← Chapters

မကျေနပ်ရင် လာသတ်လှည့်လေ

Vol. 22 Ch. 329

မကျေနပ်ရင် လာသတ်လှည့်လေ

Vol. 22 Ch. 329

"ဆိုရှယ်လစ်လား"

ထိုစကားများကို ကြားသောအခါ မော့ပိုင်နှင့် ယဲ့ကျန်းဇီထျန်းတို့လည်း အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဆိုရှယ်လစ်နိုင်ငံမှလာပြီး သူတို့နှင့် ရန်ငြှိုးရှိထားသူဆိုလျှင် ကျန်းမုန့်လောင်အပြင် မည်သူရှိနိုင်ဦးမည်နည်း။

ထိုအခိုက်မှာပင် သူတို့အားလုံးနားလည်လိုက်လေပြီ။ ကျန်းမုန့်လောင်က ယခုတစ်ခေါက် ဤနေရာသို့လာရောက်ခြင်းမှာ သူတို့နှင့်စာရင်းရှင်းရန်ပင်။

အမေရိကန်အစိုးရ၏နောက်ခံကြောင့်သာ မဟုတ်ပါက ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုတစ်ခုတည်းကပင် Qualcommအီလက်ထရောနစ်တစ်ခုလုံးကို ဝယ်ပစ်နိုင်သည်။ သို့သော် သူ့ဘက်က မဝယ်နိုင်လျှင် ဖျက်ဆီးပစ်နိုင်ဆဲသာ။ ဝန်ထမ်းများ ဆန္ဒပြနေသရွေ့ သူတို့ကုမ္ပဏီလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်မည်မဟုတ်ပေ။

ယခုပင် ဘားနက်စ်က ကုမ္ပဏီဘက်က သူတို့တောင်းဆိုချက်များကို မလိုက်လျောမချင်း ဆန္ဒပြသွားမည်ဟု ‌ပြောလိုက်လေသည်။

ကျန်းမုန့်လောင်၏ငွေကြေးအရင်းအမြစ်ဖြင့်သာဆိုလျှင် ဤဝန်ထမ်းများကို တစ်သက်လုံးထောက်ပံ့ပေးထားရလျှင်ပင် သူ့အတွက်တော့ အလွယ်လေးဖြစ်၏။ သူ့ဘဏ္ဍာရေးနောက်ခံဖြင့်သာဆိုလျှင် ဆန္ဒပြပွဲက ဘယ်တော့မှရပ်တန့်မည်မဟုတ်ချေ။

အလုပ်မလုပ်ရဘဲ လစာနှစ်ဆရရှိခြင်းမှာ ကြီးမားလှသော အကျိုးခံစားခွင့်တစ်ခုပင်။ ဝန်ထမ်းများက ထိုအရာကို မည်သို့လက်လျှော့နိုင်မည်နည်း။ ကုမ္ပဏီဘက်က သူတို့၏တောင်းဆိုမှုကို နှစ်ပေါင်းများစွာ သဘောမတူလျှင်ပင် သူတို့က ကျေနပ်နေကြဦးမည်ဖြစ်၏။ တစ်သက်လုံးဆိုလျှင် ပို၍ပင်ဝမ်းသာကြပေလိမ့်မည်။

"ဒီဟွာရှားလူမျိုးရဲ့နည်းလမ်းတွေက တကယ်ကြမ်းတမ်းတာပဲ"

Silicon Moonlightတွင် ရှယ်ယာဝင်ခဲ့ဖူးသူ အင်ဖယ်လိုက်က မှတ်ချက်ပေးလိုက်လေသည်။

ကျန်းမုန့်လောင်ထံမှ ဘုတ်အဖွဲ့ထဲက ထုတ်ပယ်ခံလိုက်ရပြီးနောက် အင်ဖယ်လိုက်သည် Silicon Moonlight၏ သမဂ္ဂဥက္ကဋ္ဌနှင့်ပူးပေါင်းကာ သူတို့၏သဘောတူညီချက်များကို လက်ခံလာစေရန် ဖိအားပေးခဲ့ဖူးသည်။

သို့သော် အင်ဖယ်လိုက်ထင်မှတ်မထားသည်မှာ ကျန်းမုန့်လောင်က ဘာဆုံးရှုံးမှုမှမကြောက်ပါဘဲ ပြဿနာရှာသူအားလုံးကို ချက်ချင်းအလုပ်ထုတ်ပစ်ကာ ပေးစရာရှိသည့်ပိုက်ဆံကိုလည်း ပေးပစ်ခဲ့ပြီး ကုမ္ပဏီက ဘာအမြတ်အစွန်းမှမရသည့်တိုင် အလုပ်မလုပ်ဘဲ ထိုင်နေသူများကိုပင် လစာထောက်ပံ့ပေးထားလိုက်သေးသည်။

သူက အလွန်ချမ်းသာပြီး စိတ်ကြိုက်ပြုမူနိုင်သူဖြစ်သောကြောင့် အင်ဖယ်လိုက်လည်း စိတ်ပျက်လက်ပျက်ဖြင့် အမေရိကသို့ ပြန်လာရုံသာ တတ်နိုင်ခဲ့သည်။

လပေါင်းများစွာကြာပြီးနောက်တွင် ထိုကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပွားခဲ့လေမှန်း သူကိုယ်တိုင်ပင် မေ့လျော့သွားတော့မည့်အချိန်တွင် အလားတူအခြေအနေတစ်ခုက Qualcommအီလက်ထရောနစ်တွင် ပေါ်ပေါက်လာခဲ့သည်။ နည်းဗျူဟာမှာလည်း ယခင်ကအတိုင်း တစ်ထေရာတည်းပင်။

ကွာခြားသွားသည်မှာ ကျန်းမုန့်လောင်က ဆုံးရှုံးမှုကို မကြောက်ခြင်းဖြစ်ပြီး သူတို့ကတော့ ကြောက်ပေသည်။

"ကျန်းမုန့်လောင်က ဝန်ထမ်းတွေကို ဆန္ဒပြလာအောင် လှုံ့ဆော်ပေးဖို့အတွက် မင်းကို ဘယ်လိုအကျိုးအမြတ်မျိုးကမ်းလှမ်းထားတာလဲ"

အင်ဖယ်လိုက်က မေးလိုက်လေသည်။

"မစ္စတာအင်ဖယ်လိုက်..ဒါက ကျွန်တော့်ကို သက်သက်အသရေဖျက်နေတာပဲ"

ဘားနက်စ်က ပြန်ပြောလိုက်၏။

"ကျွန်တော် ဒီကိစ္စကို ရှင်းအောင်ပြောထားပြီးသားပါ။ ဒါက ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့ကိုထောက်ပံ့ပေးနေတဲ့ လူကြီးမင်းက ဘယ်သူလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူကတော့ သူ့ကိုယ်သူ "ဆိုရှယ်လစ်ဝါဒကိုဆက်ခံသူ"လို့ ပြောတာပဲ။ ခင်ဗျားပြောတဲ့ ကျန်းမုန့်လောင်ဟုတ်မဟုတ်ဆိုတာကတော့ ကျွန်တော်လည်းမသိဘူး"

"ဘာကိုဆိုရှယ်လစ်အမွေခံလဲ"

အင်ဖယ်လိုက် လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။ "ဆိုရှယ်လစ်အမွေခံ"ဟု သူ့ကိုယ်သူခေါ်ဆိုနေသူမှာ ကျန်းမုန့်လောင်သာ မဟုတ်လျှင် Qualcommအီလက်ထရောနစ်ကုမ္ပဏီကြီးကို သူ မျိုချပြပေမည်။

သို့သော် ဘားနက်စ်ကတော့ ထိုအချက်ကို ဝန်မခံပေ။ သူတို့တွင်လည်း နည်းလမ်းမရှိချေ။ ဤနိုင်ငံတွင် အသရေဖျက်မှု၏ စံနှုန်းက အလွန်နိမ့်လှပေသ်ည။ သူ့ဘက်ကသာ သက်သေမပြနိုင်လျှင် ဘားနက်စ်က သူ့ကိုလည်း ရှေ့နေအကြောင်းကြားစာ ပို့နိုင်ပေသည်။

"ကောင်းပါပြီ။ ကျွန်တော်တို့ဘက်က တောင်းဆိုချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြီးပြီနော်။ ကုမ္ပဏီဘက်က ကျွန်တော်တို့သတ်မှတ်ချက်တွေကို မလိုက်လျောဘူးဆိုရင် ဒီနေ့နေ့လယ်ကစပြီး ကျွန်တော်တို့ ဆန္ဒစပြပါ့မယ်။ ဘုတ်အဖွဲ့ဝင်တွေလည်း အစည်းအဝေးဆက်လုပ်လို့ရပါပြီ"

သူက ထိုသို့ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် ဘားနက်စ်လည်း အစည်းအဝေးခန်းမထဲမှ ကားကားကားကား လျှောက်ထွက်သွားလေသည်။

...

ဘုတ်အဖွဲ့အစည်းအဝေးခန်းမကား တိတ်ဆိတ်သွားပေသည်။ ဘားနက်စ်ထံမှ နှောင့်ယှက်ခံလိုက်ရပြီးနောက်တွင် မည်သူကများ အစည်းအဝေးဆက်လုပ်ချင်စိတ် ရှိပါဦးမည်နည်း။

သူတို့သည် ယခုမှသာ အာရှနိုင်ငံအမြောက်အများမှ အမှာစာများကို ရရှိထားပြီး ပို့ဆောင်ရန်အတွက် ခရစ္စတယ်ချစ်ပ်ပြားများ ထုတ်လုပ်မှုကို စောင့်ဆိုင်းနေခြင်းပင်။ ယခုမူ ဝန်ထမ်းအယောက်၇၀၀၀က ဆန္ဒပြရန်ဆုံးဖြတ်ထားသဖြင့် အလုပ်ရုံတွင် မည်သူမှမရှိချေ။ သို့ဖြစ်လေရာ သူတို့က ခရစ္စတယ်ချစ်ပ်ပြားများကို မည်သို့ထုတ်လုပ်နိုင်မည်နည်း။

အရေးကြီးအမှာစာတစ်ခုကိုလည်း ရထားသေးသည်။ ၎င်းမှာ အစိုးရတစ်ရပ်မှ မှာယူခြင်းဖြစ်ပြီး သတ်မှတ်ရက်ကလည်း လကုန်ပင်။ ထို့ပြင် လုပ်ငန်း၏၈၀ရာခိုင်နှုန်းက ပြီးမြောက်နေပြီဖြစ်၏။ ပုံမှန်ဆိုလျှင် တစ်လအတွင်း အချိန်လုံလုံလောက်လောက်ရှိသော်ငြား ယခုမူ ထိုအမှာစာအတွက် ထုတ်လုပ်မှုကို ရပ်တန့်လိုက်ရပေသည်။

အချိန်ကျလာလျှင် သူတို့အနေနှင့် ဝယ်ယူသူကို မည်သို့ရှင်းပြရမည်နည်း။

"ကျန်းမုန့်လောင်… ဒီလူယုတ်မာ ကျန်းမုန့်လောင်"

အင်ဖယ်လိုက်က ဖုန်းထုတ်လိုက်ချေသည်။ Silicon Moonlight၏ရှယ်ယာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူ့ဖုန်းထဲတွင် ကျန်းမုန့်လောင်၏ဖုန်းနံပါတ် ရှိလေသည်။

"ကျန်းမုန့်လောင် မင်း ဘာလုပ်နေတာလဲ"

အင်ဖယ်လိုက်က ဖုန်းထဲမှတစ်ဆင့် အော်လိုက်လေသည်။

"ဘယ်သူလဲ"

"အင်ဖယ်လိုက်"

"အိုး..မစ္စတာအင်ဖယ်လိုက်ပါလား။ ဘာများလိုအပ်လို့လဲ"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် မေးလိုက်၏။

"ကျုပ် အမေရိကကိုလာတယ်လို့ကြားပြီး ညစာဖိတ်ကျွေးမလို့လား"

"ငါ မင်းကို ဘာမှဖိတ်မကျွေးဘူးကွ"

အင်ဖယ်လိုက်ခမျာ ကျန်းမုန့်လောင်ကိုပင် မျိုချပစ်ချင်စိတ်ပေါက်မိသည်။

"ဒါဆို ဘာလို့ဖုန်းခေါ်တာလဲ။ ကျုပ် အိမ်သာတက်နေတာ။ TikTokကြည့်နေတုန်းတန်းလန်းကြီး။ မအားဘူး"

ကျန်းမုန့်လောင်က ထိုသို့ဆို၏။

"မင်းက အမြဲအိမ်သာတက်နေတာချည်းပဲ"

အင်ဖယ်လိုက်၏မျက်နှာကား ဒေါသကြောင့် နီမြန်းသွားလေသည်။ ပြီးခဲ့သည့်တစ်ခေါက် ကျန်းမုန့်လောင်နှင့် ဆွေးနွေးညှိနှိုင်းဖို့အတွက် ကျန်းမုန့်လောင်ကိုရှာတုန်းကလည်း သူ ကျန်းမုန့်လောင်နှင့် မတွေ့ခဲ့ရပေ။ အကြောင်းပြချက်မှာ အိမ်သာတက်နေသည်ဟုပင်။

"ကျန်းမုန့်လောင်က ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ မင်းလိုချင်တာက ဘာလဲ"

အင်ဖယ်လိုက်က စွပ်စွပ်စွဲစွဲမေးလိုက်လေတော့သည်။

"ဝန်ထမ်းတွေကို ဆန္ဒပြလာအောင် လှုံ့ဆော်ခဲ့တာ မင်းမလား"

"မစ္စတာအင်ဖယ်လိုက်.. စကားဝိုင်းကို မသာမယာဖြစ်အောင် မလုပ်စမ်းပါနဲ့။ ဟုတ်ပြီလား။ ခင်ဗျားလုပ်သမျှအမှိုက်လုပ်ရပ်တိုင်းကို ကျုပ်ကို လာပုံမချနဲ့လေ"

ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ်ခွန်းတုံ့ပြန်လိုက်၏။

"အဲလိုမှမဟုတ်ရင် သတိထားနော်။ ကျုပ် ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မှာ"

"ကျုပ် မနေ့ညက ဘာမှလုပ်စရာမရှိလို့ အရက်သောက်ဖို့ထွက်လာခဲ့လိုက်တာ။ ဖြစ်ချင်တော့ မစ္စတာဘားနက်စ်နဲ့ရင်းနှီးသွားပြီး သူ့ဆီကနေ ဝန်ထမ်းတွေရဲ့အခက်အခဲကိုကြားလိုက်ရတော့ သနားသွားတာနဲ့ ကူညီပေးဖို့ဆုံးဖြတ်ခဲ့တာလေ"

ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သေးသည်။

"ခင်ဗျားသိတဲ့အတိုင်း မိတ်ဆွေတွေကိုကူညီပေးရတာက ကျုပ်သဘောအကျဆုံးကိစ္စပဲလေ"

"မင်းက တကယ့်ကိုအမှိုက်ကောင်ပဲ"'

အင်ဖယ်လိုက်က ဒေါသတကြီးဆဲဆိုလိုက်လေသည်။

ကမ္ဘာ့အချမ်းသာဆုံးလူက အမေရိကန်သို့ မိုင်ပေါင်းများစွာခရီးနှင်လာခြင်းမှာ အလည်အပတ်သက်သက်တဲ့လား။ တိုက်တိုက်ဆိုင်ဆိုင် စီလီကွန်တောင်ကြားမြို့တော်ကိုရောက်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုလေလား။ ဘားနက်စ်နှင့်မှ တိုက်တိုက်ဆိုင်ဆိုင်တိုးပြီး ရင်းနှီးသွားကြခြင်းမှာ တိုက်ဆိုင်မှုလေလား။

ဤဇာတ်လမ်းကို မည်သူမှယုံမည်မဟုတ်။

သို့သော် ကျန်းမုန့်လောင်ဘက်က ငြင်းနေမည်ဆိုလျှင် အင်ဖယ်လိုက်က ဘာတတ်နိုင်မည်နည်း။

"ကျုပ်ပြောမယ်။ ခင်ဗျားတို့Qualcommအီလက်ထရောနစ်က ကုမ္ပဏီအကြီးကြီးတစ်ခုဖြစ်နေပြီးတော့ လစာနည်းနည်းလေးတောင် တိုးမပေးနိုင်ဘူးဆိုတာက ရှက်ဖို့ကောင်းလိုက်တာ"

"ကျန်းမုန့်လောင်.. အဲဒီကုမ္ပဏီဝန်ထမ်းတွေ လစာတိုးတဲ့ကိစ္စက မင်းနဲ့ပတ်သက်နေတယ်မဟုတ်လား"

အင်ဖယ်လိုက် ရုတ်ခြည်းထက်မြက်သွားလေသည်။ ထိုကုမ္ပဏီများ တိုးပေးထားသည့်လစာမှာ သူတို့မတတ်နိုင်သော ပမာဏပင်။ သူတို့က ထိုပိုက်ဆံများကို ဘယ်လိုရခဲ့လေသလဲ။ ကျန်းမုန့်လောင် ထောက်ပံ့ပေးထားခြင်းပင် ဖြစ်ရမည်။

"အမှန်ပဲ။ ကျုပ် ကုမ္ပဏီငါးရာကျော်ကို ဒေါ်လာ၂၀ဘီလီယံပေးထားတာ။ ဒါပေမဲ့ ခင်ဗျားမှာ သက်သေမရှိဘူးလေ"

ကျန်းမုန့်လောင်က စိတ်တိုချင်စရာကောင်းသော လေသံဖြင့် ‌ပြောလိုက်ပေသည်။

"ဒီလိုနေရာမျိုးမှာ ဒေါ်လာဘီလီယံနဲ့ချီပြီးသုံးတော့ မင်းအတွက် ဘာများရလို့လဲ"

အင်ဖယ်လိုက် မေးခွန်းထုတ်လိုက်ချေသည်။

"ကျုပ်အတွက် ဘာအကျိုးမှမရှိပါဘူး"

ကျန်းမုန့်လောင်က ဘွင်းဘွင်းရှင်းရှင်းသာ ပြောလိုက်၏။

"ဒေါ်လာဘီလီယံနည်းနည်းလေးပဲဟာကို။ ကျုပ်က အဲဒီလောက်ပိုက်ဆံကို ဂရုမစိုက်ဘူး။ ခင်ဗျားကို ဒေါသထွက်အောင်လုပ်နိုင်ရင် ကျုပ်အတွက်တော့ ပိုက်ဆံသုံးရကျိုးနပ်တာပဲ"

"ဈေးကွက်ဖျက်ဆီးမှုနဲ့ ငါ မင်းကို တရားစွဲမှာမကြောက်ဘူးလား"

"လုပ်လိုက်လေ"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။

"ဝန်ထမ်းတွေကို လစာမြင့်မြင့်မပေးရဘူးဆိုတဲ့စည်းမျဉ်းကို ကျုပ် တစ်ခါမှမကြားဖူးဘူး။ အနိမ့်ဆုံးလစာသတ်မှတ်ချက်ဆိုတာပဲ ကြားဖူးတာ။ အမြင့်ဆုံးလစာသတ်မှတ်ချက်ရယ်လို့ မကြားဖူးပေါင်။ ခင်ဗျားက မပေးနိုင်အောင် ဆင်းရဲနေတာနဲ့ပဲ သူများတွေကရော မလုပ်ရတော့ဘူးတဲ့လား"

အင်ဖယ်လိုက်၏သွားများမှာ အံကြိတ်ထားရလွန်း၍ အသံပင်ထွက်နေလေပြီ။ အသက်ရှူသံများလည်း ပြင်းထန်လာသဖြင့် သူ မည်မျှဒေါသထွက်နေသလဲဆိုသည်မှာ သိသာလှသည်။

"ကျန်းမုန့်လောင်.. မင်းက သေချင်နေတာပဲ။ မမေ့နဲ့နော်။ ဒါက အမေရိကပဲ။ ဟွာရှားနိုင်ငံမဟုတ်ဘူး"

အင်ဖယ်လိုက်သည် ဒေါသကြောင့် ဆင်ခြင်တုံတရားပျောက်ဆုံးသွားလေသည်။

"အိုး ကြောက်လိုက်တာနော်။ ခင်ဗျားမကျေနပ်ရင် ကျုပ်ကိုလာသတ်လှည့်လေ"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်သည်။

"ဪ စကားမစပ်.. ကျုပ် ဒီဖုန်းခေါ်ဆိုမှုကို မှတ်တမ်းတင်ထားတယ်နော်။ ခင်ဗျားပြောသမျှစကားတိုင်းကို တရားရုံးမှာ သက်သေအဖြစ်တင်သွင်းမယ်"

"မင်း..မင်း.."

အင်ဖယ်လိုက်သည် ငယ်ရွယ်တော့သည့်အရွယ် မဟုတ်တော့သဖြင့် ထိုစကားကိုကြားသောအခါ သွေးတက်ပြီး ချက်ချင်းလဲကျပါတော့သည်။

"မစ္စတာအင်ဖယ်လိုက် မစ္စတာအင်ဖယ်လိုက်"

"မြန်မြန်လေး လူနာတင်ကားခေါ်လိုက်"

**********

All Chapters