တစ်ယောက်တည်းဖြင့်တစ္ဆေကျင့်ကြံသူ(၅၀၀)ကိုသတ်ဖြတ်
Vol. 18 Ch. 240
အခန်း (၂၄၀) တစ်ယောက်တည်းဖြင့်တစ္ဆေကျင့်ကြံသူ(၅၀၀)ကိုသတ်ဖြတ်
မြောင်ယွဲ့က စစ်တုရင်ခုံကိုကြည့်ရင်း ပြုံးလိုက်သည်။
"ဒါပေမဲ့ အခု ကျွန်မတို့လူတွေက အသာစီးရနေပြီဆိုတာ တွေ့တယ်မလား"
သူမက ဆက်ပြောလိုက်သည်။
"ကျွန်မတို့လူတွေက တစ္ဆေတံခါးနားကို ရောက်ခါနီးနေပြီနော် ၊ ရှင်တို့လူတွေ တစ္ဆေတံခါးကိုတောင် ဖွင့်နိုင်ပါတော့မလား"
အနက်ရောင်အခိုးအငွေ့များထဲမှ တစ္ဆေမျက်နှာကြီးက အကြောက်အလန့်ကင်းမဲ့စွာ ရယ်မောလိုက်ရင်း…
"မင်းတို့လူသားတွေက သိပ်အတွေးများတာပဲ"
သူက ဆက်ပြောသည်။
"ကျုပ်တို့ တစ္ဆေစစ်သည်တော်တွေက အများကြီးပဲ ၊ ပြီးတော့ အားလုံးကသန်မာတဲ့ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားကြတယ် ၊ မင်းတို့ဘက်က လူ (၅)ယောက်ပဲ ရှိတာလေ ၊ မင်းတို့တပည့် (၅)ယောက်က တစ္ဆေစစ်သည်တော် အယောက် (၅၀၀)ကို တိုက်ခိုက်နိုင်မှာတဲ့လား ၊ ပြီးတော့ မင်းတို့ဘက်က တောင့်ခံနိုင်တယ်ဆိုရင်တောင်မှ အချိန်တိုအတွင်း ကျုပ်တို့လူတွေအားလုံးကို သတ်ပစ်နိုင်မယ် မထင်ဘူး"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ရှင်က တကယ်ပဲ ဦးနှောက်မသုံးတော့ဘူးလား"
အနက်ရောင်အခိုးအငွေ့များကြားထဲမှ မျက်နှာကြီးက နက်ရှိုင်းသည့်အသံဖြင့်…
"မင်းတို့လူသားတွေက တကယ့်ကို ကြောင်သူတော်တွေပဲ… ဒီတော့ ကျုပ်တို့ကို ငတုံးလို့ချင်ရင်လည်း ထင်နိုင်ပါတယ်"
ကျိုးကျုန်းထျန်းက…
"မင်းတို့က တကယ်လည်း ငတုံးတွေပဲလေ"
တစ္ဆေမျက်နှာကြီး…
"…………"
ကျိုးကျုန်းထျန်း၏ စကားကြောင့် တစ္ဆေမျက်နှာကြီး ဆွံ့အသွားသည်။
လျိုကျင်းက စစ်တုရင်ခုံကို လှမ်းကြည့်လိုက်ပြီး…
"မင်း သတိမထားမိဘူးလား ၊ သူတို့က (၅)ယောက်တည်းဆိုပေမယ့် တစ္ဆေကျင့်ကြံသူတစ်ဝက်လောက်ကို သတ်ပစ်လိုက်ကြပြီ"
အနက်ရောင်မြူခိုးများကြားထဲမှ တစ္ဆေမျက်နှာကြီးက မျက်တောင်တစ်ချက်ခတ်လိုက်သည်။
"ဒါဖြင့် ကျုပ်တို့ ရှုံးတော့မှာပေါ့ ၊ မင်းတို့ လူသားတွေက တကယ်ယုတ်မာကောက်ကျစ်တဲ့ကောင်တွေ ၊ ဟုတ်တာပေါ့… ဟုတ်တာပေါ့ ၊ မင်းတို့ဘက်က စည်းဖောက်ပြီး တိုက်ခိုက်တာဆိုရင်တော့ ကျုပ်တို့ဘက်ကလည်း စည်းဖောက်မှာပဲနော်"
မော့ကျန်းသုန့်က ငြိမ်သက်၍သာ နေသည်။
သို့သော် တိုက်ပွဲအတွင်းသို့ နောက်ဆုံးရောက်ရှိလာသူက အတော်လေး ထူးခြားကြောင်း သူ သတိပြုလိုက်မိသည်။
ဖြစ်နိုင်လျှင် တောင်သခင်များအားလုံးမှာ တောအုပ်အတွင်းမှ တိုက်ပွဲကို သွားကြည့်ချင်စိတ် ဖြစ်နေမိကြသည်။ ကံမကောင်းသည်မှာ သူတို့အနေဖြင့် ကြည့်ခွင့်မရခဲ့ကြပေ။
***
"ဝှစ်…"
လက်သီးချက်က လေကိုထိုးခွင်းသွားပြီး တစ္ဆေကျင့်ကြံသူများ မြေပြင်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။
"ဘန်း"
မြေပြင်ထက်လဲကျကုန်သည့် တစ္ဆေကျင့်ကြံသူများက ချက်ချင်းပင် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကြ၏။
ကျန်းလန်က နေရာတွင်ပင်ရပ်နေပြီး ကျန်ရှိနေသည့် တစ္ဆေကျင့်ကြံသူတစ်ဝက်ကို လှမ်းကြည့်လိုက်သည်။
တစ္ဆေကျင့်ကြံသူများက သူထင်မှတ်ထားသည်ထက် မာကျောသန်မာကြသည်။
စွမ်းအားပြည့်ဝသည့် ပြဒါးဆေးလုံးကို ကြိုသောက်ထားသည်မှာ မှန်သွားသည်ဟု ဆိုရမည်။ မဟုတ်ပါက သေချာပေါက် သူ့ခန္ဓာကိုယ် ထိခိုက်သွားနိုင်သည်။
ကျန်းလန်က နောက်ထပ်ပြဒါးဆေးလုံးတစ်လုံကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
သူက ဆေးလုံးများကို အလွန်အကျွံသောက်သုံးနေခြင်းမဟုတ်ဘဲ လက်ရှိစွမ်းအားကို ထိန်းထားနိုင်ရန်အတွက် လိုအပ်သလောက်သာ သောက်သုံးနေခြင်း ဖြစ်သည်။
တစ္ဆေကျင့်ကြံသူများက ခန္ဓာကိုယ်သာ မာကျောသန်မာသော်လည်း လူသားအင်မော်တယ်များလည်း မဟုတ်သလို ၊ အစစ်အမှန်အင်မော်တယ်များလည်း မဟုတ်ကြပေ။
ရန်သူများသာ အင်မော်တယ်များဆိုလျှင် သူ ဤမျှ အကြောက်အလန့် ကင်းမဲ့စွာဖြင့် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ထို့ပြင် တစ္ဆေကျင့်ကြံသူများက မန္တန်များကို အသုံးမပြုတတ်ကြလေရာ ကျန်းလန်တွက် ကံကောင်းသည်ဟု ဆိုရမည်။
မဟုတ်ပါက ကျန်းလန်၏ တိုက်ခိုက်မှုကို နှေးကွေးသွားစေမည့်မန္တန်မျိုး ရန်သူ့ဘက်မှ အသုံးပြုမည်ဆိုလျှင် သူ့အတွက် အခက်တွေ့နိုင်သည်။
ကျန်းလန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ တစ္ဆေကျင့်ကြံသူအုပ်စုကြီးက နောက်သို့ခြေတစ်လှမ်း ပြိုင်တူဆုတ်သွားကြ၏။
သူတို့ ကျန်းလန်ကို သေလောက်အောင်ကြောက်နေကြပြီ ဖြစ်သည်။
ကြောက်လည်း ကြောက်လောက်ပေ၏။ အချိန်ခဏအတွင်း သူတို့လူတစ်ဝက်ခန့် ကိစ္စချောသွားသည် မဟုတ်ပါလား။
သူတို့က သွေးမထွက်သောကြောင့်သာ တော်တော့သည်။ မဟုတ်ပါက မြေပြင်ထက် သွေးများအိုင်ထွန်းနေမည်မှာ သေချာသည်။
"လူသား ၊ စောစောက ကျုပ်တို့က မင်းကို 'သေချင်လို့ ရောက်လာတာလား' လို့မေးတော့ မင်းက 'အင်း' လို့ ဖြေတယ်နော် ၊ သေချင်တယ်ဆိုရင် ကျုပ်တို့တိုက်ခိုက်တာကို ဘာလို့ ခုခံနေသေးလဲ ၊ ဒီအတိုင်းအသေခံပါတော့လား"
နက်ရှိုင်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
အသံက အနည်းငယ် တုန်ယင်လျှက် ရှိ၏။
"……………"
တစ္ဆေကျင့်ကြံသူ၏ စကားကြောင့် ကျန်းလန်မှာ ခဏမျှ ကြက်သေသေသွားမိသည်။
ဤတစ္ဆေကျင့်ကြံသူများက တုံးလွန်းတာလား ၊ ရူးများနေကြတာလား။
ပြီးမှ ချက်ချင်း သဘောပေါက်သွားပြီး…
"ကျုပ်ကိုသေစေချင်ရင် မင်းတို့ လာတိုက်ကြလေ"
"သူ့ကိုသတ်ပစ်"
အမိန့်ပေးသံဆုံးသည်နှင့် ကျယ်လောင်နက်ရှိုင်းသည့် ကြုံးဝါးသံများထွက်ပေါ်လာပြီး တစ္ဆေကျင့်ကြံသူများ ကျန်းလန်ရှိရာသို့ ဝင်ရောက်လာကြသည်။
သူတို့က ကျန်းလန်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက် အခိုင်အမာ ချထားဟန် ရှိသည်။ သူတို့ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များက လောကတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
သူတို့စွမ်းအားများက ပင်လယ် (၄)ခုမှ ဒီရေလှိုင်းများပမာ ကျန်းလန်ရှိရာသို့ ပြင်းထန်စွာ ရိုက်ခတ်လာသည်။
ကျန်းလန်က တစ္ဆေကျင့်ကြံသူများကို တစ်ချက်အကဲခတ်လိုက်ပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အဆုံးထိမြှင့်တင်လိုက်ပြီး နွားရိုင်းကိုးကောင်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ကျန်းလန် နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။
ထိုခဏမှာပင် လူရိပ်တစ်ခုက များပြားလှစွာသည့် တစ္ဆေကျင့်ကြံသူများကြားတွင် ဖြတ်သန်းသွားပြီး…
"ဘုန်း…"
"ဘုန်း…"
"ဘုန်း…"
ကျန်းလန်၏ ပုံရိပ်က တစ္ဆေကျင့်ကြံသူများအလယ် လျှင်မြန်စွာ ဖြတ်သန်းသွားသည်။
ကျန်းလန်ပေါ်လာသည့်နေရာတိုင်းတွင် တစ္ဆေကျင့်ကြံသူတစ်ယောက် အသက်ပျောက်သွားရသည်ချည်းပင်။ လက်သီးချက်ထိမှန်ခံရသည့် တစ္ဆေကျင့်ကြံသူများ၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ပေါက်ကွဲထွက်ကုန်ကြသည်။
"ဘုန်း…"
ကျန်းလန်က တစ္ဆေကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် လက်သီးချက်ဖြင့် ထိုးနှက်လျှက် ရှိသည်။
"ဘန်း…"
သူက မုန်းတိုင်းတစ်ခုပမာ တစ်လောကလုံးကို ချေမွှပစ်နေသည်။
မြေပြင်တစ်ခုလုံး အက်ကြောင်းများထင်ဟပ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ဖုံးလွှမ်းသွားသည်။ လေထုတစ်ခုလုံးမှာလည်း အနက်ရောင်မြူခိုးများနှင့် ပြည့်နက်လျှက် ရှိသည်။
ကျန်းလန်က တိုက်ခိုက်မှုကို လုံး၀ မရပ်တန့်ခဲ့ပေ။
သူဖြတ်သန်းသွားသည့်နေရာတိုင်း ရန်သူများအသက်ပျောက်သွားကြရပြီး သူ မြေပြင်ထက်ခြေချလိုက်တိုင်း တစ်စစီကျေမွနေသည့် အလောင်းကောင်များ စုပုံသွားသည်။
ကျန်ရှိနေသည့် တစ္ဆေကျင့်ကြံသူ (၂၀၀)ခန့်က ဒေါသတကြီး အော်ဟစ်သံများပြုလိုက်ပြီး ရူးသွပ်စွာဖြင့် ကျန်းလန်ထံ ဝင်ရောက်တိုက်ခိုက်ကြသည်။
သူတို့ ရူးသွပ်သွားကြပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက်ကို ရင်ဆိုင်လိုက်ရသောကြောင့် တစ္ဆေစစ်သည်တော်များ သွေးပျက်သွားကြပြီ ဖြစ်သည်။
ဤလူသားက သူတို့ကို မြက်ပင်များရိတ်ဖြတ်သည့်ပမာ သတ်ဖြတ်နေသည် မဟုတ်ပါလား။
"ဘုန်း"
တစ္ဆေကျင့်ကြံသူများအားလုံး သေဆုံးသွားကြပြီဖြစ်သည်။
ကျန်းလန်က နောက်ဆုံးကျန်ရှိနေသည့် တစ္ဆေကျင့်ကြံသူရှေ့သို့ ရောက်ရှိလာသည်။
သူ့နောက်ကျောဘက်တွင်တော့ သေဆုံးသွားကြသည့် တစ္ဆေစစ်သည်တော်များမှ ပေါက်ကွဲထွက်လာသည့် အနက်ရောင်မြူခိုးလှိုင်းလုံးကြီးက ကြောက်မက်ဖွယ်ရာ မြင့်တက်လျှက် ရှိသည်။
ယခု ကျန်းလန်ရှေ့တွင် တစ္ဆေကျင့်ကြံသူတစ်ယောက် ရှိနေသည်။ ထို တစ္ဆေကျင့်ကြံသူက စောစောက ကျန်းလန်ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည့် တစ္ဆေကျင့်ကြံသူ ဖြစ်၏။
ကျန်းလန် အနားသို့ ချဉ်းကပ်လာသည့်အခါ သူ ထွက်ပြေးချင်မိသည်။
သို့သော် ပြေးစရာ မြေမရှိပေ။
ထိုခဏမှာပင် သူက ပြောလိုက်သည်။
"ကျုပ် အရှုံးပေးပါတယ်"
"ဘုန်း"
ကျန်းလန်၏ လက်သီးချက်က ထိုတစ္ဆေကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းထွင်းဖောက်သွားသည်။
တစ္ဆေကျင့်ကြံသူမှာ ဘာဖြစ်သွားမှန်း မသိလိုက်သလို တွေးတောနိုင်ခြင်းလည်း မရှိတော့ပေ။ အနက်ရောင်မြူခိုးများအဖြစ် ပြေင်းလဲသွားပြီး ညအမှောင်ထုဖြင့် စီးဝင်ပေါင်းစပ်သွားသည်။
ယခုတော့ တစ္ဆေကျင့်ကြံသူ ပထမတစ်သုတ်လုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်းလန်တစ်ယောက်တည်းဖြင့် တစ္ဆေတိုင်းပြည်မှ ကျင့်ကြံသူ (၅၀၀)ကို သတ်ဖြတ်ပစ်ခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ မရှိပေ။
လုကျန်းတို့အုပ်စုမှာတော့ မြင်ကွင်းကိုကြည့်ရင်း ချွေးစေးများပင် ပျံလာကြသည်။
ထိုသူက တကယ်ပင် စွမ်းအားကြီးမားလွန်းသည်။
သူတို့သည်လည်း တစ္ဆေကျင့်ကြံသူများကို သတ်ဖြတ်နိုင်ကြသည်ပဲ ဖြစ်သည်။ သို့တိုင် ထိုသူလောက် မြန်မြန်ဆန်ဆန် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထိုသူက တကယ်ပဲ အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူလား။ အစစ်အမှန်အင်မော်တယ်က ထိုမျှ စွမ်းအားကြီးမားလေသလား။
အေးစက်သည့်လေပြင်းတစ်ချက်က အနက်ရောင်မြူခိုးများအားလုံးကို တိုက်ခတ်ဆောင်ယူသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြည်လင်ရှင်လင်းသွားသည်။
ကျန်းလန်က လုကျန်းတို့အဖွဲ့ကို လှည့်ကြည့်လိုက်ပြီး…
"တစ္ဆေတံခါးကို ရှာလို့တွေ့ပြီလား"
ပေဖန်းက ခေါင်းညိတ်လိုက်ရင်း…
"တွေ့ပြီ…"
အမှန်တော့ ကျန်းလန်၏ တိုက်ခိုက်မှုက လျှင်မြန်လွန်းလှသည်။
သူတို့ တစ္ဆေတံခါးကို မြန်မြန်ဆန်ဆန် ရှာတွေ့သောကြောင့်သာ တော်တော့သည်။ မဟုတ်ပါက တစ်ဖက်လူက သူတို့ (၄)ယောက်ကို အသုံးမကျဟု ထင်မှတ်သွားပေလိမ့်မည်။
မကြာမီ ကျန်းလန် တစ္ဆေတံခါးသို့ ရောက်ရှိလာသည်။
ထိုနေရာက အနက်ရောင်မြူခိုးများ ထွက်ပေါ်လာသည့် မူလရင်းမြစ်နေရာ ဖြစ်သည်။ အနက်ရောင်အခိုးအငွေ့များက ထိုနေရာတွင် စုစည်းနေသေးသော်လည်း အခြားပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခြင်း မရှိတော့ပေ။
တစ္ဆေတံခါးက ခမ်းနားသည့် ပုံသဏ္ဌန်ရှိသော တံခါးတစ်ချပ် ဖြစ်၏။
တံခါးမှ ထွက်ပေါ်နေသည့် ဖိအားများကို ကျန်းလန် ခံစားနေရသည်။
"တစ္ဆေတိုင်းပြည်၏ တစ္ဆေတံခါး"
ထိုတံခါးကို ကျန်းလန် အရင်က တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။
သို့သော် လွန်ခဲ့သည့် ရက်များက သူ စာအုပ်များစွာ ဖတ်ရှုပြီး တစ္ဆေတိုင်းပြည်အကြောင်းများကို လေ့လာထားခဲ့သည်။
တစ္ဆေတိုင်းပြည်မှ တစ္ဆေတံခါး ဖွင့်လှစ်ခြင်းသည် တစ္ဆေစစ်သည်တော်များဘက်မှ တိုက်ပွဲစတင်ခြင်း မည်ပေသည်။
တစ္ဆေတံခါးပွင့်သွားသည်နှင့် တစ္ဆေတိုင်းပြည်မှ တန်ခိုးစွမ်းအားမြင့်မားသည့် စစ်ဗိုလ်ချုပ်များ ၊ ကျင့်ကြံသူအကြီးအကဲများ ထွက်ပေါ်လာကြမည် ဖြစ်သည်။
ဤသည်က တစ္ဆေတိုင်းပြည်၏ စစ်ဆင်ရေးဖြစ်ပြီး အလွန်အန္တရယ်များသည်။
"တစ္ဆေတံခါးက အပြည့်အဝမပွင့်သေးဘူးပဲ ၊ ဒီတံခါးကို ဖျက်စီးပစ်လိုက်ရင် အန္တရယ်ကင်းလိမ့်မယ် ထင်တယ်"
ကျန်းလန်တွေးလိုက်သည်။
သို့သော် သူလည်း အခြေအနေကို သေသေချာချာ သိရှိခြင်း မရှိပေ။
တစ္ဆေတံခါးကို ဖျက်စီးပစ်ခြင်းက ရင်းမြစ်ကိုဖျက်စီးသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်နိုင်သည်။ ထိုတံခါးက အန္တရယ်ကြီးပုံရသော်လည်း သူ ကိုင်တွယ်နိုင်မည်ဟု ကျန်းလန် ခန့်မှန်းလိုက်သည်။
ဤကိစ္စများပြီးသွားလျှင်တော့ သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်မည် ဖြစ်သည်။ သူက တာအိုကိုနားလည်အောင်ကြိုးစားပြီး မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်လှမ်းချင်နေပြီ ဖြစ်သည်။
ကျန်းလန် တစ္ဆေတံခါးရှိရာသို့ ခြေတစ်လှမ်းချင်း လှမ်းလာသည်။ တစ္ဆေချီစွမ်းအားများက မြင့်တက်လာပြီး အန္တရယ်အငွေ့အသက်များထုတ်လွှတ်ကာ ကျန်းလန်ကို ခြိမ်းခြောက်နေသည်။
လေပြင်းများတိုက်ခတ်လာသောကြောင့် ကျန်းလန်၏ အင်္ကျီအနားစများနှင့် ဆံပင်များက လေထဲတွင် လွင့်ပျံနေသည်။
ထိုခဏမှာပင် တစ္ဆေတံခါးမှ တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုမျက်နှာကြီးက ကျန်းလန်ကို လှောင်ပြောင်သလိုကြည့်နေပြီး တစ်ချိန်တည်းမှာပင် ဒေါသထွက်နေဟန်လည်း ရှိသည်။
ပေဖန်းက…
"တစ္ဆေတံခါးရဲ့ အမျက်ဒေါသက တောင်တန်းတွေကို ကျေမွသွားစေပြီး ပင်လယ်လေးခုကိုတောင် လှုပ်ခါပစ်နိုင်တယ်"
ထို့နောက် သူက ကျန်းလန်ကို အော်ဟစ်သတိပေးလိုက်သည်။
"တာအိုရောင်းရင်း ၊ တစ္ဆေတံခါးက အပြည့်အ၀ မပွင့်သေးပေမယ့် သူ့ရဲ့ တန်ခိုးစွမ်အားကို လျှော့မတွက်ပါနဲ့"
ကျန်းလန်က ပေဖန်း၏ သတိပေးစကားကို တုံ့ပြန်မှုမပြုသလို ချီတုံချတုံဖြစ်နေခြင်းလည်း မရှိပေ။
သူက ချက်ချင်းပင် နွားရိုင်းကိုးကောင်စွမ်းအားကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ပြီး အန္တရယ်ကိုးသွယ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်သွားသည်။
"ဘူး"
မိုးနဲ့မြေမှ နွားရိုင်းအော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။
ဘေးအန္တရယ်ဆိုးကြီးကျရောက်မည့် အရိပ်အယောင်တစ်ခုက တစ္ဆေတံခါးအနားသို့ ချဉ်းကပ်လာသည်။
ကျန်းလန် တစ္ဆေတံခါးကို လက်သီးဖြင့် ထိုးနှက်ချလိုက်သည်။
သူ၏ စွမ်းအားများလှည့်ပတ်သွားပြီး ကောင်းကင်ထက်တွင် ကဆုန်ပေါက်ပြေးလွှားနေသည့် နွားရိုင်းကြီးတစ်ကောင် ပေါ်လာသည်။
ထိုနွားရိုင်းကြီးက ဒေါသတကြီး အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး တောင်များကိုနင်းချေကာ သက်ရှိအားလုံးကို ဘေးအန္တရယ်ကျရောက်စေတော့မည့်အလား ဖြစ်သည်။
"ဘူး…"
ဧရာမနွားရိုင်းကြီးအော်ဟစ်သံက ကျန်းလန်၏ သွေးကြောဆုံချက်များအတွင်း ပဲ့တင်ထပ်သွားပြီး အတုမဲ့စွမ်းအားတစ်ခုက သူ၏လက်သီးအတွင်း စုစည်းဝင်ရောက်လာသည်။
လက်သီးတစ်ချက်တည်းဖြင့် မိုးမြေတစ်ခုလုံးကို ထိုးခွင်းပစ်တော့မည့်အလား ထင်မှတ်ရသည်။
"ဘုန်း"
ထိုခဏမှာပင် ကျန်းလန်၏ လက်သီးချက်က တစ္ဆေတံခါးဆီသို့ ဝင်ရောက်သွားပြီး ကြီးမားလှသည့် စွမ်းအားလှိုင်းလုံးကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့၏။