← Chapters

ဂဏန်းရှစ်လုံးပါတဲ့သဘောတူညီချက်အကြောင်းပဲ ပြောရအောင်

Vol. 22 Ch. 324

ဂဏန်းရှစ်လုံးပါတဲ့သဘောတူညီချက်အကြောင်းပဲ ပြောရအောင်

Vol. 22 Ch. 324

ဘားနက်စ်သည် Qualcommအီလက်ထရောနစ်ကုမ္ပဏီတွင် သာမန်အင်ဂျင်နီယာတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်၏။ အသက်၃၅နှစ်ရှိပြီး ကောလိပ်မှ ဘွဲ့ရပြီးကတည်းက ဤကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ခြင်းပင်။ သို့သော် သူ့နည်းပညာကျွမ်းကျင်မှုနှင့် စွမ်းရည်တို့မှာ သာမန်မျှသာဖြစ်သောကြောင့် သူ့ရာထူးကလည်း အလယ်လတ်တန်းအင်ဂျင်နီယာထက် ပိုမတက်လာခဲ့ပေ။

သို့သော် ဆယ်စုနှစ်များစွာကြာသောအခါ အခြားသူများက အကြောင်းအမျိုးမျိုးကြောင့် ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့သော်ငြား သူတစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။

သူသည် ကပ်ဖားပြီး မြှောက်ပင့်ခြင်း၌ မကျွမ်းကျင်သော်ငြား ဂျူနီယာအင်ဂျင်နီယာများအကြားတွင်မူ ဩဇာလွှမ်းမိုးမှုရှိပြီး အံ့ဩဖို့ကောင်းစွာပင် သူတို့နှင့် အတော်အတန်ရင်းနှီးလာခဲ့သည်။

Qualcommအီလက်ထရောနစ်၏ အလုပ်သမားသမဂ္ဂဖွဲ့စည်းသောအခါ အလုပ်သမားအများစုထံမှ ထောက်ခံမှုရရှိခဲ့ပြီး Qualcommအီလက်ထရောနစ်အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

အရင်းရှင်နိုင်ငံတော်တော်များများတွင် ကုမ္ပဏီကြီးများ၌ အလုပ်သမားသမဂ္ဂများ ရှိကြသည်။ ထိုသမဂ္ဂများမှာ ကုမ္ပဏီများက တည်ထောင်ထားခြင်းမဟုတ်ပါဘဲ ဝန်ထမ်းများက ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကုမ္ပဏီ၏လက်အောက်ခံအဖွဲ့အစည်းလည်း မဟုတ်ပေ။

အလုပ်သမားသမဂ္ဂတစ်ခု၏ ရည်ရွယ်ချက်မှာ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အကျိုးအမြတ်များအတွက် တိုက်ခိုက်ရန်ဖြစ်ပြီး ယနေ့ခေတ်တွင် ဟွာရှားရှိ လုပ်ငန်းစုကြီးတော်တော်များများတွင်လည်း ထိုကဲ့သို့သောအဖွဲ့အစည်းများ ပေါ်ပေါက်လာသည်။

သမဂ္ဂ၏ဥက္ကဋ္ဌအနေနှင့် ဘားနက်စ်သည် အပိုဝင်ငွေရရှိရုံသာမက ကုမ္ပဏီထဲတွင်လည်း အကြီးတန်းအင်ဂျင်နီယာများ အမှုဆောင်အရာရှိများထက် မနိမ့်ကျသော အဆင့်အတန်းတစ်ခုကို ရရှိထားပေသည်။ ကုမ္ပဏီဝန်ထမ်း၈၀ရာခိုင်နှုန်း၏ အကျိုးအမြတ်များအတွက် ကိုယ်စားပြုခြင်းအားဖြင့် သူ့စကားများကလည်း အလုပ်သမားများအကြား ဩဇာလွှမ်းမိုးမှုရှိပြီး ခေါင်းဆောင်များပင် သူ့ကို ပေါ့ပေါ့တန်တန်မဆက်ဆံရဲကြပေ။

ဤရာထူးကြောင့် ဘားနက်စ်သည် ကုမ္ပဏီတွင် သက်သောင့်သက်သာရှိသော ဘဝတစ်ခုကို ပိုင်ဆိုင်နေရသည်။

သို့သော် တစ်နေ့တွင် သူ့ထံသို့ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့အား ညနေဘက်၌ မိုဂိတ်ဘားတွင် တွေ့ဆုံရန် ချိန်းဆိုလာပြီး မည်သူ့ကိုမှခေါ်မလာဘဲ တစ်ယောက်တည်းလာခဲ့ရန် တောင်းဆိုထားသည်။ ထို့ပြင် ဖုန်းခေါ်ဆိုသူမှာ ဤကိစ္စသည် ကောင်းသောကိစ္စတစ်ခုဖြစ်ကြောင်း အသားပေးဖော်ပြခဲ့သည်။

ဘားနက်စ်၏ဘဝက အတော်အသင့်ကောင်းမွန်နေပြီဖြစ်သော်ငြား လူသားများ၏လိုအင်ဆန္ဒများမှာ ကုန်ခမ်းသွားခြင်းမရှိချေ။ ထို့ပြင် တွေ့ဆုံရမည့်နေရာမှာ လူစည်ကားသော ဘားတစ်ခုဖြစ်သဖြင့် တစ်ဖက်လူထံမှ လှည့်စားခံရခြင်း သို့မဟုတ် မကောင်းသောရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခြင်းတို့အတွက် စိုးရိမ်နေစရာမလိုပေ။

ထို့ကြောင့် စိုးရိမ်စိတ်နှင့် မျှော်လင့်စောင့်စားစိတ်တို့ ရောယှက်နေသောစိတ်အစဉ်ဖြင့် သဘောတူထားသည့်အတိုင်း မိုဂိတ်ဘားသို့ ရောက်လာခဲ့သည်။

"တစ်ဆိတ်လောက်ပါ မစ္စတာဘားနက်စ်လား"

တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်မှာပင် ယမကာစပ်သူတစ်ယောက်က သူ့အနားသို့ချဉ်းကပ်ပြီး မေးလာလေသည်။

ဘားနက်စ်လည်း ခေါင်းညိတ်ပြလိုက်၏။

"ဒီဘက်ကိုကြွပေးပါ။ ဧည်သည်တစ်ယောက်က ခင်ဗျားကိုစောင့်နေတာ ကြာပါပြီ"

ယမကာစပ်သူက ဘားနက်စ်အား လူငယ်လေးတစ်ယောက် ထိုင်နေသော ပြတင်းပေါက်နားရှိ သီးသန့်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

"ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုသွားလို့ရပါပြီ"

ထိုလူငယ်လေးက ပိုက်ဆံတစ်ထပ်ကိုထုတ်ယူ၍ မီနူးပေါ်သို့ တင်ပေးလိုက်သည်။

ဘားနက်စ်၏မျက်ဝန်းထောင့်မှာ တွန့်ခနဲဖြစ်သွားရသည်။ ပိုက်ဆံများမှာ အနည်းဆုံးတော့ ဆယ့်နှစ်ရွက်လောက် ရှိပေလိမ့်မည်။ မိုဂိတ်ဘားက မြို့ထဲတွင် အကောင်းဆုံးဘားဖြစ်သော်ငြား ဈေးနှုန်းမှာမူ အလယ်လတ်အဆင့်သာ ရှိ၏။ မုန့်ဖိုးအများဆုံးပေးသူများပင် အမေရိကန်ဒေါ်လာဆယ်ဂဏန်းခန့်သာ ပေးကြပြီး ဒေါ်လာတစ်ရာကျော်ပေးသည်မှာ ရှားလှ၏။

သို့တိုင် ဤလူငယ်လေးကတော့ ဒေါ်လာတစ်ထောင်ကို သာမန်ကာလျှံကာပေးပစ်လိုက်၏။ သူ့ရက်ရောမှုကား ရင်သပ်ရှုမောဖွယ်ပင်။

သူ့အကြည့်က ထိုလူငယ်လေး၏ ဘာလိုဂိုမှမပါသော အဝတ်အစားများကို ခပ်မြန်မြန်အကဲခတ်လိုက်သည်။ အဝတ်အစားများတွင် ဘာလိုဂိုမှမပါသော်ငြား ကုန်ကြမ်းပစ္စည်းနှင့် ချုပ်လုပ်မှုမှာ ခမ်းနားပြောင်မြောက်လှ၏။

"ထပ်ကြည့်နေစရာမလိုပါဘူး။ ကျွန်တော့်အဝတ်အစားတွေက သီးသန့်အပ်ထားတာ"

ထိုလူငယ်လေးက ပြုံးလျက် ဆိုလိုက်လေသည်။

"ထိုင်ပါဦး"

ဤကဲ့သို့ဩဇာကြီးမားသူတစ်ယောက်နှင့် တွေ့လိုက်ရသောအခါ ဘားနက်စ်လည်း ထိုလူငယ်လေး၏အမိန့်ကို ချက်ချင်းနာခံပြီး ထိုင်ချလိုက်သည်။

"ဆရာ.. ခင်ဗျားက ကျွန်တော့်ကိုဖုန်းခေါ်ခဲ့တဲ့လူလား"

"ခင်ဗျားက Qualcommအီလက်ထရောနစ်အလုပ်သမားသမဂ္ဂရဲ့ဥက္ကဋ္ဌ ဘားနက်စ်မလား"

"ဟုတ်ပါတယ်"

ဘားနက်စ်ကလည်း ခေါင်းညိတ်ပြလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ"

ထိုလူငယ်လေးက သူ့ရှေ့ရှိ ဝိုင်နီကို တစ်ငုံသောက်လိုက်သည်။

"ကျွန်တော့်နာမည်က အိုတိုဒူဘာပါ။ ခင်ဗျားကတော့ ကျွန်တော့်ကိုသိမှာမဟုတ်လောက်ဘူး။ ဒါပေမဲ့ ကျွန်တော့်အဖေကိုတော့ ကြားဖူးမှာပါ။ သူ့နာမည်က ဂျိမ်းစ်ဒူဘာတဲ့"

"ဝှစ်"

ဘားနက်စ်ခမျာ ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းမတ်တတ်ထရပ်လိုက်မိသည်။ သူ့မျက်နှာထက်တွင်လည်း ထိတ်လန့်မှုတို့က အထင်းသား။

"ခင်..ခင်ဗျားက ဒူဘာမိသားစုရဲ့သားပေါ့"

သူ အလွန်ရက်ရောနေသည်မှာ မထူးဆန်းတော့ပေ။ အမေရိကတစ်နိုင်ငံလုံးအတွက် ဒူဘာမျိုးရိုးမှာ တော်ဝင်မျိုးနွယ်အလားပင်။

"မစ္စတာအိုတို..ခင်ဗျား ကျွန်တော့်ကိုခေါ်လိုက်တာက…"

"ကျွန်တော့်သခင်က ခင်ဗျားနဲ့တွေ့ချင်နေလို့"

အိုတိုက ပြောလိုက်၏။

"ခင်ဗျားရဲ့သခင်လား"

ဘားနက်စ်၏ဦးနှောက်များ စတင်အလုပ်များရလေတော့သည်။ သူ့အဖေလေလား။ သို့မဟုတ် သူ့အဘိုးလား။ သို့မဟုတ် ဒူဘာမိသားစုထဲမှ အခြားလူတစ်ယောက်လေလား။

သို့သော် သူ့ကို ဘာလို့လာရှာရသလဲ။ သူသည် သာမန်အင်ဂျင်နီယာလေးတစ်ယောက်ဖြစ်ပြီး Qualcommအီလက်ထရောနစ်တွင် ရာထူးခပ်မြင့်မြင့်ရထားသည်ဆိုသော်ငြား အထက်လူကြီးများသာ သူနှင့် အပေးအယူတစ်ခု လုပ်ချင်ခဲ့သည်ဆိုလျှင်ပင် အလုပ်သမားသမဂ္ဂ၏ဥက္ကဋ္ဌဟူသော သူ့ရာထူးက သိပ်အရေးမပါချေ။ ဝန်ထမ်းများထံမှ ထောက်ခံမှုကို မည်မျှပင်ရထားရထား သူတို့သည် ရှာဖွေစားသောက်ရန် လိုအပ်နေသေးသည် လခစားဝန်ထမ်းများသာဖြစ်၏။

ဒူဘာမိသားစုရှေ့တွင်မူ သူသည် ပုရွက်ဆိတ်တစ်ကောင်လောက်သာ ရှိသည်ဖြစ်ရာ ဒူဘာမိသားစု၏အာရုံစိုက်မှုကို မည်သို့နှယ် ဆွဲဆောင်နိုင်ခဲ့လေသလဲ။

"ဖုန်းခေါ်တုန်းကလည်း‌ ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ။ ကျွန်တော့်သခင်က ခင်ဗျားနဲ့ စီးပွားရေးအကြောင်းဆွေးနွေးချင်တယ်တဲ့။ တကယ်လို့အဆင်ပြေရင် ခင်ဗျားလည်း ဂဏန်းရှစ်လုံးစာဆုငွေကို ရနိုင်တယ်"

"ဂဏန်းရှစ်လုံးလား"

ဘားနက်စ်၏မျက်လုံးများ ပြူးကျယ်သွားရလေတော့သည်။ အနည်းဆုံးဒေါ်လာဆယ်သန်းပင်။ ထိုပမာဏမှာ သူ မစားမသောက်ဘဲ ငွေစုလျှင်ပင် တစ်သက်လုံးရနိုင်မည်မဟုတ်။

"စိတ်ဝင်စားလား။ စိတ်ဝင်စားရင် ကျွန်တော်နဲ့လိုက်ခဲ့"

အိုတိုက ထိုသို့ပြောပြီးနောက် မတ်တတ်ထရပ်ကာ ဘား၏ ဒုတိယထပ်သို့ တက်သွားလေသည်။

ဒုတိယထပ်တွင် မြင့်မားလှသော လုံခြုံရေးကို ထောက်ပံ့ပေးထားသည့် သီးသန့်ခန်းများ ရှိလေသည်။ သို့သော် လုံခြုံရေးဝန်ထမ်းများကမူ သိပ်မရှိချေ။ သဘောမှာ ဒူဘာမိသားစုကသာ ဤနေရာတွင် သူ့ကို တစ်ခုခုလုပ်ချင်လျှင် မည်သူမှ သတိထားမိမည်မဟုတ်။

သို့သော် စဉ်းစားကြည့်ပါက သူသည် သာမန်လူတစ်ယောက်ပင်။ ဒူဘာမိသားစုကို စော်ကားမိမည်ဆိုလျှင် ထိုကဲ့သို့သောလုပ်ရပ်မျိုးကို လုပ်နိုင်စွမ်းမရှိပေ။ "ကြောက်လျှင်လွဲ၊ ရဲလျှင်မင်းဖြစ်"တဲ့။ လောင်းကြေးထပ်ကြည့်ကြတာပေါ့…

သူလည်း သတ္တိမွေး၍ ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ ထိုနေရာတွင် အိုတိုကလွဲလျှင် အိုတိုနှင့်သက်တူရွယ်တူ အရှေ့အာရှလူငယ်လေးတစ်ယောက် ရှိပေသည်။

ဒူဘာမိသားစု၏ သခင်လေးက "လူကြီးမင်း"ဟု သတ်မှတ်ထားသည်မှာ ဤလူငယ်လေးလား။ သို့သော် သူသည် အလွန်ငယ်လွန်းလှသည်မဟုတ်လား။

"မစ္စတာဘားနက်စ်.. ထိုင်ပါဦး"

ကျန်းမုန့်လောင်က သူ့ရှေ့ရှိထိုင်ခုံကို လက်ညှိုးထိုးပြလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ"

"ခင်ဗျားက ကျန်းမုန့်လောင်လား"

ဘားနက်စ်ခမျာ ထိုင်ခုံမှ ခုန်ထလိုက်မိသည်။

Qualcommအီလက်ထရောနစ်သည် Silicon Moonlight၏ အဓိကကုန်ပစ္စည်းတင်သွင်းသော ကုမ္ပဏီဖြစ်ပြီး သူတို့ထုတ်လုပ်ထား‌သော ခရစ္စတယ်ချစ်ပ်ပြားများကို Silicon Moonlightသို့ ပို့ဆောင်ကာ စမ်းသပ်မှုများနှင့် ထုပ်ပိုးမှုများကို လုပ်ပေးရသည်။ လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကျန်းမုန့်လောင်က Silicon Moonlightကို ဝယ်ယူထားပြီး အမေရိကန်ရှယ်ယာရှင်များစွာကို ထုတ်ပယ်ပစ်ခဲ့ကြောင်း သူသိထားသည်။

ဤရှယ်ယာရှင်များမှာ တကယ်တမ်းတော့ Qualcommအီလက်ထရောနစ်၏ အမှုဆောင်အရာရှိများပင်။

တိုက်ရိုက်ဆက်သွယ်မှုတစ်ခုကိုသာ ကြည့်ရပါလျှင် ကျန်းမုန့်လောင်နှင့် Qualcommအီလက်ထရောနစ်မှာ ပြိုင်ဘက်များပင်။ သို့ဖြစ်လေရာ ယနေ့တွေ့ဆုံမှုသည် သူ့အတွက် ဘာကောင်းနိုင်စရာများရှိနိုင်မည်နည်း။

"မလန့်ပါနဲ့"

ကျန်းမုန့်လောင်က ပြုံးပြုံးလေး ပြောလိုက်၏။

"ကျုပ်မှာ ရန်ငြိုးရှိတယ်ဆိုရင်တောင် Qualcommအီလက်ထရောနစ်နဲ့ပဲ ရှိတာပါ။ ခင်ဗျားက ဘာတွေစိတ်ပူနေတာလဲ"

"အမှန်ပဲ"

ဘားနက်စ်လည်း အနည်းငယ်စိတ်သက်သာရာရသွားသည်။

"ဒါဆို မစ္စတာကျန်း..ကျွန်တော့်ဆီကို ဘာလို့…"

"သိပ်မကြာသေးခင်တုန်းက ခင်ဗျားတို့Qualcommအီလက်ထရောနစ်က အမှုဆောင်အရာရှိတော်တော်များများက ကိုင်ဘွန်လူမျိုးတွေနဲ့ ပူးပေါင်းပြီး ကျုပ်ကုမ္ပဏီမှာ အလုပ်သမားသပိတ်တစ်ခုဖြစ်လာအောင် လှုံ့ဆော်ပြီး မီးဘေးအန္တရာယ်တိုင်ကြားမှုနဲ့ အခွန်ပြဿနာတွေကို ဖန်တီးခဲ့တယ်"

ကျန်းမုန့်လောင်က တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်သည်။

"ဒီကိစ္စတွေကြောင့် ကျုပ် တော်တော်စိတ်တိုလို့ လက်တုံ့ပြန်ဖို့ စီစဉ်နေတာ"

ဘားနက်စက်က ဘာတစ်ခွန်းမှမပြောသော်လည်း စိတ်ထဲတွင်မူ ကျန်းမုန့်လောင်ကို ပြင်းပြင်းထန်ထန်ဝေဖန်နေပေသည်။

ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီးတော့ ဘာလို့ဒီလောက်တောင်စိတ်ထားသေးသိမ်ရတာလဲ။ ခင်ဗျားကိုဆန့်ကျင်တဲ့လူတိုင်းကို လက်တုံ့ပြန်ချင်နေတော့တာပဲ။ မူကြိုကလေးမို့လို့လား။ ကလေးတွေကပဲ ဒီလိုအငြိုးကြီးတာ!

သို့‌သော် ထိုအချိန်မှာပင် အစောပိုင်းက အိုတိုပြောခဲ့သည့် စကားများကို ရုတ်တရက်သတိရလိုက်သည်။ ကျန်းမုန့်လောင်က သူနှင့် လုပ်ငန်းကိစ္စ ဆွေးနွေးချင်နေသည်တဲ့။ အလုပ်ဖြစ်လျှင် သူလည်း ဒေါ်လာသန်းဂဏန်းရနိုင်သည်ဟူ၍ ပြောထားသည်။

"ခင်‌ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ မစ္စတာကျန်း"

ဘားနက်စ် မေးလိုက်မိသည်။

"ခင်ဗျားက အလုပ်သမားသမဂ္ဂရဲ့ဥက္ကဋ္ဌမလား။ အလုပ်သမားတွေကြားမှာ တော်တော်ဩဇာရှိမှာပေါ့"

ဘားနက်စ်၏မျက်ဝန်းများ တောက်ပလင်းလက်သွားချေသည်။ ကျန်းမုန့်လောင်က အလုပ်သမားများအကြား သူ့ဩဇာလွှမ်းမိုးမှုကို အသိအမှတ်ပြုနေခြင်းပင်။ ကျန်းမုန့်လောင်က သူ့အာဏာကိုအသုံးချ၍ တစ်ခုခုလုပ်ချင်နေမှန်း သူသိသည်။

ပစ်မှတ်က သူ့ကုမ္ပဏီဖြစ်နေလျှင်ပင် ပိုက်ဆံသာရသရွေ့ မလုပ်နိုင်စရာ ဘာရှိလေသလဲ။ ဒေါ်လာဆယ်သန်းဆိုသည်မှာ တစ်သက်လုံး သူရှာနိုင်သည့် ပမာဏထက်ပင် ပိုများနေသေးသည်။

"Qualcommအီလက်ထရောနစ်မှာ ကျွန်တော်က အလုပ်သမားရှစ်ဆယ်ရာခိုင်နှုန်းရဲ့ ထောက်ခံ့အားပေးမှုနဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာလေ"

ဘားနက်စ်က သူ့အစွမ်းအစကို ချက်ချင်းထုတ်ပြလိုက်သည်။

"မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ"

"ရှင်းရှင်းလေးပါ။ ခင်ဗျားကို အလုပ်သမားဆန္ဒပြပွဲအကြီးစားတစ်ခုကို ဦးဆောင်စေချင်တယ်"

**********

All Chapters