← Chapters

ငါ့ကိုစော်ကားထားတဲ့ပို့စ်တွေကို ရေပန်းစားတဲ့စာရင်းထဲကို ရောက်အောင်ပို့လိုက်

Vol. 21 Ch. 313

ငါ့ကိုစော်ကားထားတဲ့ပို့စ်တွေကို ရေပန်းစားတဲ့စာရင်းထဲကို ရောက်အောင်ပို့လိုက်

Vol. 21 Ch. 313

နောက်တစ်ရက်တွင် ကျန်းမုန့်လောင်က ပေါင်ထောင်စီရင်စုသို့ အမြန်ထွက်ခွာလာခဲ့သည်။ သူ့Silicon Moonlightစက်ရုံတွင် ဝန်ထမ်းအများအပြားက အားလပ်ရက်ယူထားကြသော်ငြား ဝန်ထမ်းတချို့နှင့် ခေါင်းဆောင်များကမူ စေတနာ့ဝန်ထမ်းလုပ်ကာ အလုပ်ဆက်လုပ်နေကြဆဲပင်။

"ရှုဟွမ်.. ကုမ္ပဏီထဲက မင်းရဲ့အာဏာက သိပ်မဆိုးဘူးထင်တယ်"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။ သူတို့ တံခါးဝမှ ဖြတ်လျှောက်လာကတည်းက ဝန်ထမ်းများက "ဒါရိုက်တာကျန်း"ဟု နှုတ်ဆက်ပြီးနောက်တွင် "လက်ထောက်ရှု"ဟုပါ နှုတ်ဆက်ကြလေသည်။

"ဒါတွေအားလုံးက မစ္စတာကျန်းရဲ့ကျေးဇူးကြောင့်ပါပဲ"

ရှုဟွမ်က ခွန်းတုံ့ပြန်လိုက်၏။

"မစ္စတာကျန်းသာ ကျွန်တော့်ကို မမြှောက်စားထားဘူးဆိုရင် ကျွန်တော်လည်း ဒီလိုအဆင့်မျိုးကို ရောက်လာမှာမဟုတ်ပါဘူး"

"မင်းမှာ အရည်အချင်းရှိတာလည်း ပါပါတယ်"

ကျန်းမုန့်လောင်က သူ့ရုံးခန်းထဲသို့‌ ရောက်လာခဲ့သည်။ ထိုနေရာကား ဘယ်သူမှလာလေ့မရှိသော်လည်း နေ့တိုင်း သန့်ရှင်းရေးလုပ်ထားသဖြင့် သန့်ပြန့်နေပေသည်။

"ဒီအခွန်ကိစ္စက ဘယ်လိုအခြေအနေရှိလဲ။ ငါ့ကိုပြောစမ်းပါဦး"

"ပြောရရင်တော့ အရှည်ကြီးပါပဲ"

ရှုဟွမ်က ဆိုလာလေသည်။

"အဲဒီတုန်းက ကျွန်တော်က ကျောင်းသားပဲရှိသေးတာ။ ကျွန်တော်ကြားတာကတော့ Silicon Moonlightက အဲဒီတုန်းက တည်ထောင်ခါစကုမ္ပဏီလေးတစ်ခုပဲရှိသေးတာ။ အရွယ်အစားနဲ့ ထုတ်လုပ်မှုတန်ဖိုးကလည်း အခုအခြေအနေနဲ့ မယှဉ်နိုင်သေးဘူး။ အမှာစာသေးသေးလေးတွေကနေ အမြတ်ရဖို့ကလည်း တော်တော်ခက်ခဲတာကိုး။ ဝန်ထမ်းတွေရဲ့လစာကို ပေးဖို့တောင် အနိုင်နိုင်ဖြစ်နေခဲ့တာ"

"ခင်ဗျားသိတဲ့အတိုင်း.. လုပ်ငန်းစုတွေရဲ့အခွန်ငွေနှုန်းထားကလည်း မနည်းဘူးလေ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ နှစ်စဉ်အမြတ်ငွေအများစုကို အခွန်ငွေအဖြစ် ပေးဆောင်နေရတာ။ အဲဒါကြောင့် အဲဒီအချိန်တုန်းက ဥက္ကဋ္ဌကလည်း အခွန်ငွေပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖွေခဲ့တယ်"

"ဒီအခွန်ရှောင်တဲ့ကိစ္စက သူ့အကြံလား"

ကျန်းမုန့်လောင်က မေးလိုက်၏။ ယခင်ဥက္ကဋ္ဌသည် ဖြတ်လမ်းလိုက်တတ်သူတစ်ယောက် မဖြစ်နိုင်ပေ။ အခြားရှုထောင့်များကို မဆိုထားနှင့်။ အနောက်နိုင်ငံများ၏ ဖိအားပေးမှုအောက်မှာပင် သူသည် သစ္စာဖောက်တစ်ယောက် လုပ်ဖို့ မရွေးချယ်ခဲ့ပေ။ သူ့ရပ်တည်ချက်ကား အလွန်မှန်ကန်လှသည်။ သူ့တွင် အပြစ်အနာအဆာရှိခဲ့သည်ဆိုလျှင်ပင် ကြီးမားလှသော အမှားများ မဖြစ်နိုင်ပေ။

"တင်းတင်းကျပ်ကျပ်ပြောရရင်တော့ အခွန်ရှောင်တာမဟုတ်ပါဘူး"

ရှုဟွမ်က ရှင်းပြလေသည်။

"ဒါရိုက်တာကျန်း လက်လွှဲမယူခင်တုန်းက ကုမ္ပဏီရဲ့ ငွေစာရင်းတွေကို ကျွန်တော်စစ်ဆေးထားပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူတို့တွေ တရားဝင်အခွန်ရှောင်တဲ့နည်းလမ်းတွေကို သုံးခဲ့ရုံပါပဲ"

တရားဝင်အခွန်ရှောင်နည်းဆိုသည်မှာ တည့်တိုးဆန်လှသည်။ တရားဝင်ဟုဆိုထားခြင်းမှာ အခွန်နှုန်းထားနှင့် အခွန်ပေးဆောင်ရမည့် ပစ္စည်းများကို ဥပဒေနှင့်အညီ လျှော့ချခြင်းဖြစ်၏။ ယနေ့ထိတိုင် ကုမ္ပဏီအများစုက ဤနည်းကို အသုံးပြုနေဆဲဖြစ်ပြီး တချို့လုပ်ငန်းများဆိုလျှင် တရားဝင်အခွန်ရှောင်နည်းဖြင့် အခွန်ငွေ၉၀ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။

ဤနည်းလမ်းသည် လုံးဝတရားဝင်သည်ဟု မဆိုနိုင်သော်လည်း ဥပဒေက ခွင့်ပြုထားသော နယ်ပယ်အတွင်း လုပ်ဆောင်ခြင်းသာ။ အခွန်အာဏာပိုင်များက စစ်ဆေးလျှင်လည်း ဟာကွက်ကို ရှာမတွေ့နိုင်ပေ။

"ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ပေါင်ထောင်စီရင်စုက ဟာကွက်တော်တော်များများကို ပိတ်ပင်ပစ်နိုင်တဲ့ အခွန်ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တော့ ကျွန်တော်တို့ကုမ္ပဏီသုံးနေတဲ့ နည်းလမ်းတွေလည်း တားမြစ်ခံလိုက်ရတယ်လေ"

"Silicon Moonlightက တစ်နှစ်ကို အခွန်ငွေပမာဏအများကြီးပေးဆောင်နေရတာကြောင့် အခွန်ဌာနရဲ့ အာဏာပိုင်တွေနဲ့ ဥက္ကဋ္ဌတို့က ဆက်ဆံရေးအဆင်ပြေခဲ့ကြတယ်။ အဲဒါကြောင့် နှစ်ပေါင်းများစွာကြာအောင် သူတို့ဘက်က မျက်ကွယ်ပြုထားခဲ့တယ်။ အဲဒါကြောင့်ပဲ အခုမှ ပြဿနာပေါ်လာတာပါ"

"ဒီတော့ ဒီတစ်ခေါက် အမည်မဖော်လိုသူတစ်ဦးက တိုင်ကြားလိုက်တာကြောင့် အခွန်ဌာနကလည်း အရေးမယူလို့မရတော့လို့ ငါတို့ကို ပြဿနာလာရှာတာပေါ့"

ကျန်းမုန့်လောင်လည်း ပြဿနာ၏ အဓိကအချက်ကို မြန်မြန်ဆန်ဆန် နားလည်လိုက်သည်။

"ဟုတ်ပါတယ်။ အခွန်ဌာနရဲ့ တုံ့ပြန်ချက်အရ ကုမ္ပဏီထဲက ဝန်ထမ်းတစ်ယောက်က အမည်မဖော်လိုသူအနေနဲ့ တိုင်ကြားခဲ့တာပါ။ ဒီကိစ္စက ပိုပိုပြီးကြီးထွားလာပါတယ်။ ကျွန်တော့်အထင်တော့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ခြယ်လှယ်နေတယ်ထင်ပါတယ်"

"အိုး.. မင်းကဘယ်လိုလုပ်သိတာလဲ"

"ဒါကိုကြည့်လိုက်ပါ"

ရှုဟွမ်က ဆိုရှယ်မီဒီယာပလက်ဖောင်းတချို့ကို ဖွင့်ပြလိုက်သည်။ အချို့ဝက်ဘ်ဆိုက်များတွင် အသရေဖျက်ထားသော ပို့စ်များကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေပေသည်။

ကျန်းမုန့်လောင်ကို စော်ကားထားသည့် ပို့စ်မျိုးစုံက ပွထနေသည်။ 'ကမ္ဘာ့အချမ်းသာဆုံးလူက အခွန်ရှောင်ခြင်း'၊ 'မဖြောင့်မတ်သော လုပ်ငန်းရှင်'၊ 'အမြတ်ငွေသာ ကြည့်ပြီး တာဝန်မကျေပွန်သူ'စသည်ဖြင့် အမျိုးမျိုးရေးသားထားသည်။

"ဝိုး... အကောင့်အသစ်တွေချည်းပါလား"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"ဒါကြီးက ငွေပေးပြီးဝယ်ထားတဲ့ အင်တာနက်ရေတပ်ရဲ့လက်ချက်ဆိုတာ ရှင်းနေတာပဲ"

"ဒါက ငွေပေးပြီးငှားထားတဲ့ အင်တာနက်ရေတပ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ သူတို့ဘက်က လှုံ့ဆော်လိုက်တာနဲ့ အနှေးနဲ့အမြန် ပေါက်ကွဲသွားမှာပါ"

"ရေပန်းအစားဆုံးစာရင်းကိုတောင် မရောက်သေးဘူး"

ကျန်းမုန့်လောင်က ဝေးပေါ်ထဲကို ဝင်ကြည့်လိုက်လေရာ ရေပန်းအစားဆုံးစာရင်းထဲမှာ ထိုပို့စ်များ လုံးဝမပါဝင်သေးသည်ကို တွေ့လိုက်ရသည်။

"ဒါရိုက်တာကျန်း"

ရှုဟွမ်က မဲ့တဲ့တဲ့ပြုံးလျက် ပြောလိုက်သည်။

"ရေပန်းအစားဆုံးစာရင်းထဲကို ရောက်မလာသေးလို့ စိတ်ပျက်နေသလိုပဲနော်။ ဒီကိစ္စက ဒါရိုက်တာကျန်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပြီး Silicon Moonlightအတွက်လည်း ကြီးမားတဲ့ထိခိုက်မှုကြီး ဖြစ်စေနိုင်ပါတယ်။ နောင်အနာဂတ်မှာ ကျွန်တော်တို့ ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်ရင်တောင် အခွန်ပြဿနာကို ဖြေရှင်းမထားဘူးဆိုရင် ကုန်သည်တွေကလည်း ကျွန်တော်တို့ဆီက ဝယ်ချင်ကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ထုတ်ကုန်တွေက ဈေးကွက်မှာ စမ်းသပ်မှုမလုပ်ရသေးတဲ့အတွက် ယုံကြည်စိတ်ချရမှုလည်း မရှိသေးဘူးလေ"

"ရှုဟွမ် ငါတို့ကုမ္ပဏီမှာ လောလောဆယ် အခွန်ကွာဟမှု ဘယ်လောက်ရှိလဲ"

"ပမာဏက တော်တော်များပါတယ်"

ရှုဟွမ်က ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ငါးနှစ်အတွင်း လျှော့ပေးထားတဲ့ အခွန်ပမာဏစုစုပေါင်းက ဟွာရှားယွမ်ငွေ၃၀ဘီလီယံကျော် ရှိပါတယ်"

"ဒီလောက်တောင်များလား"

ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရသည်။ သူ့တွင် ဘဏ္ဍာရေးနှင့် စာရင်းပိုင်းဆိုင်ရာနောက်ခံမရှိသောကြောင့် လုံးဝမသိပေ။

"အခွန်ပေးဆောင်ရတာက ဒီလိုပဲပြင်းထန်တာလား"

"မစ္စတာကျန်း စကားပုံတစ်ခုတောင် ရှိပါတယ်။ 'အာဏာကြီးလေ တာဝန်ကြီးလေ'တဲ့။ လုပ်ငန်းက အမြတ်အစွန်းများလေလေ အခွန်ပိုဆောင်ရလေလေပါပဲ"

ဟုန်းရီက ရှင်းပြလေသည်။

"မစ္စတာမာယွင်ရဲ့ Alibabaကိုပဲ ဥပမာထားကြည့်လိုက်ပါ။ သူတို့ရဲ့ တစ်နှစ်ဝင်ငွေက ဟွာရှားယွမ်ငွေ ၁၅၀ဘီလီယံခန့်ရှိပြီး အခွန်ကတော့ ဟွာရှားယွမ်ငွေ ၅၀ဘီလီယံကျော် ပေးဆောင်ရပါတယ်"

"ကျစ် ကျစ်..."

"ဒီသုံးနှစ်အတွက် Silicon Moonlightရဲ့ ပျမ်းမျှဝင်ငွေကလည်း ဟွာရှားယွမ်ငွေ ၃၀ဘီလီယံလောက် ရှိပါတယ်။ ပေါင်ထောင်စီရင်စုရဲ့ အခွန်စနစ်က တခြားဒေသတွေနဲ့ သိပ်မကွာတဲ့အတွက် ခန့်မှန်းခြေစုစုပေါင်းအခွန်နှုန်းထားက ဟွာရှားယွမ်ငွေ ၅၀ဘီလီယံဝန်းကျင် ရှိပါတယ်။ ၃၀ဘီလီယံလောက် လျှော့ပေးထားတာကို သိသွားတာကလည်း အံ့သြစရာတော့မရှိပါဘူး"

"ဒါက ကိစ္စသေးသေးလေးမဟုတ်ဘူးပဲ"

"မှန်ပါတယ် မစ္စတာကျန်း"

ရှုဟွမ်က ပြောလိုက်လေသည်။

"ဒီကိစ္စသာ ထပ်ကြီးထွားလာရင် အားလုံး သိသွားကြမှာပါ။ ကျွန်တော့်အမြင်တော့ ကျွန်တော်တို့ ဒီအခွန်ပြဿနာကို မဖြေရှင်းရသေးခင်အထိ မစ္စတာကျန်းရဲ့အရင်းအမြစ်တွေသုံးပြီး ဒီကိစ္စကို ဖိနှိပ်ထားသင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့လည်း အတင်းအဖျင်းတွေ စိတ်ပူနေစရာမလိုတော့ပါဘူး"

"မလိုဘူး"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်သည်။

"ငါ့အထင်တော့ တချို့အရာတွေက လူထုကြားထဲ နာမည်ကြီးသွားတာ ပိုကောင်းတယ်"

"မစ္စတာကျန်း ခင်ဗျား..."

ရှုဟွမ်ခမျာ နားမလည်နိုင်ဖြစ်နေချေသည်။ ကျန်းမုန့်လောင်၏ အတွေးကို သူ နားမလည်နိုင်ပေ။ ဤကိစ္စကို ကြီးမားသွားအောင် လုပ်လိုက်ခြင်းက သူတို့အတွက် မည်သို့အကျိုးရှိနိုင်မည်နည်း။

"ဟုန်းရီ"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ငါ့နာမည်အောက်က ချန်နယ်တွေအားလုံးကိုသုံးပြီး ဒီကိစ္စကို တတ်နိုင်သမျှ လူသိများအောင်လုပ်လိုက်။ ကိစ္စပိုကြီးလေ ပိုကောင်းလေပဲ။ တစ်ကမ္ဘာလုံး သိသွားအောင်လုပ်လိုက်"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ဟုန်းရီသည်လည်း ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို နားမလည်သော်ငြား သူ့ညွှန်ကြားချက်ကိုတော့ လိုက်နာချေသည်။

ဟွာရှားတွင် ဆူပူအုံကြွမှုများကို အင်တာနက်ကုမ္ပဏီကြီးများက ထိန်းချုပ်ထားသည်။ ဝေးပေါ်ကမူ သုံးစွဲသူလူထု၏ စစ်မြေပြင်ကြီးတစ်ခု ဖြစ်နေဆဲပင်။

ဝန်ထမ်းများ၏ လုပ်ဆောင်မှုဖြင့် ပထမဆုံးပို့စ်မှာ ချက်ချင်းဆိုသလို မျက်လုံးထဲထင်းခနဲဖြစ်သွားသည့်အပြင် ထိုပို့စ်၌ "ပေါက်ကွဲမှု"သင်္ကေတလေးပါ ထည့်ပေးလိုက်သည်။

"Silicon Moonlightက ငါးနှစ်ကျော်လောက် ဟွာရှားယွမ်ငွေ၃၀ဘီလီယံ အခွန်ရှောင်ခဲ့"

အတိုချုပ်ခေါင်းစဉ်လေးတစ်ခု ဖြစ်သော်လည်း များပြားလှသော ပမာဏက လူတိုင်း၏အာရုံစူးစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။ ၃၀ဘီလီယံဆိုသည်မှာ ဤကမ္ဘာပေါ်ရှိ လူဦးရေ ၉၉ရာခိုင်နှုန်းအတွက် များပြားလှသော ပမာဏပင်။

"Silicon Moonlightလား။ ဒါက မစ္စတာကျန်းရဲ့ ကုမ္ပဏီမဟုတ်လား"

"အခွန်ရှောင်တယ်တဲ့လား။ မစ္စတာကျန်းရဲ့ ကုမ္ပဏီက အခွန်ရှောင်တယ်ပေါ့။ ဘုရားရေ... ၃၀ဘီလီယံကျော်တဲ့"

"နေပါဦး... ၃၀ဘီလီယံပဲလား။ ဒါက မစ္စတာကျန်းကို စော်ကားလိုက်သလိုပဲ။ နောက်ထပ်သုညတစ်လုံး ထပ်ထည့်လိုက်။ နည်းနည်းလောက်များသွားရင်တော့ ယုံချင်ယုံဦးမယ်"

"ဟားဟား... မစ္စတာကျန်းရဲ့ မီးရှူးမီးပန်းတွေကတင် ဘီလီယံနဲ့ချီပြီး ပေးရတာနော်။ ငါးနှစ်ကျော်လောက် ၃၀ဘီလီယံ အခွန်ရှောင်တယ်ဆိုပဲ။ ငါ့ကို ငတုံးများမှတ်နေလား"

"မင်းတို့ကို ငါ ဟာသတစ်ခုပြောပြမယ်... ကျန်းမုန့်လောင်က အခွန်ရှောင်တယ်တဲ့... အဲဒါကလည်း ၃၀ဘီလီယံတဲ့လေ..."

...

"ဘာ... ဘာတွေဖြစ်နေတာလဲ"

မူလတုန်းက ဤအကြောင်းအရာ ရေပန်းအစားဆုံးစာရင်းပေါ်သို့ တက်လာသည်ကို ဝမ်းသာနေခဲ့ကြသော နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူများမှာ ရုတ်တရက် အံ့အားသင့်သွားကြလေသည်။

ဟွာရှားလူမျိုးတွေက ဘာဖြစ်နေကြတာလဲ။ ဒီလောက်ကြီးမားတဲ့ပြဿနာကြီးကို ဒေါသမထွက်ကြဘူးပေါ့။ ယုံဖို့မပြောနဲ့။ ဟာသတောင်လုပ်နေကြပါလား။

**********

All Chapters