ဒါကိုဖျက်ဆီးပြီးတာနဲ့ ပြန်မယ်
Vol. 22 Ch. 318
"အသုံးမကျတဲ့လူညံ့တစ်သိုက်… ငါ့ရဲ့အဖိုးတန်အချိန် ၅စက္ကန့်ကို ဖြုန်းတီးလိုက်တာပဲ"
ကျန်းမုန့်လောင်က တည်ငြိမ်နေသော သမုဒ္ဒရာရေပြင်ကြီးကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်ပြီးနောက် အဆင့်မြင့်လူသားနင်ဂျာအခြေစိုက်စခန်းသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
ထိုနင်ဂျာဆယ့်နှစ်ယောက်ခမျာတော့ မည်သူက သူတို့ကိုသတ်လိုက်မှန်း မသိပါဘဲ သေဆုံးသွားကြရသည်။
"မစ္စတာကျန်း.. လက်လေဆာစွမ်းအင်၈၀ရာခိုင်နှုန်းကို သုံးစွဲလိုက်ပြီဆိုတာ သတိပြုပေးပါ။ ကျေးဇူးပြုပြီး ခြွေခြွေတာတာသုံးပေးပါ"
"သောက်ကျိုးနည်း..ငါက တစ်ခါပဲပစ်ရသေးတာလေ။ ဒီလောက်တောင်လျော့သွားရသလား"
ကျန်းမုန့်လောင် အထွန့်တက်လိုက်ချေသည်။
"မစ္စတာကျန်း.. လူကြီးမင်း အခုလုပ်ဆောင်ခဲ့တဲ့ တရစပ်တိုက်ခိုက်ရေးအကွက်က ပုံမှန်ထက် စွမ်းအင်ဆယ်ဆပိုကုန်ပါတယ်။ Thorကသာ လူကြီးမင်းကို သူ့တူနဲ့ တစ်ချက်လောက်ထုပေးမယ်ဆိုရင် လူကြီးမင်းရဲ့စွမ်းအင်လည်း အားပြန်ပြည့်သွားမှာပါ"
Jarvisက ထိုသို့နှယ် ဆိုလေသည်။
"မင်းက ဟာသဉာဏ်တော့ တော်တော်ရှိတာပဲ"
ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။ Thor၏တူက စွမ်းအင်အရင်းအမြစ်ကောင်းတစ်ခု ဖြစ်နိုင်သော်ငြား အသုံးပြုခမှာမူ Mark40ဝတ်စုံနှင့် ယှဉ်နိုင်ပေသည်။
"ထားလိုက်တော့.. ငါ့မှာ မိုက်ခရိုဒုံးလက်နက်အစင်း၃၀ရှိသေးတာပဲ။ မဖြစ်စလောက်အခြေစိုက်စခန်းလေးတစ်ခုကို ဖျက်ဆီးဖို့အတွက်တော့ ပြဿနာမရှိပါဘူး"
...
ပစိဖိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာတွင် အစိမ်းရောင်သစ်ပင်များဖြင့် ဖုံးအုပ်ထားသော လူသူမဲ့ကျွန်းတစ်ကျွန်းရှိလေသည်။ ထိုကျွန်းကို လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအကြာတုန်းက ပုဂ္ဂလိကပိုင်အဖြစ် ဝယ်ယူထားပြီး သင်္ဘောလမ်းကြောင်းများနှင့် ဝေးကွာလှသော နေရာတွင် တည်ရှိပေသည်။
သို့သော် ထိုကျွန်းပေါ်တွင် လူသားများ၏လှုပ်ရှားမှုရော အဆောက်အဦးများကိုပါ အရိပ်အယောင်မမြင်ရပေ။
သို့သော် မည်သူမှမသိကြသည့်အချက်မှာ ထိုကျွန်း၏အောက်တွင် ကြီးမားလှသော မြေအောက်ခန်းကြီးတစ်ခုရှိပြီး ထိုအထဲတွင် အထူးအဖွဲ့အစည်းတစ်ခု ရှိပေသည်။
ဤမြေအောက်ဧရိယာကို ဇုန်အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ သုတေသန၊ လေ့ကျင့်ရေး၊ နေထိုင်ရေးနှင့် ကွပ်ကဲရေးဇုန်များဟူ၍ပင်။ ထိုနေရာရှိ လူတစ်ယောက်ချင်းစီတိုင်းတွင် ထက်ရှလှသော အရှိန်အဝါတစ်ခုစီရှိကြပြီး အပြင်လူများနှင့်လည်း အဆက်အသွယ်မလုပ်ကြချေ။
အလယ်ဗဟိုရှိ ငွေရောင်အဆောက်အအုံတစ်ခုထဲတွင် အခြေစိုက်စခန်း၏ ကွပ်ကဲရေးစင်တာတစ်ခုရှိ၏။ တာဝန်ထမ်းဆောင်နေသော နင်ဂျာများကို ထိုကွပ်ကဲရေးစင်တာမှ စောင့်ကြည့်လေ့လာပြီး ဆက်သွယ်နေခြင်းပင်။
မော်နီတာဖန်သားပြင်ထက်တွင် ပြသနေသော သက်ရှိအချက်ပြဆယ့်နှစ်ခုမှာ ရုတ်တရက်မှိန်ကျသွားလေရာ ဆက်သွယ်ရေးအရာရှိခမျာ လန့်ဖျပ်သွားလေသည်။
"ခေါင်းဆောင်.. ဟွာရှားနိုင်ငံကို ထွက်ခွာသွားတဲ့ အဖွဲ့၃နဲ့ အဖွဲ့၁၂ရဲ့ သက်ရှိအချက်ပြတွေ ပျောက်သွားပါပြီ"
"ဘာ? တည်နေရာက ဘယ်နားမှာလဲ"
ခေါင်းဆောင်ဖြစ်သူကလည်း ချက်ချင်းပြန်မေးလိုက်၏။
"အခြေစိုက်စခန်းကနေ ဟွာရှားနိုင်ငံရဲ့ ရတနာကျွန်းကိုသွားတဲ့လမ်းရဲ့ ခန့်မှန်းခြေ၁၅၀၀ကီလိုမီတာအဝေးမှာပါ"
ဝန်ထမ်းလေးကလည်း ပြန်ဖြေလေသည်။
"ဘာ? လုံရှားက တစ်ယောက်ယောက်နဲ့များ တွေ့လို့လား"
"တောင်းပန်ပါတယ် ခေါင်းဆောင်.. ကျွန်တော်တို့လူတွေဘက်က ဘာသတင်းမှချန်မထားခဲ့ပါဘူး။ ဒါက သူတို့ဆီက နောက်ဆုံးရေဒီယိုထုတ်လွှင့်မှုပါပဲ"
"ဖွင့်လိုက်"
ရှဲ…
"သံမဏိလူသားလား"
"ငါအိပ်မက်မက်နေတာလား"
"ဒါက တကယ်ကြီးလား။ အမေရိကန်တွေလား။ ဟွာရှားလူမျိုးတွေလား"
ရှဲ..
"သံမဏိလူသားတဲ့လား။ သူတို့ ဘာတွေပြောနေတာလဲ။ မူးနေကြတာလား"
အရေးကြီးသတင်းအချက်အလက် ဘာတစ်ခုမှ မရလိုက်သောကြောင့် ခေါင်းဆောင်က စားပွဲကိုရိုက်ချလိုက်လေသည်။
သူတို့တွေ သမုဒ္ဒရာထဲမှာ သံမဏိလူသားနဲ့တွေ့ပြီး အသတ်ခံခဲ့ရတာတဲ့လား.. ကျောင်းသားလေးတစ်ယောက်ကို သွားပြောရင်တောင် ယုံကြမှာမဟုတ်ဘူး…
"ငါ မစ္စတာရူဇိုကိုသွားတွေ့လိုက်ဦးမယ်"
ခေါင်းဆောင်က ကွပ်ကဲရေးစင်တာမှ ထွက်သွားပြီးနောက် အနီးအနားရှိ လေ့ကျင့်ရေးစင်တာဆီသို့ သွားလိုက်၏။
"မစ္စတာရူဇိုလား"
ထိုခေါင်းဆောင်က လေ့ကျင့်ရေးအခန်းတံခါးကို ခေါက်လိုက်သော်ငြား သတ္တုတံခါးကို ထိလိုက်ချိန်မှာပင် ပူလောင်လှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
တံခါးကို လက်ဖဝါးဖြင့် ကပ်ကြည့်လိုက်ချိန်ဝယ် အပူချိန်မြင့်မားမှုကို သိသိသာသာခံစားလိုက်ရသည်။
သူတို့၏ခေါင်းဆောင် မစ္စတာရူဇိုက အဆင့်ရှစ်အဆင့်မြင့်လူသားတစ်ယောက်ဖြစ်ပြီး ဓာတ်ခွဲခန်း၏ အအောင်မြင်ဆုံးစမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ထိုခေါင်းဆောင် ကောင်းကောင်းသိထားသည်။ သူ့ဆဲလ်များက အလွန်မြင့်မားလှသော အပူချိန်ကို ထုတ်လုပ်နိုင်ပြီး မီးလျှံအဖြစ်လည်း ပြောင်းလဲပစ်နိုင်လေသည်။
"ကလစ်"
တံခါးက အလိုအလျောက်ပွင့်သွားပြီးနောက် ပူပြင်းလှသော အပူလှိုင်းတစ်ခုက အခန်းထဲမှ ထွက်ပေါ်လာလေသည်။ ကိုယ်အပေါ်ပိုင်းဗလာကျင်းနေသော ကြွက်သားတောင့်ခိုင်သည့် အမျိုးသားတစ်ယောက် လျှောက်လာလေသည်။ သူ့အရေပြားကလည်း ခပ်ဖျော့ဖျော့အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေချေသည်။
"ဘာလိုအပ်လို့လဲ"
မစ္စတာရူဇိုက အေးတိအေးစက်မေးခွန်းထုတ်လေသည်။
"မစ္စတာရူဇို.. လွန်ခဲ့တဲ့နာရီပိုင်းတုန်းက ဟွာရှားကိုစေလွှတ်လိုက်တဲ့ အဖွဲ့နှစ်ဖွဲ့က ပစိဖိတ်သမုဒ္ဒရာထဲမှာ ပျောက်သွားပါတယ်။ ရေအောက်ယာဉ်နဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားပါပြီ"
အဖွဲ့ခေါင်းဆောင်က အစီရင်ခံတင်ပြလိုက်လေသည်။
"ဘာဖြစ်တာလဲ"
ရူဇို၏အသားအရောင်ကား ပြောင်းလဲသွားပေသည်။ အဆင့်မြင့်လူသားတိုင်းက တန်ဖိုးကြီးအရာတစ်ခုဖြစ်ပြီး ချူနင်နှစ်ယောက်က ဤအခြေစိုက်စခန်း၏ ကျောထောက်နောက်ခံများပင်။ ဤသည်မှာ သေးငယ်လှသော ဆုံးရှုံးမှုတစ်ခုမဟုတ်ပေ။
"အဲဒါတော့ မသိရသေးပါဘူး။ ဖြစ်သွားတာတွေက မြန်လွန်းပါတယ်။ သူတို့မသေခင်တုန်းက "သံမဏိလူသား"ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဘာအဓိပ္ပာယ်လဲဆိုတာတော့ နားမလည်ပါဘူး"
"သံမဏိလူသားလား"
ရူဇိုလည်း ခေါင်းခြောက်သွားရသည်။ ဤသည်မှာ လျှို့ဝှက်ကုတ်တစ်ခုလေလား။ သို့မဟုတ် အထူးအဓိပ္ပာယ်တစ်ခုခုများ ရှိလေသလား။
"ဘွန်း"
ထိုအချိန်မှာပင် အခြေစိုက်စခန်းတစ်ခုလုံး အပြင်းအထန်တုန်ခါသွားပြီး အချင်းငါးမီတာကျော်သော အပေါက်ကြီးတစ်ခုက သူတို့အထက်တွင် ပေါ်ပေါက်လာပြီးနောက် အနီရောင်နှင့်ရွှေရောင်စပ်ထားသော သတ္တုကိုယ်ထည်တစ်ခုက အခြေစိုက်စခန်းထဲသို့ တရကြမ်းဖောက်ဝင်လာသည်။
"တီ တီ တီ တီ တီ"
"ကျူးကျော်သူတစ်ဦး အခြေစိုက်စခန်းထဲကို အကြမ်းဖက်ဝင်ရောက်လာပါပြီ"
"တိုက်ခိုက်ရေးဝန်ထမ်းအားလုံး အခြေစိုက်စခန်းရဲ့ဗဟိုနယ်မြေမှာ စုဝေးပေးကြပါ"
အခြေစိုက်စခန်းထဲရှိ အဆင့်မြင့်လူသားများအားလုံးလည်း ဗဟိုရင်ပြင်တွင် ခပ်မြန်မြန်စုဝေးလိုက်ကြသည်။ ကျူးကျော်ဝင်ရောက်လာသူကို ရူဇိုအီချီရိုအပါအဝင် သူတို့တစ်သိုက် မြင်လိုက်ရချိန်မှာတော့ ကြက်သေသေကုန်ပေသည်။
"မစ္စတာရူဇို..ဒါက…"
အဖွဲ့ခေါင်းဆောင်၏မျက်နှာထက်ရှိ အမူအရာမှာ ပျက်ယွင်းနေချေသည်။
"မဖြစ်နိုင်တာ"
ရူဇိုအီချီရို၏မျက်နှာအမူအရာကလည်း အလွန်ဆိုးဝါးသွားလေသည်။ ယခုမူ ထိုအဖွဲ့နှစ်ဖွဲ့ချန်ထားရစ်ခဲ့သော နောက်ဆုံးစကားနှစ်ခွန်း၏ အဓိပ္ပာယ်ကို သူ နားလည်လိုက်လေပြီ။
တကယ်ကြီး သံမဏိလူသားဖြစ်နေတာပဲ…
"အချက်ပြလက္ခဏာပျောက်သွားတာ ၂မိနစ်ကျော်ရှိတယ်။ အကွာအဝေး၁၅၀၀ကီလိုမီတာနဲ့တွက်ရင် သူ့ရဲ့ပျံသန်းနှုန်းက အလင်းအရှိန်၃၀ပဲဖြစ်ရမယ်"
ကွပ်ကဲရေးစင်တာ၏ ခေါင်းဆောင်ဖြစ်သူက ထိုသံချပ်ကာ၏ အချက်အလက်များကို တွက်ချက်ကြည့်လိုက်လေရာ အသံရှူပင်မှားသွားလေသည်။
အခြေစိုက်စခန်းထဲရှိ ကာကွယ်ရေးလက်နက်အားလုံးမှာ လေထဲတွင်ပျံဝဲနေသော ထိုပုံရိပ်ဆီသို့ ချိန်ရွယ်ထားကြသော်ငြား မည်သူမှမလှုပ်ရှားရဲပေ။
"မင်းတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ"
ကျန်းမုန့်လောင် မေးလိုက်လေတော့သည်။
မည်သူမှ မဖြေချေ။
"ဝှစ်"
သံချပ်ကာထဲမှ အသေးစားဒုံးလက်နက်တစ်မျိုး ပျံထွက်လာပြီးနောက် အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်သွား၏။
"ဘွန်း"
မီးလျှံလုံးတစ်ခုက ထိုအဆောက်အအုံကို လျှပ်တစ်ပြက်အတွင်း ဝါးမျိုပစ်လိုက်ပြီးနောက် ပေါက်ကွဲမှုကြောင့် အဆောက်အအုံကြီးခမျာ မြေပြင်ထက်သို့ လုံးလုံးလျားလျားပြိုကျသွားပေသည်။
"သေစမ်း..အစွမ်းထက်လိုက်တာ"
ကျန်းမုန့်လောင်လည်း တအံ့တဩရေရွတ်မိလိုက်သည်။ အသေးစားဒုံးလက်နက်၏အစွမ်းကို အကဲဖြတ်ကြည့်မည်ဆိုပါက ဆယ်စင်းမျှဖြင့် ဤအခြေစိုက်စခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပြီဖြစ်၏။
"မင်းက ဘယ်သူလဲ"
ရူဇိုအီချီရိုက လူအုပ်ထဲမှ ရှေ့ထွက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အပူချိန်ကလည်း စတင်မြင့်တက်လာလေသည်။
"သောက်ကျိုးနည်း..ခေတ်ရေစီးကြောင်းကို အမီမလိုက်နိုင်တဲ့ လူရိုင်းတစ်ယောက်ပဲ"
ရူဇိုအီချီရို၏စတိုင်လ်ကို မြင်သောအခါ ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်ပေ။
"ကြည့်ရတာတော့ ခင်ဗျားက ဒီနေရာမှာ ဘော့စ်ဖြစ်မယ်ထင်တယ်"
ကျန်းမုန့်လောင်က သူ့သံချပ်ကာကိုပုတ်လျက် ကျွမ်းကျင်ပိုင်နိုင်လှသော ကိုင်ဘွန်ဘာသာစကားဖြင့် ပြောလိုက်လေသည်။
"ကျုပ်က သံမဏိလူသားဆိုတာ ရှင်းနေတာပဲ။ မသိဘူးလား။ ပုံမှန်ဆိုရင် ခင်ဗျားတို့တွေ ဘာဖျော်ဖြေရေးအစီအစဉ်မှ မကြည့်ကြဘူးထင်တယ်နော်။ တော်တော်သနားဖို့ကောင်းတာပဲ"
"လူကြီးမင်း.. ကျုပ်တို့အဖွဲ့အစည်းထဲက အဖွဲ့ဝင်တွေက ခင်ဗျားလက်ချက်နဲ့ သေခဲ့ရတယ်။ ကျုပ်တို့ ခင်ဗျားကို ဘာများအပြစ်ပြုမိခဲ့လို့လဲမသိဘူး"
ရူဇိုအီချီရိုက ပြောလိုက်လေသည်။
"ခင်ဗျားတို့က ကျုပ်ရဲ့ပိုင်နက်နယ်မြေဟွာရှားနိုင်ငံထဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ လူတွေစေလွှတ်ခဲ့ပြီးတော့မှ ကျုပ်ကို ဘာများအပြစ်ပြုမိသွားသလဲလို့ လာမေးရဲသေးတယ်ပေါ့"
ရူဇို၏အမူအရာကား ပြောင်းလဲသွားချေသည်။ သူတို့၏စစ်ဆင်ရေးက အလွန်လျှို့ဝှက်ပေသည်။ သစ္စာဖောက်သာမရှိလျှင် သတင်းက မည်သို့နှယ် ပေါက်ကြားနိုင်မည်နည်း။
"ခင်ဗျားကို ကျန်းမုန့်လောင်က လွှတ်လိုက်တာလား"
လုံရှား၏စွမ်းအားအစစ်ကို ရူဇို အလုံးစုံနားလည်ထားခြင်း မရှိသော်ငြား အခြေခံစွမ်းရည်များကိုတော့ သိထားသည်။ ဤကဲ့သိုသောနည်းပညာမျိုးမှာ ဟွာရှားနိုင်ငံတွင်မဆိုထားနှင့်။ အမေရိကန်ပင် ဤမျှအဆင့်မြင့်သော နည်းပညာကို မထုတ်လုပ်နိုင်ပေ။
တစ်ခုတည်းသောဖြစ်နိုင်ခြေက နိုင်ငံများနှင့်ပင် ယှဉ်ပြိုင်နိုင်သော လူချမ်းသာတစ်ယောက်ဖြစ်သည့် ကျန်းမုန့်လောင်က ဤသံချပ်ကာကို ထုတ်လုပ်နိုင်ခဲ့ခြင်းပင်။
ထိုသို့တွေးမိသောအခါ သူ့ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းထသွားရသည်။
"လူကြီးမင်း..ဒါက ကိုင်ဘွန်နိုင်ငံရဲ့ အထူးအခြေစိုက်စခန်းတစ်ခုပါ။ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့အတွက် ချက်ချင်းထွက်သွားပေးစေချင်ပါတယ်"
ရူဇိုအီချီရိုက သူ့လေသံကို လျှော့ချလိုက်၏။ ကွပ်ကဲရေးစင်တာခေါင်းဆောင်က ဤသံချပ်ကာမှ ထုတ်လွှတ်နေသော စွမ်းအင်သိပ်သည်းဆသည် အဆင့်၁၀ကို ကျော်လွန်လေကြောင်း သူ့ကို ပြောပြထားသည်။
ဤစွမ်းအားမျိုးမှာ အဆင့်ကိုးအဆင့်မြင့်လူသားများ၏ စံချိန်စံနှုန်းကိုပင် ကျော်တက်နေချေပြီ။ ဤအခြေစိုက်စခန်းထဲတွင် မည်သူကမှ ထိုအရာကို ရင်မဆိုင်နိုင်ကြချေ။
"ကောင်းပြီလေ။ ဒီနေရာကိုဖျက်ဆီးပြီးတာနဲ့ ပြန်မယ်"
ကျန်းမုန့်လောင်လည်း လှောင်ရယ်လိုက်မိတော့သည်။
"Jarvis.. ဒုံးလက်နက်တွေကိုထိန်းချုပ်ပြီး ဒီကျွန်းပေါ်က အဆောက်အအုံမှန်သမျှကို ဖျက်ဆီးပစ်လိုက်"
"ဝှစ်"
ရူဇိုအီချီရို၏မျက်နှာကား ရုတ်ခြည်းဖြူဖျော့သွားရှာလေသည်။
***********