← Chapters

လူတိုင်းရောက်နေကြတာလား

Vol. 22 Ch. 327

လူတိုင်းရောက်နေကြတာလား

Vol. 22 Ch. 327

Qualcommအီလက်ထရောနစ်၏ ဘုတ်အဖွဲ့အစည်းအဝေးခန်းမထဲတွင် ရှယ်ယာရှင်များက ပြီးခဲ့သည့်နှစ်အတွက် လုပ်ငန်းအကျဉ်းချုပ်ကို ပြန်လည်သုံးသပ်ရန် စုဝေးနေကြသည်။

နိုင်ငံတော်ပိုင်အပိုင်းကို ဖယ်ထားလိုက်လျှင် Qualcommအီလက်ထရောနစ်၏ ကျန်စတော့ရှယ်ယာများကို အဓိကရှယ်ယာရှင်၁၂ယောက်အကြား ခွဲဝေထားပြီး ဥက္ကဋ္ဌကမူ ရှယ်ယာပမာဏ၈.၇၄ရာခိုင်နှုန်း ရှိသည်။ သူသည် ကုမ္ပဏီထဲတွင် သီးသန့်ရှယ်ယာပိုင်ဆို်ငမှု အများဆုံးပင်။

ဒုတိယရှယ်ယာအများဆုံးလူက ရှယ်ယာ၇.၈၈ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ဤရှယ်ယာရှင်နှစ်ဦးမှာ Qualcommအီလက်ထရောနစ်တွင် အာဏာအရှိဆုံးလူများဖြစ်၏။

ဥက္ကဋ္ဌဖြစ်သူ မော့ပိုင်က အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ကေဘယ်လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာသူတစ်ယောက်ဖြစ်ကာ ယခုဆိုလျှင် သူ့ပိုင်ဆိုင်မှုက ဆယ်ဘီလီယံနီးနီးရှိနေပြီဖြစ်၏။

ဒုတိယရှယ်ယာအများဆုံးပုဂ္ဂိုလ်မှာ ယဲ့ကျီဇီထျန်းဟုခေါ်သော ကိုင်ဘွန်လူမျိုးတစ်ယောက်ဖြစ်ပြီး ကိုင်ဘွန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်မှ ဘွဲ့ရထားသည်။ သူ တက္ကသိုလ်တက်စဉ်က အရေးပါအရာရောက်သော ပုဂ္ဂိုတစ်ယောက်ဖြစ်ခဲ့ပြီး ချစ်ပ်ပြားကုမ္ပဏီကိုလည်း တစ်ယောက်တည်းအားဖြင့် တည်ထောင်နိုင်ခဲ့သည်။

မော့ပိုင်နှင့် ယဲ့ကျီဇီထျန်းတို့က နိုင်ငံတကာညီလာခံတစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး ယဲ့ကျီဇီထျန်းက လုပ်ငန်းခွင်အတွေ့အကြုံတစ်ခုကို မျှဝေရာက မော့ပိုင်၏ရှေ့ရေးမျှော်မှန်းချက်နှင့် အလွန်ကိုက်ညီသွားခဲ့သည်။

ထို့နောက် နှစ်ယောက်သားလည်း သူတို့ကုမ္ပဏီများ၏ ရှယ်ယာများကို ရောင်းထုတ်ပြီး Qualcommအီလက်ထရောနစ်ကို ဖန်တီးဖို့ ပူးပေါင်းခဲ့ကြသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် ကုမ္ပဏီကလည်း လက်ရှိအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ကုမ္ပဏီထဲတွင် မော့ပိုင်နှင့် ယဲ့ကျီဇီထျန်းတို့က အလွန်လေးစားမှုခံယူရပြီး နိုင်ငံတော်ကပင် သူတို့၏အမြင်နှင့် ဆုံးဖြတ်ချက်များကို လိုက်နာကြရသည်။

"ဒီနှစ်… ကမ္ဘာ့ကပ်ရောဂါကြောင့် ထုတ်လုပ်ရေးတိုးတက်နှုန်းက သိသိသာသာ ကျဆင်းသွားတယ်။ ဒါပေမဲ့ မနှစ်တုန်းကနဲ့ယှဉ်ရင်တော့ ငါးရာခိုင်နှုန်း တိုးတက်မှုရှိတယ်။ ဒါက ရှယ်ယာရှင်တွေအားလုံးနဲ့ ကျုပ်တို့ ကုမ္ပဏီတစ်ခုလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ"

သပ်ရပ်စွာဝတ်စားထားသော မော့ပိုင်က ရှယ်ယာရှင်အစည်းအဝေးတွင် ဦးဆောင်ပြောကြားခဲ့သည်။

"ဥက္ကဋ္ဌ… ဟွာရှားဈေးကွက်တစ်စိတ်တစ်ပိုင်းကို လက်လျှော့လိုက်ပြီးတဲ့နောက်မှာ ဒီနေ့အတွက် အမှာစာက သိသိသာသာလျော့ကျသွားပါတယ်"

ရှယ်ယာရှင်တစ်ယောက်က အဆိုပြုလာလေသည်။

"ဟမ့်"

မော့ပိုင်လည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်လေသည်။

"Silicon Moonlightက တကယ့်ကို အသိဉာဏ်မဲ့တာပဲ။ စိတ်ခံစားမှုတစ်ခုကြောင့်နဲ့ ပိုက်ဆံရှာဖို့ အခွင့်အရေးကို ဆုံးရှုံးခံတာက အဓိပ္ပာယ်ကိုမရှိဘူး"

အမှန်စင်စစ်ပင်။ သူတို့လုပ်ငန်း၏ ပမာဏအမြောက်အများက Silicon Moonlightမှတစ်ဆင့် ဟွာရှားနိုင်ငံနှင့် ချိတ်ဆက်ထားလေရာ သူတို့အမှာစာ၏ ပမာဏတော်တော်များများက ဟွာရှားလူမျိုးများထံမှ ရနေသည်ဟု ဆိုနိုင်လေသည်။ Silicon Moonlightနှင့် ပူးပေါင်းဆောင်ရွက်မှုပြတ်တောက်သွားခြင်းမှာ သူတို့အတွက် ကြီးမားလှသောသက်ရောက်မှုတစ်ခုရှိသည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါတို့ရဲ့အိမ်နီးချင်းနိုင်ငံ အင်ဒက်စ်မှာ ထုပ်ပိုးစမ်းသပ်ရေးစက်ရုံအသစ်တစ်ခုနဲ့ ချိတ်ဆက်ထားပြီးပြီ။ သူတို့ရဲ့လုပ်အားကုန်ကျစရိတ်က ဟွာရှားထက် ပိုနည်းတယ်။ သူတို့ရဲ့ဝယ်လိုအားက ဟွာရှားထက် နည်းပေမဲ့ ကျုပ်တို့ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်မှုအသစ်တွေကို ရှာဖွေဖို့ ကြိုးစားနေပါတယ်။ ဒီနှစ်ရဲ့လည်ပတ်မှုကတော့ သိသိသာသာပြောင်းလဲမှာမဟုတ်ပါဘူး"

မော့ပိုင်၏စကားများက ရှယ်ယာရှင်များအတွက်မူ စိတ်အားတက်ကြွဖွယ်စကားများပင်။ သူတို့ ပိုစိတ်ပူမိသည်မှာ သူတို့၏အမြတ်ငွေများ ထိခိုက်မှုရှိမရှိပင်။ ခရစ္စတယ်ချစ်ပ်ပြားများ ဘယ်သူ့ကိုရောင်းမလဲဆိုသည်ကိုမူ သူတို့ စိတ်မဝင်စားပေ။

"ဥက္ကဋ္ဌ.. မကြာသေးခင်ကပဲ ဝန်ထမ်းတွေဆီက ကောလာဟလတချို့ကြားထားတယ်။ ဒါကိုဖြေရှင်းသင့်တယ်ထင်တယ်နော်"

အခြားရှယ်ယာရှင်တစ်ယောက်က ရုတ်တရက်ထပြောလာသည်။

"ဘာကောလာဟလလဲ"

"အခုရက်ပိုင်းထဲ စီလီကွန်တောင်ကြားမြိုတော်ထဲက ကုမ္ပဏီတွေမှာ အကြောင်းပြချက်တချို့ကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးနေတယ်တဲ့။ အဲဒါက ကျုပ်တို့အလုပ်သမားတွေရဲ့ စိတ်ဓာတ်ကို တော်တော်လေးသက်ရောက်မှုရှိတယ်နော်"

"ဟားဟားဟား"

မော့ပိုင်က လှောင်ပြောင်လိုဟန်ဖြင့် ရယ်လိုက်၏။

"ကျုပ်တို့မြို့ရဲ့ လုပ်ငန်းစုတွေက ပိုကြီးမားလာပြီး အလုပ်သမားတွေရဲ့ သက်သာချောင်ချိရေးတိုးတက်လာလို့ အကျိုးခံစားခွင့်တွေ တိုးပေးတာက ပြဿနာတစ်ခုမဟုတ်ပါဘူး"

"ဒီလိုဆိုရင်ရော။ နောက်လကစပြီး ဝန်ထမ်းအားလုံးရဲ့လစာကို သူတို့ရဲ့စွမ်းဆောင်ရည်အပေါ် အကဲဖြတ်ပြီး ငါးရာခိုင်နှုန်းကနေ ရှစ်ရာခိုင်နှုန်းအတွင်း တိုးပေးကြမယ်လေ"

ဤမျှတိုးပေးဖို့ကိုတော့ Qualcommအီလက်ထရောနစ်က တတ်နိုင်ပါသေးသည်။

"ဥက္ကဋ္ဌ"

ထိုရှယ်ယာရှင်က တွေဝေနေပေသည်။

"ခင်ဗျားသိတဲ့အတိုင်း ကျုပ်က အနီးအနားက လုပ်ငန်းတွေနဲ့ မကြာခဏပတ်သက်ရပြီး တချို့ကုမ္ပဏီသူဌေးတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်လေ။ သူတို့ဆီက ဒီမနက်ကပဲ အတည်ပြုထားတာ။ ဒီကောလာဟလတွေက အခြေအမြစ်မရှိတာမဟုတ်ဘူးတဲ့။ သူတို့လစာနှုန်းထားက ခင်ဗျားထင်ထားတာထက် အများကြီးပိုသာနေတာ"

"ဘယ်လိုမျိုးလဲ။ အမြတ်နည်းတဲ့ ဒီကုမ္ပဏီသေးသေးလေးတွေက ဘယ်လိုလုပ်ပြီး သူတို့ဝန်ထမ်းတွေရဲ့လစာကို တိုးပေးနိုင်မှာလဲ"

"မစ္စတာမော့ပိုင်… ကျုပ်ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် လွန်ခဲ့တဲ့နှစ်ရက်ကစပြီး စီလီကွန်တောင်ကြားမြို့ထဲက ကုမ္ပဏီပေါင်းငါးရာက သူတို့ဝန်ထမ်းတွေရဲ့လစာကို တစ်ရာရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့တာတဲ့။ အကုန်လုံးကို တိုးပေးလိုက်တာနော်"

"ဘာ"

မော့ပိုင် ထိတ်လန့်သွားရချေသည်။ သူသည် ကုမ္ပဏီ၏နည်းဗျူဟာပိုင်းဆိုင်ရာကိုသာ အာရုံစိုက်ပြီး ယခုလိုအသေးအဖွဲကိစ္စလေးများကို လုံးဝအရေးမလုပ်ခဲ့သော်လည်း ဤပမာဏကို ကြားလိုက်ရသောအခါ ပင့်သက်ရှိုက်မိသွားသည်။

ဝန်ထမ်းများအားလုံးကို လစာတစ်ရာရာခိုင်နှုန်းတိုးပေးသည်ဆိုပါက ဤကုမ္ပဏီများ အမြတ်အစွန်းရော ကျန်သေးသလား။ သူတို့၏အမြတ်ငွေမျှဖြင့် ဤမျှများပြားလှသော လစာကို ထောက်ပံ့ပေးနိုင်လေသလား။

"ဘာတွေဖြစ်နေတာလဲ"

မော့ပိုင်က မေးလိုက်လေသည်။

"သူတို့က NDAလက်မှတ်ထိုးထားရလို့ အသေးစိတ်တော့ပြောမပြကြပေမဲ့ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်က စီလီကွန်တောင်ကြားမြို့ကိုရောက်လာပြီး ဒီကုမ္ပဏီပေါင်းငါးရာကျော်မှာ ဒေါ်လာဘီလီယံဆယ်ဂဏန်းလောက် ရင်းနှီးမြှုပ်နှံသွားတယ်တဲ့"

"ဒေါ်လာဘီလီယံဆယ်ဂဏန်းလား"

ထိုအချိန်တွင်မူ မော့ပိုင်လည်း တည်တည်ငြိမ်ငြိမ်မရှိတော့ပေ။

"ကုမ္ပဏီဝန်ထမ်းတွေရဲ့အခြေအနေက အခုဆိုရင် တော်တော်ဆိုးဝါးနေပါပြီ။ အလုပ်လုပ်ချင်စိတ်ကလည်း တော်တော်လျော့ကျသွားပါပြီ။ မနေ့တုန်းက အလုပ်ရုံနှစ်ခုမှာ အရင်က တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ လုပ်ငန်းအမှားတချို့တောင် ဖြစ်ခဲ့တယ်။ ဒါက ကျွန်တော်တို့ကုမ္ပဏီအတွက် သတင်းကောင်းတော့မဟုတ်ဘူး"

"မစ္စတာမော့ပိုင်… ကျုပ်တို့ရဲ့ဝန်ထမ်းလစာကိုလည်း အဲဒီနှုန်းထားအတိုင်း မြှင့်ပေးလိုက်လို့မရဘူးလား"

ရှယ်ယာရှင်တစ်ယောက်က အကြံပေးလာလေသည်။

"မစ္စတာဘိုဆယ်.. ကျုပ်တို့ဌာနချုပ်မှာ ဝန်ထမ်းပေါင်း၈၀၀၀ရှိတယ်။ လစဉ်လုပ်အားခပေါင်းကလည်း အမေရိကန်ဒေါ်လာသန်းငါးဆယ်ကျော်တယ်။ ဒါကိုသာ နှစ်ဆတိုးပေးလိုက်ရင် လတိုင်း နောက်ထပ်ဒေါ်လာသန်းငါးဆယ်ထပ်ဖြည့်ပေးရမှာ။ ဒီလိုဆိုရင် တစ်နှစ်ကို ဒေါ်လာ၆ဘီလီယံဖြစ်သွားမှာလေ။ သဘောကတော့ ရှယ်ယာအမြတ်ငွေထဲက အမေရိကန်ဒေါ်လာ၆ဘီလီယံလျော့သွားမယ်ဆိုတဲ့သဘောပဲ။ ခင်ဗျား အဲဒါကို လက်ခံချင်မှာလား"

"ဒါက…"

ရှယ်ယာရှင်ဆယ့်နှစ်ယောက်ခန့်ရှိသည့်အတွက် ဒေါ်လာ၆ဘီလီယံဆုံးရှုံးမှုဆိုသည်မှာ တစ်ယောက်ချင်းစီအတွက် ဒေါ်လာသန်းငါးဆယ်လျော့သွားမည်ဖြစ်ပြီး ဤသည်မှာ များပြားလှသော ဆုံးရှုံးမှုတစ်ခု ဆိုနိုင်ပေသည်။

"တစ်ယောက်ယောက်က စီလီကွန်တောင်ကြားမြို့တော်ရဲ့လုပ်ငန်းလည်ပတ်မှုကြီးကို နှောင့်ယှက်ချင်နေတာပဲ။ ကျုပ်တို့ Qualcommအီလက်ထရောနစ်ကို ပစ်မှတ်ထားနေတာ"

ခဏမျှတွေးကြည့်ပြီးနောက် ယန်းကျီဇီထျန်းလည်း ဤသို့အနှစ်ချုပ်လိုက်နိုင်သည်။

"ဘယ်သူဖြစ်နိုင်လောက်လဲ"

မော့ပိုင်က မေးလိုက်၏။

"ဒေါ်လာဘီလီယံဆယ်ဂဏန်းလောက်ကို ရင်းနှီးမြှုပ်နှံနိုင်တဲ့လူက သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ဘူး"

ရုတ်ခြည်းဆိုသလို သူတို့နှစ်ယောက်စလုံး လူတစ်ယောက်ကို ပြေးမြင်မိလိုက်ကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တစ်ညီတစ်ညွတ်တည်း ရေရွတ်လိုက်ကြသည်။

"ကျန်းမုန့်လောင်"

လွန်ခဲ့သည့်ရက်ပိုင်းတုန်းက ကျန်းမုန့်လောင် အမေရိကကိုရောက်လာသည့်သတင်းက လူတော်တော်များများကို ရတက်မအေးဖြစ်စေခဲ့သည်။ သို့သော် သူ ဤနေရာသို့ ဘာအတွက်လာသလဲဆိုသည်ကိုမူ မည်သူမှမသိကြပေ။

သို့သော် မော့ပိုင်နှင့် ယန်းကျီဇီထျန်းတို့ကတော့ တစ်စုံတစ်ခုကို ခံစားမိခဲ့ကြသည်။

ဝန်ထမ်းသပိတ်များ၊ မီးဘေးလုံခြုံရေးပြဿနာ၊ အခွန်ပြဿနာ… ဤလုပ်ရပ်များ၏နောက်ကွယ်တွင် Qualcommအီလက်ထရောနစ်ရှိနေပြီး ကျန်းမုန့်လောင်အား အနောက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ဖိအားပေးခဲ့သည်။

သို့သော် ကျန်းမုန့်လောင်၏နည်းလမ်းကတော့ သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

ဝန်ထမ်းသပိတ်လား.. သပိတ်မှောက်သော ဝန်ထမ်းများအားလုံးကို အလုပ်ထုတ်ပစ်လိုက်သည်။

မီးဘေးလုံခြုံရေးပြဿနာအတွက်လား။ သူတို့က လုပ်ငန်းများကို ချက်ချင်းရပ်ပြီး ကုမ္ပဏီရှေ့၌ မီးသတ်ဌာနတစ်ခုပင် ဆောက်လိုက်သေးသည်။

အခွန်ပြဿနာအတွက်လား။ အခွန်ရုံးကိုသွားပြီး တိုက်ရိုက်ထုတ်လွှင့်ပြကာ အခွန်များအားလုံးကို တစ်ခါတည်းပေးဆောင်ခဲ့သည့်အပြင် ဒဏ်ကြေးငါးဆကိုပါ လိုလိုလားလားပေးဆောင်ခဲ့သေးသည်။

ဤကဲ့သို့သောလုပ်ရပ်မျိုးကြောင့် လူတိုင်းက တစ်ညီတစ်ညွတ်တည်း သူ့ကို အားပေးခဲ့ကြသည်။

မူလကတော့ ကျန်းမုန့်လောင်ဘက်က တုံ့ပြန်မှုတစ်ခုခုလုပ်လိမ့်မည်ဟု သူတို့တွေးထားသော်ငြား လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ပြဿနာတချို့ကို ကိုင်တွယ်ဖြေရှင်းခြင်းကလွဲလျှင် ဘာမှလှုပ်ရှားမလာချေ။

သို့သော် ယခုမူ ရောက်လာမည့်အရာက မလွဲမသွေရောက်လာပြီဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်သည်။

ငွေကြေးကို အမြောက်အများသုံးစွဲ၍ ကုမ္ပဏီရာဂဏန်းတွင် အလကားရင်းနှီးမြှုပ်နှံပြီး ထိုကုမ္ပဏီများရှိ ဝန်ထမ်းလစာကို တိုးမြှင့်စေခဲ့သည်။ သို့နှင့် Qualcommအီလက်ထရောနစ်၏ ဝန်ထမ်းများအကြား မငြိမ်မသက်ဖြစ်စေပေသည်။ ဤသည်မှာ ကျန်းမုန့်လောင်၏လက်စားချေမှုပင်။

ဥက္ကဋ္ဌ.. ကျွန်တော်တို့ ဒီတိုင်းငြိမ်နေလို့မဖြစ်ဘူးမလား"

"ဟုတ်ပါတယ်။ ဝန်ထမ်းတွေသာ စိတ်ဓာတ်ဆက်ကျနေမယ်ဆိုရင် ပြဿနာတွေပေါ်ပေါက်လာမှာ စိုးမိပါတယ်"

"ဒေါက် ဒေါက် ဒေါက်"

ထိုအချိန်တွင် တံခါးခေါက်သံတစ်သံက အစည်းအဝေးခန်းမ၏ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူလဲ"

မော့ပိုင်က သူ့လက်ထောက်ကို တစ်ချက်ကြည့်လိုက်၏။

သူ့လက်ထောက်က တံခါးသွားဖွင့်လိုက်သော်ငြား ရှယ်ယာရှင်တစ်ယောက်ကမှ အပြင်ဘက်တွင်ရပ်နေသူကို မသိကြပေ။

"ဟေး… အားလုံးရောက်နေကြတာလား"

ဘားနက်စ်က သူ့အိမ်သူ့ယာနှယ် သဘောထားကာ ဘုတ်အဖွဲ့ဒါရိုက်တာများရှိရာဆီသို့ လျှောက်လာချေသည်။ ထို့နောက် ခုံအလွတ်တစ်လုံးကို ‌ပေါ့ပေါ့ပါးပါးဆွဲယူလိုက်သည်။

"ဆက်ပြောကြပါ။ ကျွန်တော့်ကိုစိတ်ထဲမထားပါနဲ့။ ခင်ဗျားတို့ပြောလို့ပြီးတာနဲ့ ကျုပ်ကိစ္စကို ပြောပြပါ့မယ်"

***********

All Chapters