ကြီးမြတ်တဲ့ ဆိုရှယ်လစ်တစ်ယောက်
Vol. 22 Ch. 328
"မင်းက ဘယ်သူလဲ"
မော့ပိုင်က Qualcommအီလက်ထရောနစ်တံဆိပ်ကို ဝတ်ဆင်ထားသည့် မရင်းနှီးသောမျက်နှာကို စိုက်ကြည့်လိုက်သည်။ သူ့ပုံစံကြည့်ရသည်မှာ သူတို့ကုမ္ပဏီ၏ ဝန်ထမ်းတစ်ယောက်ဖြစ်ဟန်တူသည်။ သို့သော် သာမန်ဝန်ထမ်းတစ်ယောက်က ရှယ်ယာရှင်အစည်းအဝေးကို ယခုလိုဝင်လာပြီး သာမန်ကာလျှံကာ ပြောဆိုဆက်ဆံရဲမည်တဲ့လား။
"သူဌေး..ဒီလူက ကျွန်တော်တို့Qualcommအီလက်ထရေနစ်အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌဘားနက်စ်ပါ
မော့ပိုင်၏လက်ထောက်က တီးတိုးဆိုလာလေသည်။
"သမဂ္ဂရဲ့ဥက္ကဋ္ဌလား"
မော့ပိုင်က သရော်လိုက်လေသည်။
"ထွက်သွားစမ်း။ ဒီနေရာက ဝင်ချင်တိုင်းဝင်လာလို့ရတဲ့နေရာများမှတ်နေလား။ မင်းတို့ခေါင်းဆောင်က ဘယ်သူလဲ။ အခုချက်ချင်းထွက်သွား"
"ဟားဟားဟား"
ဘားနက်စ် အော်ရယ်လိုက်လေသည်။
"ရှယ်ယာရှင်တို့.. ကျွန်တော် ဒီနေ့ ဒီရှယ်ယာရှင်အစည်းအဝေးကိုဝင်လာတဲ့အချိန်ကစပြီး ဒီနေရာမှာ အလုပ်ဆက်လုပ်ဖို့ စိတ်ကူးမရှိတော့ပါဘူး"
ယန်းကျီဇီထျန်း၏အကြည့်က ဘားနက်စ်ထံတွင်သာ ခဏမျှကပ်တွယ်နေခဲ့သည်။ ရုတ်ခြည်းပင် သူ ခံစားချက်မကောင်းတော့ပေ။ အနီးအနားရှိ ကုမ္ပဏီတော်တော်များများက သူတို့ဝန်ထမ်းများကို လစာတိုးပေးထားသဖြင့် ဝန်ထမ်းများ၏စိတ်အခြေအနေကလည်း အပြောင်းအလဲအနည်းငယ်ရှိနေချေသည်။ ယခုမူ အလုပ်သမားသမဂ္ဂ၏ဥက္ကဋ္ဌကိုယ်တိုင် ရောက်ချလာလေပြီ။ ဤသည်မှာ ဘာမှကောင်းနိုင်စရာမရှိပေ။
"မင်း ဘာလိုချင်လို့လဲ"
မော့ပိုင်လည်း စိတ်အေးအေးထားလိုက်သည်။ သူ့အမူအရာမှာ ဘာမှဆုံးရှုံးစရာမရှိတော့သည့် အမူအရာမျိုးကို ပြသနေပြီး ဘားနက်စ်တွင် ပြောစရာစကားတစ်ခုခုရှိနေသည်မှာ ကျိန်းသေပေါက်ပင်။
"မစ္စတာမော့ပိုင်..မစ္စတာယန်းကျီဇီထျန်း… Qualcommအီလက်ထရောနစ်အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌအနေနဲ့ ဒီနေ့ ထုတ်လုပ်ရေးအလုပ်သမားအယောက်၇၀၀၀ရဲ့ကိုယ်စားလှယ်အနေနဲ့ ကျွန်တော် လာခဲ့တာပါ"
ဘားနက်စ်က အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"စီလီကွန်တောင်ကြားမြို့မှာရှိတဲ့ ကုမ္ပဏီတိုင်းက သူတို့ဝန်ထမ်းတွေရဲ့လစာကို ၁၀၀ရာခိုင်နှုန်းတိုးပေးထားတယ်ဆိုတာ ခင်ဗျားတို့လည်း သိပြီးလောက်ပါပြီ။ ကျွန်တော်တို့Qualcommအီလက်ထရောနစ်ရဲ့ အလုပ်သမားတွေကိုလည်း ဒီနှုန်းထားအတိုင်း လစာတိုးပေးဖို့ တောင်းဆိုချင်ပါတယ်"
"မင်း အိပ်မက်မက်နေတာပဲ"
မော့ပိုင်က ဘားနက်စ်၏ရည်ရွယ်ချက်ကို သူ့သရုပ်မှန်အား သိလိုက်ရပြီးကတည်းက ရိပ်စားမိခဲ့ပြီးဖြစ်၏။ သို့သော် ခပ်ကျယ်ကျယ်ဆဲမိလိုက်ပြန်သည်။ သူတို့လို အရင်းရှင်များနှင့် လစာတိုးမည့်အကြောင်း ပြောနေခြင်းမှာ သူတို့အသက်ကို လာတောင်းနေခြင်းပင်မဟုတ်လော။
"မစ္စတာမော့ပိုင်..ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဒါက ကျွန်တော်တို့ဝန်ထမ်းအားလုံးဆီက ပထမဆုံးတောင်းဆိုမှုပဲရှိပါသေးတယ်"
ဘားနက်စ်က "ဝန်ထမ်းအားလုံး"ဆိုသည့်စကားစုကို ထပ်ခါထပ်ခါအသားပေးရင်း သူ့ကိုယ်သူ ခပ်မြင့်မြင့်သုံးနှုန်းထားသည်။
"ကျွန်တော်တို့ဝန်ထမ်းတွေကဆီက တခြားတောင်းဆိုမှုတွေကိုလည်း ခင်ဗျားတို့ကြားချင်လောက်ရောပေါ့"
"ကောင်းပြီ။ ပြောပါ။ နားထောင်နေပါတယ်"
မော့ပိုင်က ဒေါသထွက်ရမည့်အစား ရယ်လျက်သာ တုံ့ပြန်လိုက်သည်။ လွတ်လပ်မှုကို အားပေးသောနိုင်ငံတွင် ဝန်ထမ်းသပိတ်နှင့် ဆန္ဒထုတ်ဖော်မှုတို့မှာ ပုံမှန်ပင်။ စတင်တည်ထောင်ချိန်ကတည်းက Qualcommအီလက်ထရောနစ်သည် များစွာသောအလားတူကိစ္စများနှင့် ကြုံခဲ့ရသည်။
သို့သော် 'သက်ရောက်မှုတိုင်းအတွက် တန်ပြန်သက်ရောက်မှုရှိသည်'ဆိုသောစကားအတိုင်း အရင်းအနှီးများက အရင်းရှင်များလက်ထဲတွင် ရှိနေသရွေ့၊ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းကလည်း အသက်မွေးဝမ်းကြောင်း ပြုဖို့လိုအပ်နေသရွေ့ သူတို့လည်း အရင်းအနှီးကို သေချာပေါက်လိုက်နာရမည်သာ။ ဤသည်မှာ ရာနှင့်ချီသော သမိုင်းကြောင်းက သက်သေပြထားသော အမှန်တရားပင်။
သူကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် အရှုပ်ထွေးဆုံးအခြေအနေများကိုပင် ဖြေရှင်းနိုင်သည်ဟု ယုံကြည်ထားသည်။
"ဟားဟားဟား မစ္စတာမော့ပိုင်က တကယ့်ဥက္ကဋ္ဌပီသပါပေတယ်။ ခင်ဗျားရဲ့အပြုအမူက တကယ်မတူဘူးပဲ"
ဘားနက်စ်က မော့ပိုင်ကို အခိုင်အမာချီးကျူးလိုက်သည်။
"ဒါဆို ကျွန်တော်ဆက်ပြောမယ်နော်"
"ဒီတိုက်ကြီးရဲ့ဥပဒေအရ အလုပ်သမားတစ်ယောက်ရဲ့အလုပ်ချိန်က တစ်ပတ်ကို နာရီလေးဆယ်ထက် မပိုရပါဘူး။ တစ်နေ့မှာ ရှစ်နာရီပဲရှိရမှာပါ"
ဘားနက်စ်က ဆို၏။
"တစ်ပတ်ကို ၃၅နာရီထက်မပိုတဲ့ အလုပ်ချိန်လျှော့ချမှုနဲ့ တစ်နှစ်ကို အားလပ်ရက်တစ်ပတ် အပိုထပ်ဆောင်းပေးဖို့ တောင်းဆိုချင်ပါတယ်"
"ကျွန်တော်တို့ကြားထားတာကတော့ ကျွန်တော်တို့နဲ့ပူးပေါင်းခဲဖူးတဲ့ ဟွာရှားက Silicon Moonlightဆိုရင် သူတို့ဝန်ထမ်းတွေကို မကြာသေးခင်ကပဲ လဝက်အားလပ်ရက်ပေးပြီး ဝန်ထမ်းတွေအားလုံးကို အလည်အပတ်ခရီးထွက်ဖို့တောင် ငွေကြေးထောက်ပံ့ပေးခဲ့တယ်တဲ့။ ကျွန်တော်တို့လည်း တူညီတဲ့အကျိုးခံစားခွင့်မျိုး ရချင်ပါတယ်။ အနည်းဆုံးတော့ တစ်နှစ်ကိုတစ်ကြိမ် အခမဲ့အပန်းဖြေခရီးထွက်ခိုင်းပြီး ကျွန်တော်တို့ရဲ့ခရီးသွားကုန်ကျစရိတ်ကို ကုမ္ပဏီဘက်က တာဝန်ယူပေးစေချင်ပါတယ်"
"မင်း လုံးဝရူးသွားပြီပဲ"
ရှယ်ယာရှင်များအားလုံး မျက်နှာပျက်သွားကြလေပြီ။ အရင်းရှင်ဆိုသည်မှာ ဘာလဲ။ အရင်းအနှီးကိုထိန်းချုပ်ပြိး အလုပ်သမားများကို ခေါင်းပုံဖြတ်ခြင်းပင်။ ဘားနက်စ်ပြောသမျှ တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းပေးရပါလျှင် အရင်းရှင်များ၏ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန်ထိခိုက်စေလိမ့်မည်။
Silicon Moonlightကတော့ ထိုသို့လုပ်ချင်လုပ်ပေလိမ့်မည်။ အကြောင်းမှာ သူတို့ဘော့စ် ကျန်းမုန့်လောင်က ငွေကို အရေးမထားသောကြောင့်ပင်။
သူတို့သာ ကျန်းမုန့်လောင်လောက် ချမ်းသာပါက ဤကိစ္စများကို စဉ်းစားပေးနိုင်သည်။ သို့သော် ဤကမ္ဘာပေါ်တွင် ကျန်းမုန့်လောင်လောက် ချမ်းသာသော နောက်တစ်ယောက်ကိုများ ရှာတွေ့နိုင်လေမလား။ ဤသည်မှာ မဖြစ်နိုင်ပေ။
"ကျွန်တော်တို့ ဒီကုမ္ပဏီအတွက် ဖန်တီးပေးထားတဲ့ တန်ဖိုးက ကျွန်တော်တို့ ပတ်ပတ်လည်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ Silicon Moonlightဝန်ထမ်းတွေ ဖန်တီးထားတဲ့တန်ဖိုးထက်တော့ မလျော့ဘူးလို့ ကျွန်တော်တို့ရဲ့သမဂ္ဂအဖွဲ့ဝင်တွေအားလုံး တစ်ညီတစ်ညွတ်တည်းယုံကြည်ထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း တူညီတဲ့အကျိုးခံစားခွင့်တွေကို ခံစားရဖို့ ထိုက်တန်တယ်လို့ထင်ပါတယ်"
ဘားနက်စ်က အဆိုပြုလိုက်လေသည်။
"သမဂ္ဂဥက္ကဋ္ဌအနေနဲ့ ကျွန်တော်တို့ကုမ္ပဏီဝန်ထမ်းတွေ အလုပ်ကြိုးစားနေရပေမဲ့ သူတို့နဲ့ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေကို မခံစားရတာမြင်တော့ ကျွန်တော် ရင်နာမိပါတယ်။ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေဘက်က ရပ်တည်ပြီး သူတို့တောင်းဆိုချက်ကို ထုတ်ဖော်ပြောကြားပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ တခြားလူတွေမလုပ်နိုင်တာကို ကျွန်တော်တို့တွေ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တခြားလူတွေခံစားသလိုတော့ ကျွန်တော်တို့လည်း ခံစားရမှဖြစ်မယ်"
ဘားနက်စ်ပေးသော အကြောင်းအရင်းက ရိုးရှင်းလှသည်။ အခြားသူများပိုင်ဆိုင်သောအရာကု သူတို့လည်းပိုင်ဆိုင်ရမည်။
"အသက်သုံးဆယ်အရွယ်မှာ သေတဲ့လူတွေလည်း ရှိတာပဲ။ မင်းကရော ဘာလို့မသေသေးတာလဲ"
ကြမ်းတမ်းလှသော တောင်းဆိုချက်များကို ကြားလိုက်ရသောအခါ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်သော မော့ပိုင်ပင် သူ့ဒေါသကို မထိန်းနိုင်တော့ပေ။
"မစ္စတာမော့ပိုင်… ကျွန်တော်က ကုမ္ပဏီဝန်ထမ်းတွေကိုယ်စား ဆွေးနွေးညှိနှိုင်းပေးဖို့ ရောက်လာတာပါ။ ခင်ဗျားက ဒီလိုစကားမျိုးနဲ့ ကျွန်တော့်ကိုလာစော်ကားနေတယ်ပေါ့။ ဒါကြောင့် ကျွန်တော့်မှာ တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်။ နောက်ရက်အနည်းငယ်အတွင်း ရှေ့နေအကြောင်းကြားစာတစ်စောင် ခင်ဗျားရုံးခန်းကို ရောက်လာပါလိမ့်မယ်"
"ဟားဟားဟား တော်တယ်ဟေ့။ ငါ ဒီလူကို သဘောကျတယ်။ သူက အရည်အချင်းရှိလိုက်တာ"
ဘားနက်စ်၏ညှိနှိုင်းဆွေးနွေးမှုကို နားထောင်နေသော ကျန်းမုန့်လောင်က သူ့ရုံးခန်းထဲတွင် ကော်ဖီသောက်ရင်း လက်ခုပ်လက်ဝါးတီးနေချေသည်။
သူသည် ဝင်လာချိန်ကတည်းက သူ့ကိုယ်သူ ဝန်ထမ်းအားလုံး၏ ကိုယ်စားလှယ်ဟုသာ သုံးနှုန်းခဲ့သည်။ သူသည် ပြိုင်ဘက်ကင်းသည့် အနေအထားတွင်ရှိနေပြီး သူ့ဘက်က တောင်းဆိုမှုပြုသည့်အချိန်မှာ ယုတ္တိရှိပြီး အခြေအမြစ်လည်းရှိသည်။ ရှေ့နေအကြောင်းကြားစာဟူသော နောက်ဆုံးအကွက်ကိုတော့ သူသင်ပေးထားခြင်းမဟုတ်ကြောင်း ကျန်းမုန့်လောင် ကျိန်ရဲသည်။
"ငါတို့ဘက်က သဘောမတူရင်ရော"
မော့ပိုင်က မေးလိုက်၏။
"လူကြီးမင်းတို့ဘက်က သင့်တင့်တဲ့ ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကို သဘောမတူဘူးဆိုရင် ကျွန်တော်တို့ရဲ့အခွင့်အရေးအတွက် ဆန္ဒပြရပါလိမ့်မယ်"
"မင်း ငါတို့ကိုလာခြိမ်းခြောက်နေတာလား"
မော့ပိုင်က စားပွဲကိုရိုက်ချလိုက်သည်။
"မစ္စတာမော့ပိုင် ကျွန်တော်တို့ဝန်ထမ်းတွေက ဆန္ဒပြပိုင်ခွင့်ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့တောင်းဆိုချက်က ကျိုးကြောင်းသင့်တော်ပြီး ဘာခြိမ်းခြောက်မှုမှလည်း မပါဘူးလို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့တောင်းဆိုမှုက ကျိုးကြောင်းမသင့်ဘူးလို့ထင်ရင် ခင်ဗျား ကျွန်တော်တို့ကိုအလုပ်ထုပ်ပစ်လို့ရပါတယ်"
သူတို့ကို အလုပ်ထုတ်ရမည်တဲ့။ ဤသည်မှာ ဟာသတစ်ရပ်ပင်။
လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က အမေရိကသာဆိုလျှင် ကုမ္ပဏီအမှုဆောင်များတွင်သာ အလုပ်ခန့်အပ်ရေးစာချုပ်များ ရှိထားကြသဖြင့် ဝန်ထမ်းတစ်ယောက်ကို အလုပ်ထုတ်ဖို့ဆိုသည်မှာ စကားတစ်ခွန်းသာ လိုအပ်ပေသည်။ လျော်ကြေးငွေလုံးဝမပေးရချေ။
သို့သော် လွန်ခဲ့သည့်နှစ်နှစ်ကပင် အမေရိကတွင် ဥပဒေအသစ်တစ်ခု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ဝန်ထမ်းတစ်ယောက်ကို အလုပ်ထုတ်လိုပါက လုပ်သက်တစ်နှစ်မပြည့်သေးလျှင်ပင် တစ်လစာကို လျော်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်၏။
ဘားနက်စ်က အလုပ်သမားအယောက်၇၀၀၀ကို ကိုယ်စားပြုနေသည်ဟု ဆိုထားလေသည်။ သူတို့ကုမ္ပဏီတွင် အချို့ဝန်ထမ်းများက ဆယ်နှစ်ကျော် အလုပ်လုပ်လာခဲ့ကြသည်။ လူအယောက်၇၀၀၀ကို အလုပ်ထုတ်ပစ်မည်ဆိုပါက သူတို့ကုမ္ပဏီလည်း ပိတ်ပစ်လိုက်ရလိမ့်မည်သာ။
သူတို့တွင် ပိုက်ဆံရှိလျှင်ပင် ဝန်ထမ်းအယောက်၇၀၀၀အလုပ်ထွက်သွားခြင်းအတွက် ကုမ္ပဏီ၏လုပ်ငန်းများလည်း ရပ်တန့်သွားနိုင်လေရာ သုံးလမှ ငါးလအတွင်း နာလန်ပြန်ထူနိုင်မည်မဟုတ်။
ကျန်းမုန့်လောင် ယခုလိုလုပ်နိုင်ခြင်းမှာ ပိုက်ဆံဆုံးရှုံးမည်ကို မကြောက်သောကြောင့်ပင်။ သို့သော် ကျန်းမုန့်လောင်တစ်ယောက်တည်းသာ ယခုလိုလုပ်နိုင်သည်။ ဆန္ဒပြပွဲကို ဖိနှိပ်သည့် သူ့နည်းလမ်းများကို အခြားသူများ လိုက်မတုပနိုင်ချေ။
"ဟမ့်.. ဆန္ဒပြလေ။ မင်းတို့တွေကရော လုပ်ကိုင်စားသောက်ဖို့ မလိုတော့ဘူးတဲ့လား"
ရှယ်ယာရှင်တစ်ယောက်က သရော်လိုက်လေသည်။
သူသည် ဆန္ဒပြပွဲများကို တစ်ကြိမ်ထက်မနည်း ကြုံခဲ့ဖူးသည်။ သို့သော် ဘဝ၏ဖိအားများကြောင့် တချို့ဆန္ဒပြပွဲများက အဆုံးအထိ တောင့်မခံနိုင်ခဲ့ပေ။ အဆုံးတွင် ဆန္ဒပြသောဝန်ထမ်းများကိုယ်တိုင် လက်လျှော့သွားကြသည်သာ။
"ကျွန်တော်တို့သမဂ္ဂက မကြာသေးခင်ကပဲ ငွေကြေးထောက်ပံ့မှုတစ်ခုရထားတယ်ဆိုတဲ့အကြောင်း ရှယ်ယာရှင်တွေသိအောင် ပြောချင်ပါတယ်။ ဆန္ဒပြနေစဉ်အတောအတွင်း ကျွန်တော်တို့လိုချင်တာကို မရသရွေ့ ကျွန်တော်တို့သမဂ္ဂက ပါဝင်တဲ့အလုပ်သမားအားလုံးကို လစာနှစ်ဆပေးပြီး ထောက်ပံ့ပေးထားမှာပါ။
"လစာနှစ်ဆတဲ့လား။ မင်းတို့ ဒီပိုက်ဆံတွေကို ဘယ်ကရတာလဲ"
ရှယ်ယာရှင်များ တအံ့တဩရေရွတ်လိုက်လေသည်။
"ကျွန်တော်တို့ရဲ့ဒုက္ခတွေအကြောင်း ကြားထားတဲ့ လူကြီးမင်းတစ်ယောက်က ကျွန်တော်တို့ကို ငွေကြေးထောက်ပံ့ပေးထားတာပါ"
ဘားနက်စ်က ပြောလိုက်လေသည်။
"သူက ကြီးကျယ်မြင့်မြတ်တဲ့ဆိုရှယ်လစ်တစ်ယောက်ပါပဲ"
**********