← Chapters

ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိတာပေါ့

Vol. 22 Ch. 326

ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိတာပေါ့

Vol. 22 Ch. 326

"ထီပေါက်တာထက် ပိုကြီးတယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ"

လူတိုင်း၏စိတ်ဝင်စားမှုမှာ ချက်ချင်းမြင့်တက်လာခဲ့သည်။

"ငါတို့ကုမ္ပဏီက တစ်စုံတစ်ယောက်ကို စော်ကားမိထားတယ်"

ဘားနက်စ်က ပြောလိုက်လေသည်။

"ဘာ"

"ဘယ်သူ့ကိုလဲ"

"စိုးရိမ်ရလား"

ဤအလုပ်သမားများအတွက်မူ သူတို့၏အလုပ်က မိသားစုကို ထောက်ပံ့နိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်။ အကယ်၍ ကုမ္ပဏီက တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်အောင် လုပ်မိခဲ့သည့်အတွက် အခက်အခဲများ ကြုံလာရမည်ဆိုလျှင် သူတို့အပေါ်လည်း ကြီးမားလှသော သက်ရောက်မှုများရှိလာမည်သာ။

"ငါတို့စော်ကားမိထားတဲ့လူက ကမ္ဘာ့အချမ်းသာဆုံးလူ ကျန်းမုန့်လောင်ပဲ"

ဘားနက်စ်က ဆက်ပြောလိုက်သည်။

"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော်။ ငါ မင်းတို့ကိုယုံလို့ အရင်ခေါ်လိုက်တာ"

"ကျန်းမုန့်လောင်လား။ အဲဒီဟွာရှားလူမျိုးလား"

လူအုပ်ကြီးဟာ ချက်ချင်းဆိုသလို အသံလျှော့လိုက်ကြသည်။ ဤနာမည်နှင့် သူတို့ မစိမ်းသက်ပေ။ ထိုနာမည်မှာ မကြာသေးခင်ကမှ မီဒီယာများတွင် ပေါ်လာခဲ့ပြီး အမေရိက၏ အာဏာအရှိဆုံးမိသားစုဖြစ်သည့် ဒူဘာမိသားစုနှင့် တွေ့ဆုံခဲ့သည့် ဓာတ်ပုံများပင် ရိုက်ယူခံခဲ့ရသည်။ ဒူဘာမိသားစုကပင် သူ့ကို တလေးတစားဆက်ဆံခဲ့ကြသေးသည်။

"မင်းတို့ ဒါကို မသိလောက်ဘူး။ မစ္စတာကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးသူ ဖြစ်ရုံတင်မကဘူး။ Silicon Moonlightရဲ့ ဥက္ကဋ္ဌဆိုလည်း ဟုတ်တယ်"

ဘားနက်စ်က ဆက်ပြောပြလိုက်သည်။

"သူက Silicon Moonlightရဲ့ ဥက္ကဋ္ဌလား"

"ဒါကြောင့်ကိုး"

"သူ ဒီတစ်ခေါက် အမေရိကကိုလာတာ Qualcommအီလက်ထရောနစ်နဲ့ စာရင်းရှင်းဖို့များလား"

Qualcommအီလက်ထရောနစ်၏ ဝန်ထမ်းများအနေနှင့် ကုမ္ပဏီအတွင်းရေးကိစ္စတချို့ကို နားမလည်သော်ငြား Qualcommအတွင်းရှိ ဒါရိုက်တာတစ်ဦးက Silicon Moonlightကို ဟွာရှားပြည်တွင်းသို့ အဆင့်မြင့်ချစ်ပ်ပြားများ မရောင်းချရန် ဖိအားပေးဖို့ ကြိုးစားခဲ့ကြောင်းကိုမူ လူတိုင်းသိထားကြသည်။

ထိုဒါရိုက်တာဟာ ကျန်းမုန့်လောင်ထံမှ စော်ကားခံခဲ့ရပြီး Silicon Moonlight၏ ဘုတ်အဖွဲ့ကလည်း ထုတ်ပယ်ခံခဲ့ရသည်ဟု သိရ၏။

Qualcommအီလက်ထရောနစ်နှင့် Silicon Moonlightကြားရှိ ပဋိပက္ခသည် ပြေလည်၍မရနိုင်လောက်အောင် ဆိုးရွားနေပေသည်။

ယခင်က Silicon Moonlightသာဆိုလျှင် ပြဿနာမရှိချေ။ သူတို့ကိုယ်တိုင်လည်း ခရစ္စတယ်ချစ်ပ်ပြားများကိုထုတ်လုပ်နိုင်ခြင်းမရှိသလို Qualcomm Electronics၏ ထောက်ပံ့မှုပါမရှိတော့လျှင် ကုမ္ပဏီကလည်း ဆက်လည်ပတ်နိုင်စွမ်းမရှိတော့သည့်အတွက် ဆက်ဆံရေးပျက်ပြားသွားလျှင်ပင် ပြဿနာမရှိချေ။

သို့သော် ကျန်းမုန့်လောင်က Silicon Moonlight၏ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ကိုယ်ပိုင်သုတေသနလုပ်မည်ဟု ကြေညာလိုက်သည့် အချိန်မှာတော့ အခြေအနေက လုံးဝကွဲပြားသွားလေပြီ။ ကျန်းမုန့်လောင်အကြောင်း သိထားကြသူတိုင်းက သူ ဘယ်လောက်ချမ်းသာသလဲဆိုသည်ကို သိကြပေသည်။ သို့သော် သူ့ပိုင်ဆိုင်မှုပမာဏကိုတော့ ယနေ့ထိတိုင် မသိရသေးချေ။

"ဟုတ်တယ်။ သူက Qualcomm Electronicsနဲ့ စာရင်းရှင်းဖို့ ရောက်လာတာ"

ဘားနက်စ်ကပြောလိုက်၏။

"ဒါပေမဲ့ ဒါက ငါတို့အတွက် အခွင့်အရေးတစ်ခုပဲ"

"ငါတို့ရဲ့အခွင့်အရေးလား"

"အမှန်ပဲ"

ဘားနက်စ်က ပြောလိုက်၏။

"မစ္စတာကျန်းမုန့်လောင်က ခုနကပဲ ငါ့ဆီကိုချဉ်းကပ်ပြီး တာဝန်တစ်ခုအတွက် ကူညီပေးဖို့ တောင်းဆိုလာတယ်"

ဘားနက်စ်က မကြာသေးခင်က သူနှင့် ကျန်းမုန့်လောင်ကြားတွင် ပြောခဲ့သော စကားများကို အတိုချုံး၍ ပြန်ပြောပြလိုက်သည်။ လျော်ကြေးငွေနှင့်ပက်သက်သည့် အသေးစိတ်အချက်အလက်များကိုတော့ ချန်လှပ်ထားခဲ့သည်။

"သူက ကြမ်းလိုက်တာ"

"ဟွာရှားစကားနဲ့ပြောရရင် ဒါက ရန်သူတစ်ထောင်ကိုသတ်ဖို့ ကိုယ့်ဘက်က အယောက်ရှစ်ရာကို စတေးလိုက်ရသလိုပဲ"

"ဒါက မင်းတို့အမြင်လေ"

ဘားနက်စ်က ပြောလိုက်၏။

"မစ္စတာကျန်းအတွက်ဆိုရင် အမေရိကန်ဒေါ်လာ၂၀ဘီလီယံက မိုးရေစက်တစ်စက်လောက်ပဲ ရှိမှာ။ မစ္စတာကျန်းက ရလဒ်ကိုပဲဂရုစိုက်တာ။ ပိုက်ဆံကိုဂရုမစိုက်ဘူး"

"ဒါဆို ငါတို့က အလုပ်သမားသပိတ်မှောက်ဖို့ လှုံ့ဆော်ရင်း ကုမ္ပဏီအကြီးအကဲပိုင်းတွေကို ခြိမ်းခြောက်ပြီးတော့ မစ္စတာကျန်းအတွက် လိုက်လျောမှုတချို့ရအောင် လုပ်ပေးရမှာလား"

"အလုပ်ပြီးသွားတာနဲ့ မင်းတို့တွေ တစ်ယောက်ကို အမေရိကန်ဒေါ်လာတစ်သန်းစီ ဆုရမှာ"

ဘားနက်စ်က ပြောလိုက်လေသည်။

"ပြီးတော့ မစ္စတာကျန်းက ကတိပေးထားသေးတယ်။ Qualcommပြိုလဲသွားရင်တောင် ငါတို့ကို တခြားအလုပ်ရှာပေးမယ်တဲ့။ ငါတို့ အခုရထားတဲ့ လျော်ကြေးထက်မနည်းတဲ့ လစာနဲ့တဲ့လေ"

"ဒေါ်လာတစ်သန်းလား"

လူတိုင်း ဝမ်းသာပီတိဖြစ်သွားကြသည်။ ဤငွေပမာဏနှင့် သာဆိုလျှင် သူတို့ ချက်ချင်းအလုပ်ထွက်ပြီး အနားယူဖို့ပင် စဉ်းစားနိုင်လေပြီ။

"ငါပါမယ်"

"ဒီလိုကောင်းတဲ့ အပေးအယူမျိုးကို လက်လွတ်ခံတဲ့လူက ငတုံးပဲ"

"ကုပ်သွေးစုပ်တဲ့ ဒီလူတွေဆီမှာ အလုပ်မလုပ်ချင်တော့တာ ကြာပြီ"

"ကောင်းပြီလေ။ ဒါဆို မနက်ဖြန်ကျရင် ငါတို့..."

...

"ဒုခ် ကြားပြီးပြီလား။ Crystal Mechanicsက အင်ဂျင်နီယာတွေ မကြာသေးခင်ကမှ လစာတိုးသွားတယ်ဆိုပဲ"

"တကယ်လား။ ဘယ်လောက်တိုးသွားတာလဲ" .

ဒုခ်ဟုခေါ်သော အင်ဂျင်နီယာက အမှုမထားလေဟန်ဖြင့် မေးလိုက်သည်။ သူတို့အမြင်မှာတော့ အနီးအနားရှိ ကုမ္ပဏီသေးသေးလေးများက Qualcomm Electronics၏လစာနှုန်းထားကို လိုက်မမီနိုင်ဘူးဟု မှတ်ယူထားကြသည်။ Kla Machineryဆိုသည်မှာ အမေရိကန်ဒေါ်လာသန်းဂဏန်းမျှသာ တန်ဖိုးရှိသော ကုမ္ပဏီသေးသေးလေးတစ်ခုပင်။

"နှစ်ဆတိုးသွားတာ။ အင်ဂျင်နီယာလစာက အမေရိကန်ဒေါ်လာလေးထောင်ဖြစ်သွားပြီ"

"ဘာ။ ဒေါ်လာလေးထောင်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ငါလည်း အစက မဖြစ်နိုင်ဘူးလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီမှာအလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူတို့ တကယ်လစာတိုးသွားတာတဲ့"

"ဘန်း"

ထိုသို့ပြောပြီးနောက် သူ့က စားပွဲကို လက်သီးနှင့်ထိုးချလိုက်သည်။

"ငါတို့ကုမ္ပဏီသူဌေးက တကယ်တွန့်တိုနေတာပဲဖြစ်ရမယ်။ ငါ ဒီမှာ အင်ဂျင်နီယာအဖြစ် ဆယ်နှစ်တောင် အလုပ်လုပ်ခဲ့တာ။ လစာကလည်း ဒေါ်လာလေးထောင်ပဲရတယ်"

ဒုခ်က ခေါင်းငုံ့ပြီး သူ့အလုပ်ကို ဆက်လုပ်နေသော်ငြား သူ့မျက်နှာအမူအရာကမူ သိသိသာသာပြောင်းလဲသွားသည်မှာ သိသာလှ၏။

ဤသတင်းကိုဖြန့်လိုက်သော အင်ဂျင်နီယာက ဒုခ်၏မျက်နှာအမူအရာကို တစ်ချက်ချောင်းကြည့်ပြီး မရိုးဖြောင့်သောအပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။ သူသည် မနေ့က ဘားနက်စ်နှင့် တွေ့ဆုံခဲ့သည့် သမဂ္ဂအဖွဲ့ဝင်တစ်ယောက်ပင်။

သို့သော် ဤသည်မှာ သတင်းဖြန့်ခြင်း၏ အစသာရှိသေး၏။

"ဘာ... Sidac Electronicက ထုတ်လုပ်မှုအင်ဂျင်နီယာတွေက ဒေါ်လာငါးထောင် လစာတိုးသွားပြီတဲ့လား။ ဒါဆို ငါတို့ရဲ့အလယ်တန်းအင်ဂျင်နီယာတွေနဲ့ တူသွားပြီပေါ့"

"Onic Communicationsက လစာတိုးတာက ပိုတောင်ဆိုးသေးတယ်။ သူတို့ရဲ့ထုတ်လုပ်ရေး အလုပ်သမားတွေက ဒေါ်လာလေးထောင်တိုးသွားပြီတဲ့။ အလယ်တန်းအင်ဂျင်နီယာတွေက ဒေါ်လာခြောက်ထောင်၊ အကြီးတန်းအင်ဂျင်နီယာတွေက ဒေါ်လာရှစ်ထောင်အထိ လစာတိုးသွားတယ်တဲ့"

"ဘာလို့လဲ။ သူတို့ရဲ့ ထုတ်လုပ်ရေးအလုပ်သမားတွေက ငါတို့အင်ဂျင်နီယာတွေထက် ဘာလို့ လစာပိုများနေရတာလဲ"

နောက်တစ်နေ့မနက်မှာပင် ကုမ္ပဏီအတွင်း၌ သတင်းစကားတစ်ခု စတင်ပျံ့နှံ့လာခဲ့သည်။ ဤသတင်းကို ဘားနက်စ်က စတင်ဖြန့်ခဲ့ခြင်းပင်။

သို့သော် ကိုယ်တိုင်မြင်မှ ယုံတတ်ကြသည့်သဘောတရားကြောင့် ဤသတင်း၏ ယုံကြည်စိတ်ချရမှုက သိပ်မမြင့်သဖြင့် အများစုက အရေးမလုပ်ကြပေ။

သို့သော် အလုပ်သမားများထဲတွင် အရာရာကို နက်နက်နဲနဲ လေ့လာတတ်သူများလည်း အမြဲရှိတတ်ကြသည်။ တချို့က သူတို့၏ကိုယ်ပိုင်ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အနီးအနားရှိ လုပ်ငန်းစုများ၏လစာနှင့် အကျိုးခံစားခွင့်များကို စုံစမ်းမေးမြန်းကြည့်ကြလေတော့သည်။

သူတို့ အံ့အားသင့်သွားရသည်မှာ သူတို့ရရှိလိုက်သည့် အဖြေများက ကုမ္ပဏီအတွင်း ပျံ့နှံ့နေသောသတင်းနှင့် အတိအကျကိုက်ညီနေခြင်းပင်။

Qualcomm Electronics၏ အလုပ်သမားများမှာ အဆင့်အမြင့်ဆုံးအလုပ်များကို လုပ်ရပြီး ကုမ္ပဏီအတွက် အမြတ်အများဆုံး ဖန်တီးပေးနေကြသော်ငြား မြို့တစ်မြို့လုံးမှာ လစာအနည်းဆုံးသာ ရကြရှာသည်။

ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးမှာ ဒေါသထွက်သွားကြသည်။

"မဖြစ်နိုင်တာ"

သမဂ္ဂအဖွဲ့ဝင်တစ်ယောက်က သူ့အလုပ်များကို ရုတ်တရက် ဘေးဖယ်ထားလိုက်ပြီး အော်လိုက်လေသည်။

"ဘာလို့ ငါတို့က ဒီလိုဖိနှိပ်ခံနေရမှာလဲ။ ငါတို့ကုမ္ပဏီကိုလည်း လစာတိုးပေးဖို့ တောင်းဆိုရမယ်"

လူတိုင်း၏ စိတ်ထဲမှာလည်း ယခုလိုသာ တွေးနေကြသည်။ သို့သော် တရုတ်စကားပုံတစ်ခုလိုပင်။ ပထမဆုံး ခေါင်းထွက်လာသည့်ငှက်ကို သေနတ်က အရင်ပစ်သည်တဲ့။ မည်သူမှ ထိုငှက် မဖြစ်ချင်ကြပေ။

သို့သော် ပထမဆုံးလူက သူတို့အတွင်းစိတ်ထဲရှိ အကြံကို ထုတ်ဖော်ပြောဆိုလိုက်သည့်အခါမှာတော့ အခြားလူများလည်း သတိကြီးကြီးထားနေခြင်းကို ချက်ချင်းလျှော့ချလိုက်ကြသည်။

"ဟုတ်တယ်။ ငါတို့ရဲ့အခွင့်အရေးကို ကာကွယ်ရမယ်။ ငါတို့က ဘာလို့ ဒီလိုမတရားမှုမျိုးကို သည်းခံနေရမှာလဲ"

"ငါနဲ့ ငါ့သူငယ်ချင်းက စီလီကွန်တောင်ကြားမြို့ကို အတူရောက်လာခဲ့တာ။ ငါ့မှာ ဒီအလုပ်ကိုရဖို့ အကြိမ်ကြိမ်အင်တာဗျူးဖြေပြီး နေ့တိုင်းနီးပါး အချိန်ပိုဆင်းခဲ့ရတယ်။ သူကတော့ သာမန်အလုပ်လေးလုပ်ပြီး နေ့တိုင်း အချိန်မှန်မှန် အိမ်ပြန်နေတာ။ အခုဆိုရင် သူက ငါ့ထက် လစာဒေါ်လာတစ်ထောင် ပိုရနေပြီ။ ဘာလို့လဲ"

"ကုမ္ပဏီက သူတို့အမြတ်တွေကို လိမ်ညာပြီးဖော်ပြနေတာပဲ။ ဒီငွေတွေအားလုံး ရှယ်ယာရှင်တွေဆီကိုပဲ ရောက်နေတာ"

"ကုမ္ပဏီကို ဆန္ဒပြရမယ်"

"ဟုတ်တယ်။ ငါတို့တွေ အဖိနှိပ်ခံသိုးလေးတွေလို နာခံနေလို့မဖြစ်ဘူး။ ဒီလိုဆိုရင် ကုမ္ပဏီရဲ့ဖိနှိပ်မှုတွေက ပိုဆိုးလာလိမ့်မယ်"

"ငါတို့ကိုယ်စား ကုမ္ပဏီနဲ့တိုင်ပင်ဖို့ ကိုယ်စားလှယ်တစ်ယောက် လိုအပ်တယ်"

"ဘယ်သူက သွားချင်မှာလဲ"

"အလုပ်သမားသမဂ္ဂရှိတယ်မလား။ သမဂ္ဂအဖွဲ့ဝင်တွေ လုပ်ပေးပါ"

ရုတ်တရက်ဆိုသလိုပင် မျက်လုံးပေါင်းများစွာက လူအုပ်ထဲတွင် တိတ်တိတ်လေးအလုပ်လုပ်နေသော ဘားနက်စ်ဆီသို့ ရောက်သွားလေသည်။

"ဘားနက်စ်... မင်းက Qualcommအီလက်ထရောနစ် အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌလေ။ မင်းပဲ ငါတို့ကို ကိုယ်စားပြုပြီး ကုမ္ပဏီနဲ့ စကားပြောပေးသင့်တယ်"

"ဟုတ်တယ်။ ငါတို့အားလုံး မင်းကို ထောက်ခံပေးနေတယ်။ ငါတို့တွေ နောက်မှာရှိနေတဲ့အတွက် မင်းကို ကုမ္ပဏီက ဘာမှလုပ်ရဲမှာမဟုတ်ဘူး။ မင်းက ငါတို့ကိုယ်စား စကားပြောပေးရုံပဲ"

လူအုပ်ကြီး၏ဆူညံသံများအကြား ဘားနက်စ်လည်း နက်နဲလှသောအပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သော်ငြား ချက်ချင်းပြန်ထိန်းချုပ်ထားလိုက်သည်။

အလွန်အမင်းမြင့်မြတ်လှသော လေသံဖြင့် ဘားနက်စ်က ပြောလိုက်လေသည်။

"အားလုံးက ကျွန်တော့်ကို ယုံကြည်ပေးကြတဲ့အတွက် သမဂ္ဂဥက္ကဋ္ဌအနေနဲ့ ဒါက ကျွန်တော့်တာဝန်ပါပဲ"

************

All Chapters