← Chapters

ကျုပ်ရဲ့လက်ကျန်ငွေကိုကြည့်ချင်လား

Vol. 22 Ch. 330

ကျုပ်ရဲ့လက်ကျန်ငွေကိုကြည့်ချင်လား

Vol. 22 Ch. 330

အရေးပေါ်ကားသံ ပျောက်ကွယ်သွာပြီး အင်ဖယ်လိုက်ကို သယ်ဆောင်သွားသော လူနာတင်ကားမှာ အဝေးတစ်နေရာသို့ တိုးဝင်ပျောက်ကွယ်သွားသော်လည်း ဘုံအဖွဲ့အစည်းအဝေးခန်းမထဲမှာမူ လေထုအခြေအနေ ထိုင်းမှိုင်းသွားလေသည်။

"အဲဒီဟွာရှားလူမျိုးကျန်းမုန်းလောင်"

မော့ပိုင်ခမျာ အံတင်းတင်းကြိတ်၍ ရေရွတ်လိုက်မိသည်။

"သူ ဒီလောက်ပိုက်ဆံအများကြီးသုံးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ သူ့ရည်ရွယ်ချက်က ဘာလဲ။ ငါတို့ကိုစိတ်အနှောင့်အယှက်ပေးဖို့လား"

"ဘာအကြောင်းပြချက်ပဲဖြစ်ဖြစ် ကျုပ်တို့တွေ ဝန်ထမ်းတွေကို သေချာပေါက် ဆန္ဒပြခွင့်ပေးလို့မဖြစ်ဘူး။ ဒီလကုန်သာ ပစ္စည်းမတင်ပို့နိုင်ရင် ကျုပ်တို့တွေ အနည်းဆုံးတော့ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးရမှာပဲ"

"ဒီတော့ ကျုပ်တို့က ဘာလုပ်ရမှာလဲ။ သူတို့ကို လစာတ်ိုးပေးပြီး အားလပ်ရက်ထောက်ပံံ့ကြေးတွေပေးရမှာလား။ အဲဒီလိုဆိုရင် ကျုပ်တို့ တစ်နှစ်ကို ငွေဘယ်လောက်ဆုံးရှုံးမှာလဲ။ ကျုပ် သဘောမတူဘူး"

"အမှန်ပဲ။ ကျုပ်တို့သာ ဒီတစ်ခေါက်သဘောတူလိုက်ရင် နောက်တစ်ခေါက်တွေလည်း ရှိလာမှာပဲ။ ကျုပ်တို့က သူတို့ပြဿနာရှာတိုင်း လိုက်လျောပေးနေရမှာလား"

"ကျုပ်လည်း လုံးဝသဘောမတူဘူး"

ရှယ်ယာရှင်များ၏သဘောထားက အလွန်ခိုင်မာနေပေသည်။ အရင်းရှင်များအတွက်မူ ငွေကသာ အသက်ထက် ပိုအရေးကြီးသည်။

"အားလုံးပဲ။ အထိတ်တလန့်မဖြစ်ကြပါနဲ့။ အခြေအနေက အဲ့လောက်လည်း မဆိုးသေးပါဘူး"

ယဲ့ကျန်းဇီထျန်းက ပြောလိုက်လေသည်။

"မစ္စတာဇီထျန်း.. ခင်ဗျားမှာ ဖြေရှင်းနည်းရှိလို့လား"

ရှယ်ယာရှင်များက ယဲ့ကျန်းဇီထျန်းကို ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။ Qualcommအီလက်ထရောနစ်ကုမ္ပဏီတစ်ခုလုံးတွင် ယဲ့ကျန်းဇီထျန်းက ဗျူဟာမှူးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီ၏အရေးပေါ်အကျပ်အတည်းကာလများကို အကြိမ်ကြိမ်ကယ်တင်ပေးခဲ့လေသည်။

"တကယ်တော့ ရှင်းရှင်းလေးပါ"

ယဲ့ကျန်းဇီထျန်းက ပြောလိုက်လေသည်။

"ဝန်ထမ်းတွေက တခြားကုမ္ပဏီကဝန်ထမ်းတွေ လစာပိုများနေတာကိုမြင်ရလို့ သည်းမခံနိုင်ဖြစ်နေကြတာ။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်မညီမှုတွေဖြစ်နေတာလေ။ ကျုပ်တို့သာ မြို့ထဲကစျေးကွက်မှာ လုပ်ငန်းကုန်ကျစရိတ်ကို လျှော့ချလိုက်ရင် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလည်း ဟန်ချက်ညီသွားလိမ့်မယ်။ ဒီလိုဆိုရင် ဘာပြဿနာမှမရှိတော့ဘူးပေါ့"

"ဒါပေမဲ့ ကျုပ်တို့က ဘယ်လိုလုပ်ပြီး အဲဒီလိုလုပ်နိုင်မှာလဲ။ ကျုပ်တို့တွေ တခြားကုမ္ပဏီတွေရဲ့အတွင်းရေးကို စွက်ဖက်လို့ရမှာတဲ့လား"

တစ်စုံတစ်ယောက်က မေးလာလေသည်။

"လူကြီးမင်းတို့... ဆီလီကွန်တောင်ကြားမြို့တော်ကို ဘာလို့တည်ထောင်ခဲ့လဲဆိုတာ မမေ့ကြနဲ့နော်။

ယဲ့ကျန်းဇီထျန်းက ပြောလိုက်လေ၏။

"ဒီနေရာမှာရှိတဲ့ စီးပွားရေးက Qualcommအီလက်ထရောနစ်ကုမ္ပဏီမရှိရင် ရှေ့ဆက်နိုင်မှာတဲ့လား"

"ဟုတ်တယ်။ ဆီလီကွန်းတောင်ကြားမြို့တော်မှာ ကုမ္ပဏီတွေအများကြီးရှိတယ်ဆိုပေမဲ့ လုပ်ငန်းသဘောတူညီမှု ၅၀ရာခိုင်နှုန်းကျော်က ကျုပ်တို့နဲ့လုပ်ကိုင်ထားတာ။ ကျုပ်တို့ရဲ့အမှာစာတွေသာမရှိရင် သူတို့လည်း ရပ်တည်နိုင်မှာမဟုတ်ဘူး"

"အမှန်ပဲ။ သူတို့တွေ ကျုပ်တို့နဲ့ ဆက်ပြီးပူးပေါင်းချင်ရင် သူတို့ဝန်ထမ်းတွေရဲ့လစာကို ပုံမှန်နှုန်းထားနဲ့ ပြန်ပေးသင့်တယ်"

"မစ္စတာဇီထျန်း ပီသပါပေတယ်"

ရှယ်ယာရှင်များက ရယ်မောလိုက်ကြသည်။

"Qualcomm အီလက်ထရောနစ်က ဆီလီကွန်ထောင်ကြားမြို့တော်မှာ ဘုရင်တစ်ပါးဆိုတာ မေ့တော့မလို့"

...

"မစ္စတာကျန်း ပြဿနာတက်နေပါပြီ"

အိုတိုက ကျန်းမုန့်လောင်၏ အခန်းတံခါးကို ကပျာကယာခေါက်လိုက်သည်။

"ဘာဖြစ်တာလဲ။ ဘာလို့အလောတကြီးဖြစ်နေတာလဲ"

ကျန်းမုန့်လောင် အခန်းထဲမှ ထွက်လာလိုက်သည်။

"ခုနကပဲ ကုမ္ပဏီပိုင်ရှင်တချို့ ကျွန်တော့်ဆီကိုရောက်လာတယ်။ သူတို့က ကျုပ်တို့နဲ့ သဘောတူညီမှုရပ်ဆိုင်းချင်လို့တဲ့"

အိုတိုက ပြောလိုက်လေသည်။

"သူတို့က လက်အောက်ခံကုမ္ပဏီလေးတွေဆိုတော့ သူတို့ရဲ့ လုပ်ငန်းတော်တော်များများကလည်း Qualcommအီလက်ထရောနစ်က လာတာလေ။ အခု Qualcommအီလက်ထရောနစ်က သူတို့ရဲ့ဝန်ထမ်းလစာကို အခုချက်ချင်း ပုံမှန်နှုန်းထားအတိုင်း ပြန်ထားပေးဖို့ ခြိမ်းခြောက်နေကြတယ်"

"ဒီလူတွေတုံ့ပြန်တာ တကယ်မြန်တာပဲ"

ကျန်းမုန့်လောင်က ဤအခြေအနေကို ကြိုတင်တွက်ဆထားဟန်တူသည်။

ထိုကုမ္ပဏီပိုင်ရှင်များမှာ ကျန်းမုန့်လောင်၏ ထူးဆန်းလှသော ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး သံသယဝင်နေကြသည်။ ကျန်းမုန့်လောင်၏ပစ်မှတ်က Qualcommအီလက်ထရောနစ်ဖြစ်ကြောင်းကိုသာ သိကြလျှင် တော်တော်များများက သဘောတူစာချုပ်တွင် လက်မှတ်ထိုးကြမည်မဟုတ်ပေ။

အကြောင်းပြချက်မှာ ရိုးရှင်းလှပေသည်။ သူတို့သည် ဆီလီကွန်တောင်ကြားမြို့တော်တွင် Qualcommအီလက်ထရောနစ်ကို မှီခိုနေရခြင်းပင်။ အကယ်၍ Qualcommအီလက်ထရောနစ်သာ ပြိုလဲသွားလျှင် ကုမ္ပဏီကြီးများမှာလည်း သူတို့၏ကုန်ကြမ်းပစ္စည်းများကို ရောင်းချနိုင်မည်မဟုတ်သလို ကုမ္ပဏီအသေးများကလည်း ခရစ္စတယ်ချစ်ပ်ပြားများနှင့် အခြားထုတ်ကုန်များကို ဝယ်ယူနိုင်မည်မဟုတ်ပေ။

ကျန်းမုန့်လောင်က ငွေပမာဏအမြောက်အများ ကမ်းလှမ်းထားသော်လည်း ဤငွေအတွက်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စွန့်စားရမည်မှာ သူတို့အတွက်တော့ လက်ခံရခက်ခဲပေသည်။

"အဲဒီကုမ္ပဏီပိုင်ရှင်တွေက အခု ကျွန်တော်တို့ကုမ္ပဏီမှာ ရောက်နေပါတယ်။ ကျွန်တော်တို့ အခုဘာလုပ်လိုက်ရမလဲ"

"သူတို့ကို သွားတွေ့ကြတာပေါ့"

ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် တံခါးမှ ထွက်သွားလိုက်လေသည်။ ဆိုရိုးစကားရှိထားသည့်အတိုင်း ကျွမ်းကျင်သူတစ်ယောက်ရှိလျှင် ပိုကျွမ်းကျင်သူတစ်ယောက်ကလည်း ရှိစမြဲသာ။ ဤအချက်ကို ကြိုတင်တွက်ဆထားပြီးဖြစ်သောကြောင့် တန်ပြန်တိုက်ခိုက်မှုကလည်း အဆင်သင့်ရှိနေပြီးသားပင်။

...

"သူတို့လာပြီ။ မစ္စတာကျန်းနဲ့ မစ္စတာအိုတို ရောက်လာပြီ"

ကုမ္ပဏီပိုင်ရှင်ရာဂဏန်းလောက်က အစတုန်းက သူတို့အချင်းချင်း စကားပြောနေကြပေသည်။ ကျန်းမုန့်လောင် ကုမ္ပဏီထဲသို့ ဝင်လာသည်ကို မြင်သောအခါ ချက်ချင်းတိတ်ဆိတ်သွားကြသည်။

"မင်္ဂလာပါ အားလုံးပဲ"

ကျန်းမုန့်လောင်က သူတို့ကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

"ခင်ဗျားတို့တွေ လုပ်ငန်းကိစ္စတွေကိုထားခဲ့ပြီးတော့ ဘာကိစ္စရှိလို့များ ရောက်လာကြတာလဲ"

"မစ္စတာကျန်း.. ခင်ဗျားကြောင့် ကျွန်တော်တို့ အခက်တွေ့နေရပြီး။ Qualcommအီလက်ထရောနစ်ကို ချောင်ပိတ်ဖမ်းဖို့အတွက် ကျွန်တော်တို့ကို ဘယ်လိုလုပ်ပြီး အသုံးချနိုင်ရတာလဲ"

ပိုင်ရှင်တစ်ယောက်က မပျော်မရွှင်ဖြစ်နေသော်လည်း ကျန်းမုန့်လောင်ကို စော်ကားမိမည်စိုး၍ အတင်းအကျပ်လုပ်ပြုံး၍ ပြောလိုက်ရသည်။

"အမှန်ပဲ မစ္စတာကျန်း… ခင်ဗျားက ကျွန်တော်တို့လုပ်ငန်းလမ်းကြောင်းကို ဖြတ်တောက်ပစ်နေတာ။ Qualcommအီလက်ထရောနစ်သာ ပြိုလဲသွားရင် ကျုပ်တို့ထဲက တစ်ဝက်လောက်လည်း ဒေဝါလီခံရမှာဗျ။ ခင်ဗျားရဲ့ရင်းနှီးမြှုပ်နှံမှုက များတာဟုတ်ပါတယ်။ ဒါပေမဲ့ လေးငါးနှစ်အတွင်း ကျွန်တော်တို့တွေ အဲဒီငွေပမာဏကို ရှာနိုင်ပါတယ်။ လုပ်ငန်းသာမရပ်တည်နိုင်တော့ရင် ကျွန်တော်တို့အနာဂတ်စီးပွားရေးလည်း ရေစုန်မျောပြီ"

"မစ္စတာကျန်း.. ခင်ဗျားပေးထားတဲ့ ‌ပိုက်ဆံအကုန်လုံးကို ကျွန်တော်တို့ ပြန်ပေးပါ့မယ်။ သဘောတူစာချုပ်ကို ဘယ်တုန်းကမှ လက်မှတ်မထိုးခဲ့ဖူးသလို သဘောထားလိုက်ရအောင်ပါ"

"ဒါက အဲဒီလောက်ရိုးရှင်းမနေဘူး"

ကျန်းမုန့်လောင်လည်း အခက်တွေ့နေလေဟန် အမူအရာတစ်ခုကို ပြသလာလေသည်။

""ကျုပ်တို့ရဲ့သဘောတူစာချုပ်မှာ စာချုပ်ကို တစ်ဖက်သတ်ချိုးဖောက်ရင် လျော်ကြေးနှစ်ဆပြန်ပေးရမယ်လို့ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်"

"မစ္စတာကျန်း.. ဒီစာချုပ်ထဲမှာ ကျွန်တော်တို့ရဲ့ပုံမှန်လုပ်ငန်းလည်ပတ်မှုကို မထိခိုက်စေရဆိုတဲ့ အချက်လည်းပါတယ်လေ။ အခု အခြေအနေက ဒီအချက်ကိုဖောက်ဖျက်နေတာ အသိသာချည်းကို။ ကျွန်တော်တို့မှာ သဘောတူစာချုပ်ဖျက်သိမ်းပိုင်ခွင့်ရှိပါတယ်"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ခင်ဗျားတို့က Qualcommအီလက်ထရောနစ် ပြိုလဲသွားရင် ခင်ဗျားတို့စီးပွားရေးကို ထိခိုက်မှာစိုးရိမ်နေတာမလား။ အဲဒီလိုအခြေအနေမျိုး ဖြစ်မလာဘူးဆိုရင်ရော"

"ဘယ်သူက အဲဒါကိုယုံနိုင်မှာလဲ"

"အမှန်ပဲ။ Qualcommအီလက်ထရောနစ်ရဲ့ဝန်ထမ်းအယောက်၇၀၀၀က ဆန္ဒပြဖို့ ပြင်ဆင်နေကြတယ်။ သူတို့သာ ဆန္ဒပြကုန်ကြရင် ကုမ္ပဏီတွေက ဘယ်လိုလည်ပတ်တော့မှာလဲ"

"မစ္စတာကျန်း.. ခင်ဗျားတို့မိသားစုမှာ လုပ်ငန်းကြီးတစ်ခုရှိတာပဲ။ ကျွန်တော်တို့လို လုပ်ငန်းအသေးလေးတွေကို အလွတ်ပေးပါဗျာ"

"အားလုံးပဲ။ အထိတ်တလန့်မဖြစ်ကြပါနဲ့။ ဒီလိုအခြေအနေမျိုး ဖြစ်စရာမရှိဘူးလို့ ကျွန်တော်ပြောနေတာက အဲဒီလိုသဘောမျိုးမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။

"အဲဒီလိုသဘောမျိုးမဟုတ်ဘူးတဲ့လား။ ဒါဆို ဘာကိုဆိုလိုချင်တာလဲ"

"ခင်ဗျားတို့ Qualcommအီလက်ထရောနစ်နဲ့ လုပ်ကိုင်ထားတဲ့အမှာစာတွေကို ကျုပ်တို့ Silicon Moonlightက ထောက်ပံ့ပေးမှာပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ပြီးတော့ ဈေးနှုန်းအပေါ်မူတည်ပြီး ငါးဆယ်ရာခိုင်နှုန်း တိုးပေးပါ့မယ်"

"ငါးဆယ်ရာခိုင်နှုန်းလား"

"မစ္စတာကျန်း ခင်ဗျားတကယ်ပြောနေတာလား"

ဈေးနှုန်းကို ငါးဆယ်ရာခိုင်နှုန်းတိုးပေးခြင်းဖြင့် သူတို့အမြတ်များလည်း နှစ်ဆဖြစ်သွားပေလိမ့်မည်။

"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်များ စိတ်ပူတယ်ဆိုရင် ခင်ဗျားတို့နဲ့ ငါးနှစ်စာချုပ် ချုပ်ဖို့ အဆင်သင့်ပါပဲ"

Silicon Moonlight၏ ချစ်ပ်ပြားလုပ်ငန်းကို တစ်စိတ်တစ်ပိုင်းသာ အသုံးချနေသည်ဆိုသော်ငြား သူ့စက်ရုံကတော့ ကြီးမားသည်ထက် ကြီးမားလာမည်ဖြစ်၏။ Qualcommအီလက်ထရောနစ် လက်ခံနိုင်သောအမှာစာများကို သူတို့Silicon Moonlightလည်း လက်ခံနိုင်သည်။

ဈေးနှုန်းငါးဆယ်ရာခိုင်နှုန်းတိုးမည့်ကိစ္စအတွက်မူ ကျန်းမုန့်လောင်သည် "သူတစ်ပါး၏အသိုက်ကို ဝင်လုခြင်း"တည်းဟူသော ခမ်းနားလှသောရိုးရာကို လိုက်နာနေဆဲသာ။

"မစ္စတာကျန်း ကျွန်တော်တို့ကရော"

အသေးစားလုပ်ငန်းပိုင်ရှင်များမှာ ရုတ်တရက်စိုးရိမ်ပူပန်လာလေသည်။ ကျန်းမုန့်လောင်က ကုန်ကြမ်းပစ္စည်းများနှင့် ကိရိယာများကို ဝယ်ယူနိုင်စွမ်းရှိသော်ငြား သူတို့လိုအပ်သော ထုတ်လုပ်ရေးထုတ်ကုန်များကိုမူ ထောက်ပံ့ပေးနိုင်ခြင်းမရှိပေ။

ခရစ္စတယ်ချစ်ပ်ပြားကို Silicon Moonlightက လက်ရှိအချိန်တွင် ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ ကျန်းမုန့်လောင်က ကိုယ်ပိုင်သုတေသနကို စတင်နေပြီဟု ကောလာဟလများ ထွက်နေသော်ငြား ကမ္ဘာ့ထိပ်တန်းအဆင့်ကို အမီလိုက်နိုင်ဖို့ဆိုလျှင် ထိုကဲ့သို့သော သုတေသနမျိုးမှာ သုံးနှစ်မှ ငါးနှစ်အတွင်း ကြာနိုင်လေသည်။ သူတို့က သုံးနှစ်မှ ငါးနှစ်အထိ စောင့်ရမည်လား။

"ကျုပ်သိပါတယ်။ ဟွာရှားက အဆင့်မြင့်ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်ပြီလို့ပြောရင် ခင်ဗျားတို့တွေ ယုံကြမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

"ဒါပေမဲ ကျုပ် ခင်ဗျားတို့နဲ့ အလောင်းအစားလုပ်ရဲတယ်။ Qualcommက ခင်ဗျားတို့ကိုပေးနိုင်တာမှန်သမျှ ကျုပ်တို့လည်း ထောက်ပံ့ပေးနိုင်တယ်။ ကျုပ်တို့ဘက်ကသာ ကျရှုံးခဲ့ရင် ခင်ဗျားတို့ရဲ့နှစ်စဉ်ဝင်ငွေအလိုက် ပြန်လျော်ပေးမယ်"

"တကယ်လား"

ထိုသူဌေးများ၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို တောက်ပသွားချေသည်။

"မစ္စတာကျန်း.. ကျွန်တော်တို့ ခင်ဗျားကိုမယုံကြည်တာ မဟုတ်ရပါဘူး။ ဒါပေမဲ့ အဲဒီလိုသာဖြစ်လာခဲ့ရ်င ခင်ဗျားမှာ ကျွန်တော်တို့ကိုလျော်ဖို့ ငွေအလုံအလောက်ရှိရဲ့လား"

"ဟုတ်တယ်။ ခင်ဗျားက အရမ်းချမ်းသာတယ်ဆိုတာတော့ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီတွေရဲ့စုစုပေါင်းနှစ်စဉ်ဝင်ငွေက တစ်ရာဘီလီယံကျော်ပါတယ်။ ဒီလောက်များတဲ့ငွေပမာဏနော်။ ကျွန်တော်တို့ လောင်းကြေးမထပ်ရဲဘူး"

"ဒီလောက်တောင်အပြောကြီးပြောခဲ့ပြီးမှ ခင်ဗျားတို့က ကျုပ်မှာ ပိုက်ဆံမရှိမှာစိုးရိမ်နေကြတာလား"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

ထိုသူဌေးများမှာ ချက်ချင်းဆိုသလို တိတ်ကျသွားပြီး ခေါင်းငိုက်စိုက်ချထားလေသည်။ ဤနည်းအားဖြင့် ကျန်းမုန့်လောင်၏အဆိုပြုချက်ကို ထောက်ခံနေတော့သည်။

"ဒါကလည်း လူ့သဘာဝပါပဲ"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"ကျုပ်မှာ ဘဏ္ဍာရေးအရ အရည်အချင်းရှိကြောင်းကို သက်သေပြဖို့အတွက် ခင်ဗျားတို့ ကျုပ်ရဲ့လက်ကျန်ငွေကို စစ်ကြည့်ချင်လား"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ယူလိုက်လေသည်။

"ခင်ဗျားတို့ထဲက ယုံကြည်ရတဲ့လူတစ်ယောက်ကိုရွေးပြီး စစ်ဆေးခိုင်းလိုက်လေ"

"မစ္စတာဘရိုင်ယန်.. ခင်ဗျားက ကျုပ်တို့ထဲမှာ လုပ်ငန်းအကြီးဆုံးပိုင်ထားတဲ့လူပဲ။ ခင်ဗျားသွားလိုက်ပါ"

"ဟုတ်တယ် မစ္စတာဘရိုင်ယန်… ကျုပ်တို့ ခင်ဗျားကိုယုံတယ်"

လူအုပ်ကြီးမှာ ချက်ချင်းဆိုသလို အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်ကို ရွေးချယ်လိုက်ကြသည်။

"ကောင်းပြီလေ"

ဘရိုင်ယန်ဟုခေါ်သော လုပ်ငန်းရှင်တစ်ယောက်က ရှေ့ထွက်လာ၏။

"မစ္စတာကျန်း..ကျွန်တော် မျက်မြင်သက်သေလုပ်ပါ့မယ်"

ကျန်းမုန့်လောင်က အကောင့်နံပါတ်စဉ်တစ်ခုကို ရွတ်ပြလိုက်သည်။

"မစ္စတာဘရိုင်ယန်.. ဒါက ဆွစ်ဘဏ်မှာရှိတဲ့ ကျုပ်ရဲ့စုငွေအကောင့်တွေထဲက တစ်ခုပဲ။ ခင်ဗျားကိုယ်တိုင် စစ်ဆေးကြည့်လို့ရပါတယ်"

"ကောင်းပါပြီ"

ဘရိုင်ယန်က ကျန်းမုန့်လောင်၏အကောင့်အချက်အလက်များကို ကွန်ပျူတာထဲသို့ ရိုက်ထည့်လိုက်သည်။ ထို့နောက် ကျန်းမုန့်လောင်၏အကောင့်အချက်အလက်များကို သုံး၍ အတည်ပြုလိုက်၏။

"ပြဿနာမရှိပါဘူး။ ဒါ မစ္စတာကျန်းရဲ့စုငွေအကောင့်ပဲ"

ဘရိုင်ယန်က အခြားလူများနှင့် ပြောဆိုရင်း "အကောင့်လက်ကျန်ငွေ"ကို နှိပ်လိုက်သည်။

ကိန်းဂဏန်းအတန်းလိုက်ကြီးကို မြင်လိုက်ရသောအခါတွင်မူ ဘရိုင်ယန်၏မျက်နှာအမူအရာမှာ ရုတ်ခြည်းတောင့်ခဲသွားရလေတော့သည်။

"မစ္စတာဘရိုင်ယန်.. ခင်ဗျား စစ်ပြီးပြီလား"

"မစ္စတာဘရိုင်ယန်.. မစ္စတာကျန်းရဲ့အကောင့်ထဲမှာ လက်ကျန်ငွေဘယ်လောက်ရှိလဲ"

"မစ္စတာဘရိုင်ယန် တစ်ခုခုပြောပါဦး"

ဘရိုင်ယန်ခမျာ တံတွေးမျိုချလိုက်ပြီးနောက် ဂဏန်းတွဲများကို တစ်ဖန်ပြန်တွက်ကြည့်လိုက်သည်။

"ခု ဆယ် ရာ ထောင် သောင်း…ထရီလီယံ ကွာဒရီလီယံ..စုစုပေါင်း နှစ်ဆယ့်ငါးထရီလီယံကျော်…"

"ဒေါ်လာ၁၅ထရီလီယံတဲ့လား"

"မဟုတ်ဘူး။ အဲဒါက ယူရို၂၅ထရီလီယံပဲ။ ဒါတောင် အပိုယူရိုသုံးရာဘီလီယံကို ထည့်မတွက်ရသေးဘူး"

All Chapters