ကျွန်တော် လက်လွှဲယူခဲ့တာ
Vol. 21 Ch. 314
ပြဿနာစတင်သည်မှာ နေ့တစ်ဝက်သာကြာသေးသော်လည်း အင်တာနက်အသုံးပြုသူအများစုကမူ ဤကိစ္စကို ဟာသအဖြစ်သာ မှတ်ယူနေကြသည်။ သို့သော် ထိုအချိန်မှာပင် အင်တာနက်ပေါ်တွင် ခိုင်လုံသော သက်သေအထောက်အထားတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုသက်သေထဲတွင် လွန်ခဲ့သော ငါးနှစ်အတွင်း Silicon Moonlightဘက်က အခွန်ပုံမှန်မပေးဆောင်ခဲ့သည့် အချက်အလက်များ ပါဝင်နေပြီး စုစုပေါင်းဟွာရှားယွမ်ငွေ ၃၀ဘီလီယံခန့် အခွန်လျှော့ပေးထားကြောင်း ဖော်ပြထားသည်။
သတင်းထောက်များကလည်း ဤကဲ့သို့သော ကိစ္စမျိုးကို လက်လွတ်မခံကြပေ။ ချက်ချင်းဆိုသလိုပင် ပေါင်ထောင်စီရင်စု၏ အခွန်ရုံးသို့ သွားရောက်စုံစမ်းခဲ့ကြလေရာ Silicon Moonlight၏ အခွန်ရှောင်မှုမှာ အမှန်တကယ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
"ဒါဆို အဲဒီသတင်းက အမှန်ပဲလား"
"ဒါရိုက်တာကျန်းက ဘာလို့ ဒီလိုလုပ်ရတာလဲ"
"ဒါရိုက်တာကျန်းရဲ့ ကုမ္ပဏီတွေက အရမ်းများလွန်းလို့ နှစ်တိုင်းလည်း အခွန်တွေဆောင်နေရတာဆိုတော့ ကုမ္ပဏီတစ်ခုကို မတော်တဆမေ့နေခဲ့တာလား"
"အခုထိ သူ့ကိုကာကွယ်ပေးနေတုန်းလား။ ဒါကအတည်ပြုပြီးသားနော်။ ဒါတောင် ဆက်ကာကွယ်ပေးနေလိုက်။ ဒါရိုက်တာကျန်းရဲ့ ဦးနှောက်သေနေတဲ့ပရိသတ်တွေပဲ"
"လူလိမ်လူညစ်.. ကုမ္ပဏီတစ်ခုတည်းနဲ့တောင် ၃၀ ဘီလီယံအခွန်ရှောင်တယ်ဆိုရင် သူ့မှာ ကုမ္ပဏီပေါင်း အနည်းဆုံး တစ်ဒါဇင်လောက်ရှိမှာပဲ။ ဒါကြောင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတာကိုး။ အခုတော့ သဘောပေါက်ပြီ"
"ငါ အခုပဲစစ်ကြည့်လိုက်တာ။ မူလအခွန်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကျော်လောက်ကို အခွန်ရှောင်တာဆိုရင် သုံးနှစ်ကနေ ခုနှစ်နှစ်အထိ ထောင်ဒဏ်ကျနိုင်တယ်တဲ့။ ဥက္ကဋ္ဌကျန်း ဒီတစ်ခေါက် တကယ်ပြဿနာတက်ပြီပဲ"
...
"မင်း သောက်ကျိုးနည်း ဘာတွေတွေးနေတာလဲ"
ဝမ်လင်က ထိုသတင်းကြားသည်နှင့် ချက်ချင်းပင် ကျန်းမုန့်လောင်ကို ဖုန်းဆက်လိုက်၏။
"မင်းက အခွန်တောင်ရှောင်ရဲတယ်ပေါ့လေ။ မင်း ရူးသွားပြီလား"
"စိတ်မလှုပ်ရှားစမ်းပါနဲ့"
ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်သည်။
"ငါက ဒီလိုလုပ်စရာလိုတယ်လို့များ ထင်နေလား။ အဲဒါက ဟွာရှားယွမ်ငွေ ၃၀ဘီလီယံတည်းနော်။ ငါ သုန်းကျိမြို့မှာ အမြန်ရထားလမ်းတည်ဆောက်ဖို့ လှူဒါန်းခဲ့တဲ့ ငွေပမာဏက ၅၀၀ဘီလီယံရှိတယ်"
"သောက်ကျိုးနည်း တကယ်ကြီးဟ"
ဝမ်လင် မေ့လုနီးပါးဖြစ်သွားရသည်။ ၃၀ဘီလီယံဆိုသည်မှာ ကျန်းမုန့်လောင်အတွက်မူ မုန့်ဖိုးသာသာမျှသာဖြစ်၏။
"ဒီတော့ ဘာတွေဖြစ်နေတာလဲ"
ဝမ်လင် မေးလိုက်မိသည်။
"ဒီကုမ္ပဏီကို ငါ မနှစ်ကမှ ဝယ်ထားတာ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ဒါတွေအားလုံးက အရင်ကကျန်ခဲ့တဲ့ ပြဿနာတွေပဲ"
"ဒါဆို ဘာလို့ ရှင်းမပြတာလဲ"
ဝမ်လင်က ပြောလိုက်လေသည်။
"ဝေးပေါ်ကို မင်းပိုင်တာပဲလေ။ ရှင်းပြရတာ လွယ်ပါတယ်။ ဟုတ်တယ်မလား။ မင်းရဲ့ စတော့ရှယ်ယာလွှဲပြောင်းစာချုပ်ပေါ်က ရက်စွဲကို ထုတ်ပြပြီး မင်းက လက်လွှဲယူလိုက်ရုံပဲဆိုတာနဲ့ ဒီပြဿနာတွေက မင်းနဲ့မဆိုင်ဘူးဆိုတာကို သက်သေပြလိုက်ရင် ပြီးသွားပြီလေ"
"မင်းနားမလည်ပါဘူးကွာ။ တစ်ယောက်ယောက်က ငါ့ကို ဖြုတ်ချဖို့ကြံနေတာ။ ဒါကိုအဆုံးသတ်လိုက်ရင် သူတို့ကို စိတ်ပျက်အောင်လုပ်သလိုဖြစ်သွားမှာပေါ့"
"တစ်ယောက်ယောက်က မင်းကို ပစ်မှတ်ထားနေတာလား။ ဘယ်သူလဲ"
"ကိုင်ဘွန်၊ ဥရောပနဲ့ အမေရိကန်တို့က တစ်ပိုင်းလျှပ်ကူးနည်းပညာကို ကိုင်ထားတဲ့ ထောက်ပံ့သူတွေလေ။သူတို့တွေက ဟွာရှားနိုင်ငံ ကိုယ်ပိုင်ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်မှာကို မလိုလားကြဘူးလေ။ အဲဒါကြောင့် ငါတို့ရဲ့နောက်ခံအင်အားကို လာနှောင့်ယှက်နေတာ"
ကျန်းမုန့်လောင်လည်း ဝမ်လင့်ကိုရှင်းပြလိုက်သည်။
"ဒါဆို ဒါက…"
"ငါ့ကိုပြောစမ်းပါဦး။ ဒီကိစ္စကို စိတ်ဝင်စားမှုဘယ်လောက်ရှိလဲ"
ကျန်းမုန့်လောင် ပြန်မေးလိုက်သည်။
"အဓိပ္ပာယ်မရှိတာ။ သေချာပေါက်စိတ်ဝင်စားကြတာပေါ့။ လူတိုင်းက အာရုံစိုက်နေကြတာ။ ဟွာရှားတင်မကဘူး။ ကမ္ဘာတစ်ဝှမ်းက အင်တာနက်အသုံးပြုသူတွေတောင် စောင့်ကြည့်နေကြတာ။ မင်းက အခု ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်နေပြီလေ။ ကမ္ဘာ့အချမ်းသာဆုံးလူက အခွန်ရှောင်တယ်ဆိုတော့ သတင်းထူးကြီးပဲပေါ့ကွ။ ကမ္ဘာ့မီဒီယာတွေတောင် ဒီအကြောင်းအရာကို အာရုံစိုက်နေကြတာ"
"ဒီတော့ ငါက ဒီလိုကောင်းမွန်တဲ့ကြော်ငြာအခွင့်အရေးကြီးကို လက်လွှတ်ခံစရာလား"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"ငါက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုပ်ဖို့ စီစဉ်နေတာ"
"တိုက်ရိုက်ထုတ်လွှင့်မှုလား။ ဘယ်လိုတိုက်ရိုက်ထုတ်လွှင့်မှုလဲ။ ဒီအကြောင်းကိုရှင်းပြမှာလား"
ဝမ်လင်က မေးပြန်လေသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ ငါ့ချမ်းသာကြွယ်ဝမှုကို ကြွားမလို့"
...
"ဘုရားရေ… ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတွေ ဘာဖြစ်နေတာလဲ။ ရှေ့မျက်နှာစာမှာ တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုတည်းကပဲ လွှမ်းမိုးထားတယ်။ ဘာခေါင်းစဉ် ဘာအကြောင်းအရာမှတောင် မပါဘူး။ ဟက်ခံထားရတာလား"
ယနေ့ အင်တာနက်သုံးသူများ တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဖွင့်ကြည့်သောအခါ ပင်မစာမျက်နှာတွင် အလွန်ထူးခြားသော တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ဟွာရှားပြည်တွင်းဗားရှင်းသာမက နိုင်ငံတကာဗားရှင်းတွင်ပါ ထိုသို့ဖြစ်နေခြင်းပင်။
မီးခိုးရှိရာနေရာတွင် မီးရှိလေသည်။ ဤတိုက်ရိုက်ထုတ်လွှင့်ခန်းများမှာ ချက်ချင်းဆိုသလိုပင် အာရုံစိုက်မှုများစွာ ရရှိသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဗလာကျင်းနေသော်လည်း ကြည့်ရှုသူသန်းပေါင်းမျာစွာက စကားပြောရန် စုဝေးလာခဲ့ကြသည်။
"ငါ့လိုမျိုး ပျင်းနေကြတဲ့ လူတစ်သန်းလောက်ရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး"
"ဟားဟားဟား ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းက ဘာတွေများထုတ်လွှင့်မလဲမသိဘူး။ ယွမ်ဖုန်း မင်း ဘယ်လိုထင်လဲ"
"ဘုရားရေ ငါက Fast Playသုံးတာ"
"Symbian! Symbian!"
...
"လာပြီဟေ့။ အခု ဓာတ်ပုံပေါ်လာပြီ"
ကြည့်ရှုသူများ ပျင်းရိလာချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ရုပ်ပုံက ရုတ်တရက်လင်းသွားပြီး ခေါင်းစဉ်အသစ်တစ်ခု ပေါ်လာသည်။
"ငါအခွန်ဆောင်လို့ ငါဂုဏ်ယူတယ်"
"ဒါက ဘာပေါက်ကရကြီးလဲ"
"ဒီကင်မရာကြောင့် ငါ ခေါင်းမူးနေပြီ။ ကင်မရာကို ချက်ချင်းအလုပ်ထုတ်ပေးပါ"
"အဲဒါ ဥက္ကဋ္ဌကျန်းမလား"
"ဘုရားရေ.. ဒါက Rolls-Royce ကားရဲ့ ကြယ်ရောင်စုံတဲ့ကောင်းကင်နဲ့ ကားခေါင်မိုးလား။ ဘုရားရေ… Rolls-Royce ကားတစ်စီးရဲ့ အတွင်းပိုင်းကို ငါ့တစ်သက် တစ်ခါမှ မမြင်ဖူးဘူး"
"ဒါက ဘာအတွက်လဲ"
"မစ္စတာကျန်း တစ်ခုခုပြောပါဦး မစ္စတာကျန်း"
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ချက်ချင်းဆိုသလို နှုတ်ဆက်စကားများ၊ ဆဲဆိုစကား၊ တဟားဟားအော်ရယ်သံများနှင့် ယောကျ်ားဟုခေါ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။
"မင်္ဂလာပါ အားလုံးပဲ"
ကျန်းမုန့်လောင်၏မျက်နှာက ကင်မရာဘက်သို့ လှည့်လာပေသည်။
"ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ ကျွန်တော် အခု အခွန်ဆောင်ဖို့ သွားနေတာပါ"
"အမလေး.. ပြဿနာတက်မှပဲ အခွန်ပေးဖို့သတိရတော့တယ်။ လူလိမ်ကောင်"
"အမှန်ပဲ။ သူ့ကိုသာ လူမမိဘူးဆိုရင် သူက တစ်သက်လုံးအခွန်ရှောင်နေမှာလား"
ကျန်းမုန့်လောင် စကားပြောလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် စော်ကားပြောဆိုနေသော မှတ်ချက်များ ပြည့်သွားချေသည်။
ထိုသတင်းကလည်း လျင်မြန်စွာပျံ့နှံ့သွားပြီး ကြည့်ရှုသူပေါင်းများစွာက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လာခဲ့သည်။ ကြည့်ရှုသူအရေအတွက်ကလည်း တစ်သန်းကျော်မှ သန်းပေါင်းများစွာအထိ ရောက်သွားလေသည်။ နိုင်ငံတွင်းပလက်ဖောင်းများတွင်လည်း ကြည့်ရှုသူအရေအတွက်က ငါးသန်းအထိ ရောက်ရှိသွားသည်။
ကျန်းမုန့်လောင်၏ကားက ပေါင်ထောင်အခွန်ရုံး၏ဝင်ပေါက်၌ ထိုးရပ်လိုက်ပြီး ကျန်းမုန့်လောင်လည်း အထဲသို့ တိုက်ရိုက်ဝင်သွားလေတော့သည်။
"မင်္ဂလာပါ ဘာများလိုအပ်ပါသလဲ"
"ကျွန်တော်က အခွန်ရှောင်ထားလို့ပါ။ ကျွန်တော်ပေးချေရမဲ့ အခွန်ပမာဏကို ပေးဖို့ လာခဲ့တာပါ"
ဤစကားကို ကြားလိုက်ရသောအခါ ဧည့်ကြိုဝန်ထမ်းခမျာ အံ့အားသင့်သွားချေသည်။ အခွန်ရုံးသို့ ရောက်ချလာပြီး သူတို့ အခွန်ရှောင်ထားသဖြင့် အခွန်ဆောင်ဖို့ လိုအပ်ကြောင်း ပြောလာသူမျိုး မတွေ့ဖူးပေ။
"ဟားဟားဟား"
"မစ္စတာကျန်း ပီသပါပေတယ်။ သူ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တင် အနိုင်ယူလိုက်တာ"
"ဟားဟားဟား.. ဒီဝန်ထမ်းတော့ အခု ခေါင်းထဲမှာ အမေးသင်္ကေတတွေပြည့်နေလောက်ပြီ"
...
ထိုဝန်ထမ်းမှာ အောက်ကိုငုံ့ကြည့်နေပြီး စာရွက်စာတမ်းများကို စီနေလေရာ ထိတ်လန့်ဖွယ်ကောင်းသော ထိုအဖြေကိုကြားလိုက်ရမှသာ မော့ကြည့်လာသည်။
"ကျန်း..မစ္စတာကျန်း"
ထိုဝန်ထမ်းက ချက်ချင်းမတ်တတ်ထရပ်လိုက်သဖြင့် သူ(မ)၏အနားရှိ အခြားလူများကလည်း အာရုံစိုက်မိသွားကြသည်။
"အဲဒါ ကျန်းမုန့်လောင်လား။ သူက ဒီကို ဘာလို့ရောက်လာတာလဲ"
"သူ့ရဲ့Silicon Moonlightကုမ္ပဏီက ၃၀ဘီလီယံကျော်အခွန်ရှောင်ထားတယ်လို့ ငါကြားထားတယ်။ အခု ဒဏ်ကြေးပေးဖို့ လာတာဖြစ်မယ်"
"သူက ဒီနေရာကို လာရဲသေးတယ်ပေါ့။ သူ့ကြောင့် ငါတို့လုပ်ငန်းရှင်တွေအားလုံး အရှက်ကွဲထားတာ"
တီးတိုးသံများက အနီးအနားမှ ထွက်ပေါ်လာချေသည်။
"မစ္စတာကျန်း ခဏလောက်စောင့်ပေးပါ။ ကျွန်မတို့ဒါရိုက်တာကို ခေါ်ပေးပါ့မယ်"
ကျန်းမုန့်လောင်ကုမ္ပဏီ၏ အခွန်ငွေပြဿနာမှာ သာမန်စာရေးတစ်ယောက် ဖြေရှင်းနိုင်သောကိစ္စမျိုး မဟုတ်ချေ။
"လုပ်ပါ။ ကျွန်တော်စောင့်နေပါ့မယ်"
သိပ်မကြာခင်မှာပင် ဆံပင်ပါးလွန်းလှသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ရုံးခန်းထဲမှ အပြေးအလွှားထွက်လာပေသည်။
"မင်္ဂလာပါ မစ္စတာကျန်း… ကျွန်တော်က အခွန်ရုံးရဲ့ဒါရိုက်တာပါ။ မျိုးရိုးနာမည်ကတော့ ချန်းပါ"
"မင်္ဂလာပါ ဒါရိုက်တာချန်း"
ကျန်းမုန့်လောင်က ယဉ်ယဉ်ကျေးကျေးပြောလိုက်လေသည်။
"ကျွန်တော်က ကုမ္ပဏီရဲ့အခွန်ငွေကို ဆောင်ဖို့ရောက်လာတာပါ။ ကျွန်တော် အခွန်ရှောင်ထားတဲ့ ပမာဏအတိုင်းဆိုရင် ထောင်ဒဏ် ဘယ်နှနှစ်လောက်ဖြစ်မလဲ"
"ဘုရားရေ.. သူက ထောင်ဒဏ်ကိုတောင် တန်းမေးနေတာပဲ"
"ဒါက ဘယ်လိုအကွက်မျိုးလဲ"
ပွဲကြည့်နေသူများမှာ ချက်ချင်းဆိုသလို အကြောင်သားဖြစ်သွားရသည်။
"မစ္စတာကျန်း.. အမှားတစ်ခုရှိပါတယ်"
ဒါရိုက်တာချန်းက ကပျာကယာပြောလိုက်ပေသည်။
"အစောပိုင်းတုန်းက ကျွန်တော်တို့အတည်ပြုထားတဲ့ သတင်းက မမှားပါဘူး။ ဒါပေမဲ့ အဲဒါတင်ပဲလည်း မဟုတ်ပါဘူး။ ခင်ဗျားက မနှစ်ကမှ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းယူထားတယ်ဆိုတာကို ကျွန်တော်တို့ အခုမှသိတာပါ။ အဲဒါကြောင့် ကုမ္ပဏီရဲ့အခွန်ငွေပြဿနာက မစ္စတာကျန်းနဲ့ မဆိုင်ပါဘူး"
"သောက်ကျိုးနည်း ဒီလိုကိုး"
"ငါသိသားပဲ။ မစ္စတာကျန်းက ဒီလောက်ချမ်းသာတာ။ အခွန်ရှောင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ၃၀ဘီလီယံဆိုတာ မစ္စတာကျန်းအတွက် မုန့်ဖိုးပဲရှိတာလေ"
"အားလုံးပဲ မတ်တတ်ရပ်ပြီး မစ္စတာကျန်းကိုတောင်းပန်ကြစမ်း"
"တောင်းပန်ပါတယ် မစ္စတာကျန်း"
ဤစကားအနည်းငယ်မျှဖြင့် ကျန်းမုန့်လောင်သည် သူ စွပ်စွဲခံထားရသည့်အချက်များကို လုံးဝရှင်းလင်းပစ်လိုက်ပြီဖြစ်၏။
"ဒါပေမဲ့ မစ္စတာကျန်း.. ဒီအခွန်ငွေပြဿနာက ခင်ဗျားနဲ့ တိုက်ရိုက်မပတ်သက်ဘူးဆိုပေမဲ့ ဒီပြဿနာကိုတော့ ဖြေရှင်းဖို့လိုဦးမှာပါ။ အရင်ဥက္ကဋ္ဌနဲ့ ဆွေးနွေးကြည့်ဖို့ ကျွန်တော်အကြံပေးချင်ပါတယ်။ ဒီကိစ္စက နည်းပညာပိုင်းဆိုင်ရာအရ မစ္စတာကျန်းနဲ့ လုံးဝမပတ်သက်ဘူးလေ"
"မလိုပါဘူးဗျာ"
ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်၏။
"အခု ကျွန်တော်က Silicon Moonlightရဲ့ ဥက္ကဋ္ဌဖြစ်နေပြီဆိုတော့ ဒီကိစ္စကို ဒီအတိုင်းလျစ်လျူရှုထားလို့မဖြစ်ဘူးလေ။ မပေးချေရသေးတဲ့ အခွန်ငွေတွေကို ကျွန်တော်ပဲ တာဝန်ယူလိုက်ပါ့မယ်"
*************