သူတို့ကို အခကြေးငွေနဲ့ ဆန္ဒပြခိုင်းကြတာပေါ့
Vol. 22 Ch. 325
"မစ္စတာကျန်း ခင်ဗျားက ကျွန်တော်ကို အခက်တွေ့အောင်လုပ်နေတာပဲ"
ဘားနက်စ်က သောကရောက်နေသည့်အမူအရာဖြင့် ပြောလာလေသည်။
"ကျွန်တော်က အလုပ်သမားတွေအပေါ် ဩဇာလွှမ်းမိုးမှုရှိပေမဲ့ သပိတ်မှောက်တဲ့ကိစ္စကိုတော့ ကျွန်တော့်ဘာသာကြေညာလို့မရဘူးဗျ"
အကယ်၍ အလုပ်သမားများသာ စင်စစ်သပိတ်မှောက်ကြလျှင် လျော်ကြေးငွေလုံးဝရမည်မဟုတ်ပေ။ လူတိုင်းကလည်း ကိုယ့်မိသားစုကိုယ် ထောက်ပံ့ကြရသေးသည်။ ဝင်ငွေမရှိပါက သူတို့ ဘယ်လိုရှင်သန်လေမလဲ။
ထို့ပြင် အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ကုမ္ပဏီရှိ ဝန်ထမ်းများကို မည်သို့နှယ် ဆန္ဒပြရန်လှုံ့ဆော်နိုင်မည်နည်း။ ကုမ္ပဏီဘက်က အကျိုးအမြတ်ကောင်းကောင်း ခံစားခွင့်ပေးထားပြီး လုပ်ငန်းတာဝန်ကလည်း အတော်အသင့်သာ။ ဝန်ထမ်းများကလည်း ကုမ္ပဏီရှိ အခြေအနေအရပ်ရပ်ကို အလွန်ကျေနပ်ကြသည်။
ယခုလိုအခြေအနေများအောက်တွင် ဆန္ဒပြမည်ဆိုပါက ၀န်ထမ်းများက သူ့ကို လုံးဝလျစ်လျူရှုထားကြလိမ့်မည်သာ။ ပိုဆိုးသည်မှာ ဤသတင်းသာ အထက်လူကြီးများထံသို့ ရောက်သွားလျှင် သူ ပထမဆုံး အလုပ်ဖြုတ်ခံရပေလိမ့်မည်။ ထို့နောက် အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌရာထူးသာမက သူ့အလုပ်ကိုပါ ဆုံးရှုံးရပေလိမ့်မည်။
"ဘာအကြောင်းပြချက်မှမရှိဘဲ အဲ့ဒီလိုကိစ္စမျိုးကို ဘယ်ခိုင်းပါ့မလဲ"
ကျန်းမုန့်လောင်က စာချုပ်အထပ်လိုက်ကြီးကို ဆွဲထုတ်၍ ဘားနက်စ်ရှေ့သို့ချလိုက်၏။
"ဒါတွေက စီလီကွန်တောင်ကြားမြို့တော်မှာရှိတဲ့ ကုမ္ပဏီပေါင်းများစွာနဲ့ ဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ချုပ်ထားတာ။ ခင်ဗျား ကြည့်ကြည့်လို့ရတယ်"
"သဘောတူစာချုပ်တွေလား"
ဘားနက်စ်လည်း စူးစမ်းလိုစိတ်ဖြင့် စာရွက်စာတမ်းတစ်ခုကို ကောက်ကိုင်လိုက်သည်။
"ဝန်ထမ်းတွေရဲ့လစာကို တစ်ရာရာခိုင်နှုန်းတိုးပေးရမယ်"
ဘားနက်စ် မျက်လုံးပြူးသွားလေသည်။ ကျန်းမုန့်လောင်က ထိုကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခဲ့ရုံသာမက ဝန်ထမ်းများ၏ လစာကိုပါ သတ်မှတ်ခဲ့သည်။ ဤသည်မှာ သူပြင်ဆင်ထားသည့် အရာများလား။
"အခု ခင်ဗျား နည်းလမ်းမြင်ပြီလား"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"ရတာပေါ့။ မြင်ပါပြီ"
ဘားနက်စ်လည်း ရုတ်ခြည်းစိတ်လှုပ်ရှားသွားလေသည်။
သူတို့ကုမ္ပဏီတွင် ဘယ်လိုလူမျိုးများကို ခန့်ထားလေသလဲ။ စီမံခန့်ခွဲရေးမှာ ထိပ်တန်းတက္ကသိုလ်များထံမှ လာကြပြီး အင်ဂျင်နီယာများမှာလည်း အတွေ့အကြုံရင့်သူများပင်။ စက်ရုံဝန်ထမ်းများကိုပင် တင်းတင်းကျပ်ကျပ် ရွေးချယ်ထားခြင်းဖြစ်၏။
စီလီကွန်တောင်ကြားမြို့တော်တွင် Qualcommအီလက်ထရောနစ်ကသာ အကောင်းဆုံးကုမ္ပဏီဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။ အကျိုးခံစားခွင့်ကလည်း အကောင်းဆုံးဖြစ်ပြီး အနာဂတ်အလားအလာကလည်း အတောက်ပဆုံးပင်။ လူတိုင်းနီးပါးကလည်း ဤကုမ္ပဏီသို့ အသည်းအသန် အလုပ်ဝင်ချင်ကြသည်။
သို့သော် ကျန်းမုန့်လောင်က အခြားကုမ္ပဏီများရှိ ဝန်ထမ်းများကို အကျိုးခံစားခွင့် နှစ်ဆတိုးပေးလိုက်လေသည်။ သာမန်ဝန်ထမ်းများက Qualcommအီလက်ထရောနစ်ရှိ အင်ဂျင်နီယာများထက် လစာပိုမြင့်သွားလေပြီ။ မည်သူကများ ဤအရာကို သည်းခံနိုင်မည်နည်း။
သူတို့ အလုပ်ပြောင်းချင်သလား။ ပြောင်းနိုင်ပေသည်။ သို့သော် ကျန်းမုန့်လောင်၏စာချုပ်ထဲတွင် အလုပ်ပြောင်းလာသောဝန်ထမ်းများက လစာတိုးနိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
ဤအဓိပ္ပာယ်မှာ Qualcommအီလက်ထရောနစ်၏ဝန်ထမ်းများအနေနှင့် အခြားအခွင့်အလမ်းများ ရှာဖွေချင်လျှင်ပင် စီလီကွန်တောင်ကြားမြို့တော်မှ မထွက်သရွေ့ မဖြစ်နိုင်ပေ။ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ချင်လျှင်လည်း Qualcommအီလက်ထရောနစ်တွင် နေရပေလိမ့်မည်။
ဘားနက်စ် သွေးတိုးလှုံ့ဆော်ခြင်းမရှိလျှင်ပင် အလုပ်သမားများအားလုံး ဤသတင်းကို ကြားသွားပါက သေချာပေါက်ဒေါသထွက်ကြမည်ဖြစ်၏။ အလုပ်သမားများကြားရှိ သူ့လွှမ်းမိုးမှုနှင့် ဂုဏ်သတင်းကိုသုံးပါက အနည်းဆုံးငါးဆယ်ရာခိုင်နှုန်းလောက်ကို ဆန္ဒပြရန် လှုံ့ဆော်နိုင်ပေလိမ့်မည်။
ဘားနက်စ်က ကျန်းမုန့်လောင်ကျေနပ်သွားစေရန် မျှော်လင့်လျက် သူ့ယုံကြည်မှုကို ထုတ်ပြောလိုက်သော်ငြား ကျန်းမုန့်လောင်ကတော့ မျက်မှောင်ကြုတ်လိုက်ချေသည်။
"ငါးဆယ်ရာခိုင်နှုန်းလား။ မလုံလောက်ဘူး။ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဆန္ဒပြမှဖြစ်မှာ"
ကျန်းမုန့်လောင်က ထိုသို့ဆိုလိုက်၏။
"မစ္စတာကျန်း ဒါက လက်တွေ့မဆန်ပါဘူး"
ဘာနက်စ် ဝေဖန်ဆန်းစစ်ပြလိုက်သည်။
"ကုမ္ပဏီရဲ့အကျိုးခံစားခွင့်က ဝန်ထမ်းတွေကြားမှာ မကျေမနပ်ဖြစ်အောင် ဖန်တီးနိုင်တယ်ဆိုရင်တောင် တော်တော်များများက အသက်သုံးဆယ်ကနေ သုံးဆယ့်ငါးအတွင်း ရှိကြတယ်။ သူတို့မှာ ထောက်ပံ့ရမဲ့ မိဘတွေနဲ့ ကလေးငယ်တွေရှိတယ်။ ဒီအရွယ်က ပိုက်ဆံအလိုအပ်ဆုံးပဲလေ။ သူတို့မှာ ဝင်ငွေတစ်ခုရှိနေဖို့လိုတယ်။ လစာက နည်းတယ်ဆိုရင်တောင် သူတို့ကတော့ ဆက်အလုပ်လုပ်ကြဦးမှာပဲ"
"အမှန်ပဲ"
ကျန်းမုန့်လောင် ခဏမျှ တွေးလိုက်မိသည်။ လူများက ခက်ခဲပြီဆိုလျှင် ဝင်ငွေရနေသေးသရွေ့ မည်မျှပင် ခက်ခဲပင်ပန်းပြီး မတရားမှုများရှိနေပါစေ သူတို့ကတော့ သည်းခံကြလိမ့်မည်သာ။ လူတိုင်းက စွန့်စားဖို့ သတ္တိရှိကြသူများမဟုတ်ပေ။ ကုမ္ပဏီ၏အကြီးအကဲများက ဖိအားပေးမှုကြောင့် လစာတိုးပေးလာလျှင်လည်း တစ်ကဏ္ဍပင်။ သို့သော် ဆန္ဒပြမှု ကျရှုံးပြီး မန်နေဂျာများက ညှိနှိုင်းဆွေးနွေးပေးခြင်းမျိုး မရှိလျှင် သူတို့အနေနှင့် ဆန္ဒပြသည့်အတောအတွင်း၌ ဝင်ငွေဆုံးရှုံးရမည့်အပြင် သူတို့၏ကိုယ်ပိုင်အခွင့်အရေးများကိုလည်း ဆုံးရှုံးရမည်ဖြစ်၏။
အရေးအကြီးဆုံးအချက်မှာ ထိုကုမ္ပဏီများ ဤသို့လစာများများပေးနိုင်ခြင်းမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော ကျန်းမုန့်လောင်က နောက်ကွယ်မှ ကြိုးကိုင်ထားသောကြောင့်ပင်။ ဤပိုက်ဆံမှာ အခြေခံအားဖြင့် အလကားရလိုက်ခြင်းဖြစ်သဖြင့် သူတို့အနေနှင့် လစာတိုးပေးဖို့အတွက်ကိုလည်း သိပ်ဂရုမစိုက်ပေ။
သို့သော် Qualcommအီလက်ရောနစ်ကမူ မတူညီပေ။ သူတို့ကပါ ဝန်ထမ်းများကို လစာနှစ်ဆတိုးပေးလိုက်ပါက ကြီးမားလှသောနစ်နာမှုကြီးတစ်ခုဖြစ်သွားပြီး ကုမ္ပဏီလည်း ပြန်နာလန်ထူနိုင်မည်မဟုတ်ပေ။
တစ်လနှစ်လလောက်ကြာသွားလျှင် ကုမ္ပဏီက ခံနိုင်ရည်ရှိလျှင်ပင် ဝန်ထမ်းများက ခံနိုင်ရည်ရှိကြမည်မဟုတ်။
"ခင်ဗျားတို့သမဂ္ဂမှာ သမဂ္ဂရန်ပုံငွေရှိလား"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"ရှိပါတယ်"
ဘားနက်စ် ပြန်ဖြေလိုက်၏။
"သမဂ္ဂရဲ့ရန်ပုံငွေက ကုမ္ပဏီရဲ့နှစ်စဉ်ဝင်ငွေရဲ့အစုတွေကနေ ရတာပါ။ အဲဒီပိုက်ဆံကို အထူးအားလပ်ရက်တွေမှာ ဝန်ထမ်းတွေကို လက်ဆောင်ပေးဖို့သုံးရင်သုံး ဒါမှမဟုတ်ရင် ကုမ္ပဏီအတွက် အထူးချွန်ဆုံးလုပ်ဆောင်ခဲ့တဲ့ဝန်ထမ်းတွေကို ဆုချရင်ချပါတယ်"
"ကျုပ်ကို အကောင့်နံပါတ်ပေးပါ"
ဘားနက်စ်ကလည်း ချက်ချင်းပင် ဂဏန်းအတွဲလိုက်ကြီးကို ရွတ်ပြလိုက်၏။ ဝန်ထမ်းများ
၏ထောက်ခံမှုကြောင့် ဤရန်ပုံငွေကို သူကသာ အမြဲစီမံခန့်ခွဲရသည်။
"အိုတို… ဒီအကောင့်ထဲကို အမေရိကန်ဒေါ်လာသန်းတစ်ရာလွှဲပေးလိုက်"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
ခဏအကြာတွင် ဘားနက်စ်ထံသို့ ဘဏ်မက်ဆေ့ချ်တစ်စောင် ကျလာလေသည်။ အကောင့်ထဲသို့ အမေရိကန်ဒေါ်လာသန်းတစ်ရာရောက်လာကြောင်း အတည်ပြုထားပေသည်။
"မစ္စတာကျန်း ခင်ဗျား.."
"သူတို့က ဝင်ငွေဆုံးရှုံးမှာစိုးရိမ်နေတာမလား"
ကျန်းမုန့်လောင်က ပြုံး၏။
"အခကြေးငွေပေးပြီး ဆန္ဒပြခိုင်းလိုက်မယ်ဆိုရင် ဘာပြဿနာမှမရှိတော့ဘူးမလား"
"လစာနဲ့ ဆန္ဒပြမယ်တဲ့လား"
လစာယူပြီးအပေါ့အပါးသွားခြင်းမျိုးသာ ကြားဖူးသည်။ လစာယူပြီး ဆန္ဒပြခြင်းမျိုးကိုမူ မကြားဖူးပေ။
"ဆန္ဒပြပွဲမှာ ပါဝင်ချင်တဲ့ ဝန်ထမ်းတွေအတွက် သူတို့ရဲ့လစာကို အပြည့်ပြန်လျော်ပေးမဲ့အပြင် ဘောနပ်စ်အနေနဲ့ နှစ်ဆပေးလိုက်။ ကျုပ်မှာ လိုအပ်ချက်တစ်ခုပဲရှိတယ်။ ဒီဆန္ဒပြပွဲက အကြီးကြီးဖြစ်မှရမယ်။ အချိန်လည်းကြာရမယ်"
"ခင်ဗျားစကားအတိုင်းဆိုရင် ကျွန်တော်တော့ ၉၀ရာခိုင်နှုန်းလောက်က ဆန္ဒပြကြလိမ့်မယ်ဆိုတာ သေချာပေါက်ယုံကြည်တယ်"
အလုပ်မလုပ်ရပါဘဲ လစာနှစ်ဆရခြင်းကို မည်သူကများ မလိုချင်ဘဲရှိမည်နည်း။
"ကောင်းတယ်"
ကျန်းမုန့်လောင်လည်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ကစပြီး လတိုင်း ဒီအကောင့်ထဲကို အမေရိကန်ဒေါ်လာသန်းတစ်ရာထည့်ပေးမယ်။ ဆန္ဒပြပွဲပြီးသွားရင် ဒီအကောင့်ထဲမှာ ဘယ်လောက်ပဲကျန်ကျန် အဲဒါက ခင်ဗျားရဲ့ဘောနပ်စ်ပဲ"
"တကယ်လား"
ဘားနက်စ်ခမျာ ကမ္ဘာပေါ်တွင် အလှပဆုံးသော ဘာသာစကားတစ်ခုကို ကြားလိုက်ရသလိုပင်။
အကောင့်ထဲတွင် အမေရိကန်ဒေါ်လာသန်းတစ်ရာရှိပေသည်။
သမဂ္ဂထဲတွင် အဖွဲ့ဝင်၇၀၀၀ထောင်ခန့်ရှိသည်။ တစ်ယောက်ချင်းစီက အမေရိကန်ဒေါ်လာ၅၀၀၀ရသည်။ ဘောနပ်နှစ်ဆပေးလိုက်လျှင်ပင် လူတစ်ယောက်ကို ပျမ်းမျှဒေါ်လာတစ်သောင်း ကျသင့်မည်ဖြစ်၏။
ဝန်ထမ်းအားလုံး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့လျှင်ပင် တစ်လကို အမေရိကန်ဒေါ်လာသန်း၇၀သာ ပေးရမည်ဖြစ်လေရာ သူက တစ်လကို အမေရိကန်ဒေါ်လာသန်း၃၀ရနိုင်ပေလိမ့်မည်။ ဤပမာဏတစ်ခုတည်းကပင် သူ့တစ်သက်သုံးကုန်တော့မည်မဟုတ်။
ဆန္ဒပြပွဲကသာ လပေါင်းများစွာကြာသွားခဲ့လျှင်…
"ကျန်းမုန့်လောင်က ပြောပြီးသားစကားကို ပြန်မရုပ်သိမ်းတတ်ဘူး"
"ကောင်းပါပြီ မစ္စတာကျန်း..ဒါဆို ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"
...
ဘားနက်စ်တစ်ယောက် ထင်မှတ်မထားသည့် လုပ်ရပ်များ မလုပ်နိုင်စေရန်အတွက် ကျန်းမုန့်လောင်ကလည်း ဘားနက်စ်၏အိတ်ကပ်ထဲတွင် ခိုးနားထောင်သည့် ကိရိယာအသေးစားလေးတစ်ခုထည့်ဖို့ ယဲ့ရင်ကို စေခိုင်းခဲ့သည်။ ဤကိရိယာလေးက ဆန်စေ့အရွယ်အစားလောက်သာ ရှိပြီး ကျန်းမုန့်လောင်၏ သိပ္ပံသုတေသနဌာနမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်း၏အချက်ပြအကွာအဝေးမှာ ၁၀ကီလိုမီတာအထိ ရှိပေသည်။
ဤကိရိယာဖြင့်ဆိုလျှင် ကျန်းမုန့်လောင်လည်း ဘားနက်စ်၏လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ပြီဖြစ်၏။
ဘားနက်စ်က ထွက်ခွာသွားပြီးနောက်တွင် ကုမ္ပဏီအဆောင်သို့ တန်းမပြန်ဘဲ ဘားတွင်သာ ဆက်နေခဲ့သည်။
သူက Qualcommအီလက်ထရောနစ်သမဂ္ဂအဖွဲ့ဝင်များစွာကို ဆက်သွယ်လိုက်လေရာ သိပ်မကြာခင်မှာပင် လူငါးယောက်ခြောက်ယောက်လောက်က ဘားထဲရှိ သီးသန့်ခန်းတစ်ခန်းဆီသို့ စုဝေးရောက်ရှိလာကြသည်။
"ဘားနက်စ်..တအားနောက်ကျနေပြီလေ။ ငါတို့ကို ဘာလို့ခေါ်လိုက်တာလဲ"
အရပ်ခပ်ရှည်ရှည် လူမည်းတစ်ယောက်က မေးလိုက်လေသည်။
"မင်း အချီကြီးမိထားလို့လား"
အခြားသမဂ္ဂအဖွဲ့ဝင်တစ်ယောက်က ဆိုလာလေသည်။
"ဒီဘားရဲ့သီးသန့်ခန်းထဲမှာ အခြေခံကုန်ကျစရိတ်က ဒေါ်လာထောင်ဂဏန်းလောက်ရှိတယ်။ မင်း ထီပေါက်ထားလို့ ငါတို့ကို ပြုစုမလို့လား"
...
"အားလုံးပဲ ငြိမ်ငြိမ်နေပြီး ငါပြောတာကိုနားထောင်ပါဦး'
ဘားနက်စ်က လေးနက်လှသောအမူအရာကို ဆင်မြန်းထားလိုက်သည်။
"ငါ ဒီတစ်ခေါက်ရထားတဲ့အချီကြီးက ထီပေါက်တာထက်တောင် ပိုကြီးသေးတယ်"
************