← Chapters

ဒါက အခုမှအစပဲရှိသေးတယ်

Vol. 22 Ch. 319

ဒါက အခုမှအစပဲရှိသေးတယ်

Vol. 22 Ch. 319

Mark7၏ ရင်ဘတ်နှင့် ပခုံးပေါ်ရှိ ဒုံးလက်နက်တို့ကို ခဏတွင်းချင်း လှုပ်ရှားစေလိုက်သည့်အခါ သေစေနိုင်လောက်သော ခြိမ်းခြောက်မှုတစ်ခုက အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေ၏။

ကျန်းမုန့်လောင်တွင် မိနစ်အနည်းငယ်မျှသာ အချိန်ရှိသောကြောင့် ဤလူများနှင့် စကားပြောနေလျှင် သူ့စွမ်းအားအမှတ်များကို ဖြုန်းတီးပစ်ရုံမျှသာ ဖြစ်သောကြောင့် ချက်ချင်းလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

Jarvisက တိတိကျကျ တွက်ချက်ပြီးနောက် အကောင်းဆုံးပစ်ကွင်းနေရာများကို ချိန်ရွယ်လိုက်လေရာ ဒုံးကျည်တစ်ဒါဇင်နှင့်အတူ မီးလျှံတန်းအရှည်ကြီးကပါ ကပ်လိုက်၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားလေတော့သည်။

"လူယုတ်မာ"

ရူဇိုအီချီရိုက ရှေ့ဆုံးကဦးဆောင်၍ အပြေးအလွှားရှေ့တက်လာခဲ့သည်။ အဆင့်ရှစ်အဆင့်မြင့်လူသားတစ်ယောက်၏ ခွန်အားကို ပိုင်ဆိုင်ထားသည့်အတွက် သာမန်အပူစွမ်းအင်သုံးလက်နက်များက သူ့ကို အန္တရာယ်မပေးနိုင်တော့ပေ။ ထို့ကြောင့် ဒုံးလက်နက်ဖောက်ခွဲမှုပြင်းအားကိုလည်း ထိပ်တိုင်ရင်ဆိုင်ရဲပေသည်။

မိုက်ခရိုဒုံးလက်နက်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ချိန်ဝယ် အလျှံတငြီးငြီးမီးတောက်ကြီးတစ်ခုက သူ့ခန္ဓာကိုယ်ထက်တွင် တောက်လောင်လာသည်။

ထိုအရာမှာ မိုက်ခရိုဒုံးလက်နက်တစ်ခု ဆိုသော်ငြား စွမ်းအားမှာမူ ကမ္ဘာမြေပေါ်ရှိ လက်ရှိအဆင့်ထက် ဘယ်နှဆပိုများသလဲဆိုသည်ကိုမူ မသိနိုင်ပေ။ သို့ဖြစ်လေရာ အဆင့်ရှစ်အဆင့်မြင့်လူသားတစ်ယောက်က အဘယ်သို့ တားနိုင်ပါအံ့နည်း။

အဆောက်အအုံကြီးတစ်ခုလုံးလည်း လျှပ်တစ်ပြက်အတွင်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားရပြီး ပြင်းထန်လှစွာသောဂယက်လှိုင်းပြင်းကြီးကြောင့် ရူဇိုအီချီရို၏ခန္ဓာကိုယ်လည်း လွင့်ထွက်သွားချေသည်။

သူ့ခန္ဓာကိုယ်တွင် သွေးတစက်စက်စီးကျနေသည်။ ရှင်သန်နိုင်စွမ်းမြင့်သော ဆဲလ်များနှင့် အသက်ဓာတ်ကြောင့်သာ မဟုတ်ပါက ဤဖောက်ခွဲမှု၏စွမ်းအားမှာ သူ့ကို ကမ္ဘာပေါ်မှ ဖယ်ရှားပစ်ရန် လုံလောက်ပေသည်။

"ဘုန်း"

"ဘုန်း"

...

ဒုံးကျည်တစ်ဒါဇင်က အဆက်မပြတ်ပေါက်ကွဲသွားပြီး လျှပ်တစ်ပြက်အတွင်းမှာပင် မြေအောက်အခြေစိုက်စခန်းကြီးတစ်လုံးလည်း လူ့ငရဲတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။ ဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသော ဤအဆောက်အအုံကြီးကား တစ်စက္ကန့်အတွင်းမှာပင် ပျောက်ကွယ်သွားချေပြီ။

"အားကောင်းလိုက်တဲ့ သံချပ်ကာ.. အဖျက်ဓာတ်ကြီးမားလိုက်ပုံများ"

အဆင့်မြင့်လူသားပေါင်းများစွာ၏ ကာကွယ်မှုအောက်တွင် ရှိနေသည့် အဖြူရောင်ဓာတ်ခွဲခန်းဝတ်စံကို ဝတ်ဆင်ထားသော လက်နက်ပညာရှင်တစ်ယောက်က ကျန်းမုန့်လောင်ကိုကြည့်ရင်း အကြောင်သားမတ်တတ်ရပ်နေချေသည်။

"ဒီလိုအရာမျိုးကို ဖန်တီးဖို့ဆိုရင်..ကနဦးရင်းနှီးမြှုပ်နှံငွေမပြောနဲ့။ ထုတ်လုပ်ရေးကုန်ကျစရိတ်ကတင် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကုန်မှာပဲ"

"အဘိုးကြီးက အမြင်ရှိသားပဲ"

ကျန်းမုန့်လောင်က လက်နက်ပညာရှင်ကို ပြုံးပြလိုက်သည်။

"ဒါပေမဲ့ ကျုပ်တို့ဘော့စ်အတွက်တော့ ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုသာသာပဲ။ သူ့မှာ ဒီလိုသံချပ်ကာမျိုး ရာနဲ့ချီပြီးရှိတယ်။ ဒါက အစပဲရှိသေးတာ"

ဤစကားများမှာ ရူဇိုအီချီရိုတစ်ယောက် သတိမလစ်ခင် နောက်ဆုံးကြားလိုက်ရသော စကားများပင်။

"သံချပ်ကာတစ်ရာကျော်…ကျန်းမုန့်လောင်…"

...

"မစ္စတာရူဇို မစ္စတာရူဇို"

ရူဇိုအီချီရို ပြန်သတိရလာသောအခါ ဆေးရုံပေါ်တွင် လဲလျောင်းနေရပေသည်။ သန်မာလှသော သူ့ဆဲလ်များ၏ ရှင်သန်နိုင်စွမ်းကြောင့် ပြင်ပဒဏ်ရာများမှာ သက်သာလုနီးပါးဖြစ်နေသော်ငြား ဆဲလ်ကုန်ခမ်းမှုကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်အားနည်းနေချေသည်။

ကျန်းမုန့်လောင် လွှတ်လိုက်သောလူများမှာ အင်အားပြရန်သက်သက်သာဖြစ်ပြီး သတ်ဖြတ်ရန်မဟုတ်ကြောင်း သူသိသည်။ သို့မဟုတ်ပါက ထိုအခြေစိုက်စခန်းထဲရှိ လူပေါင်းတစ်ရာကျော်လည်း တစ်ယောက်မှ အသက်ရှင်ကြမည်မဟုတ်။

"ဝန်ကြီး"

ရုတ်ခြည်းဆိုသလို သူ့ကိုနှိုးပေးခဲ့သူမှာ စွမ်းအင်ဌာန၏ဝန်ကြီးကူရိုအီရှီဝါဖြစ်ကြောင်း ရူဇိုအီချီရို သဘောပေါက်လိုက်သည်။

"မစ္စတာရူဇို.. အဆင်ပြေရဲ့လား"

ကူရိုအီရှီဝါက စိုးရိမ်တကြီးမေးမြန်းလေသည်။ သူ့အတွက်ပင် နတ်ဘုရားအဆင့်နင်ဂျာအဆင့်မြင့်လူသားကို လေးစားထိုက်ပေသည်။

"စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ် ဝန်ကြီး။ ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ အခြေစိုက်စခန်းအမှတ်ကိုး.."

ရူဇိုအီချီရိုခမျာ ထိုသံမဏိလူသားအကြောင်း တွေးမိပြီး ကူကယ်ရာမဲ့သွားရသည်။

"တောင်းပန်ပါတယ်။ ကျွန်တော်အရည်အချင်းညံ့ဖျင်းခဲ့လို့ အခြေစိုက်စခန်းအမှတ်ကိုးကို မကာကွယ်နိုင်ခဲ့ဘူး"

"အခြေစိုက်စခန်းထဲက တခြားလူတွေရော ဘယ်လိုအခြေအနေရှိလဲ"

ရူဇိုအီချီရိုက မေးလိုက်၏။

"သတိလစ်နေတုန်းပါပဲ"

ကူရိုအီရှီဝါက ပြန်ဖြေပေးလိုက်သည်။

"ရန်သူထွက်ခွာသွားပြီးနောက်မှာ သူတို့က အခြေစိုက်စခန်းတစ်လျှောက်မှာ ဂယက်လှိုင်းပြင်းဗုံးနဲ့တူတဲ့ အရာတစ်ခုကို ပစ်ချခဲ့တယ်။ နောက်တော့ ခင်ဗျားကပဲ ပထမဆုံးသတိရလာခဲ့တာ။ ကျုပ်ကိုပြောပါဦး။ အခြေစိုက်စခန်းအမှတ်ကိုးမှာ ဘာတွေဖြစ်ခဲ့တာလဲ"

"ခင်ဗျားယုံမှာတောင် မဟုတ်ဘူး။ ဒါတွေအားလုံးကို သံမဏိလူသားဝတ်စုံဝတ်ထားတဲ့ ဟွာရှားလူမျိုးတစ်ယောက်က လုပ်ခဲ့တာ"

"သံမဏိလူသားလား"

ကူရိုအီရှီဝါခမျာ သံသယဝင်နေဟန်ပင်။ ရူဇိုအီချီရို၏စိတ်အစဉ်က အပြည့်အဝရှင်းလင်းသေးပုံမပေါ်ချေ။ သို့သော် အခြေစိုက်စခန်းအမှတ်ကိုးက ဘာမှမကျန်တော့လောက်အောင် လောင်ကျွမ်းပြာကျသွားခဲ့သည်ဖြစ်ရာ သူတို့တွင် အသုံးဝင်သော သတင်းအချက်အလက်များကို အတည်ပြုနိုင်မည့် နည်းလမ်းလည်းမရှိပေ။

"ကျွန်တော်လည်း မျက်စိနဲ့တပ်အပ်မမြင်ရရင် ယုံမှာမဟုတ်ဘူး"

ရူဇိုအီချီရိုက ဆို၏။

"အဲဒီပစ္စည်းရဲ့ပျံသန်းနှုန်းက Mach30ရှိပြီး တိုက်ခိုက်ရေးစွမ်းအင်က စံသတ်မှတ်နှုန်းစွမ်းအင်ယူနစ်အဆင့်၁၂ရှိတယ်။ ကျွန်တော်တို့လက်နက်တွေက သူ့သံချပ်ကာပေါ်မှာ အမှတ်အသားလေးတစ်ခုတောင် ချန်မထားနိုင်ဘူး။ ပြီးတော့ သူ့လှုပ်ရှားကွက်က အရမ်းမြင့်တာ။ လက်နက်အမျိုးအမည်က စုံတယ်။ အဲဒီလိုလက်နက်မျိုးကို ဘယ်နိုင်ငံကမှ ဖန်တီးနိုင်စွမ်းမရှိဘူး"

"လုံရှားက ထုတ်လုပ်ထားတာလား"

ကူရိုအီရှီဝါက မေးလိုက်၏။

နိုင်ငံတိုင်းရှိ အထူးအဖွဲ့အစည်းများနှင့် ဌာနများတွင် ကိုယ်ပိုင်အရာများရှိ၏။ သူတို့တွင် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနများရှိပြီး သူတို့၏နည်းပညာများကိုလည်း အဆင့်အတန်းခွဲခြားထားသည်။ ဥပမာ SubSharkရေအောက်ယာဉ်မှာ နင်ဂျာများစီးနင်းသည့် နည်းပညာထုတ်ကုန်တစ်ခုပင်။

သို့သော် သံမဏိလူသား၏ သံချပ်ကာမှာ သူတို့လက်နက်ထက် အဆပေါင်းများစွာ အစွမ်းထက်နေသည်မှာ နားမလည်နိုင်စရာပင်။

"မဟုတ်ဘူး။ အဲ့ဒါကို ပစ်မှတ်က စေလွှတ်လိုက်တာဖြစ်မယ်"

ရူဇိုအီချီရိုက ပြန်ဖြေလိုက်၏။

"ကျန်းမုန့်လောင်လား"

ကူရိုအီရှီဝါ၏မျက်နှာထက်ရှိ ထိတ်လန့်မှုကား ပြောမပြတတ်လောက်အောင်ပင်။ တကယ်သာ ဤသို့ဆိုပါက ကျန်းမုန့်လောင်၏ ချမ်းသာကြွယ်ဝမှုက နိုင်ငံတစ်နိုင်ငံလုံးနှင့်ပင် ယှဉ်နိုင်ပြီး သူထိန်းချုပ်ထားသော လက်နက်ကိုင်တပ်ဖွဲ့များကလည်း ထိုနည်းလည်းကောင်းပင်။

ဤသည်မှာ အယူအဆအတူတူပင်။ မည်မျှချမ်းသာနေပါစေ လူတစ်ယောက်သည် နိုင်ငံတော်ယန္တရားရှေ့မှာတော့ ခွန်အားကင်းမဲ့နေသင့်သည်။ သို့သော် လက်နက်ကိုင်တပ်ဖွဲ့များက ဤအဆင့်အထိ ရောက်နေပြီဆိုလျှင် နိုင်ငံတစ်နိုင်ငံကပင် သူ့ကို အံတုနိုင်မည်မဟုတ်ချေ။

"စံသတ်မှတ်နှုန်းစွမ်းအင်ယူနစ်အဆင့်၁၂… အဲဒီလောက်ရှိတဲ့အဆင့်က အဆင့်ကိုးအဆင့်မြင့်လူသားတစ်ယောက်နဲ့တောင် ယှဉ်နိုင်တယ်"

ကူရိုအီရှီဝါက ပြောလိုက်လေသည်။

"အဲဒါက ကျန်းမုန့်လောင်ထိန်းချုပ်ထားတဲ့ အာဏာရဲ့ သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်နေမှာစိုးတယ်"

ရူဇိုအီချီရိုက ပြောလိုက်ပြန်လေသည်။

"ကျွန်တော် သတိမလစ်ခင်တုန်းက ကျန်းမုန့်လောင်ရဲ့လက်အောက်မှာ ဒီလိုသံချပ်ကာမျိုး ရာနဲ့ချီပြီးရှိတယ်လို့ သူပြောခဲ့တာကို ကြားလိုက်ရတယ်"

"ဘာ မဖြစ်နိုင်တာ"

ကူရိုအီရှီဝါကား ခေါင်းတခါခါ..

"တကယ်ဟုတ်မဟုတ်တော့ မသိပေမဲ့ နင်ဂျာဌာနက နတ်ဘုရားအဆင့်နင်ဂျာတွေကိုယ်တိုင် အရေးမယူဘူးဆိုရင် သူ့ကို သတ်လို့ရနိုင်မှာမဟုတ်ဘူး"

ရူဇိုအီချီရိုက ပြောလိုက်လေသည်။

"ပြီးတော့ ကျွန်တော်တို့အဖွဲ့အစည်းထဲမှာ သူလျှိုတစ်ယောက်ရှိတယ်လို့ သံသယဖြစ်မိတယ်"

"ဘာလို့လဲ"

"ကျွန်တော်တို့စစ်ဆင်ရေးတွေက အမြဲတမ်း အသေးစိတ်စီစဉ်ထားတာလေ။ ဒါပေမဲ့ ဟွာရှားရဲ့ရတနာကျွန်းကို သွားတဲ့လမ်းက ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျန်းမုန့်လောင်ရဲ့အင်အားစုတွေဆီက ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်။ အဲဒီသဘောက ကျွန်တော်တို့စစ်ဆင်ရေး ပေါက်ကြားသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ"

"စုံစမ်းစစ်ဆေးလိုက်"

ကူရိုအီရှီဝါက သူ့အနောက်ရှိ လူတစ်ယောက်ကို အေးတိအေးစက်ဟန်ဖြင့် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ ဝန်ကြီး"

"ဝန်ကြီး ပြောစရာတစ်ခုရှိပေမဲ့ ပြောသင့်မပြောသင့်တော့မသိဘူး"

"ပြောပါ"

"အရင်တုန်းက ကျွန်တော်တို့ရယ် ဥရောပနဲ့အမေရိကန်က ကုန်ကြမ်းပစ္စည်းတင်သွင်းသူတွေက ကျန်းမုန့်လောင်ရဲ့ကုမ္ပဏီကို ဆန့်ကျင်ခဲ့တုန်းက သူ ကျွန်တော်တို့ကို ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ဘက်က သူ့ကိုသတ်ဖို့ လူတွေလွှတ်လိုက်တဲ့အချိန်မှာ သူ့ရဲ့အောက်ခြေစည်းကို ကျော်မိသလိုဖြစ်သွားတာနေမယ်။ သူပြောနေတာကို ကျွန်တော်ကြားလိုက်တယ်။ 'ဒါက အစပဲရှိသေးတာ'တဲ့"

"အစပဲရှိသေးတာလား"

ကူရိုအီရှီဝါ မျက်မှောင်ကြုတ်လိုက်မိသည်။

ကျန်းမုန့်လောင်ဘက်က အခြားလှုပ်ရှားမှုများ ရှိလာဦးမည်လား။

"ခင်ဗျား အနားယူလိုက်ပါ။ ကျန်တာကို ကျုပ်တို့တာဝန်ထားလိုက်"

"ဝန်ကြီး"

ရူဇိုအီချီရိုက ပြောလိုက်လေသည်။

"ကျန်းမုန့်လောင်ကို မြေသတ္တုဒြပ်စင်အသစ် မတင်သွင်းနိုင်အောင် ပိတ်ပင်နေတာက ဉာဏ်ရှိတဲ့လုပ်ရပ်တစ်ခု ဟုတ်ပုံမရဘူး။ အခုအချိန်အထိ သူ့ဘက်က ဘေးမသီရန်မခရှိနေတုန်းပဲ။ ကျွန်တော်တို့ကသာ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးထောက်ပံ့မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အခုဆိုရင် အခြေစိုက်စခန်းအမှတ်ကိုးကိုပါ ဆုံးရှုံးလိုက်ရပြီ။ ဒါက တန်ရဲ့လား"

ကူရိုအီရှီဝါကား တိတ်ဆိတ်လျက်။

ရူဇိုအီချီရိုကလည်း သက်ပြင်းသာချမိတော့သည်။

...

"သေစမ်း ဈေးကြီးလိုက်တာ"

အခြေစိုက်စခန်းအမှတ်ကိုးကို ဖျက်ဆီးပြီးနောက် ကျန်းမုန့်လောင်လည်း ဟွာရှားသို့ တန်းပြန်လာခဲ့လိုက်သည်။ ဂဏန်းတစ်လုံးမျှသာ ကျန်တော့သော သူ့စွမ်းအားအမှတ်များကို ကြည့်ရင်း ရင်နာသွားရသည်။

"မစ္စတာကျန်း ခုနက အပြင်ထွက်သွားတာလား။ ကျွန်မ ရှင့်ကို အကြာကြီးလိုက်ရှာနေတာ။ ဘယ်မှာမှရှာမတွေ့ဘူး"

"အိုး.ငါ ခဏလောက်လမ်းလျှောက်ထွက်တာ"

ကျန်းမုန့်လောင်က သာမန်ကာလျှံကာ ပြောလိုက်၏။ သူ ထွက်သွားချိန်နှင့် ပြန်ရောက်ချိန်ကြားတွင် စုစုပေါင်းဆယ်မိနစ်ပင်မကြာပေ။ ယဲ့ရင်ကလွဲ၍ သူ ကိုင်ဘွန်နိုင်ငံသို့ သွားပြီး သူတို့၏အခြေစိုက်စခန်းတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း မည်သူမျှမသိပေ။

"အင်း မင်း ငါ့ကို ဘာအတွက်လိုက်ရှာနေတာလဲ"

"မစ္စတာကျန်း.. ကျွန်မ ရှင်ရှာခိုင်းထားတဲ့ ချစ်ပ်ပြားတင်သွင်းသူတွေရဲ့ အချက်အလက်တွေအားလုံးကို ရထားပါပြီ"

ဟုန်းရီက စာရွက်စာတမ်းတစ်ခုကို ကျန်းမုန့်လောင်ထံသို့‌ ပေးလိုက်၏။

"ဒါတွေကို ဘာအတွက်လိုအပ်တာပါလဲ"

"ဟီးဟီး"

ကျန်းမုန့်လောင်က မရိုးဖြောင့်ဟန်ဖြင့် တခစ်ခစ်ရယ်မောလိုက်ချေသည်။

"လက်တုံ့ပြန်တယ်ဆိုတာ လုပ်သင့်တဲ့အရာတစ်ခုပဲ။ သူတို့က Silicon Moonlightမှာ ဆန္ဒပြပွဲတစ်ခုဖြစ်အောင်လုပ်ပြီး ငါတို့ကုမ္ပဏီရဲ့တည်ငြိမ်မှုကို ဖျက်ဆီးခဲ့တယ်။ ဒီအတွက် ငါတို့ဘက်ကလည်း ပြန်တုံ့ပြန်ရမှာပေါ့။ ကျန်းမုန့်လောင်ဆိုတဲ့ ငါက အသာလေးလှဲနေပြီး အရိုက်အနှက်ခံနေမဲ့လူစားမျိုးမှ မဟုတ်တာ"

**********

All Chapters