကျင့်ကြံရေးနည်းလမ်းနဲ့ နည်းဗျူဟာတွေကို ရလိုက်ပြီဆိုပေမဲ့ အတွင်းအားက တဖြည်းဖြည်းကျင့်ကြံဖို့ လိုအပ်ပါတယ်။ အခု ကျောင်းအုပ်ကြီး ဒြပ်စင်သုံးပါးစိတ်စုစည်းရေးနည်းလမ်းကို လေ့ကျင့်နိုင်ပါပြီ။ အဲဒါကြောင့် ကြိုးစားပါ"

ကောထန်က သူ့ကို သတိပေးလာသည်။

"သောက်ကျိုးနည်း.. ငါက ရှုန်းပါ့လိုမျိုး ချက်ချင်းအစွမ်းထက်သွားတော့မယ်လို့ထင်နေတာ။ ဒါပေမဲ့ အဲဒါက စိတ်ကူးသက်သက်ဖြစ်နေတာပဲ"

ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။

"ကျောင်းအုပ်ကြီး.. အတွင်းအားကျင့်ကြံတာက ကျောင်းအုပ်ကြီးအပေါ်ပဲ မူတည်ပါတယ်။ ဒီကျောင်းတော်နဲ့ အဆုံးမဲ့ရတနာတွေရှိနေတာကို ကျင့်ကြံရေးအရှိန်နှေးနေမှာ စိုးရိမ်နေသေးတာလား။ ပုံမှန်လူတွေ နှစ်ပေါင်းများစွာအချိန်ယူရတဲ့အရာကို ကျောင်းအုပ်ကြီးက ရက်ပိုင်းအတွင်း အောင်မြင်နိုင်ပါတယ်။ အဲဒါကြောင့် ပြဿနာရယ်တော့မဟုတ်ပါဘူး"

"ဟီးဟီး ဟုတ်သားပဲ"

ကျန်းမုန့်လောင်လည်း ယောင်ချန်း၏ဆေးဖက်ဝင်တောင်ကုန်းကို လှမ်းကြည့်လိုက်၏။

"ငါသာ သူ့ကို စောစောဆင့်ခေါ်နိုင်ခဲ့ရင် ဆေးလုံးတွေကို ပုံမှန်အတိုင်းစားနေရမှာ"

ရုတ်ခြည်းဆိုသလိုပင် ကျန်းမုန့်လောင် "တိုက်ခိုက်ရေးဝိညာဉ်ဆေးလုံး"ကို အမှတ်ရလိုက်သည်။ သူ့မိသားစုက ထိုဆေးလုံးများကို သာမန်အစားအသောက်များလို စားသောက်နေကြောင်း တစ်ခါက ယဲ့ရင်ပြောပြဖူးသည်။ သို့ဖြစ်လေရာ ထိုဆေးလုံးများကို အရယူရန်မှာ သူ့အတွက် မခက်ခဲလောက်ပေ။

"ယဲ့ရင်"

ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ထွက်လာသည်နှင့် ကျန်းမုန့်လောင်လည်း ယဲ့ရင်ကို ချက်ချင်းခေါ်လိုက်လေတော့သည်။

"မစ္စတာကျန်း.. ကျွန်တော့်ကိုရှာနေတာလား"

"ဟုတ်တယ်။ မင်းမှာ တိုက်ခိုက်ရေးဝိညာဉ်ဆေးလုံးတွေရှိလား။ ငါ့ကို နည်းနည်းပေးစမ်းပါ"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"ရှိပေမဲ့ လူကြီးမင်း.."

ယဲ့ရင် တွေဝေနေချေသည်။

"စိတ်မပူနဲ့။ အခု ငါလည်း မင်းတို့လိုဖြစ်သွားပြီ"

ကျန်းမုန့်လောင်က သူ၏ယွမ်တစ်ကျော့ပြန်အစွမ်းကို ထုတ်ပြလိုက်သည်။ သူ့အတွင်းအားက မရှိသလောက်နည်းပါးနေသော်ငြား ထူးခြားသောစွမ်းအင်စီးဆင်းမှုကြောင့် ယဲ့ရင်၏အမူအရာ ပြောင်းလဲသွားရသည်။

ကျန်းမုန့်လောင်သည် ထိုနေရာမှ လူသားခန္ဓာကျင့်ကြံရေး၏ လျှို့ဝှက်ချက်များကို သင်ယူခဲ့ကြောင်း ယဲ့ရင် သိလိုက်လေပြီ။

"မစ္စတာကျန်း ကျွန်တော်စီစဉ်ပေးပါ့မယ်။ နောက်အကျဆုံးမှ နာရီဝက်အတွင်း ကျွန်တော် လူကြီးမင်းဆီကို ပို့ပေးပါ့မယ်"

"ကောင်းတယ်။ ဒုက္ခခံပေးလို့ ကျေးဇူးပဲ"

...

ပြောခဲ့သည့်အတိုင်းပင် မိနစ်နှစ်ဆယ်ပင်မပြည့်သေးခင်မှာ ယဲ့ရင်က နူးညံ့လှသော ပုလင်းလေးတစ်လုံးကို ကျန်းမုန့်လောင်အား ပေးလာ၏။

"မစ္စတာကျန်း ဒီထဲမှာ အလုံး၂၀ ပါပါတယ်။ အဲဒီလောက်ဆိုရင် လတ်တလောလုံလောက်မှာပါ။ ထပ်လိုသေးရင်လည်း ကျွန်တော့်ကို အချိန်မရွေးပြောပါ"

"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင် ပုလင်းကို ခါယမ်းကြည့်လိုက်သည်။

"ကျစ် ကျစ် ကျစ်.. တစ်လုံးကို ယူရိုတစ်ရာဘီလီယံနဲ့တွက်ရင် ဒီပုလင်းက ယူရိုနှစ်ဆယ်ထရီလီယံတန်တာပဲ"

"ဒါပေမဲ့ ငါ့မိသားစုထဲမှာတော့ ဒါက အဲ့လောက်တန်ကြေးမရှိသလိုပဲ"

ကျန်းမုန့်လောင်လည်း အရေးမထားဟန်ဖြင့် ဆေးတစ်လုံးကိုထုတ်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။

ခဏအတွင်းမှာပင် ပြင်းထန်လှသော ဆေးစွမ်းအား ထွက်ပေါ်လာပြီး ကျန်းမုန့်လောင်၏ခြေလက်အင်္ဂါများနှင့် ကိုယ်တွင်းဗဟိုချက်ကို အားဖြည့်လိုက်လေရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ်ပင်။

ကျန်းမုန့်လောင်လည်း ယွမ်တစ်ကျော့ပြန်စိတ်စွမ်းအားစုစည်းရေးနည်းလမ်းကို အသုံးပြုကာ ချက်ချင်းပင် စတင်ကျင့်ကြံပါတော့သည်။ ထိုအချိန်မှသာ ရောင်ရမ်းနာကျင်မှုတို့က ဖြည်းဖြည်းချင်းပျောက်ကင်းသွားပြီးနောက် အဆုံးတွင် တက်တက်ကြွကြွဖြစ်လာခဲ့သည်။

သူမသိလိုက်ခင်မှာပင် တစ်ညလုံးအချိန်ကုန်သွားခဲ့ပြီး ကျန်းမုန့်လောင်ကလည်း ယခင်ညကအတိုင်း ကိုယ်နေဟန်ထားကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး၏စွမ်းအားများမှာ အလုံးစုံကြေညက်သွားပြီဖြစ်၏။

"ဒါက ငါ့ခန္ဓာအစစ်ပါလား"

သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများမှာ အံ့ဖွယ်ကောင်းလောက်အောင် သန်မာလာကြောင်း ကျန်းမုန့်လောင် ခံစားမိသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ခွန်အားအသစ်များ ပြည့်နှက်သွားပြီး တစ်ညတည်းကျင့်ကြံရုံဖြင့် ခန္ဓာကိုယ်အသစ်တစ်ခုကို ရလိုက်သလို ခံစားလိုက်ရ၏။

"မစ္စတာကျန်း… လူကြီးမင်းရဲ့ခန္ဓာကိုယ်၊ ကြွက်သားသိပ်သည်းမှုနဲ့ အာရုံကြောတုံ့ပြန်မှုအရှိန်က အခုဆိုရင် အဆင့်တစ်သန္ဓေပြောင်းလူသားတစ်ယောက်နဲ့ ညီမျှသွားပါပြီ"

"အဲ့လောက်တောင်မြန်တာလား"

ကျန်းမုန့်လောင် အကျေနပ်ကြီး ကျေနပ်နေလေသည်။ အဆင့်တစ်သန္ဓေပြောင်းလူသားတစ်ယောက်ကို ဖန်တီးခြင်းမှာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရရုံသာမက အစမ်းသပ်ခံပေါင်းများစွာနှင့် အချိန်အမြောက်အများလည်း လိုအပ်ပေသည်။ သို့တိုင် သူကတော့ တစ်ညတည်းနှင့် အောင်မြင်ခဲ့သည်။

"ဒေါက် ဒေါက် ဒေါက်"

"မစ္စတာကျန်း..နိုးပြီလား"

ဟုန်းရီ၏အသံက တံခါးအပြင်ဘက်မှ ထွက်လာလေသည်။

ကျန်းမုန့်လောင်လည်း သူ့ဆံပင်သူသပ်၍ တံခါးကိုတွန်းဖွင့်ကာ ထွက်လာခဲ့လိုက်သည်။

"မစ္စတာကျန်း.. ရှင့်ကိုမနှောင့်ယှက်ဖို့ ညွှန်ကြားထားပေမဲ့ ရှင်သိဖို့လိုအပ်တဲ့ အရေးပေါ်ကိစ္စလေးရှိနေလို့"

"ဘာကိစ္စလဲ"

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။

"ခုနကပဲ Silicon Moonlightရဲ့ CFOက ကျွန်မကိုပြောတယ်။ ဒီနေ့ အခွန်ရုံးကနေ ကုမ္ပဏီကို သတိပေးစာတစ်စောင်ပို့လိုက်တယ်တဲ့။ ကြည့်ရတာ Silicon Moonlightကုမ္ပဏီရဲ့ငွေစာရင်းထဲမှာ အခွန်ရှောင်ထားတဲ့ပြဿနာတော်တော်များများ ရှိနေတဲ့ပုံပဲ"

ဟုန်းရီက ပြောလေသည်။

"ငါက ဒီလောက်ချမ်းသာတာ။ အခွန်ရှောင်ရဦးမှာလား"

ကျန်းမုန့်လောင် အတန်ငယ်အံ့ဩသွားရသည်။

"မစ္စတာကျန်း.. ကြည့်ရတာတော့ အရင်ဥက္ကဋ္ဌအဟောင်း ချန်ထားခဲ့တဲ့ပြဿနာဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒါကိုမဖြေရှင်းဘူးဆိုရင် ပြဿနာက ကြီးသွားနိုင်တယ်"

"အခွန်ရုံးက အဲဒါကိုစစ်ဆေးတွေ့ရှိထားတာလား"

ကျန်းမုန့်လောင်မေးလိုက်မိသည်။ Silicon Moonlightကုမ္ပဏီက နှစ်ပေါင်းများစွာလည်ပတ်လာခဲ့သည်ဖြစ်ရာ ယခုလိုပြဿနာများမှာ ယခုအချိန်မှ တွေ့ရမည်မဟုတ်။

"ကျွန်မသိသလောက်ဆိုရင်တော့ တစ်ယောက်ယောက်က တိုင်ကြားခဲ့တာပါ"

"ကိုင်ဘွန်လူမျိုးတွေပဲလား"

မီးဘေးအန္တရာယ်ပြဿနာအကြောင်း တိုင်ကြားခဲ့သည့်ကိစ္စကို ကျန်းမုန့်လောင် ချက်ချင်းအမှတ်ရလိုက်သည်။

"ဟုတ်ပါတယ်"

ဟုန်းရီက ခေါင်းညိတ်ပြသည်။

"ဒါပေမဲ့ ဥရောပနဲ့ အမေရိကမှာရှိတဲ့ ချစ်ပ်ပြားကုန်ကြမ်းတင်သွင်းသူတွေရဲ့ ပယောဂလည်း ပါပါတယ်"

"ကောင်းပြီလေ"

ကျန်းမုန့်လောင် အေးတိအေးစက်ရယ်မောလိုက်မိသည်။

"ငါက သူတို့ကို ပြဿနာမရှာဘဲ ငြိမ်နေတာကို သူတို့ကတော့ စည်းကျော်လာတယ်ပေါ့လေ"

"ဟုန်းရီ လေယာဉ်စီစဉ်ထားလိုက်။ ငါ ရတနာကျွန်းကို အရင်သွားပြီး ဒီအခွန်ပြဿနာကို အရင်ဖြေရှင်းလိုက်မယ်"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"အဲဒီကိစ္စရှင်းပြီးတာနဲ့ အဲဒီလူတွေနဲ့‌ သေချာစာရင်းရှင်းတော့မှာ"

**************

All Chapters