ငါက လူတိုင်းကို ပိုက်ဆံပေးဖို့ ရောက်လာတာ
Vol. 22 Ch. 322
အမျိုးသမီးအနုပညာရှင်များ၏ ဆက်သွယ်ရန်လိပ်စာအထပ်လိုက်ကို လှန်လှောကြည့်ရှုလိုက်လေရာ နတ်ဘုရားမများအဖြစ် ကိုးကွယ်ခံနေရသော အမျိုးသမီးများစွာ ပါနေကြောင်း ကျန်းမုန့်လောင် မြင်လိုက်ရသည်။ ဥရောပတုန်း တစ်ခါတွေ့ထားပြီးဖြစ်သော ခရစ်စတင်းလည်း ပါပေသည်။
ဖုန်းနံပါတ်က အလွန်ထူးခြားလှသည်။ ဤနံပါတ်မှာ ဒူဘာမိသားစုတစ်ခုလုံးကို ကိုယ်စားပြုလေသည်။ ဤဖုန်းနံပါတ်ဖြင့် ထိုအနုပညာရှင်များဆီသို့ ဖုန်းဆက်လိုက်ခြင်းမှာ ဧကရာဇ်အမိန့်တော်အလားပင်။
သူတို့အနေနှင့် ထိုဖုန်းခေါ်ဆိုမှုကို လျစ်လျူရှုရန်လည်း ရွေးချယ်နိုင်သော်လည်း အကျိုးဆက်မှာမူ ကြောက်ဖို့ကောင်းလှသည်။ အနုပညာလောကအတွင်းမှာ ဖိနှိပ်ခံရခြင်းနှင့် အပြီးတိုင်ဖယ်ရှားခံရခြင်းတို့မှာ အခြေခံအကျိုးဆက်များသာ။
"သိုင်းပညာနဲ့ကျင့်ကြံရေးကိုပဲ အာရုံစိုက်။ မိန်းမတွေကို အာရုံမစိုက်နဲ့"
ကျန်းမုန့်လောင် ထိုသို့နှလုံးသွင်းလိုက်လေသည်။
"တစ်ညလုံးယွမ်တစ်ကျော့ပြန်သိုင်းကို ကျင့်ကြံနေလိုက်တာကမှ ပိုမကောင်းဘူးလား"
...
တစ်ညလုံးကျင့်ကြံအားထုတ်ပြီးနောက် ကျန်းမုန့်လောင် လန်းဆန်းတက်ကြွသွားရုံသာမက ရုပ်ပိုင်းဆိုင်ရာသန်မာမှုလည်း တိုးတက်လာပေသည်။ ရေချိုးသန့်စင်ပြီးနောက် အခန်းထဲမှထွက်လာခဲ့ပြီး ယနေ့အတွက် လှုပ်ရှားရမည့် လုပ်ငန်းဆောင်တာများအတွက် အဆင်သင့်ဖြစ်နေလေပြီ။
"မစ္စတာကျန်း.. မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"
အိုတိုက မရိုးဖြောင့်သောအပြုံးနှင့် မေးလာလေသည်။ သူသည် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့် ပြည့်စုံသော မိန်းမလှလေးများ၏ ဆွဲဆောင်မှုကို ကျန်းမုန့်လောင် လွန်ဆန်နိုင်မည်မဟုတ်ဟု ထင်နေသည်မှာ ရှင်းနေချေသည်။
"မဆိုးပါဘူး"
ကျန်းမုန့်လောင်လည်း မျက်ဆန်လည်လိုက်ပေသည်။ အိုတိုက အစဉ်အလာမပျက်သော ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ပင်။ ပညာမတတ်ပါဘဲ သူ့ခေါင်းထဲတွင် ပိုက်ဆံနှင့် မိန်းမများသာ ရှိသည်။ သို့တိုင် သူ့ဘက်က လွန်ကဲသောကိစ္စများကို လုပ်မလာသရွေ့ ကျန်းမုန့်လောင်ကလည်း ဒူဘာမိသားစု၏အရေးကိစ္စများကို ဝင်စွက်ဖက်မည်မဟုတ်။
"မစ္စတာကျန်း..ခင်ဗျား အမေရိကမှာ နေထိုင်တဲ့အတောအတွင်း ခင်ဗျားရဲ့အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်အရင်းအမြစ်မဆို ထောက်ပံ့ပေးဖို့ ကျွန်တော့်အဖေက ညွှန်ကြားထားပါတယ်"
အိုတိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလာလေသည်။
ဒူဘာမိသားစု၏ အချက်အချာကျသော အဖွဲ့ဝင်တစ်ယောက်အနေနှင့် မိသားစု၏အရင်းအမြစ်များက မည်မျှကြွယ်ဝကြောင်း အပြင်လူများထက် သူ သိထားသည်။ သို့သော် ထိုအာဏာများမှာ သူ့အဘိုး၊ အဖေနှင့် ဦးလေးများ၏လက်ထဲတွင် သာ ရှိသည်။ ဤမျိုးဆက်ကား ထိုအရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။
သို့သော် ဤတစ်ခေါက် ကျန်းမုန့်လောင် အမေရိကကို ရောက်လာသည်ဖြစ်ရာ တစ်စုံတစ်ယောက်ကတော့ သူနှင့်အတူ အဖော်ပြုပေးရမည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် မိသားစုစီးပွားရေးကလည်း လျစ်လျူရှုထား၍ မရပေ။ ထို့ကြောင့် အနည်းငယ်ဆွေးနွေးတိုင်ပင်ပြီးနောက် ဂျိမ်းစ်က အိုတိုကို အာဏာအပ်နှင်းလာသဖြင့် ထိုမျှအထိ ကြီးကျယ်ခမ်းနားသော အာဏာများလည်း သူ့ဆီသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပေသည်။
မိသားစု၏အရင်းအမြစ်များထဲတွင် အဆက်အသွယ်များအပါအဝင် ပိုက်ဆံနှင့် တခြားသော ထူးခြားဆန်းကြယ်စောင့်ရှောက်ရေးအသင်းများအထိ ရှိလေရာ ယခုတော့ ထိုအရာများကို အိုတို အကြွင်းမဲ့အသုံးချနိုင်လေပြီ။ သူ့အဖေကို အစီရင်ခံတင်ပြဖို့သာ လိုသည်။
ဤသည်မှာ အိုတို့အတွက် ဂျိမ်းစ်ထံမှ စမ်းသပ်မှုတစ်ခုလည်း ဖြစ်၏။ အဆုံးကျလျှင် မိသားစု၏ပိုင်ဆိုင်မှုအားလုံးကို အိုတိုတို့မျိုးဆက်ထံသို့ လွှဲပြောင်းပေးရမည်ဖြစ်သောကြောင့်ပင်။
"ဒါဆို ဒီအတောအတွင်း ကျွန်တော့်နောက်ကသာ လိုက်ခဲ့"
ကျန်းမုန့်လောင် ကြေညာလိုက်၏။ အိုတိုက ပျော်တတ်သူတစ်ယောက်ပင်။ ထိုကဲ့သို့ တက်တက်ကြွကြွရှိသူတစ်ယောက် ပါနေလျှင် အမေရိကခရီးစဉ်မှာ ပို၍ပင်စိတ်ဝင်စားဖို့ကောင်းနိုင်သည်။
"ကောင်းတယ်"
အိုတိုက ကျန်းမုန့်လောင်နှင့် သိပ်မရင်းနှီးသော်ငြား ကျန်းမိသားစု၏ မျိုးဆက်တစ်ဆက်ချင်းစီတိုင်းက ခြွင်းချက်မရှိထူးချွန်ကြကြောင်း သူ့အဖေနှင့် အဘိုးတို့က ပြောထားဖူးသည်။ သူတို့နောက်ကို လိုက်ခြင်းအားဖြင့် အသုံးဝင်သော အရာများစွာကို သင်ယူနိုင်လိမ့်မည်ဖြစ်၏။ သူတို့က ဤအချက်ကို ထပ်ခါတလဲလဲအသားပေးပြောပြခဲ့လေသည်။ ကျန်းမုန့်လောင်၏ဘေးတွင် နေနိုင်မည့် အခွင့်အရေးတစ်ခုခုရခဲ့လျှင် သူ စိတ်ရင်းအစစ်အမှန်ဖြင့် နာခံပြီး သင်ယူရမည်ဟူ၍ပင်။
"မစ္စတာကျန်းနောက်ကိုလိုက်ရတာ ကျွန်တော် အများကြီးသင်ယူနိုင်မှာသေချာတယ်"
"ဒီကလေးကတော့ သူခိုးလှေပေါ်တက်မိနေမှန်းတောင် မသိရှာဘူး"
ဟုန်းရီခမျာ တိတ်တိတ်လေးရေရွတ်မိ၏။ ကျန်းမုန့်လောင်နောက်သို့ လိုက်ရခြင်းမှာ အမှန်တကယ်ပင် အများကြီးသင်ယူနိုင်ပေသည်။ လှည့်စားခြင်း၊ အရှက်ကင်းမဲ့ခြင်း၊ ပေါက်ကရစကားများပြောခြင်းနှင့် ငွေကို အာဏာအဖြစ်အသုံးချခြင်းတို့ပင်။
"မစ္စတာကျန်း ဘယ်သွားမှာလဲ။ ကျွန်တော် ခင်ဗျားအတွက် ဒရိုင်ဘာတစ်ယောက် ချက်ချင်းစီစဉ်ပေးပါ့မယ်"
ကျန်းမုန့်လောင်တွင် အစီအစဉ်တစ်ခု ရှိထားပြီးသားပင်။
"ဆီလီကွန်တောင်ကြားမြို့တော်ကို"
ဆီလီကွန်တောင်ကြားမြို့တော်မှာ အမေရိက၏ အနောက်ပိုင်းတွင်တည်ရှိပြီး အင်တာနက်သတင်းအချက်အလက်ဗဟိုဌာနတစ်ခုပင်။ ထိုနေရာတွင် Qualcommအီလက်ထရောနစ်ကုမ္ပဏီ၏ ရုံးချုပ်များရှိပြီး အကြီးစားစက်ရုံပေါင်းများစွာကိုလည်း တည်ထောင်ထားသဖြင့် အဆင့်မြင့်စက်မှုဇုန်တစ်ခုအဖြစ် ဖန်တီးထားနိုင်လေသည်။
"ရတာပေါ့။ ကျွန်တော် လေယာဉ်မှူးနဲ့ ဒရိုင်ဘာကို ချက်ချင်းအကြောင်းကြားလိုက်မယ်"
ခေတ်နောက်ကျနေသော ထိုစက်မှုဇုန်ဘက်သို့ ကျန်းမုန့်လောင် ဘာကြောင့်သွားချင်နေသလဲဆိုသည်ကို အိုတိုနားမလည်သော်ငြား မိသားစုအကြီးအကဲများက သူ့အား ဤညွှန်ကြားချက်ကို ထပ်ခါတလဲလဲပြောထားပေသည်။ မစ္စတာကျန်းရဲ့လုပ်ရပ်တွေကို ဘယ်တော့မှမေးခွန်းမထုတ်နဲ့။
"အဲဒီမှာ ခင်ဗျားရဲ့လုပ်ငန်းတွေရှိလား"
"ရှိပါတယ်"
အိုတိုကလည်း ပြန်ဖြေလိုက်သည်။ သူသည် အလိုလိုက်ခံထားရသော အမွေဆက်ခံသူတစ်ယောက်ဖြစ်သော်လည်း မိသားစုလုပ်ငန်းများအကြောင်းတော့ သိထားသည်။
"အဲဒီမှာ ကျွန်တော်တို့ရဲ့စက်ရုံ ၄၂ခုလောက်ရှိတယ်။ စက်ပစ္စည်းတပ်ဆင်ခြင်း၊ အစိတ်အပိုင်းထုတ်လုပ်ရေး၊ သတ္တုအရည်ကျိုခြင်း၊ ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေး အစရှိသဖြင့်ပေါ့။ အရွယ်အစားအရဆိုရင် အမေရိကန်ဒေါ်လာ၈၀ဘီလီယံလောက် ရှိပါတယ်"
"အွန်လိုင်းပေါ်က အချက်အလက်တွေက တကယ်မယုံရဘူးပဲ"
ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်လေသည်။ ဒူဘာမိသားစု၏ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ၁၅၀ဘီလီယံပဲ ရှိသတဲ့လား။ စက်မှုဇုန်တစ်ခုတည်းနှင့်ပင် သူတို့၏ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံနီးပါး ရှိလေသည်။
"အကြီးဆုံးကုမ္ပဏီက ဘာလဲ"
"ဘိုနာဆက်သွယ်ရေးကုမ္ပဏီပါ။ စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေကို အဓိကလုပ်ဆောင်ပါတယ်။ ပင်တိုင်ပါတနာကတော့ Qualcommအီလက်ထရောနစ်ပါ"
အိုတိုကလည်း ချက်ချင်းပြန်ဖြေလိုက်၏။
"ကောင်းတယ်။ အဲဒီကိုသွားကြစို့"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ဒီစက်ရုံတွေရဲ့ပိုင်ရှင်တွေအားလုံးကို လူစုခိုင်းလို့ရမဲ့ နည်းလမ်းတစ်ခုခုများ"
"ပိုင်ရှင်တွေအားလုံးက သူတို့စက်ရုံတွေမှာ မရှိကြတော့ နည်းနည်းတော့ခက်လိမ့်မယ်"
အိုတိုက ရှင်းပြလိုက်၏။
"ဒါပေမဲ့ စက်ရုံ၇၀၀ကျော်ထဲမှာ ကုမ္ပဏီပိုင်ရှင်အယောက်ငါးရာလောက်ကို လူစုခိုင်းဖို့ကတော့ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ဒူဘာမိသားစုမှ အဲဒီလိုအာဏာမျိုးရှိတယ်လေ"
"အဲဒီသူဌေးတွေအကုန်လုံးကို ဘိုနာဆက်သွယ်ရေးကို ခေါ်လိုက်ပါ။ ကျွန်တော် တခြားအစီအစဉ်လေးတွေလုပ်ထားလို့"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း… ကျွန်တော်တို့ အဲဒီကိုရောက်ဖို့ နှစ်နာရီလောက်တော့ ကြာပါလိမ့်မယ်။ အဲဒီအချိန်မတိုင်ခင် သူတို့တွေ ခင်ဗျားကို အဲဒီမှာစောင့်နေစေရပါ့မယ်"
...
ဒူဘာမိသားစု၏ကိုယ်ပိုင်လေယာဉ်က အမေရိကအနောက်ပိုင်းရှိ လေဆိပ်တစ်ခုသို့ ဆိုက်ရောက်လာလေသည်။ ထိုနေရာတွင် အသင့်စောင့်ဆိုင်းနေသော ကားများက သူတို့ကို အနောက်တိုင်းယဉ်ကျေးမှု၏ သင်္ကေတဖြစ်သော ဆီလီကွန်တောင်ကြားမြို့တော်သို့ ခေါ်ဆောင်သွားလေတော့သည်။
စက်မှုဇုန်ဧရိယာတစ်ခု ဖြစ်သော်လည်း ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် သာမန်စက်မှုဇုန်တစ်ခုနှင့် မတူတော့ဘဲ ခေတ်မီနည်းပညာဆန်းသစ်တီထွင်ရေးစက်မှုဇုန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဟွာရှားနိုင်ငံရှိ အဆင့်မြင့်မြို့တော်ကြီးများနှင့်ပင် ယှဉ်နိုင်လေသည်။
"ဒီနေရာက ဒီလောက်တောင်စည်ကားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
ကျန်းမုန့်လောင် တအံ့တဩရေရွတ်လိုက်၏။
"တကယ်တော့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဒီနေရာက ခေတ်နောက်ကျနေတဲ့ စက်မှုဇုန်တစ်ခုပါ"
အိုတိုက ဆိုလာလေသည်။
"အရင်တုန်းက ဒီနေရာက လုပ်သားအင်အားကို အဓိကအသုံးပြုခဲ့ရတဲ့လုပ်ငန်းတွေဖြစ်ပြီး အလုပ်သမားတွေရဲ့ နောက်ခံပညာရေးက တော်တော်နိမ့်တယ်။ သူတို့တွေက ဘဝအဆင့်အတန်းအတွက်လည်း အများကြီးမျှော်လင့်မှုမရှိကြဘူး။ ဒါပေမဲ့ အလိုအလျောက်နည်းပညာတွေ တိုးတက်လာတော့ အဆင့်မြင့်နည်းပညာရှင်တွေကို ပိုပြီးဆွဲဆောင်နိုင်ခဲ့တယ်။ မြို့ကြီးတွေက နေနေကျဖြစ်တဲ့ သူတို့တွေက ဒီလိုပတ်ဝန်းကျင်ကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ"
"နောက်တော့ ဘာဖြစ်သွားလဲ"
"လူ့အခွင့်အရေးလှုပ်ရှားမှုကြီးတစ်ခု ပေါ်ပေါက်လာတာပေါ့။ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ဆန္ဒပြကြတယ်လေ"
အိုတိုက ဆက်ပြောသည်။
"နောက်တော့ အစိုးရကလည်း ဖိအားဒဏ်တွေကိုမခံနိုင်တော့ဘဲ ဒီနယ်မြေကရတဲ့ စီးပွားရေးအကျိုးအမြတ်တွေကို အဆုံးအရှုံးမခံချင်တော့ စူပါမားကတ်တွေ ရုပ်ရှင်ရုံတွေ ကျောင်းတွေ အပန်းဖြေဥယျာဉ်တွေနဲ့ တခြားအဆောက်အအုံတွေကို တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေကို ဆွဲဆောင်ခဲ့ရတယ်လေ။ အဲဒါကြောင့် ဒီနေ့ ကျွန်တော်တို့မြင်နေရသလို ဖွံ့ဖြိုးတိုးတက်နေတာပေါ့"
"အမလေး လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံပီသပါပေတယ်။ ကျွန်တော်တို့ဟွာရှားနိုင်ငံသာဆိုရင် မင်းအလုပ်မလုပ်ချင်ရင် တခြားလူက လုပ်လိမ့်မယ်ဆိုတာချည်းပဲ။ ဆန္ဒပြဖို့အသာထား။ သန့်စင်ခန်းသွားဖို့ ခဏနားတာတောင် လစာဖြတ်ကြဦးမှာ"
ကျန်းမုန့်လောင်၏လေသံထဲတွင် လှောင်ပြောင်မှုနှင့် ချီးကျူးမှုတို့ ရောယှက်နေပေသည်။
...
ဘိုနာဆက်သွယ်ရေးကုမ္ပဏီတွင် ကုမ္ပဏီအမှုဆောင်များနှင့် သူဌေးအမြောက်အများ စုဝေးနေကြလေသည်။ လွန်ခဲ့သည့်တစ်နာရီခန့်က သူတို့အားလုံး ဘိုနာဆက်သွယ်ရေးကုမ္ပဏီဥက္ကဋ္ဌထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြသည်။
သာမန်ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဆိုပါက သူတို့ ဂရုစိုက်မည်မဟုတ်သော်လည်း ဤနယ်မြေထဲရှိ လူတိုင်းသိထားသည့်အချက်မှာ ဘိုနာဆက်သွယ်ရေးကုမ္ပဏီကို ထိန်းချုပ်ထားသူမှာ ဒူဘာမိသားစုဖြစ်ကြောင်းပင်။ ဒူဘာမိသားစုထံမှ ဖိတ်ကြားချက်ကို မည်သူက လျစ်လျူရှုရဲမည်နည်း။
တချို့သူဌေးများကမူ ကိုယ်တိုင်မလာကြသော်ငြား သူတို့၏လူယုံများကို လွှတ်လိုက်ကြသည်။ လွှတ်ရလောက်အောင်အထိ ယုံကြည်စိတ်ချရသူ မရှိကြသော ဖိတ်ကြားခံထားရသည့် ကုမ္ပဏီအခုခုနစ်ရာထဲမှ ငါးရာလောက်က ကိုယ်တိုင်ရောက်လာကြသည်။
"အားလုံးပဲ.. ဒူဘာမိသားစုက ကျုပ်တို့ကို ဒီနေရာမှာ ဘာလို့ လူစုခိုင်းလဲဆိုတာ သိကြလား"
"ဘယ်သူက သိမှာလဲ။ ကြည့်ရတာတော့ အနားနီးမှ အကြောင်းကြားစာရောက်လာကြတယ်ထင်တာပဲ။ အမှန်ဆိုရင် ကျုပ် ဒီနေ့ ဥရောပကို စီးပွားရေးကိစ္စနဲ့ ခရီးထွက်ရမှာကို။ လေယာဉ်ချိန်ဖျက်လိုက်ရတယ်"
"သူတို့မိသားစုရဲ့လုပ်ငန်းတွေက တအားကြီးမားတော့ ကျုပ်တို့ သူတို့ကို စော်ကားလို့မဖြစ်ဘူးလေ"
...
"သူတို့ရောက်လာပြီ။ သူတို့ရောက်လာပြီ"
အားလုံး စကားစမြည်ပြောဆိုနေကြချိန်တွင် လူတစ်စု ရောက်ချလာသည်။
"ဘိုနာဆက်သွယ်ရေးရဲ့ဥက္ကဋ္ဌပဲ"
"သူ့ရှေ့က ဘယ်သူတွေလဲ။ ဘိုနာဥက္ကဋ္ဌက သူတို့ကို ဘာလို့ဒီလောက်တောင် ရိုသေနေရတာလဲ"
"မသိဘူးလေ။ ဒူဘာမိသားစုဝင်တွေများလား။ ဟင်.. ဟွာရှားလူမျိုးတွေရောပါတာလား"
"အဲဒါက..ကမ္ဘာ့အချမ်းသာပုဂ္ဂိုလ် ကျန်းမုန့်လောင်မလား"
"သူက ဒီမှာ ဘာလာလုပ်တာလဲ"
...
လူတိုင်း၏ စောင့်ကြည့်စစ်ဆေးနေသော မျက်လုံးအောက်တွင် ကျန်းမုန့်လောင်လည်း လူအုပ်ကြီးဆီသို့ ချဉ်းကပ်လာလိုက်သည်။
"ခင်ဗျားတို့ကို ဒီနေ့ ဒီနေရာကိုလာခဲ့ဖို့ ဘာလို့ဖိတ်လိုက်လဲဆိုတာကို သိချင်နေကြမှာပဲ"
ကျန်းမုန့်လောင် ပြုံးပြုံးလေး ပြောလိုက်လေသည်။
"ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘူး။ ဒီနေ့ ကျုပ် ဒီကိုလာခဲ့တာ ခင်ဗျားတို့တွေကို ပိုက်ဆံပေးဖို့ပဲ"
************