ကျုပ်က အရမ်းအငြှိုးကြီးတာ
Vol. 22 Ch. 323
"အာ?"
"ပိုက်ဆံပေးမယ်တဲ့လား။ အဲဒါက ဘာကိုဆိုလိုချင်တာလဲ။ ငါတို့ဆီမှာ ရင်းနှီးမြှုပ်နှံမှာလား"
"ဒီလိုကံကောင်းမှုမျိုး တကယ်ရှိနိုင်ပါ့မလား'
လုပ်ငန်းရှင်များနှင့် အမှုဆောင်အရာရှိအမြောက်အများလည်း ရုတ်တရက် ဆူညံသွားကြသည်။ ဤကမ္ဘာပေါ်တွင် မိုးကောင်းကင်ပေါ်က ပိုင်မုန့်ပြုတ်ကျလာသလို အခွင့်အရေးမျိုး တကယ်ရှိနိုင်လေသလား။
ထိုကုမ္ပဏီ၅၀၀ကျော်အနက် အများစုမှာ အလွန်ကြီးမားလှသော လုပ်ငန်းများမဟုတ်ကြသည့်အတွက် အမေရိကန်ဒေါ်လာသန်းဂဏန်းမျှသော ရင်းနှီးမြှုပ်နှံမှုကပင် သူတို့အတွက် အထောက်အကူကြီးကြီးမားမား ဖြစ်စေလိမ့်မည်သာ။
ကျန်းမုန့်လောင်အကြောင်းကို အများစုက မသိကြသော်လည်း သူသည် ပိုက်ဆံသုံးတိုင်း ဒေါ်လာဘီလီယံနှင့်ချီ၍ သုံးတတ်သူဟု ကြားဖူးထားကြသည်။ ကျန်းမုန့်လောင်သာ တကယ်ရင်းနှီးမြှုပ်နှံမည်ဆိုလျှင် သူတို့အတွက်တော့ ဘုရားပေးသော ဆုလာဘ်တစ်ခုပင်။
လူတချို့က ကျန်းမုန့်လောင် အမေရိကသို့ရောက်နေကြောင်း သိရှိထားပြီးဖြစ်၏။ ဤတစ်ခေါက် ရောက်လာခြင်းမှာ ရင်းနှီးမြှုပ်နှံရန်အတွက်လေလား။
အရင်းရှင်နိုင်ငံများတွင် ငွေရှိသူကသာ အာဏာကိုင်စွဲလေသည်။ ကျန်းမုန့်လောင် ဘာလုပ်ချင်သလဲဆိုသည်ကို သူတို့ ဂရုမစိုက်ကြချေ။ သူတို့၏စီးပွားရေးကို မထိခိုက်သရွေ့ သူ့စိတ်ကြိုက် လုပ်နိုင်ပေသည်။ သူတို့ကိုသာ ငွေရှာဖို့ ကူညီပေးမည်ဆိုလျှင် သူတို့ကလည်း သူ့အား ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားအလား သဘောထား၍ ကြိုဆိုကြမည်သာ။
သူတို့သာမက ဟုန်းရီနှင့် အိုတိုတို့ပင် မျက်နှာထက်၌ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားသည်။ ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို သူတို့ နားမလည်နိုင်ကြချေ။
"မစ္စတာကျန်း အဲဒါက ဘာအဓိပ္ပာယ်လဲဗျ။ ကျွန်တော်တို့ နားမလည်ဘူး"
"ခင်ဗျားရဲ့မေးခွန်းက ကောင်းတယ်"
စတင်မေးမြန်းလာသူတစ်ယောက်ကို ကျန်းမုန့်လောင် လိုအပ်နေခြင်းပင်။
"ဒီလုပ်ငန်းရှင်ရဲ့နာမည်ကို သိပါရစေ"
"ကျွန်တော့်ကို ဂျေဆင်လို့ပဲခေါ်ပါ။ ကျွန်တော်က ကားအစိတ်အပိုင်းစက်ရုံပိုင်ရှင်ပါ"
ပထမဆုံးမေးခွန်းထုတ်လာသူ စီးပွားရေးလုပ်ငန်းရှင်က ပြန်ဖြေလာချေသည်။
"ခင်ဗျားကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ပြောပြပေးနိုင်မလား"
"ရတာပေါ့"
ဂျေဆင်ကလည်း အားရပါးရရယ်မောလျက် ပြန်ဖြေလိုက်သည်။ သူ မပြောလျှင်ပင် ဒူဘာမိသားစု၏ အစွမ်းအစဖြင့် ဤအချက်အလက်ကို ရှာဖွေရန်မှာ လွယ်လင့်တကူပင်။ သူတို့၏ပိုင်ဆိုင်မှုမှာ အခြားလူများ၏ပိုင်ဆိုင်မှုကို ဒသမကိန်းလေးမျှပင် မယှဉ်နိုင်ချေ။ ထို့ကြောင့် ဖုံးကွယ်ထားစရာလည်း အကြောင်းမရှိပေ။
"ကျွန်တော့်ကုမ္ပဏီပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ၂၄သန်း ရှိပါတယ်"
"အရမ်းကောင်းတယ်"
ကျန်းမုန့်လောင်က ပြုံးရယ်ရင်း ပြောလိုက်လေသည်။
"အဓိကမေးခွန်းကို မေးပေးတဲ့အတွက် မစ္စတာဂျေဆင်ကို ကျေးဇူးတင်တဲ့အနေနဲ့ ခင်ဗျားရဲ့ကုမ္ပဏီကို အမေရိကန်ဒေါ်လာသန်းသုံးဆယ် ထည့်ဝင်ပေးချင်ပါတယ်"
"အိုတို ငွေလွှဲလိုက်ပါ"
ကျန်းမုန့်လောင်လည်း အိုတိုဘက်သို့လှည့်၍ ပြောလိုက်၏။
"ဟုတ်ကဲ့ မစ္စတာကျန်း"
အိုတိုကလည်း ဂျေဆင့်အနားသို့ချဉ်းကပ်ကာ...
"မစ္စတာဂျေဆင် ခင်ဗျားကုမ္ပဏီရဲ့ အကောင့်နံပါတ်လေး ပေးပါဦး"
ရုတ်တရက်အံ့အားသင့်မှုကြောင့် ဂျေဆင်လည်း ကြက်သေသေသွားရ၏။ သူသည် သူ့လုပ်ငန်းတိုးချဲ့ရေးအတွက် မျှော်လင့်စောင့်စားနေခဲ့ရသည်မှာ ကြာလှပြီဆိုသော်ငြား ဘဏ္ဍာရေးဖိအားများကြောင့် မလှုပ်သာမရုန်းသာဖြစ်ခဲ့ရသည်။ ဤငွေပမာဏမှာ အမှာစာများကို အမြောက်အများ လက်ခံနိုင်ပြီး သူ့လုပ်ငန်းကို နှစ်ဆသုံးဆလောက် တိုးချဲ့နိုင်ပေသည်။
တုန်ယင်နေသော အသံဖြင့် ကုမ္ပဏီ၏အကောင့်နံပါတ်ကို ပြောပြလိုက်သည်။ တစ်မိနစ်မပြည့်သေးခင်မှာပင် ဘဏ်မှ အကြောင်းကြားစာရောက်လာ၏။
လူအုပ်ကြီးလည်း ချက်ချင်းဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ ဘာမှရှင်းမပြရသေးသော်လည်း အမည်မသိကုမ္ပဏီတစ်ခုကို ဒေါ်လာသန်းသုံးဆယ် လွှဲပြီးသွားလေပြီ။ ကျန်းမုန့်လောင်က ဤမျှချမ်းသာလေသလား။
"မစ္စတာကျန်း.. မေးစရာတစ်ခုရှိပါတယ်"
"မစ္စတာကျန်း.. ကျွန်တော်လည်း မေးစရာရှိပါတယ်"
မေးခွန်းထုတ်ခြင်းက ရင်းနှီးမြှုပ်နှံငွေများကို သယ်ဆောင်လာဟန်တူသဖြင့် စီးပွားရေးလုပ်ငန်းရှင်များလည်း အကုန်ရူးသွပ်ကုန်ကြတော့သည်။
"အားလုံးပဲ..ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး"
ကျန်းမုန့်လောင်ကလည်း ပြုံးရယ်လျက် ဆိုလိုက်လေသည်။
"ခင်ဗျားတို့တွေအားလုံးကို ဒီကိုလာခဲ့ဖို့ ဖိတ်ထားပြီးပြီဆိုတော့ လူတိုင်း ကိုယ့်ဝေစုကိုယ်ရကြမှာပါ။ ဒါပေမဲ့ အပေးအယူတစ်ခုတော့ရှိတယ်"
"ကျေးဇူးပြုပြီး ပြောပါ မစ္စတာကျန်း...ကျုပ်တို့လုပ်နိုင်တာမှန်သမျှ ခင်ဗျားကျေနပ်အောင် လုပ်ပေးမှာပါ"
"ဟုတ်ပါတယ် မစ္စတာကျန်း.. မြို့ထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံး ဒီမှာရှိနေကြပါတယ်။ ကျုပ်တို့ လက်လှမ်းမမီတဲ့ကိစ္စဖြစ်နေရင်တောင် ခင်ဗျားအတွက် လုပ်ပေးနိုင်အောင် နည်းလမ်းတစ်ခုခုရှာမှာပါ"
"ကျွန်တော့်လိုအပ်ချက်က အရမ်းရိုးရှင်းပါတယ်"
ကျန်းမုန့်လောင် ဆက်ပြောလိုက်လေသည်။
"ခင်ဗျားတို့ကုမ္ပဏီတွေမှာ ကျွန်တော် ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေရဲ့တစ်ဝက်ကို ဝန်ထမ်းတွေအတွက် လစာတိုးပေးဖို့ သုံးရမယ်။ အနည်းဆုံး တစ်ရာရာခိုင်နှုန်းတိုးပေးရမှာ။ အဲဒီငွေပမာဏကုန်တဲ့အထိပေါ့။ တခြားကုမ္ပဏီတွေင အလုပ်ထွက်ပြီး ရောက်လာတဲ့ဝန်ထမ်းတွေကတော့ အကျုံးမဝင်ဘူး"
"ကျန်တဲ့ပိုက်ဆံနဲ့ ခင်ဗျားတို့ အမြတ်အစွန်းရခဲ့တယ်ဆိုရင် အမြတ်ငွေရဲ့ငါးဆယ်ရာခိုင်နှုန်းကိုပဲ ကျွန်တော် လိုချင်တယ်။ ရှုံးခဲ့ရင်တော့ တစ်ပြားမှပြန်ပေးစရာမလိုဘူး"
"ဒါပဲလား"
တောင်းဆိုချက်ကား ထူးဆန်းလှသော်ငြား ဖြည့်ဆည်းပေးရန် မခက်ခဲပေ။ ရင်းနှီးမြှုပ်နှံငွေတစ်ဝက်ကို ဆုံးရှုံးရမည်ဆိုသော်ငြား ဤရင်းနှီးမြှုပ်နှံငွေအားလုံးမှာ ငွေသားချည်းသက်သက် ပေးလာမည်ဖြစ်၏။
မစ္စတာဂျေဆင်၏ကုမ္ပဏီကို ဥပမာယူလိုက်ပါက သူတို့အနေနှင့် ဒေါ်လာ၁၅သန်းကို ဝန်ထမ်းများ၏လစာအတွက် သုံးလိုက်ရမည်ဆိုသော်ငြား ကျန်နေသည့် ဒေါ်လာ၁၅သန်းကမူ သူတို့ကုမ္ပဏီ၏ရင်းနှီးမတည်ငွေကိုပင် ကျော်နေပြီဖြစ်ရာ အမြတ်ငွေကလည်း အနည်းအကျဉ်းရနိုင်သည်။
အမြတ်ငွေငါးဆယ်ရာခိုင်နှုန်းကို ကျန်းမုန့်လောင်နှင့် ခွဲယူရမည်ဆိုသော်လည်း ဤသည်မှာ သူ့ရင်းနှီးမြှုပ်နှံငွေ၏ ငါးဆယ်ရာခိုင်နှုန်းမျှသာဖြစ်သောကြောင့် လုံးဝမြတ်သည်။ အကယ်၍ အရှုံးပေါ်ခဲ့လျှင်လည်း တစ်ပြားမှ ပြန်ပေးစရာမလိုချေ။
နောက်တစ်နည်းဆိုရလျှင် ဤပိုက်ဆံမှာ အလကားရလိုက်သည်နှင့် အတူတူပင်။ သူတို့ဘက်က မည်သည့်အဖိုးအခကိုမှ ပေးစရာမလိုချေ။ ဤအပေးအယူကို လက်မခံမှသာ ရူးမိုက်ရာကျပေလိမ့်မည်။
"ကန့်ကွက်သူမရှိရင် ဒီသဘောတူစာချုပ်မှာ လက်မှတ်ထိုးပေးပါ"
ကျန်းမုန့်လောင်က ပရင့်ထုတ်ထားသော သဘောတူစာချုပ်များကို လိုက်ဝေပေးရင်း ပြောလိုက်လေသည်။
"ကိစ္စမရှိဘူး။ ကျုပ် လက်မှတ်ထိုးမယ်"
လုပ်ငန်းရှင်များက စာရွက်စာတမ်းများကို တစ်ခုပြီးတစ်ခု ပိုက်စိပ်တိုက်စစ်ဆေး၍ ဘာထောင်ချောက်မှမရှိကြောင်း သေချာသွားချိန်တွင် သူတို့နာမည်များကိုချရေးကာ လက်မှတ်ထိုးလိုက်ကြ၏။
လုပ်ငန်းစုတိုင်းအတွက် ရင်းနှီးမြှုပ်နှံငွေကို သူတို့ကုမ္ပဏီ၏ ရင်းနှီးမတည်ငွေထက် မနည်းစေရကြောင်း ကျန်းမုန့်လောင် အာမခံလိုက်သည်။ ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာသန်းဂဏန်းမှ ဘီလီယံဂဏန်းအထိရှိသော လုပ်ငန်းစုပေါင်း၅၀၀ကျော်အတွက် ကျန်းမုန့်လောင်က စုစုပေါင်းဒေါ်လာ၂၀ဘီလီယံပေးမည်သာ။
ငွေသားချည်းသက်သက်၂၀ဘီလီယံမှာ ထိုလုပ်ငန်းရှင်များအတွက်မူ အံ့မခန်းများပြားလှသော ပမာဏပင်။ သို့သော် ဒူဘာမိသားစု၏ ပိုင်ဆိုင်မှုနှင့်ယှဉ်လျှင် ထိုပမာဏမှာ ရေပုံးထဲရှိ ရေစက်လေးတစ်စက်မျှသာ။
စီးပွားရေးလုပ်ငန်းရှင်များ ပြုံးပျော်နေသော အမူအရာဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ သူတို့ပြန်ရောက်ချိန်တွင် ပထမဆုံးလုပ်သည့်အရာမှာ သဘောတူစာချုပ်ထဲကအတိုင်း ဝန်ထမ်းများကို လစာနှစ်ဆတိုးပေးခြင်းပင်။
...
"မစ္စတာကျန်း ဒါက ဘာအတွက်လုပ်နေတာလဲ"
လုပ်ငန်းရှင်များအားလုံး ပြန်သွားပြီးနောက် အဆုံးမှာမူ အိုတိုလည်း သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"အိုတို.. မင်းသာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ရင် မင်းထက် နည်းပညာအဆင့်နိမ့်ကျတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ တခြားကုမ္ပဏီက ဝန်ထမ်းတွေက မင်းထက် လစာပိုများနေတယ်ဆိုရင် မင်း ဘယ်လိုလုပ်မလဲ"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"သေချာပေါက် ဒေါသထွက်မှာပေါ့"
အိုတိုကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိပါဘဲ ပြန်ဖြေလေသည်။
"သူတို့က ကျွန်တော့်လောက်တောင် အရည်အချင်းမရှိကြဘဲနဲ့ လစာကျတော့ ပိုရတယ်တဲ့လား။ ကျွန်တော်သာဆိုရင် အလုပ်ပြောင်းပစ်မိမှာ"
"ဒါပေမဲ့ အလုပ်ပြောင်းလည်း လစာတိုးမသွားဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
"ဒါဆို ဆန္ဒပြမှာ"
"ခဏနေပါဦး"
အိုတိုလည်း ရုတ်တရက်ကြီး တစ်စုံတစ်ရာကို သဘောပေါက်လိုက်ဟန်ပင်။
ကျန်းမုန့်လောင်ရောက်မလာခင်က သူ့အဖေ သူ့ကို ပြောပြထားသည့်စကားရှိ၏။ ကျန်းမုန့်လောင်သည် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကို စာရင်းရှင်းရန်အတွက် ဤနေရာကို ရောက်လာခြင်းဖြစ်နိုင်လောက်ပြီး သူ့ပစ်မှတ်မှာ ဥရောပနှင့် အမေရိကရှိ ချစ်ပ်ပြားတင်သွင်းသူများ ဖြစ်နိုင်ခြေရှိသည်ဟူ၍ပင်။
ဆီလီကွန်တောင်ကြားမြို့ထဲတွင် ကမ္ဘာ့အကြီးဆုံးတယ်လီဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Qualcommအီလက်ထရောနစ်ကုမ္ပဏီရှိ၏။
Qualcommအီလက်ထရောနစ်တွင် အလုပ်သမားနှင့်အင်ဂျင်နီယာအရေအတွက်မှာ တစ်ကုမ္ပဏီလုံး၏ လုပ်သားအင်အား ၈၀ရာခိုင်နှုန်းကျော်ရှိပြီး သူတို့၏ပျမ်းမျှလစာမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၄၅၀၀ မှ ၅၀၀၀ကြားတွင် ရှိသည်။ ပတ်ပတ်လည်ရှိ အခြားလုပ်ငန်းစုများတွင်မူ ပျမ်းမျှလစာမှာ အမေရိကန်ဒေါ်လာ၃၀၀၀မှ ၃၅၀၀ကြားတွင်ဖြစ်သောကြောင့် လစာကွာဟမှုမှာ အတော်အတန်ကြီးမားလှသည်။
ကျန်းမုန့်လောင်၏ ဤအကွက်ဖြင့်ဆိုလျှင် ထိုကုမ္ပဏီများရှိ ဝန်ထမ်းများ၏လစာကို နှစ်ဆတိုးလိုက်ပြီး Qualcommအီလက်ထရောနစ်၏ ဝန်ထမ်းများထက် လစာပိုများသွားစေကာ အလုပ်လုပ်ရာတွင်လည်း ယခင်အလုပ်ကိုသာ ဆက်လုပ်နေရသည်ဆိုလျှင် သူတို့ လက်ခံနိုင်မည်လား။
သူ နားလည်သွားပြီ။ အကုန်နားလည်သွားခဲ့ပြီ။
ကျန်းမုန့်လောင်၏ အမေရိကန်ဒေါ်လာ၂ဝဘီလီယံမှာ အချည်းနှီးရင်းနှီးမြှုပ်နှံခြင်းမဟုတ်။ Qualcommအီလက်ထရောနစ်ကို ချေမှုန်းရန်အတွက်ပင်။
ရက်အနည်းငယ်ကြာပြီးနောက် Qualcommအီလက်ထရောနစ်၏ အလုပ်သမားများ ဤအကြောင်းကို သိရှိသွားပါက မကျေနပ်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။ ဤလုပ်ရပ်ဖြင့် လွတ်လပ်သော ဤနယ်မြေတွင် ကျန်းမုန့်လောင်လည်း ဆူပူမှုတစ်ခုကို ဖန်တီးနိုင်မည်သာ။
"မစ္စတာကျန်း... ရှင့်စရိုက်အရ အမေရိကန်ဒေါ်လာ၂၀ဘီလီယံနဲ့ ဒီအမေရိကန်တွေကို ငွေရှာခွင့်ပေးရမှာကို တကယ်စိတ်ကျေနပ်ရဲ့လား"
ဟုန်းရီ မနေနိုင်ဘဲ မေးကြည့်လိုက်လေသည်။
"စိတ်မပူပါနဲ့။ ကုန်ကျစရိတ်ကို စားသုံးသူတွေဆီ လွှဲပြောင်းပေးလိုက်မှာလေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။
"ငါတို့ရဲ့ချစ်ပ်ပြားတွေ အဆင်သင့်ဖြစ်တဲ့အခါ သူတို့တွေ ဝယ်ချင်ရင် နှစ်ဆတိုးထားပြီးသားစျေးနှုန်းရဲ့ နှစ်ဆတန်ဖိုးနဲ့ ရောင်းမယ်။ ဝယ်မဝယ်ကတော့ သူတို့သဘောပဲ"
ဟုန်းရီ၏မျက်နှာထက်တွင် အရာအားလုံးကို သဘောပေါက်သွားလေဟန် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။ ကျန်းမုန့်လောင်သည် ပြည်တွင်းတွင် ငွေသုံးရာတွင် ဂရုမစိုက်သော်လည်း နိုင်ငံခြား၌ ငွေသုံးရာတွင်မူ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားထက်ပင် ပိုတွန့်တိုသေးသည်။
"အိုတို...Qualcommအီလက်ထရောနစ်ရဲ့ဥက္ကဋ္ဌ ဒါမှမဟုတ် အကြီးတန်းအရာရှိတွေနဲ့ ဆက်သွယ်နိုင်မဲ့ နည်းလမ်းတစ်ခုခုရှိလား"
"ရှိပါတယ်။ ဘာလုပ်ချင်လို့လဲ"
"သူတို့နဲ့တွေ့ဆုံဖို့ စီစဉ်ပေး။ ငါ သူတို့နဲ့ သဘောတူညီချက်တစ်ခုကို ဆွေးနွေးချင်လို့။ မျိုးဆက်တစ်ဆက်လုံး ခံစားရမဲ့ ဇိမ်ခံဘဝတစ်ခုကို အာမခံနိုင်မဲ့ သဘောတူညီချက်တစ်ခုပေါ့"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို နောက်ပစ်၍ ခန်းမထဲမှ ထွက်လာခဲ့လိုက်လေသည်။
"ကျန်းမုန့်လောင်ဆိုတဲ့ ငါက သိပ်အငြိုးအတေးကြီးတာ"
************