← Chapters

ကျွန်တော်တို့က အလှမ်းဝေးလွန်းတဲ့ အိပ်မက်တွေအတွက် လုပ်တာပါ

Vol. 23 Ch. 331

ကျွန်တော်တို့က အလှမ်းဝေးလွန်းတဲ့ အိပ်မက်တွေအတွက် လုပ်တာပါ

Vol. 23 Ch. 331

အကြွေတဲ့လား...။ ယူရိုသုံးဆယ်ဘီလီယံကျော်က အကြွေဖြစ်သွားပြီလား။

အစည်းအဝေးခန်းမထဲရှိ လူကြီးလူကောင်းများ၏ မျက်နှာများဟာ မစင်စားမိသလို ဖြစ်သွားကြသည်။

"မစ္စတာဘရိုင်ယန်.. မှားဖတ်မိတာမျိုး မဟုတ်ဘူးလား"

တစ်စုံတစ်ယောက်က အတည်ပြုလိုဟန်ဖြင့် ထပ်မေးလိုက်သေးသည်။

"ကျုပ် သုံးကြိမ်တောင် ပြန်စစ်ပြီးပြီ။ ဘာအမှားမှမရှိဘူး။ ယူရိုဘီလီယံနှစ်သောင်းငါးထောင့်သုံးရာကျော်ရှိနေတာ"

ဘရိုင်ယန်က ခိုင်ခိုင်မာမာပြောလိုက်လေသည်။

"ခင်ဗျားတို့တွေ ကျုပ်ရဲ့အမြင်အာရုံကို သံသယရှိတယ်ဆိုရင် မစ္စတာကျန်းက တခြားတစ်ယောက်နဲ့ ပြန်စစ်ခိုင်းလို့လည်း စိတ်ရှိမယ်မထင်ဘူး"

"သေချာအောင်...ကျုပ်ကိုယ်တိုင်အတည်ပြုလိုက်မယ်"

ကျန်းမုန့်လောင်ကလည်း ပခုံးတွန့်ပြလိုက်၏။

"လုပ်လိုက်ပါ"

"အမလေး... တကယ်ပါလား..."

သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်ငြား ဤဂဏန်းအတွဲလိုက်ကို မြင်လိုက်ရချိန်ဝယ် ပင့်သက်ရှိုက်လိုက်မိတော့သည်။

"ဒါက ဆွစ်ဘဏ်မှာရှိတဲ့ ငွေပမာဏပဲရှိသေးတယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျွန်တော့်ပရိုဖိုင်းကို ခင်ဗျားတို့ သေချာဖတ်ထားတယ်ဆိုရင် ချင်းချိုးနိုင်ငံက ချင်းချိုးဘဏ်တစ်ခုတည်းမှာတင် ချင်းချိုးငွေကြေးဘီလီယံပေါင်း သန်းနဲ့ချီပြီး ရှိတဲ့အကြောင်း သိကြမှာပါ။ ဒီပမာဏတစ်ခုတည်းနဲ့တင် ခင်ဗျားတို့ကုမ္ပဏီတွေအားလုံးကို ဝယ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်"

အံ့အားသင့်မှုနှင့် လေးစားမှုတို့ကလွဲလျှင် ဤသူဌေးများ၏နှလုံးသားထဲတွင် အခြားဘာမှလုပ်နိုင်စွမ်း မရှိတော့ပေ။

"အခု ကျွန်တော့်ဘက်က လျော်ကြေးပေးနိုင်စွမ်းရှိမရှိကို သံသယဖြစ်နေကြသေးလား"

ကျန်းမုန့်လောင်၏အကြည့်က လူတိုင်း၏မျက်နှာကို ဖြတ်သန်းသွား၏။ သို့သော် မည်သူမှ သူနှင့် မျက်လုံးချင်း မဆုံရဲကြတော့ပေ။

ငွေသားယူရိုဘီလီယံနှစ်သောင်းကျော်ဆိုသည်မှာ ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံလုံးပေါင်းမှ ထုတ်နိုင်သောပမာဏမျိုးပင်။ သူတို့သာ မျက်ဝါးထင်ထင်မမြင်ခဲ့ရလျှင် ဖြီးလုံးဖြန်းလုံးသက်သက်ဟုသာ ထင်မိမည်ဖြစ်၏။

"မစ္စတာကျန်း ကျွန်တော်တို့ ခင်ဗျားကိုယုံပါတယ်။ ဆူဘာ့ခ်အီလက်ထရောနစ်က စာချုပ်ဆက်ချုပ်ဖို့ဆန္ဒရှိပါတယ်"

"ကျွန်တော်တို့ကေဘယ်စက်ရုံကလည်း ဆန္ဒရှိပါတယ်"

...

ယခုအချိန်မှာ Qualcommအီလက်ထရာနစ်၏ သေခြင်း ရှင်ခြင်းက သူတို့နှင့်မဆိုင်တော့ပေ။ သူတို့အနေနှင့် Qualcommအီလက်ထရောနစ် ဒေဝါလီခံသွားရဖို့ပင် မျှော်လင့်မိသည်။ သို့မှသာ သူတို့လည်း ကျန်းမုန့်လောင်နှင့် ရေရှည်ပူးပေါင်းမှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်၏။

"အိုတို ဒီသူဌေးတွေနဲ့ စာချုပ်ချုပ်လိုက်"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်လေ၏။

"ဟုတ်ကဲ့ မစ္စတာကျန်း"

အိုတိုခမျာ ဤမျှများပြားလှသော ငွေကြေးဆုံးရှုံးမှုကြီးကြောင့် နာကျင်နေရသော်ငြား ကျန်းမုန့်လောင်၏ ဆုံးဖြတ်ချက်ကိုမူ တစ်ရာရာခိုင်နှုန်း ထောက်ခံဆဲသာ။

သို့သော် ယခုမူ သူ စဉ်းစားနေမိ၏။ သူ့အဖေနှင့်အဘိုးက သူ့အား ကျန်းမုန့်လောင်နောက်ကိုလိုက်ခိုင်းပြီး ဘာတွေသင်ယူဖို့ မျှော်လင့်နေတာလဲ။ ဤသည်မှာ သူထင်ထားသည့် စီးပွားရေးပင်လယ်ကြီးထဲက မုန်တိုင်းမျိုးနှင့် မတူချေ။

...

"မစ္စတာဇီဒါ... ခင်ဗျားက တကယ် အမြော်အမြင်ရှိတာပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံး ဒူဘာမိသားစုရဲ့ ကုမ္ပဏီဖြစ်တဲ့ ဘိုနာဆက်သွယ်ရေးကို သွားနေကြပြီ။ လွန်ခဲ့တဲ့နှစ်ရက်အတွင်း ရထားတဲ့ သတင်းတွေအရ နောက်ကွယ်က ကြိုးကိုင်နေသူက ကျန်းမုန့်လောင်ဆိုတာ သေချာပါတယ်"

ဇီဒါ၏ရုံးခန်းထဲတွင် အခြေအနေစောင့်ကြည့်ဖို့ စေလွှတ်ထားသော ဝန်ထမ်းက အစီရင်ခံတင်ပြနေချေသည်။

"ဟမ့်! ဒီကျန်းမုန့်လောင် ဘာတွေထပ်လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

မော့ပိုင်သည် ဤနှစ်ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်လေသည်။

"ဒါပေမဲ့ ဒီလိုလုပ်ရင် ဒူဘာမိသားစုကို အာခံရာရောက်မသွားဘူးလား"

"ဒူဘာမိသားစုဆိုတော့ရော ဘာဖြစ်လဲ။ သူတို့က အမေရိကန်ရဲ့အကြီးဆုံးမိသားစုဖြစ်နေရင်တောင် စီးပွားရေးမိသားစုတစ်ခုပဲလေ။ ကျုပ်တို့Qualcommအီလက်ထရောနစ်ရဲ့နောက်မှာ အစိုးရရဲ့ထောက်ခံမှုရှိတယ်။ သူတို့ ကျုပ်တို့ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး"

ဇီဒါက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်လေသည်။

"ဒါပေမဲ့ မစ္စတာဇီဒါ ကျုပ်တို့ကုမ္ပဏီမှာ အလုပ်သမားတွေက ဆန္ဒပြနေကြပြီ။ ကျုပ် တွက်ကြည့်ထားတယ်။ ၇၁၂၅ယောက်တောင် ဆန္ဒပြနေတာနော်။ ထုတ်လုပ်ရေးတွေလည်း အကုန်ရပ်နားထားရပြီ"

"ပြဿနာမရှိဘူး။ မနက်ဖြန်ဆိုရင် အဲဒီကုမ္ပဏီတွေကနေ လုပ်ခလစာက ပုံမှန်နှုန်းထားကို ပြန်ရောက်သွားပြီဆိုတဲ့ သတင်းထွက်လာလိမ့်မယ်။ ဒါဆို ကျုပ်တို့၀န်ထမ်းတွေလည်း ပြန်သာသွားပြီး အဆိုးမြင်တဲ့အတွေးတွေလည်း ရှိတော့မှာမဟုတ်ဘူး။ ခံစားချက်တွေ ပုံမှန်ပြန်ဖြစ်သွားမှာ။ ပြီးရင် သူတို့အလုပ်တွေကို ပြန်လုပ်ကြမှာပဲ။ သုံးရက်ငါးရက်လောက် လုပ်ငန်းရပ်ထားလိုက်ရုံနဲ့ ထိခိုက်မှုသိပ်မများပါဘူး။ အမှာစာတွေကို လကုန်အမီပို့နိုင်ရင်ရပြီ။

"ဟမ့် ဒီသောက်ကျိုးနည်းဝန်ထမ်းတွေကတော့..."

မော့ပိုင် နှာမှုတ်လိုက်လေသည်။

"ဒီကိစ္စပြီးသွားရင် ဘားနက်စ်ကို ကော်လိုရာဒိုပြည်နယ်တစ်ခုလုံးမှာ ဘာအသက်မွေးဝမ်းကြောင်းမှ မလုပ်နိုင်အောင်လုပ်ပစ်မယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့လူတိုင်း ဒီနှစ်ကုန်ဘောနပ်စ်ကို တစ်ပြားမှမရစေရဘူး"

"ဟုတ်တယ်"

ဇီဒါ၏မျက်လုံးထဲတွင်လည်း မှောင်မိုက်နေချေသည်။

"ဒီတစ်ခေါက် သူတို့ကိုအထိနာအောင် လုပ်ရမယ်။ အဲ့ဒါမှ နောက်တစ်ခါ ဒီလိုမျိုးမဖြစ်လာမှာ"

...

တစ်ပတ်ဟူသောအချိန်က လျင်မြန်စွာကုန်ဆုံးသွားသည်။ မစ္စတာဇီဒါက ထိုလုပ်ငန်းစုများဆီမှ အတွင်းသတင်းများရယူဖို့ လူလွှတ်ထားသည်။ သို့သော် ယခုအချိန်အထိ လစာဖြတ်တောက်သည့် သတင်းတစ်စုံတစ်ရာပင် မကြားရသေးပေ။

ယခုလိုအခြေအနေမျိုးတွင် ယဲ့ကျန်းဇီထျန်းပင် စိုးရိမ်သောကရောက်နေတော့သည်။

"မစ္စတာဇီဒါ ဘာတွေဖြစ်နေတာလဲ။ အဲဒီကုမ္ပဏီတွေဘက်က အများဆုံးသုံးရက်အတွင်း လုပ်ခလစာတွေပြန်လျှော့လိမ့်မယ်လို့ ခင်ဗျားပဲ ပြောခဲ့တာမလား။ အခုထိ ဘာလို့ ဘာသတင်းမှ မကြားရတာလဲ"

"မလန့်ကြပါနဲ့"

ရှယ်ယာရှင်များ၏ မေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ ယဲ့ကျန်းဇီထျန်းလည်း အေးဆေးတည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားဆဲသာ။

"ကျုပ်တို့ရဲ့သဘောထားက သိမ်မွေ့လွန်းနေတယ်ထင်တယ်။ သူတို့တွေကိုသတိပေးဖို့ မစ္စတာစကတ်ချ်ကိုလွှတ်ထားပြီးပါပြီ။ မကြာခင် သတင်းကြားရတော့မှာပါ"

"မစ္စတာဇီဒါ ပြဿနာတက်ပါပြီ"

Qualcommအီလက်ထရောနစ်၏ မားကတ်တင်းဒါရိုက်တာ စကတ်ချ်က အစည်းအဝေးခန်းထဲသို့ ပြေးဝင်လာလေသည်။

"စကတ်ခ်ျ ဖြည်းဖြည်း.... ဘာဖြစ်လာတာလဲ"

ရုတ်ခြည်းပင် ယဲ့ကျန်းဇီထျန်း၏ နှလုံးသားထဲဝယ် စိတ်မအေးသလို ခံစားလိုက်ရသည်။

"ခင်ဗျားညွှန်ကြားတဲ့အတိုင်း ကုမ္ပဏီတချို့ကို လုပ်ခလစာတွေ ပုံမှန်နှုန်းထားအတိုင်း ပြန်ထားပေးဖို့အတွက် စာချုပ်ဖျက်သိမ်းမယ်လို့ခြိမ်းခြောက်ပြီး ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သဘောထားက အရင်တစ်ပတ်တုန်းကနဲ့ လုံးဝမတူတော့ဘူး။ စာချုပ်ဖျက်သိမ်းရင်လည်း... Qualcommအီလက်ထရောနစ်မရှိရင် သူတို့ကလည်း ဆက်မရပ်တည်နိုင်တာမျိုးမရှိဘူးလို့ ပြောနေကြပါတယ်"

"ဘာ...သူတို့သဘောထားက တကယ်ပဲ ဒီလိုကြီးလား"

ရှယ်ယာရှင်အားလုံး ရုတ်တရက် မတ်တတ်ထရပ်လိုက်ကြသည်။

"ဟုတ်ပါတယ်။ သူတို့ရဲ့သဘောထားက ခိုင်ခိုင်မာမာပါပဲ။ တင်သွင်းသူအသစ်ရှာထားပြီးသလိုမျိုးပါပဲ"

"မဖြစ်နိုင်တာ။ ဒီဆီလီကွန်တောင်ကြားမြို့တော်မှာ Qualcomm အီလက်ထရောနစ်ကလွဲရင် ဘယ်သူကများ သူတို့ကို ဒီလောက်များတဲ့အမှာစာတွေ ပေးနိုင်မှာလဲ"

"မစ္စတာဇီဒါ.. ကျွန်တော်ကြားထားတဲ့ ကောလာဟလတစ်ခုရှိပါတယ်။ ဒါပေမဲ့ မသေချာဘူး"

စကက်ခ်ျက တွေဝေတုံ့ဆိုင်းနေဟန်ဖြင့် ဆိုလာလေသည်။

"ဘာကောလာဟလလဲ"

"ဆူဘာ့ခ်အီလက်ထရောနစ်က မစ္စတာဘရိုင်ယန်က ကျွန်တော်တို့ရဲ့ အရင်စာချုပ်နဲ့တူတဲ့ အမှာစာကြီးတစ်ခုရထားတယ်လို့ကြားတယ်။ ဒါပေမဲ့ ဈေးနှုန်းက ကျွန်တော်တို့ထက် ၅၀ရာခိုင်နှုန်းပိုမြင့်ပါတယ်။ သူတို့တွေ ကုန်ကြမ်းတွေတောင် ဝယ်နေကြပြီ"

"ဘာ? ငါတို့ထက် ငါးဆယ်ရာခိုင်နှုန်းပိုမြင့်တယ်တဲ့လား။ ငါတို့ရဲ့စုစုပေါင်းအမြတ်အစွန်းက ငါးဆယ်ရာခိုင်နှုန်းလောက်ပဲရှိတာလေ။ ဒီလူ ရူးနေတာလား"

"ဒုန်း"

ယဲ့ကျန်းဇီထျန်း ရုတ်ခြည်းဆိုသလို တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

"မဟုတ်ဘူး။ ဒီလူရူးနေတာမဟုတ်ဘူး။ ကျန်းမုန့်လောင်ရူးနေတာပဲဖြစ်မယ်"

...

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Qualcommအီလက်ထရောနစ်၏ ဌာနချုပ်တွင် တစ်ပတ်ကြာ ဆန္ဒပြမှုတစ်ခု ဖြစ်ပွားနေသောကြောင့် မီဒီယာများ၏ အာရုံစိုက်မှုကိုပါ ဆွဲဆောင်လိုက်နိုင်လေသည်။ ထို့ကြောင့် ဆီလီကွန်တောင်ကြားမြို့လေးဆီကို သတင်းယူရန်အတွက် သတင်းထောက်အုပ်စုလိုက်ကြီး ရောက်ချလာကြ၏။

ဆန္ဒပြပွဲခေါင်းဆောင်ဘားနက်စ်ကလည်း မီဒီယာများထံမှ အာရုံစိုက်မှုကို ရရှိနေပေသည်။ အံ့သြဖို့ကောင်းစွာပင် အားလုံး၏အာရုံစိုက်မှုဗဟိုချက်ကို ရောက်ရှိနေသော ဘားနက်စ်က မီဒီယာများနှင့် အင်တာဗျူးလုပ်ရန် သဘောတူလိုက်ပေသည်။

"မစ္စတာဘားနက်စ် ခင်ဗျားက ဆန္ဒပြဖို့အတွက် Qualcommအီလက်ထရောနစ်ရဲ့ ၀န်ထမ်းတွေကို ဦးဆောင်နေတာဟုတ်ပါသလား"

"မစ္စတာဘားနက်စ် Qualcommအီလက်ထရောနစ်က အကြီးအကဲတွေရဲ့ ပြောဆိုချက်အရဆိုရင် ခင်ဗျားက မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မှန်ပါသလား"

"မစ္စတာဘားနက်စ် အတွင်းလူတွေရဲ့ပြောဆိုချက်အရ ခင်ဗျားက တစ်စုံတစ်ယောက်ရဲ့တွန်းအားပေးမှုကြောင့် ဒီလိုလုပ်ဆောင်နေတာလို့ သိရပါတယ်။ ဒီစကားအတွက် ဘယ်လိုတုံ့ပြန်ချင်ပါသလဲ"

ဘားနက်စ် သတင်းထောက်များရှေ့တွင် ပေါ်လာသောအခါ မိုက်ခရိုဖုန်းများက ဒါဇင်နှင့်ချီ၍ ရှိနေပြီး မေးခွန်းတစ်ခုချင်းစီတိုင်းကလည်း ထက်ရှလှသည်။

"အဟွတ် အဟွတ် ကျေးဇူးပြုပြီး အားလုံးပဲ ငြိမ်ပေးကြပါ။ ဒီနေ့ ကျွန်တော် အင်တာဗျူးဖြေဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတော့ ခင်ဗျားတို့ရဲ့မေးခွန်းတွေအကုန်လုံးကို ဖြေပေးမှာပါ။ လောစရာမလိုပါဘူး"

သတင်းထောက်များကလည်း ဘားနက်စ်၏တုံ့ပြန်မှုကိုအာရုံစိုက်နားထောင်ရန် ချက်ချင်းငြိမ်သက်သွားကြသည်။

"ပထမဆုံးအနေနဲ့ ကျွန်တော်က ဒီဆန္ဒပြပွဲကိုဦးဆောင်တယ်ဆိုတဲ့အချက်က လုံးဝမမှန်ပါဘူး။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့ ကုမ္ပဏီနဲ့တိုင်ပင်ဖို့အတွက် ဆန္ဒပြပွဲမှာပါဝင်တဲ့ ၀န်ထမ်းအားလုံးက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ပါ။ ကျွန်တော်က အလုပ်သမားအများစုရဲ့ အခြေခံအကျိုးစီးပွားကို ကိုယ်စားပြုပေးနေတာပါ။ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုလောဘကြောင့် မဟုတ်ပါဘူး"

"နောက်တစ်ခုက ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေက လုံးဝသင့်တော်ပါတယ်။ သတင်းထောက်မိတ်ဆွေတို့... စုံစမ်းကြည့်နိုင်ပါတယ်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပေမဲ့ Qualcommအီလက်ထရောနစ်မှာရတဲ့ ကျွန်တော်တို့လစာက ဒီဆီလီကွန်တောင်ကြားမြို့ထဲက ပျမ်းမျှအဆင့်ရဲ့၆၀ရာခိုင်နှုန်းတောင်မရပါဘူး။ လုပ်အားခသာ တိုးမပေးဘူးဆိုရင် ကျွန်တော်တို့ ငတ်သေကြတော့မှာပါ"

"နောက်ဆုံးအချက်အတွက်ကတော့ ဒါက ကျွန်တော့်ကို အသရေဖျက်ပြီး သက်သက်စွပ်စွဲတာပါ"

ဘားနက်စ်က တရားမျှတမှုရှိရှိ ပြောလိုက်ချေသည်။

"ကျွန်တော်တို့ရဲ့ဆန္ဒပြမှုက ဘယ်သူ့ဆီက ညွှန်ကြားချက်နဲ့မှ လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့က အလှမ်းဝေးလွန်းတဲ့အိပ်မက်အတွက် လုပ်တာပါ"

...

"သေစမ်း။ ကောင်းလိုက်တဲ့စကား"

ဘားနက်စ်၏တိုက်ရိုက်ထုတ်လွှင့်မှုမိန့်ခွန်းကို ကြည့်ရင်း ကျန်းမုန့်လောင် လက်ခုပ်လက်ဝါးတီးပြီး ချီးကျူးလိုက်သည်။

"ဒီလိုစကားပြောကျွမ်းကျင်မှုမျိုးနဲ့ အဲဒီအနုပ်စုပ်ကုပ်စုပ်အလုပ်ရုံထဲမှာ အင်ဂျင်နီယာအဖြစ်အလုပ်လုပ်နေတာက အရင်းအမြစ်ကို အလဟဿဖြုန်းတီးပစ်နေတာပဲ။ ယန်ကျင်းတက္ကသိုလ်က တရုတ်စာဌာနမှာ သူ့ကို ပါမောက္ခရာထူးခန့်ဖို့ ထောက်ခံတယ်ဟေ့"

*********

All Chapters