သွားပြီ ကျန်းမုန့်လောင်ရောက်လာပြီ
Vol. 22 Ch. 320
"အာ.. ငါတို့ဟွာရှားရဲ့ နှစ်ငါးထောင်သက်တမ်းရှိတဲ့ ယဉ်ကျေးမှုက ဒီလိုချစ်ပ်ပြားသေးသေးလေးကြောင့် ဖိနှိပ်ခံနေရမှန်း ဘယ်သူကထင်ထားမှာလဲ။ တကယ့်ကို ဝမ်းနည်းစရာပဲ"
ကျန်းမုန့်လောင်က ကုမ္ပဏီစာရင်းကို ကြည့်လိုက်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ဥရောပ၊ အမေရိကန်နှင့် ကိုင်ဘွန်နိုင်ငံများကလွဲလျှင် ချင်းချိုးနိုင်ငံလို နိုင်ငံသေးသေးလေးတစ်ခုကပင် ကမ္ဘာ့အဆင့်တစ်ပိုင်းလျှပ်ကူးလုပ်ငန်းစုတစ်ခု ရှိပေသည်။
"မစ္စတာကျန်း.. ဒါက ခေတ်ပေါ်ထုတ်ကုန်တစ်ခုပါ။ တကယ်တော့ ၁၉၇၀နှောင်းပိုင်းနဲ့ ၁၉၈၀အစောပိုင်းတို့မှာ ကျွန်မတို့နိုင်ငံရဲ့ ချစ်ပ်ပြားနည်းပညာက အမေရိကန်ထက် ငါးနှစ်ခြောက်နှစ်စာပဲ နောက်ကျခဲ့တာပါ။ ချင်းချိုးနိုင်ငံထက်တော့ သာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါရဲ့ဖွံ့ဖြိုးတိုးတက်မှုက ဈေးကွက်အပေါ် အပြည့်အဝမှီခိုနေခဲ့ရပြီး ဘာမူဝါဒအထောက်အပံ့မှလည်း မရှိခဲ့ပါဘူး။ ပြီးတော့ နိုင်ငံခြားချစ်ပ်ပြားတွေက ဈေးကွက်ထဲကို အလျင်အမြန်ဝင်ရောက်လာတော့ လက်ရှိအခြေအနေကို ဖြစ်ပေါ်စေခဲ့တာပါ"
"ဒါပေမဲ့ ချင်းချိုးနိုင်ငံက သူတို့တွေ ဒီနေရာမှာနောက်ကျကျန်နေခဲ့တယ်ဆိုတာကို သဘောပေါက်သွားပြီး ကိုယ်ပိုင်သုတေသနမှာ နိုင်ငံတော်အဆင့် လုပ်ဆောင်ချက်တွေနဲ့ ရန်ပုံငွေတွေထည့်ဝင်ခဲ့လို့ နောက်ဆုံးကျတော့ ကျွန်တော်တို့ကို ကျော်တက်သွားနိုင်ခဲ့ပါတယ်"
"ကြည့်ရတာတော့ တခြားနိုင်ငံပိုင်တာတွေကို သူတို့အပိုင်လို့ သတ်မှတ်တာကလွဲရင် သူတိုက လုံးဝအသုံးမကျတာတော့မဟုတ်ဘူးပဲ"
ကျန်းမုန့်လောင် ရေရွတ်လိုက်လေသည်။
"မစ္စတာကျန်း.. ဘာလုပ်ဖို့စီစဉ်ထားပါသလဲ။ အဲဒီကုမ္ပဏီတွေက နိုင်ငံတော်နဲ့ပတ်သက်နေတာမို့ ရှယ်ယာဝယ်ဖို့ဆိုရင် တော်တော်ခက်ခဲပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ပင်မဝန်ထမ်းအများစုကလည်း ပြိုင်ဆိုင်ခြင်းမပြုဖို့ သဘောတူစာချုပ်ချုပ်ဆိုထားကြသေးတယ်။ ဝန်ထမ်းတွေအကုန်လုံးကို ခေါ်ယူပြီး ကုမ္ပဏီကို အခွံသက်သက်ဖြစ်အောင်လုပ်ဖို့ စဉ်းစားနေတာဆိုရင်တော့ လွယ်မှာမဟုတ်ပါဘူး"
ကုမ္ပဏီဝယ်ယူခြင်းဆိုင်ရာ၌ ကျန်းမုန့်လောင်၏ ယခင်နည်းလမ်းများမှာ တည့်တိုးဆန်လှသည်။ တိုက်ရိုက်ဝယ်ပစ်ပြီး သူလုပ်ချင်တာလုပ်သည်။ သို့မဟုတ် အရေးကြီးဝန်ထမ်းများကို ဖြတ်လုလိုက်ခြင်းမျိုးပင်။ သို့သော် ဤနည်းဗျူဟာက သည်တစ်ခေါက်တော့ အလုပ်ဖြစ်မည်မဟုတ်။
"ငါ အဲဒီလိုလုပ်မယ်လို့ ဘယ်သူကပြောလဲ"
ကျန်းမုန့်လောင်က ပြုံးလျက် ဆိုလိုက်လေသည်။
"အဲဒီကုမ္ပဏီတွေကို ကြီးမားတဲ့လုပ်ငန်းစုကြီးတစ်ခုက ထောက်ပံ့ပေးထားမှာပဲမဟုတ်လား"
"ဟုတ်ပါတယ် မစ္စတာကျန်း"
ဟုန်းရီက ပြောလိုက်၏။
"Silicon Moonlightလိုမျိုး ဒီနည်းပညာလုပ်ငန်းစုကြီးတွေကို ကုန်ကြမ်းပစ္စည်းတင်သွင်းသူတွေ စက်ကိရိယာကုန်သည်တွေက ထောက်ပံ့ပေးထားတာပါ။ ဒါပေမဲ့ ဒီလုပ်ငန်းစုတွေက နည်းပညာအရ သိပ်မြင့်မားမှုမရှိပါဘူး။ သူတို့က လုပ်အားအခြေပြုလုပ်ငန်းစုတွေ ဒါမှမဟုတ် အလိုအလျောက်ထုတ်လုပ်မှုတွေပဲ ရှိတာပါ"
ခပ်ဖွဖွအပြုံးတစ်ပွင့်က ကျန်းမုန့်လောင်၏နှုတ်ခမ်းထောင့်စွန်းတွင် ပေါ်ပေါက်လာလေသည်။ ဟုန်းရီလည်း ကျန်းမုန့်လောင်၏အမူအရာကိုကြည့်၍ ကျောချမ်းသွားသော်ငြား သူ့စိတ်ထဲတွင် ကောက်ကျစ်သောအကြံတစ်ခု ရှိနေမည်ဖြစ်ကြောင်း အတပ်သိလိုက်လေပြီ။
"Qualcommအီလက်ထရောနစ်"
ကျန်းမုန့်လောင်က ကုန်ကြမ်းပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုကုမ္ပဏီနာမည်ကို စူးစိုက်ကြည့်နေလေတော့သည်။
"မစ္စတာကျန်း ရှင် ဒီကုမ္ပဏီကိုစိတ်ဝင်စားလို့လား"
ဟုန်းရီက မေးလာသည်။
"ဒီကုမ္ပဏီက ၁၉၈၅ခုနစ်မှာ တည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့က 3G 4G 5Gနည်းပညာတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ကိုင်ဘွန်နဲ့လည်း ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်နေတာပါ။ နှစ်ပေါင်းများစွာလက်တွဲလုပ်ဆောင်ပြီးတဲ့နောက်မှာ အမေရိကက ရှယ်ယာ၅၁ရာခိုင်နှုန်းနဲ့ ကိုင်ဘွန်က ၄၉ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးနည်းပညာကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်"
"ဟုတ်ပြီ ဒါပဲလေ"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"အစီအစဉ်ပြောင်းလိုက်တော့။ ငါတို့ မနက်ဖြန် ကျန်းနန်မြို့ကို မပြန်သေးဘူး။ အမေရိကကို အရင်သွားမယ်"
...
"ဟုန်းရီ.. အမေရိကမှာရှိတဲ့ ငါတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို လက်ရှိမှာ ဘယ်သူက စီမံပေးနေတာလဲ"
လေယာဉ်ပေါ်တွင် ကျန်းမုန့်လောင်က ဝိုင်တစ်ငုံသောက်လိုက် မုန့်စားလိုက်လုပ်ရင်း ဤကိစ္စကို ရုတ်တရက်သိချင်လာမိသည်။
"ရှင် ကြားဖူးလောက်မှာပါ။ ဒူဘာမိသားစုက တာဝန်ယူထားတာပါ"
ဟုန်းရီက ပြန်ဖြေလေသည်။
"ဒူဘာမိသားစုလား။ လက်နက်ကုန်သွယ်မှုနဲ့စတင်ခဲ့တဲ့လူတွေလား"
ကျန်းမုန့်လောင်ကလည် အတည်ပြုသလိုမေးလိုက်လေသည်။ ဒူဘာမိသားစုကလည်း ဒဏ္ဍာရီလာမိသားစုတစ်ခုဖြစ်ပြီး အမေရိကန်တွင် ရှေးအကျဆုံး၊ လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် အချမ်းသာဆုံးပင်။
"ဟုတ်ပါတယ် သူတို့ပါပဲ"
ဟုန်းရီကလည်း ခွန်းတုံ့ပြန်လိုက်၏။
"မဖြစ်နိုင်တာ။ ဒူဘာမိသားစုရဲ့ပိုင်ဆိုင်မှုက ၁၉၉၀ခုနစ်မှာ အမေရိကန်ဒေါ်လာ၁၅၀ဘီလီယံပဲရှိတယ်လို့ သတင်းတွေမှာဖော်ပြထားတယ်။ ဥရောပက ရော့စ်ချိုင်းမိသားစုကတော့ အမေရိကန်ဒေါ်လာ၅၀၀ထရီလီယံကျော်တယ်တဲ့။ ဒါပေမဲ့ ရော့စ်ချိုင်းမိသားစုဆိုတာ ဒိုရယ်လာမိသားစုရဲ့ လက်ခွဲတစ်ခုလေ။ ဒူဘာမိသားစုရဲ့ပိုင်ဆိုင်မှုက ဒိုရယ်လာမိသားစုကိုတောင် မမီဘူးတဲ့လား"
"အဲဒါတွေက အွန်လိုင်းပေါ်က ကောလာဟလတွေပါ"
ဟုန်းရီက လေးလေးနက်နက်ဆိုလာချေသည်။
"ရော့စ်ချိုင်းမိသားစုရဲ့ပိုင်ဆိုင်မှုကို နှစ်စဉ်အတိုးနှုန်း၆ရာခိုင်နှုန်းနဲ့တွက်ထားတာပါ။ တကယ်တမ်းမှာတော့ သူတို့ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ၃၄ထရီလီယံဝန်းကျင်လို့ ခန့်မှန်းမိပါတယ်"
"ဒူဘာမိသားစုရဲ့တကယ့်ပိုင်ဆိုင်မှုအစစ်ကတော့ နောက်ထပ်သုံးညသုံးလုံး ထပ်ပါနိုင်ပါသေးတယ်"
"၁၅၀ထရီလီယံလား"
များပြားလှသောပမာဏကြောင့် ကျန်းမုန့်လောင် ထိတ်လန့်သွားရသည်။
"ဒါက တကယ့်ကိုများတာပဲ။ ငါတို့မိသားစုက ဒူဘာမိသားစုနှင့် ဘယ်လိုဆက်စပ်မိသွားတာလဲ"
"အဲဒါက လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်တုန်းက ဇာတ်လမ်းတစ်ခုပါ"
ဟုန်းရီက ပြောပြလိုက်၏။
"ဒူဘာမိသားစုက ယမ်းမှုန့်လုပ်ငန်းနဲ့ စတင်ခဲ့တယ်ဆိုတာ ရှင်လည်းအသိပါပဲ။ ဒါပေမဲ့ အဲဒီခေတ်တုန်းက အဲဒီလုပ်ငန်းက အရမ်းအန္တရာယ်များတဲ့လုပ်ငန်းတစ်ခုလေ။ သမိုင်းတစ်လျှောက်မှာ ဒူဘာမိသားစုရဲ့ယမ်းမှုန့်စက်ရုံက အနည်းဆုံးငါးခါခြောက်ခါလောက် ပေါက်ကွဲဖူးတယ်။ ၁၈၁၈တုန်းက ပေါက်ကွဲမှုဆိုရင် သူတို့ရဲ့စည်းစိမ်တွေကိုပါ ပြောင်သွားစေခဲ့တာ။ သူတို့ရဲ့တည်ထောင်သူ အိုင်းလက်ဒူဘာခမျာ အဲဒီပေါက်ကွဲမှုကြောင့် သေလုမြောပါးဖြစ်သွားခဲ့ရတယ်"
ထိုပေါက်ကွဲမှုဖြစ်တုန်းက ကျန်းမုန့်လောင်၏ အဘေးဖြစ်သူ ကျန်းဖေးက အမေရိကန်တွင် ဝိုင်လုပ်ငန်းလုပ်ကိုင်နေခဲ့သည်။ သူက ဒူဘာယမ်းမှုန့်စက်ရုံနားတွင် နေထိုင်သူဖြစ်လေရာ မြင့်မားလှသော မီးလျှံလုံးများနှင့် ပေါက်ကွဲမှုအရှိန်ကြောင့် လန့်နိုးလာခဲ့သည်။
ကျန်းဖေးလည်း အိုင်းလက်နှင့် သူ့ဇနီးကို ပေါက်ကွဲနေသော စက်ရုံထဲက ကယ်ထုတ်ရန်အတွက် ချက်ချင်းထွက်လာခဲ့လိုက်သည်။ ထိုအချိန်တုန်းက သူတို့ဟာ အဆိပ်သင့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း လောင်ကျွမ်းဒဏ်ရာများ ရှိနေခဲ့သည်။ ထိုခေတ်တုန်းက ဆေးပညာအဆင့်အတန်းနှင့်ဆိုလျှင် အသက်ရှင်နိုင်ခြေမရှိပေ။ သို့သော် ကျန်းဖေးက စိတ်ဝိညာဉ်ဆေးလုံးနှစ်လုံးကိုသုံး၍ သူတို့ကို မရဏနယ်မြေမှ ဆွဲထုတ်နိုင်ခဲ့သည်။
ထိုဖြစ်ရပ်ပြီးသွားသည့်နောက်တွင် ဒူဘာမိသားစု၏တည်ထောင်သူ အိုင်းလက်က ကျန်းဖေးကို နတ်ဘုရားတစ်ပါးနှယ် သတ်မှတ်ခဲ့ပြီး အသက်ကယ်ခဲ့သည့်ကျေးဇူးကို ပြန်ပေးဆပ်ရန်အတွက် တစ်သက်လုံး သူ့ကို ခစားချင်ခဲ့သည်။
သို့သော် ကျန်းဖေးက ငြင်းဆန်ခဲ့သည်။ အိုင်းလက်၏ ကျေးဇူးသိတတ်သော စရိုက်ကို သဘောကျမိသောကြောင့် စက်ရုံပေါက်ကွဲမှုကြောင့် ဆုံးရှုံးသွားခဲ့ရသော နစ်နာမှုများကို သူကိုယ်တိုင်ထောက်ပံ့ပေးခဲ့ပြီး အိုင်လက်ကိုလည်း ဝိုင်လုပ်ငန်းထဲသို့ ခေါ်သွင်းပေးခဲ့သည်။
အိုင်းလက်၏ ရင်းနှီးမြှုပ်နှံမှုတော်တော်များများသည် ကျန်းဖေး၏အရိပ်များ လွှမ်းနေခဲ့ပြီး သူတို့လည်း တဖြည်းဖြည်းနှင့် အမေရိကတွင် အကြီးမားဆုံးလုပ်ငန်းရှင်များဖြစ်လာခဲ့ကြသည်။ အိုင်းလက်က ကျန်းမိသားစု၏ကျေးဇူးကို အစဉ်မမေ့မလျော့ပါဘဲ ကျန်းမိသားစုကို ထာဝရသစ္စာစောင့်သိမည်ဟု သစ္စာဆိုခဲ့သည်။
"ဒီလိုဇာတ်လမ်းမျိုးရှိခဲ့လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ငါ့ရဲ့ဘိုးဘေးတွေက ကမ္ဘာအနှံ့ကိုသွားလာပြီး သိမ်းပိုက်ခဲ့ကြတာပဲ"
"ဒါပေမဲ့ ဒူဘာမိသားစုနဲ့ ကျန်းမိသားစုကြားက ပတ်သက်မှုကို မဖော်ထုတ်မိစေဖို့အတွက် ဒူဘာမိသားစု နှစ်ပိုင်းခွဲပစ်ခဲ့ပြီး ဒီမျိုးဆက်ရဲအကြီးဆုံးသားနဲ့ ဒုတိယသားတို့က အသီးသီးစီမံခန့်ခွဲခဲ့ကြပါတယ်။ အပြင်လူတွေရဲ့အမြင်မှာတော့ ဒူဘာမိသားစုဆိုတာ ဒီမျိုးဆက်မိသားစုခေါင်းဆောင်ရဲ့ဒုတိယသားက စီမံခန့်ခွဲနေတဲ့ တစ်စိတ်တစ်ပိုင်းလို့ပဲ မြင်ကြပါတယ်။ ကျန်တဲ့အချက်တွေကိုတော့ အမေရိကတွေတောင် မသိနိုင်ပါဘူး"
...
အမေရိကန်နိုင်ငံတကာလေဆိပ်တွင် ယာဉ်တန်းတစ်ခုက လေဆိပ်၌ စောင့်ဆိုင်းနေချေသည်။ ပုံမှန်ဆိုလျှင် ပြင်ပယာဉ်များကို လေဆိပ်ထဲသို့ ဝင်ခွင့်မပြုပေ။
"မစ္စတာကရီယာ..ဒီလူတွေက ဘယ်သူတွေလဲ။ အထူလမ်းကြောင်းကနေ ဘယ်လိုဝင်လာတာလဲ"
လေဆိပ်ဝန်ထမ်းသစ်တစ်ယောက်ခမျာ ယခင်က ဤကဲ့သို့သောမြင်ကွင်းမျိုးကို လုံးဝမမြင်ဖူးပေ။
ပုံမှန်ဆိုလျှင် အရေးပါသော နိုင်ငံခြားဧည့်သည်များ အမေရိကကိုလာမှသာ ထိုကဲ့သို့သောယာဉ်များဖြင့် ကြိုဆိုကြသည်။ ယခုရက်ပိုင်း အရေးကြီးပုဂ္ဂိုလ်တစ်ဦးဦး လာရောက်မည်ဟုလည်း သတင်းမကြားထားပေ။
"ဒီအမှတ်တံဆိပ်ကို မမြင်ဘူးလား"
မစ္စတာကရီယာဟုခေါ်သော ဝန်ထမ်းဟောင်းတစ်ယောက်က ပြန်ဖြေလေသည်။
"အဲဒီအမှတ်တံဆိပ်က ဒူဘာမိသားစုရဲ့ မျိုးနွယ်စုအမှတ်အသားပဲ။ အဲဒါက သူတို့ရဲ့အစောင့်အရှောက်ယာဉ်တန်းပဲလေ"
"ဒူဘာမိသားစုလား"
ဝန်ထမ်းသစ်လေးခမျာ ထိတ်လန့်သွားရှာလေသည်။ ဤမိသားစုက ဥရောပရှိ ရော့စ်ချိုင်းမိသားစုလို ဆန်းကြယ်ပြီး အာဏာရှိသော မိသားစုတစ်ခုဖြစ်သည်။
"အစောင့်အရှောက်ယာဉ်တန်းရဲ့ရှေ့ဆုံးမှာ ဝတ်စုံပြည့်ဝတ်ထားတဲ့ လူကိုမြင်လား။ အဲဒါ ဂျိမ်းစ်ဒူဘာ.. ဒူဘာမိသားစုရဲ့နောက်တက်မဲ့ခေါင်းဆောင်။ သူ လေဆိပ်ကိုရောက်လာရင် သမ္မတတောင် သူတို့ကိုထွက်ကြိုရတာ။ အဲဒီလိုပုဂ္ဂိုလ်မျိုးက လူကိုယ်တိုင်ရောက်ချလာတယ်ဆိုတော့ တော်တော်အရေးကြီးတဲ့ပုဂ္ဂိုလ်ကို လာကြိုတာပဲဖြစ်ရမယ်"
"မစ္စတာဂျိမ်းစ်တောင် လာရတယ်ဆိုတော့ ဘယ်သူကများ ဒီလောက်အရေးကြီးတာလဲ"
ဤဝန်ထမ်းများအတွက်မူ ဂျိမ်းစ်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးမှာ သမ္မတတစ်ယောက်အလား ချဉ်းကပ်၍မဖြစ်နိုင်သော လူတစ်ယောက်ပင်။ သူတို့ကလည်း သူနှင့် ပတ်သက်ခဲသည်။
ဒူဘာမိသားစုက အမည်မသိပုဂ္ဂိုလ်တစ်ယောက်ကိုကြိုရန် လေဆိပ်သို့ ရောက်လာသည်မှာ ကြိုတင်မခန့်မှန်းမိသော ကိစ္စတစ်ခုပင်။ အမေရိက၏မီဒီယာများအတွက်ပင် ၎င်းမှာ အထူးသတင်းတစ်ခုဖြစ်နေချေသည်။ သတင်းရသွားသည့်အခါ မီဒီယာတစ်အုပ်ကလည်း ထိုနေရာတွင် ပြွတ်သိပ်နေလေတော့သည်။
သူတို့က လေဆိပ်ထဲသို့ ဝင်ခွင့်မရသဖြင့် ဧည့်ခန်းမထဲကသာ မလှမ်းမကမ်းက စောင့်ကြည့်အကဲခတ်နေရသည်။
"လာပြီဟေ့။ အဲဒီကိုယ်ပိုင်လေယာဉ်ပဲဖြစ်ရမယ်"
"အဲဒီကိုယ်ပိုင်ဂျက်လေယာဉ်ကိုကြည့်ရတာ Boeingရဲ့ BBJနဲ့ တူသလိုပဲ။ အဲဒီဂျက်လေယာဉ်ရဲ့အခြေခံကုန်ကျစရိတ်ကတင် အမေရိကန်ဒေါ်လာသန်း၈၀ကျော်တယ်"
"ဟမ်.. အဲဒီပေါ်မှာရေးထားတဲ့စာက..ဟွာရှားလေယာဉ်လား"
"လူတစ်ယောက်ထွက်လာပြီ။ မြန်မြန်လေး ကင်မရာလှည့်လိုက်"
"အဲဒီမျက်နှာကို..ကြည့်ရတာ..ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်နဲ့တူသလိုပဲ"
"ဘာ? ကျန်းမုန့်လောင် အမေရိကကိုရောက်လာတာလား"
"သွားပြီ။ အမေရိကန်တော့ ဝရုန်းသုန်းကားတွေဖြစ်တော့မယ်"
************