← Chapters

အခန်း (၃၁၅)

Vol. 21 Ch. 315

အခန်း (၃၁၅)

Vol. 21 Ch. 315

"ဟားဟားဟား မိုက်တယ်ဟေ့။ မိုက်တယ်"

"ဘုရားရေ.. ၃၀ဘီလီယံကို ဒီလိုပဲပေးလိုက်တာလား။ အူချီဟာကောထန်ဆိုတဲ့ ငါက မင်းကို သူရဲကောင်းလို့ ခေါ်ချင်တယ်"

"ငါ အခုနားလည်ပြီ။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ခေါင်းစဉ်က မှားနေတယ်။ "ငါအခွန်ဆောင်လို့ ငါဂုဏ်ယူတယ်"ဆိုတာ မဟုတ်ဘူး။ "ကျန်းမုန့်လောင်၏ကြွယ်ဝချမ်းသာမှုကြွားဝါရေးရှိုး"လို့ ခေါ်သင့်တာ"

"အားလုံးပဲ ပြန်ထိုင်ကြစမ်းပါ။ ဘာတွေစိတ်လှုပ်ရှားနေတာလဲ။ ဒါက ဟွာရှားယွမ်၃၀ဘီလီယံလေးတင်ပါ။ ဥက္ကဋ္ဌကျန်းအတွက် မုန့်ဖိုးသာသာပဲရှိတာ။ မင်းတို့က ဘော့စ်ကျန်းကို အထင်သေးနေတာလား။ ဘာလား"

...

"မစ္စတာကျန်း..တကယ်ပြောနေတာလား"

ဒါရိုက်တာချန်းက အတည်ပြုသလို မေးလိုက်သည်။

"ဒါပေါ့။ ကျွန်တော် တကယ်ပြောနေတာ။ ဘယ်လိုငွေချေရမလဲ။ ကတ်နဲ့လား"

"ရှောင်လီ"

ဒါရိုက်တာချန်းက ဝန်ထမ်းလေးတစ်ယောက်ကို လှမ်းခေါ်လိုက်၏။

"မစ္စတာကျန်း..ကျွန်တော်တို့ ခင်ဗျားကုမ္ပဏီရဲ့အကောင့်အတွက် ယာယီအခွန်ဖြည့်သွင်းရေးမှတ်စုတစ်ခု ချက်ချင်းလုပ်ပေးပါ့မယ်။ ကုမ္ပဏီအကောင့်ကတစ်ဆင့် အခွန်စနစ်ထဲကိုဝင်ပြီး အခွန်ဆောင်လို့ရပါတယ်"

ရှောင်လီဟုခေါ်သော ဝန်ထမ်းလေးက ပြောလာလေသည်။

"ရှုဟွမ် ပြီးပြီလား"

ကျန်းမုန့်လောင် မေးလိုက်၏။

"ဒါရိုက်တာကျိုး တစ်ချက်ကြည့်လိုက်ပါဦး"

ရှုဟွမ်က ကုမ္ပဏီ၏ဘဏ္ဍာရေးဒါရိုက်တာနှင့် ဆက်သွယ်ရင်း ပြောလိုက်သည်။

"ဥက္ကဋ္ဌကျန်း.. အခွန်ငွေစုစုပေါင်း၃၁,၈၂၃၆၄၁၈၂၃,၂၃ယွမ်ကို အပြည့်ချေပြီးပါပြီ"

ဟုန်းဟွမ်က အစီရင်ခံတင်ပြလိုက်သည်။

"ကျေးဇူးပြုပြီး စစ်ကြည့်လိုက်ပါ ဒါရိုက်တာချန်း"

ဒါရိုက်တာချန်းကလည်း ချက်ချင်းဆိုသလို ရှောင်လီကို တစ်ချက်ကြည့်လိုက်လေရာ အနည်းငယ်မျှလုပ်ဆောင်အပြီးတွင် ရှောင်လီက အစီရင်ခံလာလေသည်။

"ဒါရိုက်တာချန်း.. Silicon Moonlightရဲ့ အခွန်ပေးသွင်းငွေတွေ ရောက်နေပါပြီ"

"မစ္စတာကျန်း.. ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ဖြည့်စွက်အခွန်ပေးသွင်းမှု အောင်မြင်ပါတယ်။ နောင်အနာဂတ်မှာ ခင်ဗျားရဲ့ကုမ္ပဏီကို အချိန်မှန်မှန်ကန်ကန် အခွန်ပေးသွင်းနိုင်အောင် ကြီးကြပ်ပေးဖို့ မျှော်လင့်မိပါတယ်။ အလားတူနားလည်မှုလွဲတာမျိုး မရှိရအောင်ပါ"

ဒါရိုက်တာချန်းက ပြောလိုက်၏။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာချန်း"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဉ်ကျေးစွာပြောလိုက်သည်။

"စကားမစပ် ဒီကိစ္စက မပြီးသင့်သေးဘူးမလား"

"ဟင်"

ဒါရိုက်တာချန်း ကြက်သေသေသွားလေသည်။

"ခင်ဗျားရဲ့အခွန်ငွေက ပေးဆောင်ပြီးပြီလေ။ အခု ဘာပြဿနာမှမကျန်တော့ပါဘူး"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အကြံပေးလျူ.. ကျေးဇူးပြုပြီး ထွက်ခဲ့ပေးပါဦး"

ထိုအခါမှသာ ကျန်းမုန့်လောင်က သူနှင့်အတူ လူသုံးယောက်ကိုခေါ်လာကြောင်း အားလုံး သတိထားမိသွားကြသည်။ ထိုလူသုံးယောက်မှာ ကိုယ်ရေးလက်ထောက်ဟုန်းရီ၊ Silicon Moonlight၏အမှုဆောင်လက်ထောက်ရှုဟွမ်နှင့် ဝတ်စုံပြည့်နှင့် နက်ခ်တိုင်းကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ပင်။

ဤသက်လတ်ပိုင်းအရွယ် အမျိုးသားမှာ Silicon Moonlightကုမ္ပဏီ၏ တရားရေးအကြံပေး လျူယွီဖုန်းဖြစ်သည်။

"အကြံပေးလျူ.. ပေါင်ထောင်စီရင်စုရဲ့ စည်းမျဉ်းတွေအရ အခွန်ရှောင်ခြင်းနဲ့ လိမ်လည်မှုအတွက် ပြစ်ဒဏ်က ဘာလဲဗျ"

ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်လေသည်။

"ဥက္ကဋ္ဌကျန်း.. ဥပဒေပုဒ်မ၂၀၁အရ အခွန်ထမ်းများအနေနဲ့ လှည့်ဖြားဖုံးကွယ်မှုဖြင့် အခွန်လိမ်လည်ကြေညာခြင်း သို့မဟုတ် ကြေညာရန်ပျက်ကွက်ခြင်း၊ မူလအခွန်ပမာဏရဲ့ဆယ်ရာခိုင်နှုန်းကျော်ကို အခွန်ရှောင်ခြင်းတို့အတွက် သုံးနှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ချုပ်နှောင်မှုဖြင့် အရေးယူခံရမည်။ မူလပေးဆောင်ရမဲ့အခွန်ပမာဏရဲ့သုံးဆယ်ရာခိုင်နှုန်းကျော်ပါက ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ ဒဏ်ငွေတပ်ခံရမှာပါ"

လျူယွီဖုန်းက ပြန်ဖြေလေသည်။

"အမလေး ဥက္ကဋ္ဌကျန်း ရူးသွားပြီပဲ"

"အကုန်ရှင်းပြီးပြီဆိုတာတောင် သူ့ကိုယ်သူ ဒုက္ခရောက်အောင်လုပ်နေတာလား"

"ငါ ဒီအကွက်ကိုတော့ နားမလည်တော့ဘူး။ ငါ့ဦးနှောက်ပဲ အလုပ်မလုပ်တာလား"

"တစ်ယောက်ယောက် ငါ့ကို ရှင်းပြနိုင်မလား။ ဥက္ကဋ္ဌကျန်းက သူ့ကိုယ်သူ ပြစ်ဒဏ်ခံရအောင် လုပ်နေတာလား"

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ပေးရာနေရာတွင် အမေးသင်္ကေတများ မရေမတွက်နိုင်အောင် ပေါ်လာချေသည်။

"ဒီဟွာရှားလူမျိုးက ဘာလုပ်နေတာလဲ"

"စိတ်ဝင်စားဖို့ကောင်းတဲ့ ဟွာရှားလူမျိုးပဲ"

နိုင်ငံခြားသားအင်တာနက်အသုံးပြုသူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းခြောက်ကုန်ကြသည်။

"မစ္စတာကျန်း ဒီကိစ္စက ခင်ဗျားနဲ့မဆိုင်ပါဘူး။ ဒီတာဝန်ကို ယူစရာလည်း အကြောင်းမရှိပါဘူး"

ဒါရိုက်တာချန်းခမျာ ဘာပြောရမှန်း မသိတော့ချေ။

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဖြစ်ဘူး"

ကျန်းမုန့်လောင်က သမာသမတ်ကျကျပြောလိုက်၏။

"ကျုပ်တို့ရဲ့ Silicon Moonlightက ငါးနှစ်လုံးလုံး အခွန်အပြည့်အဝမဆောင်ခဲ့ဘူး။ ဒီ၃၀ဘီလီယံနဲ့ဆိုရင် နိုင်ငံတော်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းအတွက် တော်တော်များပြားတဲ့ရန်ပုံငွေတစ်ခု ဖြစ်လာခဲ့ရမှာ"

"လိပ်ပြာတောင်ပံအကျိုးသက်ရောက်မှုဆိုတာ ကြားဖူးလား။ လိပ်ပြာသေးသေးလေးတစ်ကောင်ရဲ့ အတောင်ပံခတ်သံက တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခုကိုတောင် ဖြစ်စေနိုင်တယ်။ ဒီ၃၀ဘီလီယံရဲ့အကျိုးသက်ရောက်မှုက တွက်ချက်လို့တောင်မရဘူး။ အရေးယူမှုသာမရှိဘူးဆိုရင် ကျုပ် စိတ်ချမ်းသာမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"မစ္စတာကျန်း ဒါဆို… ထောင်ထဲတော့ ဝင်ဖို့မလိုပါဘူး။ ခင်ဗျားလုပ်တာမှမဟုတ်တာ။ ခင်ဗျား တကယ်မနေနိုင်ဘူးဆိုရင် ဒဏ်ကြေးဆောင်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်"

"အမှန်ပဲ။ ကျွန်တော်ပြောချင်တာလည်း အဲဒါပဲ"

ကျန်းမုန့်လောင်က အဆိုပြုလိုက်သည်။

"ကျွန်တော်တို့ရဲ့အမှားကြောင့် နိုင်ငံတော်ဘက်က ဆုံးရှုံးနစ်နာခဲ့ရတဲ့အတွက် လျော်ကြေးပြန်ပေးသင့်တယ်လေ။ အဲဒါမှ တရားမှာပေါ့"

"အကြံပေးလျူ.. အခွန်ရှောင်ခြင်းအတွက် ဒဏ်ကြေးငွေက ဘယ်လောက်လဲ"

"မစ္စတာကျန်း.. စည်းမျဉ်းတွေအရ ဒဏ်ကြေးက မူလပေးဆောင်ရမဲ့ပမာဏ ဒါမှမဟုတ် လျှော့ဆောင်ထားတဲ့ပမာဏရဲ့ ၅၀ရာခိုင်နှုန်း ဒါမှမဟုတ် ငါးဆအထိ အစားစားရှိပါတယ်"

အကြံပေးလျူက ဖြေလာလေသည်။

"မစ္စတာကျန်း.. ဒါဆို ၅၀ရာခိုင်နှုန်းပဲ ပေးကြတာပေါ့။ ရှောင်လီ ဘေလ်ယူလာခဲ့"

ဒါရိုက်တာချန်းက ပြောလိုက်လေသည်။

"ခဏနေဦး"

ကျန်းမုန့်လောင်၏လေသံကား‌ လေးနက်နေပေသည်။

"ဒါရိုက်တာချန်း.. ခင်‌ဗျား ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ။ ကျုပ်တို့ပြောနေတာ ၃၀ဘီလီယံနော်။ ဒီလောက်ငွေအများကြီးကို ဒဏ်ကြေးက ဘာလို့အနည်းဆုံးကိုသတ်မှတ်ရမှာလဲ။ ပိုများတဲ့ဒဏ်ကြေးမတပ်ဘူးဆိုရင် ကျွန်တော်တော့ ဒီည အိပ်ပျော်မှာမဟုတ်တော့ဘူး"

"အာ..ဒါက.."

"ကျွန်တော့်အမြင်တော့ အများဆုံးပမာဏသတ်မှတ်ပြီး ငါးဆဒဏ်ကြေးကောက်သင့်တယ်"

"ဝိုး"

ထိုမြင်ကွင်းကြောင့် အံ့အားသင့်မှင်တက်ကုန်ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုကလည်း တိတ်ဆိတ်သွားလေတော့သည်။

"သူရူးသွားပြီလား။ ၃၀ဘီလီယံကျောရဲ့ငါးဆဆိုတော့ ၁၅၀ဘီလီယံကျော်တာပေါ့"

"သောက်ကျိုးနည်း..ငါတော့ အံ့ဩနေပြီ။ အဲဒီပမာဏက မစ္စတာမာရဲ့ Alibabaအုပ်စုရဲ့ တစ်နှစ်စာအမြတ်ငွေနော်"

"မစ္စတာကျန်း.. ခင်ဗျား ဒီထက်ပိုပြီးကြွားနိုင်သေးလား"

"ဒါက အမှားဝန်ခံနေတာမဟုတ်ဘူး။ ဟွာရှားယွမ်၁၅၀ဘီလီယံနဲ့ ကြွားပြနေတာ။ ငါ့မှာတော့ တစ်နှစ်ကိုနှစ်သိန်းပဲရှာနိုင်တယ်။ မစားမသောက်ဘဲနေရင်တောင် အဲဒီပမာဏကိုရဖို့ဆိုရင် လန်ထျန်းခေတ်ကတည်းက အလုပ်လုပ်မှရမှာ"

"လန်ထျန်းခေတ်ကမှ တော်သေးတယ်။ ငါဆိုရင် တစ်နှစ်မှ တစ်သိန်းပဲရတာ။ ငါတော့‌ ကျောက်ခေတ်ကနေ စရတော့မှာပဲ"

...

"ကျွန်တော်က မဂဏန်းတွေမကြိုက်ဘူး။ ၁.၆ထရီလီယံပဲထားလိုက်ကြရအောင်"

"မစ္စတာကျန်း"

ဒါရိုက်တာချန်းက ခပ်မဲ့မဲ့ပြုံးလျက် ပြောလိုက်သည်။

"အဲဒါက တကယ်မဖြစ်နိုင်ပါဘူး။ ဥပဒေအရဆိုရင် အများဆုံးပမာဏက ငါးဆပါ။ ၁.၆ထရီလီယံက အဲဒီပမာဏကိုကျော်နေပါပြီ။ ကျွန်တော်တို့သာ ခင်ဗျားကို တကယ်ကြီး အဲဒီလောက်ဒဏ်ကြေးတပ်တယ်ဆိုရင် ဒီနှစ်အတွက် ကျွန်တော်တို့ဘဏ္ဍာရေးစာရင်းဇယားတွေ ရှုပ်သွားလိမ့်မယ်"

"အဲ့လိုလား"

ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်သည်။

"ဒါဆို ရတယ်လေ။ ၁.၅၅ထရီလီယံပဲ ပေးတာပေါ့။ ရဲဘော်ရှောင်လီ ကြည့်လိုက်ပါဦး"

"ဒါရိုက်တာ ဒါက.."

ရှောင်လီခမျာ သူ့အလုပ်သက်တမ်းတစ်လျှောက် ဤမျှသုညအများကြီးကို မမြင်ခဲ့ဖူးပေ။

"မစ္စတာကျန်းပြောတဲ့အတိုင်း လုပ်လိုက်"

ဒါရိုက်တာချန်းက အံတင်းတင်းကြိတ်လျက် ပြောလိုက်၏။

"ဟုတ်ကဲ့"

"မစ္စတာကျန်း ဒါက သီးသန့်ဒဏ်ကြေးဆိုတော့ ခင်ဗျား ကုမ္ပဏီရဲ့ပိုက်ဆံကို သုံးလို့မရပါဘူး"

ဒါရိုက်တာချန်းက ဆိုလိုက်၏။

"ကိစ္စမရှိပါဘူး။ ကျွန်တော် အချိန်မရွေးထုတ်နိုင်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဟုန်းရီ ငွေလွှဲလိုက်တော့"

မိနစ်အနည်းငယ်အကြာတွင် မြောက်များလှစွာသော ဒဏ်ကြေးက အခွန်ရုံးစနစ်ထဲသို့ ရောက်ရှိသွားသည်။

"မစ္စတာကျန်း.. ဒဏ်ကြေးပေးဆောင်မှု‌ အောင်မြင်ပါတယ်"

"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာချန်း.. ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်"

"သာယာတဲ့နေ့လေးဖြစ်ပါစေ။ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

...

"ဒီဟွာရှားလူမျိုးက ဘာလို့ ဒီလောက်တောင်ချမ်းသာနေရတာလဲ"

ကျင့်ထျန်းကျင်းလောင်လည်း ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးသွားပြီဖြစ်၏။

အစကမူ ဤအခွန်ပြဿနာက ကျန်းမုန့်လောင်ကို ဆွဲမချနိုင်လျှင်ပင် အနည်းဆုံးတော့ လူထုဖိအားကို အတော်အတန်ခံစားရလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ထင်မှတ်မထားပါဘဲ တိုက်ရိုက်ထုတ်လွှင့်မှုက အပြောင်မြောက်ဆုံးကြော်ငြာတစ်ခု ဖြစ်သွားခဲ့သည်။

ယခုဆိုလျှင် ကျန်းမုန့်လောင်က ခန့်မှန်း၍ မရနိုင်လောက်အောင် ချမ်းသာကြောင်း တစ်ကမ္ဘာလုံးသိသွားကြပြီဖြစ်၏။ ထိုမျှသာမက သူသည် အလွန်တရာအံ့ဖွယ်ကောင်းပြီး လူမှုရေးတာဝန်သိစိတ်ရှိကာ သူ လုံးဝရှောင်ရှားနိုင်သည့် ဒဏ်ကြေးကိုပင် အမြောက်အများပေးဆောင်ခဲ့သေးသည်။ အရေးအကြီးဆုံးမှာ ဟွာရှားယွမ်၁.၅ထရီလီယံကို ထုတ်ပေးရာတွင် အမူအရာတစ်ချက်မပြောင်းဘဲ နာကျင်မှုအနည်းငယ်ကိုပင် မခံစားခဲ့ရပေ။

အရေးအကြီးဆုံးအပိုင်းမှာ ပိုက်ဆံပေးပြီးနောက်တွင် သူ့မျက်နှာထက်၌ အားရကျေနပ်နေသော အပြုံးတစ်ပွင့်ပင် ရှိနေချေသည်။ ဒဏ်ကြေး၁.၅ထရီလီယံ ဒဏ်ကြေးပေးဆောင်လိုက်ရခြင်းမှာ သူ့အတွက် အလွန်ပျော်ရွှင်ရသည့်အလားပင်။

"မဖြစ်ဘူး။ ဒီလိုဆက်သွားလို့မဖြစ်ဘူး"

ကျင့်ထျန်းကျင်းလောင် တစ်ကိုယ်တည်းရေရွတ်လိုက်လေသည်။

"ဟွာရှားနိုင်ငံကသာ အဆင့်မြင့်ချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်ခဲ့ရင် ကျန်းမုန့်လောင်ရဲ့နောက်ခံနဲ့ ဘဏ္ဍာရေးစွမ်းအားတွေကြောင့် အမှာစာတွေလည်း အများကြီးရမှာပဲ။ ဒါဆို ငါတို့လည်း သွားပြီ။ ငါတို့ သူ့ကို ရှေ့ဆက်ခွင့်ပေးလို့မဖြစ်ဘူး"

"မစ္စတာရူကျယ်"

ကျင့်ထျန်းကျင်းလောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသားမှာ အတန်ငယ်အတိတ်နိမိတ်မကောင်းလေဟန် အသွင်အပြင်တစ်ခု ရှိ၏။ သူ့ဘယ်ဘက်မျက်လုံးကိုလည်း ဆံမြိတ်နှင့်ဖုံးအုပ်ထားသေးသည်။

ကျင့်ထျန်းကျင်းလောင်က ကျန်းမုန့်လောင်၏အချက်အလက်များကို သူ့ရှေ့သို့ တွန်းပို့ပေးလိုက်သည်။

"ကျုပ် ဒီလူရဲ့အသက်ကိုလိုချင်တယ်"

*********

All Chapters