ယနေ့ မစ္စတာကျန်း
Vol. 22 Ch. 321
ကင်မရာကို မြင်ကွင်းချဲ့ကြည့်လိုက်လေရာ မီဒီယာများလည်း လေယာဉ်ပေါ်မှဆင်းသက်လာသော လူငယ်လေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုလူမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာကျန်းမုန့်လောင်ပင်။
ယခုလက်ရှိအချိန်အထိ ကျန်းမုန့်လောင်သည် နေရာပေါင်းများစွာသို့ လှည့်လည်သွားလာခဲ့ပြီး သူရောက်ရှိရာ နေရာတိုင်းတွင်လည်း အရှုပ်တော်ပုံများ ဖြစ်ပွားလေ့ရှိသည်။ သူ့ပြဿနာရှာနိုင်စွမ်းမှာ ကမ္ဘာတစ်ဝှမ်းရှိ လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
သူသည် ချင်းချိုးနိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးကို ပြိုလဲလုမတတ်ဖြစ်အောင် ဖန်တီးခဲ့သည်။ အဆုံးတွင်မူ ဘဏ္ဍာရေးဝန်ကြီးဌာနကို "အောင်နိုင်သူ"သီချင်း တိုက်ရိုက်ထုတ်လွှင့်သီဆိုခိုင်းရင်း ထိုနိုင်ငံ၏ဂုဏ်သိက္ခာကို လုံးဝကျဆင်းစေခဲ့သည်။
ဥရောပတွင် ရှိနေစဉ်ကလည်း စိတ္တဇသမားတစ်စုကို Champs-Elyseesလမ်းမပေါ်သို့ ထွက်ခွင့်ပေးခဲ့သည်။ မူရေးဟုခေါ်သော စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကိုလည်း တစ်ကမ္ဘာလုံး၏ရှေ့တွင် တိုင်ပတ်အက ကပြစေခဲ့သည်။ ထိုနေ့မှာ ပြင်သစ်နိုင်ငံအတွက်တော့ အိပ်မက်ဆိုးတစ်ခုပင်။ ထိုတိုင်ပတ်အကဗီဒီယိုသည် ကမ္ဘာတစ်ဝှမ်းရှိ ဗီဒီယိုပလက်ဖောင်းများပေါ်တွင် ယခုထိတိုင် ရှိနေဆဲဖြစ်၏။
ထို့နောက် ဟွာရှားနိုင်ငံရှိ ရတနာကျွန်းစုသို့ သွားရောက်ခဲ့စဉ်ကလည်း ချစ်ပ်ပြားတင်သွင်းသူများကို မောင်းထုတ်ပစ်ခဲ့ပြီး ဟွာရှားဈေးကွက်ထဲမှ အပြီးတိုင်ဖယ်ရှားရှင်းလင်းခဲ့သည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ဂုဏ်သတင်းကို သိသိသာသာထိခိုက်မှုမရှိသော်ငြား အမေရိကန်နှင့်ဥရောပကုမ္ပဏီများ၏ ရှယ်ယာဈေးကွက်ကို ၆၀% အထိ ဆုံးရှုံးစေခဲ့ပြီး အခြားနိုင်ငံများသို့ တင်ပို့ရသည့် ချစ်ပ်ပို့ကုန်လုပ်ငန်းများကို တိုးမြှင့်ရန် ဖိအားပေးခဲ့သည်။ သွယ်ဝိုက်နစ်နာမှုများကလည်း မနည်းလှပေ။
ယခု ဤကပ်ဘေးက အမေရိကန်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာလေပြီ။ ယခင်ဇာတ်ညွှန်းအတိုင်းဆိုလျှင် အမေရိကန်နိုင်ငံလည်း ခက်ခဲကြမ်းတမ်းသော ကာလတို့ကို ဖြတ်ကျော်ရပေတော့မည်။
လောလောဆယ် မီဒီယာများ စိတ်ဝင်စားနေသည်မှာ ဒူဘာမိသားစုခေါင်းဆောင်က အဘယ်ကြောင့် ကျန်းမုန့်လောင်ကို ကိုယ်တိုင်ကြိုဆိုနေရသလဲဆိုသည်ကိုပင်။ သူတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ခုခုများ ရှိထားလေသလား။
သို့ရာတွင် သူတို့နားလည်ထားသလောက်ဆိုလျှင် ဒူဘာမိသားစုက ဟွာရှားနိုင်ငံရှိ လုပ်ငန်းစုများနှင့် ချင်မင်းဆက်ခေတ်ကတည်းက စီးပွားရေးဆက်ဆံမှုများ ရှိခဲ့သော်ငြား ထိုလုပ်ငန်းများက ကျန်းမုန့်လောင်နှင့် ပတ်သက်မှုမရှိနိုင်ဘူးမဟုတ်လား။ သို့ဖြစ်လေရာ ဤအရာအားလုံးမှာ ဘာအဓိပ္ပာယ်လေလဲ။
"မစ္စတာကျန်း.. ဒီလူကြီးမင်းက ဒီမျိုးဆက်ရဲ့ဒူဘာမိသားစုခေါင်းဆောင် မစ္စတာဂျိမ်းစ်ဒူဘာ ဖြစ်ပါတယ်"
ဟုန်းရီက မိတ်ဆက်ပေးလိုက်သည်။
"တောင်းပန်ပါတယ် မစ္စတာကျန်း...ဒီလိုအခမ်းအနားမျိုးမှာ ကျွန်တော်တို့တစ်မိသားစုလုံး ခင်ဗျားကိုကြိုဆိုဖို့ ရောက်နေသင့်တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့မိန်းမနဲ့ ညီတွေက အရေးကြီးလုပ်ငန်းကိစ္စတွေကို စီမံနေရတာကြောင့် ကျွန်တော်တစ်ယောက်တည်းပဲ လာကြိုနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မယဉ်ကျေးမှုကို ခွင့်လွှတ်ပေးပါ"
ထိုသို့ပြောပြီးနောက် ဂျိမ်းစ်က ကျန်းမုန့်လောင်ကို ကိုးဆယ်ဒီဂရီကိုင်းညွတ်၍ ဦးညွှတ်လိုက်ချေသည်။
"ကြည့်လိုက်ဦး။ မစ္စတာဂျိမ်းစ်က မစ္စတာကျန်းမုန့်လောင်ကို ဦးညွှတ်နေတယ်"
"ဘာတွေဖြစ်နေတာလဲ"
"မြန်မြန်ရိုက်ထား။ ဒီဟာက ဒီနေ့ရဲ့ သတင်းခေါင်းစီးဖြစ်လာမှာ"
မီဒီယာများလည်း ဤမြင်ကွင်းကို ချက်ချင်းရိုက်ကူးထားလိုက်ကြသည်။
ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးဖြစ်သော်ငြား သူသည် အမှန်စင်စစ်ပြိုင်ဘက်ကင်းသည်ဟု မည်သူတစ်ဦးတစ်ယောက်ကမှ မထင်ထားကြပေ။ ဒူဘာမိသားစု၏ တရားဝင်ကြေညာထားသော ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၅၀ဘီလီယံသာရှိသော်လည်း ဤပမာဏမှာ လွန်ခဲ့သော နှစ်သုံးဆယ်လောက်တုန်းက ပမာဏဖြစ်သဖြင့် ဤသည်မှာ သူတို့၏ပိုင်ဆိုင်မှုအစစ်အမှန်ဟု မည်သူကမှ မယုံကြပေ။
ဤနှစ်ပေါင်းသုံးဆယ်အတွင်း ဒူဘာမိသားစုသည် စီးပွားရေးဆုတ်ယုတ်မှုမျိုး လုံးဝမရှိခဲ့ပေ။ ဤမျှများပြားသော အချိန်ကာလအတွင်း သူတို့၏ပိုင်ဆိုင်မှုက အဆပေါင်းများစွာ တိုးပွားလာလိမ့်မည်သာ။ မည်သူကများ မယုံဘဲ ရှိမည်နည်း။
လွန်ခဲ့သော နှစ်နှစ်သုံးနှစ်ခန့်ကပင် ဒူဘာမိသားစုနှင့် ရော့စ်ချိုင်းမိသားစု၏ ခေါင်းဆောင်များမှာ ထမင်းအတူစားခဲ့ကြသေးသည်။ ထိုအချိန်တုန်းက ပေါက်ကြားလာခဲ့သော ဓာတ်ပုံများအရ သူတို့၏ဆက်ဆံရေးမှာ အလွန်ရင်းနှီးပုံရသည်။ အမေရိကန်ဒေါ်လာ ၅၀၀ထရီလီယံပိုင်ဆိုင်သော မိသားစုခေါင်းဆောင်နှင့် ၁၅၀ဘီလီယံပိုင်သော မိသားစုခေါင်းဆောင်တို့၏ ဆက်ဆံရေးဟုပင် မထင်ရလောက်အောင် ကောင်းမွန်လှ၏။
ထို့ကြောင့် မီဒီယာများ၏အမြင်တွင် ဒူဘာမိသားစု၏ ပိုင်ဆိုင်မှုက ကျန်းမုန့်လောင်နှင့် တစ်တန်းတည်းရှိသည်ဟု ယူဆထားကြသည်။
ဒူဘာမိသားစုသည် ယခုလက်ရှိအချိန်အထိ အလွန်အင်အားကြီးထွားလာခဲ့ပြီး အဖွဲ့ဝင်များစွာနှင့် စီးပွားရေးလုပ်ငန်းအခွဲပေါင်းများစွာလည်း ရှိသည်။ ထိုအချိန်တွင် ကျန်းမုန့်လောင်နှင့်ပတ်သက်၍ အများသိထားကြသည့်အချက်မှာ သူသည် ဒုတိယမျိုးဆက်လူချမ်းသာတစ်ဦးမျှသာဖြစ်ပြီး သူ့မိသားစုကလည်း လူသိများကျော်ကြားခြင်းမရှိသောကြောင့် သူတို့ကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိနေသည်ဟုသာ။
ယခုမြင်တွေ့နေရသည့် မြင်ကွင်းမှာမူ ဒူဘာမိသားစု၏ မစ္စတာဂျိမ်းစ်က ကျန်းမုန့်လောင်ကို ရိုသေလေးစားလှသော အမူအရာကို ပြသနေပေသည်။ ဤအချက်မှာ စဉ်းစားစရာပင်။
"မစ္စတာဂျိမ်းစ် ကျွန်တော်ကို ဒီလိုခမ်းခမ်းနားနား ကြိုဆိုတာနဲ့ပတ်သက်ပြီး မီဒီယာတွေက ကောလာဟလတွေ ဖြန့်မှာကို မစိုးရိမ်ဘူးလား"
ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။
"သူတို့ဘက်က ဇာတ်လမ်းတွေဆင်လိုက်ရင် ခင်ဗျားရဲ့စီးပွားရေးကို ထိခိုက်စေနိုင်တယ်နော်။ ဒါမှမဟုတ် အထက်က အာဏာပိုင်တွေဆီက ပြဿနာရှာခံရလိမ့်မယ်။ ကျွန်တော်က အခုလတ်တလောမှာ လူကြိုက်များနေတဲ့လူ မဟုတ်ဘူးလေ"
"သူတို့က စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတဲ့ ပိုးမွှားတွေပါ"
ဂျိမ်းစ်က အေးစက်စက်ပြောလာလေသည်။
"ပြီးတော့ အာဏာပိုင်တွေက ကျွန်တော်တို့မိသားစုကို ဘာမှမလုပ်ရဲပါဘူး"
"ဟိုးအရင်တုန်းက ကျွန်တော်တို့ဒူဘာမိသားစုက အမေရိကန်နယ်မြေဧရိယာကို နှစ်ဆတိုးသွားစေတဲ့ 'လူဝီစီယားနားဝယ်ယူမှု'ကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လေ။ အဲဒီအချိန်တုန်းက အမေရိကန်မှာ ဒီမြေကိုပြန်ဝယ်ဖို့တောင် ရန်ပုံငွေမရှိခဲ့ဘူး။ အခုထိလည်း ကျွန်တော်တို့ဒူဘာမိသားစုကို နှစ်စဉ်အတိုးအနေနဲ့ အမေရိကန်ဒေါ်လာ၇၇ဘီလီယံ ပေးဆောင်နေရတုန်းပါပဲ"
"အမလေး.. အမေရိကန်တွေက ခင်ဗျားတို့ဆီမှာ ဒီလောက်တောင် အကြွေးတင်နေတာလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားလေသည်။ ဂျိမ်းစ်ဘက်က စိုးရိမ်ပူပန်မှုမရှိသည်မှာ အံ့သြစရာမရှိတော့ပေ။ အမေရိကန်နိုင်ငံရှိ သူတို့၏ဩဇာလွှမ်းမိုးမှုမှာ တချို့ကန့်သတ်ချက်များကို လျစ်လျူရှုထားနိုင်သည်အထိ ကြီးမားလှသည်။ တစ်ဖက်လူများကသာ သူတို့၏ဆန္ဒအတိုင်း လိုက်လျောနေရခြင်းဖြစ်၏။
"မစ္စတာကျန်း ကျွန်တော့်အဖေနဲ့ညီလေးတို့ သူတို့လုပ်ငန်းတွေကို လက်စသတ်ပြီးသွားရင် အိမ်ကိုပြန်လာပြီး ခင်ဗျားကို ချက်ချင်းလာတွေ့ပါလိမ့်မယ်။ အခုလောလောဆယ်တော့ အိမ်တော်ကို ကျွန်တော်ပဲ ခေါ်သွားပေးပါ့မယ်"
ဂျိမ်းစ်က ရိုသေစွာပြောလာလေသည်။
"ကျွန်တော်တို့ စားဖိုမှူးကို ညစာပြင်ခိုင်းထားပြီးပါပြီ။ ခင်ဗျား အမေရိကန်မှာနေထိုင်တုန်း အရာအားလုံးချောမွေ့စေဖို့ မျှော်လင့်ပါတယ်"
"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်နှင့် ဟုန်းရီတို့ ကားပေါ်တက်လိုက်ပြီးနောက် ကားတန်းကလည်း လေဆိပ်မှထွက်ခွာကာ လမ်းအဆုံးသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
...
"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကျန်းမုန့်လောင် အမေရိကကိုလာရောက်လည်ပတ်၊ ဒူဘာမိသားစုခေါင်းဆောင် ဂျိမ်းစ်ဒူဘာကိုယ်တိုင်ကြိုဆို"
"ဂျိမ်းဒူဘာက ကျန်းမုန့်လောင်ကို အများရှေ့မှာတင် ဦးညွှတ်၍ လေးစားမှုကိုပြသ"
"ကျန်းမုန့်လောင် အမေရိကန်ကိုလာရောက်ရတဲ့ရည်ရွယ်ချက်က ဘာလဲ။ ကျွန်တော်တို့သတင်းစာက ဒီဇာတ်လမ်းကို ဆက်လိုက်မှာပါ"
...
နာရီပေါင်းများစွာအကြာ ဆောင်းပါးပေါင်းများစွာက အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ကျန်းမုန့်လောင် အမေရိကကိုရောက်လာကြောင်း လူတိုင်းသိသွားကြသည်။
"ဒူဘာမိသားစုခေါင်းဆောင်ကိုယ်တိုင် သူ့ကိုကြိုတာတဲ့။ မစ္စတာကျန်းက တကယ့်ကိုဩဇာကြီးတာပဲ"
"ဒီတစ်ခေါက် မစ္စတာကျန်း အမေရိကကိုလာတာ ဘာအတွက်လဲမသိဘူး။ ဘယ်သူများ မှန်းမိကြလဲ"
"မကြာသေးခင်တုန်းက ပေါင်ထောင်စီရင်စုမှာရှိတဲ့ Silicon Moonlightမှာ မစ္စတာကျန်းကို ထပ်မြင်လိုက်ရသေးတယ်။ ဥရောပနဲ့အမေရိကက အဆင့်မြင့်ချစ်ပ်ပြားတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဟွာရှားဆီ မတင်သွင်းတော့ဘူးမလား။ မစ္စတာကျန်းက အဲဒီကိစ္စအတွက်သွားတာ သေချာတယ်"
"ဒါက အဓိပ္ပာယ်မရှိဘူး။ မစ္စတာကျန်းက ကိုယ်ပိုင်ချစ်ပ်ပြားထုတ်လုပ်မယ်လို့ ပြောထားတာမလား။ အခုဆိုရင် ကိုင်ဘွန်နိုင်ငံက မြေဒြပ်စင်အသစ်ကို တင်သွင်းဖို့ပဲလိုတော့တာ။ တစ်နေရာရာကိုသွားရမယ်ဆိုရင်လည်း ကိုင်ဘွန်နိုင်ငံပဲဖြစ်သင့်တာပေါ့။ သူက အမေရိကမှာဘာလုပ်နေတာလဲ"
"ဒီကို ဘာအတွက်နဲ့ရောက်လာတာပဲဖြစ်ဖြစ် သေချာပေါက်ကောင်းတဲ့အရာတစ်ခုခုတော့မဟုတ်ဘူး"
"ဟားဟားဟား အမေရိကကသူငယ်ချင်းတို့ရေ.. အခု မင်းတို့ဘာသာပဲ အဖြေရှာရတော့မယ်"
"အဲဒီနေ့မှာပဲ သူတို့တွေ မစ္စတာကျန်းရဲ့ဩဇာလွှမ်းမိုးမှုကြောင့် ဖြစ်ခဲ့တဲ့ အကြောက်တရားကို သူတို့မှတ်မိသွားကြတယ်"
...
ဒူဘာမိသားစု၏အိမ်တော်က အလွန်အမင်းခမ်းနားလှသည်။ ဥရောပရှိ ရော့စ်ချိုင်းအိမ်တော်ထက်ပင် လေးဆပိုကြီးပြီး မိသားစုတစ်ခုလုံးကည်း ရိုးရာအငွေ့အသက်များ ဖုံးလွှမ်းနေချေသည်။
ခမ်းနားလှသော ညစာစားပွဲအပြီး၌ ဂျိမ်းစ်က ကျန်းမုန့်လောင်ကို အခန်းထဲလိုက်ပို့ဖို့ သူ့သားကို ကိုယ်တိုင်ကိုယ်ကျလိုက်လံပို့ဆောင်စေသည်။ ဂျိမ်းစ်၏သားက အိုတိုဒူဘာဟု အမည်ရပြီး အသက်၂၁အရွယ်လူငယ်လေးတစ်ယောက်ဖြစ်၏။ ဤအတောအတွင်း အိုတိုုက ကျန်းမုန့်လောင်၏ကိစ္စအဝဝကို ကူညီပေးမည်သာ။
"မစ္စတာကျန်း.. ခင်ဗျားရဲ့ကောင်မလေးက လိုက်မလာဘူးလား"
"အိုး.. သူက မကြာခင် ဘွဲ့လွန်အင်တာဗျူးဖြေရတော့မှာမို့ ကျွန်တော့်လက်ထောက်ကိုပဲ ခေါ်လာခဲ့တာ"
ကျန်းမုန့်လောင်က ဆို၏။
"ဘာလို့မေးတာလဲ"
"မစ္စတာကျန်းကို ညဘက် တစ်ယောက်တည်း အထီးကျန်မနေစေချင်လို့ပါ"
အိုတိုက ပြော၏။
"ဒီည တစ်ယောက်ယောက်ကို အဖော်ပြုပေးစေချင်တယ်ဆိုရင် မစ္စတာကျန်းအတွက် ကျွန်တော် စီစဉ်ပေးလို့ရပါတယ်"
"တော်ပါပြီ..ကျွန်တော်က ဒီကို လုပ်ငန်းကိစ္စအတွက် လာခဲ့တာ"
"စိတ်မပူပါနဲ့ မစ္စတာကျန်း.. ကျွန်တော်တို့အိမ်တော်ထဲက အခန်းတိုင်းက အသံလုံစနစ်ကောင်းပါတယ်။ အဲဒါကြောင့် လက်ထောက်က ခင်ဗျားကောင်မလေးကို ပြန်ပြောမှာလည်း စိုးရိမ်စရာမလိုပါဘူး"
အိုတိုက 'ကျွန်တော်နားလည်ပါတယ်'ဟူသော အပြုံးမျိုးဖြင့် ပြောလာလေသည်။
"အိပ်ရာဘေးက စားပွဲအံဆွဲထဲမှာ ကျွန်တော် ခင်ဗျားအတွက် အထူးသီးသန့်ပြင်ပေးထားတဲ့ မှတ်စုစာအုပ်အသေးလေးတစ်အုပ်နဲ့ ဖုန်းတစ်လုံးရှိပါတယ်။ ဒါဆို ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး"
အိုတိုက ထိုသို့ပြောပြီးနောက် တစ်ဖက်ကိုလှည့်ထွက်ကာ ကျန်းမုန့်လောင်၏အနောက်ရှိ တံခါးကိုပါ ပိတ်သွားပေးလေသည်။
"ဒီနေ့ခေတ်လူငယ်တွေများ တကယ်ပဲ ဘာတွေတွေးနေပါလိမ့်"
ကျန်းမုန့်လောင်၏အကြည့်က လက်ရာမြောက်လှသော အိပ်ရာဘေးရှိ စားပွဲဆီသို့ ရောက်သွားချေသည်။ ခဏမျှစဉ်းစားချင့်ချိန်နေပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ငါကဒီအတိုင်းစပ်စုတာ။စပ်စုရုံပဲ"
ကျန်းမုန့်လောင်လည်း အိပ်ရာဘေးရှိ စားပွဲအံဆွဲကို ဖွင့်လိုက်ပြီးနောက် မှတ်စုစာအုပ်အသေးလေးကို ထုတ်ယူပြီး ပထမဆုံးစာမျက်နှာကို ဖွင့်လိုက်သည်။
"အမျိုးသမီးအနုပညာရှင်များ၏ အထူးဆက်သွယ်ရန်ဖုန်းနံပါတ်များ"
"ထိပ်တန်းအမျိုးသမီးအနုပညာရှင်(ဆွဲဆောင်မှုရှိသော အမျိုးအစား) - ၂၈ယောက်"
"ထိပ်တန်းအမျိုးသမီးအနုပညာရှင် (အပြစ်ကင်းစင်တဲ့အမျိုးအစား) - ၃၂ယောက်"
...
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်လည်း ထိုစာအုပ်ကို အံဆွဲထဲသို့ ခပ်မြန်မြန်ထိုးထည့်လိုက်သည်။
"ဒီနိုင်ငံခြားသားတွေက ဘယ်လိုပျော်ပါးရမလဲဆိုတာ ကောင်းကောင်းသိကြတာပဲ.."
************